မိုင်တိုင်များစွာကို ဖြတ်ကျော်ခဲ့ပြီးနောက်

မိုင်တိုင်များစွာကို ဖြတ်ကျော်ခဲ့ပြီးနောက်
Published 9 February 2018

ကြိုးတစ်ချောင်း ဖြန့်ခင်းထားသကဲ့သို့ ရှည်လျားနေသော လမ်းမပေါင်းများစွာကို ကျွန်တော်တို့ နေ့စဉ်ဖြတ်သန်းနေကြရသည်။ လမ်းများကို လူသားတို့က ဖောက်လုပ်သည်။ ထို့အတူ ထိုလမ်းများက လူသားတို့ကို ပြန်လည်ဖော်ဆောင်သည်။ လမ်းဆိုသည်မှာ နေရာ တစ်နေရာမှ တစ်နေရာသို့ လူအများ ခြေထောက်ဖြင့်သော်လည်းကောင်း၊ ယာဉ်များဖြင့်သော်လည်းကောင်း ဖြတ်သန်းသွားရန် ဖောက်လုပ်ထားသော၊ ဖော်ဆောင်ထားသော အရာဖြစ်သည်ဟု စွယ်စုံကျမ်းများက အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ လမ်းဆိုသော အသုံးအနှုန်းသည် အခြားသော စကားစုများ နှင့် တွဲဖက်၍ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းနေကြသော အသုံးဖြစ်သည်။ လမ်းစဉ်၊ လမ်းကြောင်း၊ လမ်းဟောင်းလိုက်နှင့် လမ်းသစ်ထွင်ခြင်းဟူသော စကားလုံးများသည်ကား ယခုခေတ်တွင် တွေ့ရများသော စကားလုံး များဖြစ်သည်။

လမ်းများသည် တစ်ခုနှင့်တစ်ခု၊ တစ်နေရာနှင့် တစ်နေရာကို ချိတ်ဆက်ထားကြသည်။လူသားတို့သည် ထိုလမ်းများကို နင်းကာ နေရာများစွာဆီကို ရွေ့ကြသည်။ အနာဂတ်ကို ရှေ့ဆက်ကြသည်။ အချို့လူများက အခြားလူ ဖောက်လုပ်ထားသော လမ်းဟောင်းအတိုင်း လျှောက်လှမ်းကြ၍ အချို့သူများက မိမိတို့လမ်းကို ကိုယ်တိုင်ဖောက်လုပ်ကြသည်။ လမ်းကို ကိုယ်တိုင်ဖောက်လုပ်သောသူကို လမ်းသစ်ထွင်ကြသူများဟု ခေါ်ဆိုကြ၍ ထိုသူများသည် ပို၍ပင်ပန်းကြသည်။ သို့သော် ထိုသူများ၏ အောင်မြင်မှုသည်ကား ပန်းရနံ့များကဲ့သို့ ဝေဆာနေကြသည်။ ထိုသူများ၏လမ်းစဉ်သည်ကား ရေရှည်ခံ၍အခြားသူများကိုပါ လျှောက်လှမ်းခွင့်ရစေသည်။  ဂူအောင်းအမှောင်ခေတ် ကျောက်ခေတ်မှသည် လူသားတို့သည် လမ်းအမျိုးမျိုးကို ဆန်းသစ်တီထွင်ဖောက်လုပ်ကာ ယနေ့ကမ္ဘာကို ဖန်တီးခဲ့ကြသည်။

