ကျွန်တော့်အကြောင်း တစ်ပိုင်းတစ်စ

ကျွန်တော့်အကြောင်း တစ်ပိုင်းတစ်စ
Published 12 August 2017


ဆောင်းခိုငှက်များကို ယမန်နှစ် ဆောင်းရာသီကာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူ)

(၁)

တစ်ကိုယ်တော် ကဗျာစာအုပ်ထုတ်ဖို့ ကိစ္စလေးဟာ မိုးရေစက်တွေနဲ့အတူ ပါသွားတယ်။ ဒါမှမဟုတ် အနုပညာရှင်လို့ဆိုတဲ့ အစ်မလေးရဲ့ ဝင်းနေတဲ့ရင်သားပေါ် ရောက်နေတဲ့ ဆိုက်ကိုတွေနဲ့အတူ လောင်သွားကျွမ်းသွားတယ်။ တောခွေးတွေဟာ အသားကိုကြိုက်ကြတာ လူတွေဟာ အမဲသားကို ဝါးစားနေကြတာ ကင်စားနေကြတာ ဝိုင်ပုလင်းတွေမြှောက်ပြီး အောင်ပွဲခံကြတာသိသလို တစ်နေရာမှာ စစ်ပွဲဖြစ်လို့ သေနတ်သံကြားရလို့ ခွေးပြေးဝက်ပြေး ပြေးကြရလို့ ဒူးထောက်တောင်းပန်နေလို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရလို့ ဒါတွေကိုလည်း မြင်ရပါတယ်။

(၂)

ညနေဟာ သူ့မျက်နှာဖုံးကို ချွတ်လိုက်တော့ သစ်ရွက်လေးတွေ ရယ်နေကြ။ သစ်စက်ကြီးတွေရဲ့ ချွန်ထက်နေတဲ့သွားတွေဟာ ခဏအိပ်စက်နေကြ။ အရာရာမှာ အလှတရားရှိတယ်ဆိုတာကို အားလုံးက စကားမစပ်မိကြဘဲ သဘောတူကြ။ ချွေးတွေဟာ အောင်မြင်မှုရဲ့အစလို့ ပြောကြတာကို ပြန်သတိရနေတယ်။ ကိုယ်တိုင် အပြောခံရသလိုမျိုးပဲ။ ဒီလိုချိန်မှာ ကွယ်လွန်သွားတဲ့ ခွေးလေးပိုပိုကို သတိရမိတယ်။ ကျွန်တော်က ကော်ဖီခွက်ကိုင်လို့ သူမက ကျွန်တော့်ဘေးနားမှာ ငြိမ်သက်လို့။ ခွေးမလေး ပိုပိုကို သတိရမိတာက ယုတ်ညံ့မှု ရှက်ကြောက်စရာမဟုတ်တဲ့ အကြောင်းမပြောလိုပါဘူး။ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောဆိုနေရလောက်အောင် ဘာကောင်မှမဟုတ်တာတော့ သေချာပါတယ်။
ချစ်ခြင်းမေတ္တာဟာ ဘယ်ကိုသွားပြီး ဘယ်ကိုဆုံးသလဲဆိုတာကိုဖြင့် စိတ်မဝင်စားမိပါဘူး။ ခွေးမလေး ပိုပိုကို လွမ်းနေတဲ့အကြောင်းဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်လို့လားဆိုတဲ့ မေးခွန်းမျိုးကို ကျွန်တော်ရွံရှာပါတယ်။ အဓိပ္ပာယ်တွေကို ရေလောင်းပေါင်းသင်တဲ့အခါ ကြီးထွားရှင်သန်လာပြီး အသီးအပွင့်တွေ ဝေဆာနေဖို့ရယ်လို့ ကျွန်တော် အတိအကျ နားမလည်ပေးနိုင်ပါ။ လူ့အဖွဲ့အစည်းအတွက်ရယ်လို့ ကြီးကြီးကျယ်ကျယ် ပြောတတ်ကြတာ တွေ့ရတဲ့အခါ ဘာကိုမှ အလိုမရှိတော့တဲ့ အကျဉ်းသားလို တည်ငြိမ်နေတာဖြစ်ဖြစ် စိတ်လှုပ်ရှားနေတာဖြစ်ဖြစ် ဘယ်လိုအမူအရာတွေမှ ကျွန်တော့်မှာ ရှိမနေခဲ့ပါဘူး။ ကျွန်တော့်အတွက်ကတော ဘယ်သူ့ကိုမှ ဝင်မစွက်ဖက်တာ မနှောင့်ယှက်တာမျိုးကို သဘောကျပါတယ်။ မတူညီတဲ့ပေတံတွေဟာ ငယ်ငယ်က စာသင်ကျောင်းလေးမှာ အရောင်လွင့် ပျောက်ကွယ်သွားခဲ့ကြပေါ့။ သတိရလိုက်တာ စိုင်းထီးဆိုင်ရဲ့ သီချင်းထဲကလို ‘အပြစ်မရှိသေးတဲ့ ကလေးလေးဘဝကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်’ မဖြစ်နိုင်တာကို လိုချင်တဲ့ထဲမှာ ကျွန်တော်ပါပါတယ်။ လောဘ၊ အာဏာ၊ ငွေ ဒါတွေ ကျွန်တော်မမက်ဘူး မယုံကြည်ဘူးလို့ အားလုံးပြောကြတဲ့အခါ ကတိတည်ကြတဲ့အခါ ငယ်ဘဝဟာ ပြန်ရနိုင်မလား စိတ်ဝင်စားဖွယ်ပါ။