လမ်းဖောက်သူ လမ်းပြင်သူများသည် အသက်ရှည်သည်ဟု ဆိုစမှတ်ပြုကြသည်။ သေဘေးကို ရှောင်လွှဲနိုင်သော ကောင်းမှုကုသိုလ်တွင် လမ်းပြင်လမ်းခင်းလည်း ပါသည်ဟု ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ဖူးသည်။ ကျွန်တော်တို့ ဒေသတွင် အခါကြီးရက်ကြီး ရောက်တိုင်း လူငယ်များစုကာ လမ်းဟောင်းများ ပြင်ကြသည်။ လမ်းပြင်ခြင်းနှင့် ဆက်စပ်၍ ကျွန်တော်ရွာတွင် နာမည်ကြီးခဲ့သော အကြောင်းအရာလေးတစ်ခု ရှိခဲ့သည်။ ရွာအဝင်လမ်းမနှင့် ဆက်စပ်နေသော ရွာလယ်လမ်းက ပေတရာကတ္တရာလမ်းဖြစ်သည်။ အဘွားတို့စကားအရဆိုသော် အင်္ဂလိပ်မင်း လက်ထက်ကတည်းကဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်လက်ထက်က တစ်ခါ ကတ္တရာခင်း ခဲ့ပြီးနောက်ပိုင်း မည်သည့်အစိုးရတက်သည် ဖြစ်စေ တစ်ခါမှ မပြင်သောလမ်းဖြစ်သည်။ ထို့ကြောင့်လည်း အင်္ဂလိပ်မင်းတို့က မြန်မာ ပြည်မှာ နှစ်အတော်ကြာကြာ အုပ်ချုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အချို့လမ်းများသည် လူသမိုင်းဖြစ်စဉ်တစ်ခုလုံးကို ပြောင်းလဲနိုင်စွမ်းရှိသည်။ ထိုအရာများကို လူသားတို့က တီထွင်ဖန်တီးမှု များဟု ခေါ်ကြသည်။ ကျောက်ခတ်ဂူအောင်း လူသားများ၏ မီးကို စတင်တီထွင်မှုသည် လူ့ သမိုင်းဖြစ်စဉ် ပြောင်းလဲခြင်း စတင်သော လမ်းဦးလမ်းစဖြစ်ခဲ့သည်။ ထို့နောက်တွင် ဂယ်လီယိုယိုဂါလီလိုင်း၏ အာကာသနှင့် နက္ခတ္တပညာဆိုင်ရာ သဘောတရား၊ နယူတန်၏ ကမ္ဘာ့မြေဆွဲအားစသည်တို့သည် သမိုင်း ဖြစ်စဉ်ကို ပြောင်းလဲစေသော လမ်းစများဖြစ် သည်။ ကမ္ဘာပေါ်တွင် သမိုင်းဖြစ်စဉ်ကို ပြောင်း လဲစေသော လမ်းစကို စတင်ဖောက်လုပ်သူ များစွာရှိခဲ့သည်။ ပစ္စုပ္ပန်တွင်လည်း ရှိနေ သည်။ အနာဂတ်တွင်လည်း နေဦးမည်ဖြစ်သည်။

လမ်းသစ်ဖောက်သူများကို လူအများက စွန့်ဦးတီထွင်သူများဟု ခေါ်ကြသည်။ ကိုလံဘတ် မြောက်အမေရိကတိုက်ကို တွေ့ရှိမှုသည် ကမ္ဘာပေါ်တွင် ထင်ရှားသောဖြစ်ရပ်ဖြစ်သည်။ မကြာမီက ဖတ်ခဲ့ဖူးသော ဆရာ သင့်လူ ဘာသာပြန်သည့် ကျားဖြူသည်ဟူသော စာအုပ်တွင်မူ လူသားတို့သည် ကြက်ခြင်းထဲက ကြက်ကလေးများနှင့် တူသည်။အသတ်ခံရန် ထိုင်စောင့်နေကြသည်များကို ပျော်ပျော်ရွှင်ရွှင် စစနောက်နောက် စောင့်ဆိုင်းနေကြသည်။ ရုန်းထွက်ရန် ကြိုးစားခြင်း မရှိချေ။ လူသားများသည်လည်း ပုံမှန်လည်ပတ်နေသော ဘဝများအတွက် ပုံမှန်အတိုင်းသာ လုပ်ဆောင်နေသည်။ ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲစေရန် ထိုးဖောက်ရန် စိတ်ကူးမှု မရှိချေ။ ထိုလူများကြားထဲတွင် တစ်ခုခု ဖောက်ထွက်သူသည် စွန့်ဦးတီထွင်သူဖြစ်သည်ဟု ဆိုသည်။ ထိုသူများက လမ်းသစ်များ ဖောက်ကြသည်။ လမ်းသစ်ကို ဦးစွာစဖောက်သော သူသည် လွန်စွာ ပင်ပန်းဆင်းရဲသည်။ သို့သော် ထိုလမ်းသစ်များသည် ရည်ရွယ်ချက် ကောင်းမွန်ပါက တာရှည်ခံကာ အသုံးဝင်ကြသည်။ ထိုလမ်းမများကို လူများက လျှောက်လှမ်းကြသည်။

ဘဝဆိုသည်မှာ ရှည်လျားလွန်းသော လမ်းမရှည်ကြီးဖြစ်သည်ဟု စာဆိုများက ဆိုကြသည်။ လမ်းမများတွင် မိုင်တိုင်များစွာ စိုက်ထူထားကြသည်။ ခရီးလမ်းတစ်ခုဆီသို့ သွားကြချိန်တွင် မိုင်တိုင်များစွာကို ဖြတ်ကျော် သွားရမည်။ ငယ်စဉ်က သင်ခဲ့ဖူးသော ရူပဗေဒတွင် အလုပ်ပြီးမြောက်မှသာ အောင်မြင်မှုဖြစ်သည်။ အားအင်မည်မျှ ကုန်ခန်းအောင် သုံးနေပါစေ အလုပ်ပြီးမြောက်ခြင်းမရှိပါက ရူပဗေဒသဘောတွင် ကျဆုံးသည် အဆိုရှိကြသည်။ မောင်ပေါက်ကျိုင်း  ပုံပြင်မှ 'သွားပါများ ခရီးရောက်'ဟူသော စကားသည် ထိုသို့သော သဘောပင်ဖြစ်သည်။ ခရီးတစ်ခုကို သွားပါမှ မိုင်တိုင်များစွာကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

ဘဝအတွက် မိုင်တိုင်များသည် မိမိတို့ ပြုလုပ်သော လုပ်ရပ်များပင်ဖြစ်သည်။ ရည်မှန်းချက်များဖြစ်သည်။ အသိအမှတ်ပြုမှုများ ဖြစ်သည်။ ရံဖန်ရံခါ သမိုင်းမှတ်တိုင်များ ဖြစ်တတ်သည်။ ရေစက်ရေပေါက်များ စုပေါင်းလိုက်လျှင် ပင်လယ်သမုဒ္ဒရာကြီး ဖြစ်လာသကဲ့သို့ မိုင်တိုင်များ စုစည်းလိုက်လျှင် ရှည်လျားထွေပြားသော လမ်းမကြီးတစ်ခုဖြစ်လာသည်။ လူတစ်ဦးတစ်ယောက်စီ ဖြတ်သန်းခဲ့သော မိုင်တိုင်များစွာကို စုပေါင်းလိုက်သော ကြီးမားလွန်းသော သမိုင်းလမ်းရှည်ကြီးတစ်ခုကို ဖြန့်ခင်းနိုင်သည်။