(၃)

အိမ်နောက်က သရက်ပင်ရဲ့ ညည်းသံဟာ လေနဲ့အတူပါလာပြီး ကျွန်တော့်အဆုပ်ထဲကို ဝင်ရောက်သွားတယ်။ ကျွန်တော်ဟာ ပန်းချီကားချပ်တွေကို စိတ်လိုလက်ရ ကြည့်နေမိတယ်။ ပန်းချီကားထဲက ခဲတံလေးဟာ တင့်ကားကြီးကို ဝါးစားနေတဲ့ပုံပါ။ ပန်းချီဆရာရဲ့ သွေးတွေရဲ့ အပြင်ကာလာတွေက အနက်ရောင်ဖြစ်ပြီး အထဲကတော့ အပြာရောင်ပါ။ ငြိမ်းချမ်းရေးအရောင်က အပြာရောင်မှ မဟုတ်ပါဘူး။ တခြားအရောင်တွေထဲမှာလည်း ရှိနေနိုင်တယ်။ ဆေးအထူအပါး အလင်းအမှောင် ကုဗပုံလို စတုရန်းလို ပန်းချီကားတွေ လှုပ်ရှားပြီးကနေကြတဲ့ မျဉ်းတွေ လိုင်းတွေ ဆေးစက်တွေ ကောက်ကြောင်းတွေ အမျိုးမျိုးနဲ့။ ပန်းချီတစ်ချပ်မှာတော့ လက်ပုံကြီးကို ဆွဲထားတာ။ ဒါပေမဲ့ လက်ပြတ်ကြီး။ လက်ပြတ်ကြီးထဲမှာ မျဉ်းတွေအများကြီး မျဉ်းတွေရဲ့ခေါင်းဟာ ဂီတာလိုမျိုးပဲ။ ကျွန်တော်မခံစားနိုင်တာက ဘာလို့ဂီတာတွေရဲ့ထိပ်မှာ လူတွေရဲ့မျက်လုံးတွေ ထည့်ထားတာလဲဆိုတာပဲ။ အနုပညာတက္ကသိုလ်က မိတ်ဆွေပန်းချီလောကကြီးကို မေးအုံးမယ် တေးထားတယ်။ သူကျွန်တော့်ဆီ လာတဲ့အခါဖြစ်ဖြစ် သူ့ဆီကျွန်တော်သွားတာပဲဖြစ်ဖြစ်။ သူမသိလည်း ကိစ္စမရှိပါဘူး။ မျှော်လင့်မှုဟာ မလိုအပ်ဘူးဆိုတာထက် မသင့်တော်ဘူးဆိုတာမျိုးကို ကျွန်တော်သဘောကျပါတယ်။ အခန်းရဲ့အပြင်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ဂရုမစိုက်နိုင်လောက်အောင် ကျွန်တော်တွေးနေမိတယ်။ တွေးနေရတာဟာ ပျော်စရာကောင်းတယ်၊ အပျင်းပြေတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီအယူအဆနဲ့ ပတ်သက်လို့ ကျွန်တော်တက်နေတဲ့ တက္ကသိုလ်မှာ ပြဿနာတွေရှိခဲ့ပါတယ်။ ပြဿနာဆိုတာကလည်း ကျွန်တော်သတ်မှတ်လို့ ဖြစ်လာရတာမျိုးပါ။ နာဂတိုင်းရင်းသားဆားသီမူက ကျွန်တော့်ကို ဆိုက်ကိုလို့ခေါ်ပါတယ်။ နှိမ်တာ ဘာညာမဟုတ်ဘဲ ရိုးရိုးသားသား ခေါ်တာပဲဖြစ်တယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ကျွန်တော့်ကိုရှိတယ်လို့တောင် ထင်ကြပုံမရဘူး။ ကျွန်တော်တစ်ခုခုပြောတဲ့အခါ နားမလည်ဘူးဆိုတာမျိုးတွေ အများကြီးကြုံခဲ့ရတယ်။ လူမှုစံဘောင်ဖြစ်ဖြစ် အများလက်ခံထားတဲ့အရာဖြစ်ဖြစ် ဒီလိုမဟုတ်ဘူးပြောတဲ့အခါ ကျွန်တော့်အဆင့်ဟာ အလိုလိုနိမ့်သွားတယ်လို့ ခံစားရတယ်။ သက်ကိုအောင်ကတော့ ရှားရှားပါးပါးပဲ။ သူပြောချင်တာတွေပြောတယ်။ ကျွန်တော်ပြောချင်ရာ ပြောတာတွေကိုလည်း နားထောင်ပေးတယ်။ ဒီလိုသူငယ်ချင်းမျိုးရှိလို့ အားရှိခဲ့ရတာပေါ့။

(၄)

ပြီးဆုံးသွားတဲ့ စနေဟာ မနက်ဖြန်ပြန်လည်ရှင်သန်လာတော့မယ်လို့ ပထမအဆင့် ကျွန်တော်ပြောတယ်။ စာအုပ်တွေကြားထဲက ငွေရောင်ပိုးကောင်လေးတွေ ပြေးသွားကြတယ်။ ဒုတိယအဆင့်အနေနဲ့ စနေဟာ ဘယ်တော့မှမသေဘူး။ စနေဆိုတာ တကယ်တော့မရှိဘူးလို့ ထပ်တွေးတယ်။ ဘုန်းတော်ကြီးကို မေးချင်နေတယ်။ ဒီလိုတွေးတောမှုတွေဟာ အပြစ်ရှိလို့လား။ ဘုန်းတော်ကြီးက ဒီကိစ္စကို နားလည်ချင်မှ နားလည်မှာပါ။ ဒါကို ကျွန်တော်ကောင်းကောင်းကြီး သိနေပါတယ်။ နားလည်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ မသိဘဲရွှီးဖြေပေးရင်တော့ ကျွန်တော်စိတ်ဆိုးမိမှာပဲ။

လွန်ခဲ့တာတွေဟာ ပြန်ပေါ်လာတယ်။ လွန်ခဲ့တဲ့ စနေနေ့က မိတ်ဆွေရဲ့ အိမ်သစ်တက်ပွဲသွားတယ်။ လွန်ခဲ့တဲ့စနေက အိမ်ပြင်မထွက်ဘဲ စာဖတ်တယ်။ လွန်ခဲ့တဲ့စနေက ရွှေပတ်တစ်ပိုင်းသောက်တယ်။ လွန်ခဲ့တဲ့စနေက အမေကျွန်တော့်ကို ရိုက်တယ်။ လွန်ခဲ့တဲ့စနေက ကြက်တူရွေးလို စာရွတ်ဖတ်နေတယ်။ လွန်ခဲ့တဲ့စနေက အဖေနဲ့အမေ အကြီးအကျယ် စကားများတယ်။ လွန်ခဲ့တဲ့စနေက ပိုက်ဆံမရှိလို့ ကျူရှင်တက်ခွင့်မရ။ လွန်ခဲ့တဲ့စနေကဟာ စရီးပါးနဲ့တွေ့တယ်။ မူရာကာမီရဲ့ကြောင်က ကျွန်တော့်ကိုပြုံးပြတယ်။ လွန်ခဲ့တဲ့စနေက သေနတ်သံတွေကြားရလို့ တုန်လှုပ်နေတယ်။ လွန်ခဲ့တဲ့စနေက ဝံပုလွေလာဆင်ဟာ ကျွန်တော့်ကိုထိုးကြိတ်တယ်။ လွန်ခဲ့တဲ့စနေက ပုပ်ရဟန်းမင်းကြီး ကျွန်တော့်ကို လာတွေ့တယ်။ လွန်ခဲ့တဲ့စနေက ကျွန်တော် အခုလိုစာတွေရေးနေတယ်။ လွန်ခဲ့တဲ့စနေက အခုလက်ရှိဖြစ်နေတယ်။ အိုများလိုက်တဲ့ လွန်ခဲ့တဲ့စနေတွေ။ အလွန်သေးငယ်တဲ့အရာတွေကို အလေးအနက် နေရာပေးတဲ့အခါ ကျွန်တော်တို့ရဲ့ဘဝကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်နေကြတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ဆန့်ကျင်ဘက်လည်း ဖြစ်နိုင်တာပဲ။

(၅)

ကျွန်တော့်စိတ်ထဲမှာ မီးတွေလောင်နေတယ်။ ကျွန်တော်ထိတွေ့တဲ့ အရာတိုင်းဟာ လောင်ကျွမ်းကြလို့။ သတိထားပါ။ ဒီစာကိုဖတ်နေတဲ့ ခင်ဗျားကိုလည်း လောင်ကျွမ်းသွားစေနိုင်ပါတယ်။ ကျွန်တော့်ကိုမွေးတုန်းက ကျွန်တော်တို့အိမ်နီးချင်းတွေမှာ ကားမရှိဘူး၊ ဆိုင်ကယ်မရှိဘူး၊ လက်တောပ့် တယ်လီဖုန်း ဘာမှမရှိသေးဘူး။ အာဏာရှင်တွေရဲ့ နာမည်ပုံတွေကို အလွတ်ရနေ သိနေရတဲ့အတွက် ကျွန်တော်ဟာ ဂုဏ်ယူနေခဲ့တယ်။ ဘယ်လောက်ထိ နာကျင်ဖို့ကောင်းတဲ့ကိစ္စလဲ။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ကိစ္စပဲ။ ပြန်တွေးတိုင်း ကျွန်တော်ဟာ နာကျင်နေမိတယ်။ ဒါပေမဲ့ဘယ်အရာမှ ကြာကြာလိမ်ညာလို့ မရဘူးဆိုတာကို ကျွန်တော်သတိထားမိလာတယ်။ အမေဟာ ကျွန်တော့်ကိုသိပ်ချစ်လို့ အိမ်ပြင်မဆော့ခိုင်းဘူး။ ဟိုဟာ မလုပ်ခိုင်းဘူး။ ဒါမလုပ်ခိုင်းဘူး။ သူငယ်ချင်းတစ်ယောက်ရဲ့အမေဆို ကျွန်တော့်သူငယ်ချင်းကို ချစ်လွန်းလို့ ဘာဆိုဘာမှမခိုင်းဘူး။ အားလုံးအဆင်သင့်လုပ်ပေးတယ်။ ကလေးကစားစရာ အရုပ်ကား သေနတ်စုံလို့ပဲ။ ကျွန်တော်တို့ရဲ့ချစ်ခြင်းတွေဟာ ပူလောင်နေတတ်တယ်ဆိုတာကို ကျွန်တော်တို့ မမေ့ဖို့လိုမယ်ထင်တယ်။

မြေသြဇာ အလွန်အကျွံပေးမိလို့ သေဆုံးသွားတဲ့ ကျွန်တော့်ပန်းပင်လေးရဲ့ ဓာတ်ပုံဟာ မထင်မှတ်ဘဲ ဖိုင်မွှေရင်း ပြန်ပေါ်လာတယ်။ အိုသိပ်ချစ်ခဲ့လို့ ပုံတွေတောင် ငါရိုက်ခဲ့တာပဲ။ ဒီလိုရိုက်သင့်မရိုက်သင့်ဆိုတာက အားလုံးလွတ်လပ်စွာ ကွဲပြားနိုင်တာကို ကျွန်တော်သိပါတယ်။ ကျွန်တော်ထိတဲ့အရာတွေဟာ ပြာဖြစ်သွားပြီးပြန်ပေါ်လာပြီး ပျောက်သွားပြီး ဆင့်ကဲဖြစ်ပေါ်နေကြတယ်။ ကျွန်တော်အမုန်းဆုံးက ဂေါက်ရိုက်တံကိုကိုင်တဲ့ လက်တွေရယ် မျက်လုံးတွေရယ်။ ဒရိုင်ဗာနဲ့ ရိုက်လိုက်တဲ့ဂေါက်သီးရဲ့ အရှိန်နဲ့ အိုင်းယွန်းကိုင်ပြီး ရိုက်လိုက်တဲ့အရှိန်တို့ဟာ မတူညီကြ။ တချို့က ထမင်းသာစားနေတဲ့ ဂေါက်တံတွေ။ နှုန်းထားအမျိုးမျိုး။

(၆)

ကျွန်တော့်အစ်ကိုရဲ့ ယားယံနေတဲ့ ဆံပင်မွေးအထုပ် ပါဆယ်ဟာ ကျွန်တော့်ဆီရောက်ရှိလာတော့ စာပို့သမားပေးတဲ့ စာရွက်ပေါ်မှာ လက်ခံရရှိကြောင်း ထိုးပေးရတယ်။ တကယ်တော့ လက်ခံရရှိပြီးတဲ့နောက် ဘာမဆိုဖြစ်နိုင်တာကို စာပို့သမားလေးဟာ သိရှိပုံမရပါဘူး။ သူနဲ့မဆိုင်တော့တာမျိုးလည်း ဖြစ်နိုင်ပါတယ်ဆိုကြပါစို့။ အထုပ်ကို ပါးစပ်နဲ့ကိုက်ပြီး ဖောက်တဲ့အခါ ဗုံးကလေးတွေအများကြီး တွေ့ရတယ်။ စနက်တံတွေ ဘာတွေနဲ့။ လိပ်စာကြည့်တော့လည်း ကျွန်တော့်ဆီပဲ။ ကျွန်တော့်အစ်ကိုလက်မှတ်နဲ့ လက်ရေးပဲ။ အစ်ကိုဟာ ကျွန်တော့်ဆီ ဘာလို့ပို့လိုက်ပါလိမ့်။ စနက်တံကိုမီးရှို့ပြီး ကျွန်တော်နဲ့ဝေးရာ ပစ်ပေါက်လိုက်တယ်။ ကျွန်တော့်အိမ်ဟာ မြို့လယ်ကောင်ထဲက တောနက်ကြီးမှာရှိတဲ့အတွက် ဘာမှတော့ ပြဿနာမရှိဘူး။ ဗုံးပေါက်ကွဲရင်တောင် ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်ပါ။ ထူးဆန်းလိုက်တာ။ ကျွန်တော်ပစ်လိုက်တဲ့ ဗုံးဟာ အပိုင်းအစလေးတွေဖြစ်ပြီး ဓာတ်ငွေ့တွေအဖြစ် ပြောင်းသွားကြတယ်။ အနံ့ကို ကျွန်တော်မရှို့မိဖို့ ကြိုးစားပါသေးတယ်။ ဒါပေမဲ့မထူးပါဘူး။ ဓာတ်ငွေ့တွေကို ရှူမိတဲ့အခါ ကျွန်တော့်အနားမှာ အသံတွေ ဆက်တိုက်ကြားနေရတယ်။ ကျွန်တော်ကြားမိတဲ့ အသံတွေထဲက ကျွန်တော် မှတ်မိသမျှ ပြန်ပြောပြချင်တယ်။ ‘အိမ်တစ်အိမ်မှာ အဖေ အမေ ကလေးတွေ တစ်မိသားစုလုံးကွာ ဘယ်သူမှ စာမဖတ်တတ်ဘူး။ အပြာကား ထိုင်ကြည့်နေကြတာကွာ’ အရည်အသွေးထက် အရေအတွက်များနေတယ်။ “ငါးပိထဲက ဓာတ်မြေသြဇာတွေ” အသံတွေအများကြီးထဲက ကျွန်တော်မှတ်မိသမျှပါ။ ကျွန်တော့် အစ်ကိုဟာ ဘာလို့များဒီအသံတွေကို ကျွန်တော့်ဆီ ပို့လိုက်တာပါလိမ့်လို့ တွေးနေမိပါတယ်။ ကျွန်တော့်ခေါ်ဆိုမှုကို အစ်ကိုဟာငြင်းခဲ့တယ်။ ကျန်တဲ့ဗုံးတွေကို ဖောက်ဖို့ရာ ကျွန်တော့်မှာ အားအင်မရှိတော့။

(၇)

သူမရဲ့ဘဝဟာ အိပ်ရာပေါ်မှာမွေးပြီး အိပ်ရာပေါ်မှာ သေဆုံးခဲ့တယ်။ အထက်ပါ အကြောင်းအရာတွေက သူမဆီက ကျွန်တော်ရခဲ့တာ ဖြစ်နိုင်ပါတယ်။ အခြားမှာတော့ သူမဟာ ဖိုဝါဒလက်ဝါးကြီးအုပ်မှုတွေကို တော်လှန်ခဲ့တယ်။ လေဟာ လတ်ဆတ်ဆဲ။ ကျွန်တော်ငေးနေဆဲ။ ပထမအချက် ကျွန်တော့်သိမှုတွေက ကျွန်တော့်ကိုဒုက္ခပေးတယ်။ ကျွန်တော်က ဝါကျဖွဲ့နေတာတွေကို မုန်းတီးတယ်။ ပြီးချင်တဲ့အခါ ပြီးမည်ဖြစ်သည်။ ဒုတိယဝန်ခံချက် ငှက်သံတွေ ချောင်းဆိုးသံတွေ စကားသံတွေဟာ ကောင်းကင်ကို ပြေးတက်မသွားကြ။ မြေကြီးအောက်ထဲကို တိုးဝင်ကာ ပျောက်ကွယ်သွားကြ။

အသံတွေဟာ နေရာတိုင်းမှာ ရှိနေတတ်ကြပါတယ်။ ဒါကို ကျွန်တော်မရှင်းပြလိုပါ။

Writer - ဝေမြင့်မောင်

Most Read

Most Recent