အချို့လူများသည် မိမိတို့လျှောက်ခဲ့သော လမ်းမများ၊ မိမိတို့ ကိုယ်တိုင်ဖောက်လုပ်ခဲ့သော လမ်းမများ သို့မဟုတ် အခြားသူ ဖောက်လုပ်ခဲ့သော လမ်းမများကို ဖျက်ဆီးတတ်ကြသည်။ မုဆိုးစကားနှင့်ဆိုသော် ခြေရာ လက်ရာ မကျန်စေရန် ပြုလုပ်ခြင်း၊ ကျူပင်ခုတ် ကျူငုတ်မကျန်စေရန် ရှင်းလင်းတတ်ကြသည်။ မိမိတို့ဖြတ်ကျော်ခဲ့သော လမ်းမများသည် စွန့်စားဖောက်သူများ၏ အသက် သွေးချွေးနှင့် အတွေ့အကြုံများစွာကို ရင်းနှီး စတေးခဲ့ရသည်။ ထိုပေးဆပ်မှုများ၊ အနစ်နာ ခံမှုများကို လျစ်လျူရှုကာ မိမိတို့ရည်မှန်းသော ခရီးလမ်းဆုံး ရောက်သောအခါတွင်မူ မိမိတို့ ဖြတ်ကျော်ခဲ့သော လမ်းမများ၊ စွန့်စားဖောက် လုပ်ခဲ့သောသူများကို မီးလောင်တိုက်သွင်းပစ်ခြင်းမျိုးကို ရာဇဝင်တွင် အခါခါဖတ်ခဲ့ဖူးသည်။

အချို့လမ်းများသည် ကွေ့ကောက်သည်။ အချို့လမ်းများသည် ဖြောင့်တန်းသည်။ အချို့လမ်းများသည် ပန်းအတိခင်း သကဲ့သို့ နူးညံ့ချောမွေ့လွန်းသည်။ အချို့ လမ်းများသည် ဆူးငြောင့်ခလုတ်အတိနှင့် ခရောင်းလမ်းအတိဖြစ်သည်။ ရှေ့ကသွားသော သူများသည် ချောမွေ့သော လမ်းများကို အဆင်ပြေသထက် ပြေအောင်ပြုလုပ်ကြသည်။ ဆူးငြောင့်အပြည့် ခရောင်းလမ်းကို တတ်နိုင်သမျှ ရှင်းလင်းခဲ့သည်။ အဘွားပြော ပြောနေသော စကားတစ်ခွန်းမှာ “ခု ငါတို့တွေက အရင်ကထက်စာရင် အတော်လေး အဆင်ပြေခဲ့ပြီ။ ထမင်းပြုတ်စားကာ ရုန်းကန်ခဲ့ရဖူးတယ်။ စောင်မရှိဘဲ ဆောင်းညတွေ ဖြတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ဖြတ်သန်းတဲ့ ဘဝခရီးလမ်းကို မြင့်သထက်မြင့်၊ ကောင်းသထက် ကောင်းအောင် ကြိုးစားရုန်းကန်ခဲ့တယ်။ အဲဒါကြောင့် ခုဆို ငါတို့ဘဝက အဆင်ပြေနေ တယ်။ အေး မင်းတို့တွေကျလည်း ဒီထက် ကောင်းအောင် လမ်းသစ်တွေ ဖောက်ကြ။လမ်းသစ်တွေ ဖောက်နေရင်းနဲ့ ကိုယ်ကိုပခုံးထမ်းတင်ခဲ့တဲ့ လမ်းဟောင်းတွေကိုတော့ မချေဖျက်ကြနဲ့။ လမ်းဟောင်းတွေကို အသုံးမပြုတော့ရင် နေပါ။ အထင်မသေးကြနဲ့။ အေး အဲဒီလိုတွေ မဟုတ်ဘဲ လမ်းကြမ်းတုန်းက အတူတူဖောက်လုပ်ခဲ့တဲ့သူတွေကို အသိအမှတ်မပြုရင်တော့ နင်တို့ဟာ တော်တော်ကျေးဇူးကန်းတဲ့သူပဲ ဖြစ်မယ် ငါ့မြေး”ဟု ငယ်စဉ်က နားမလည်နိုင်သော ဆုံးမစကားများ ခဏခဏကြားခဲ့ရသည်။ လမ်းသစ်ဖောက်သူများပင်ဖြစ်လင့်ကစား လမ်းဟောင်းဖောက်ခဲ့သူများကို ကျေးဇူးမကန်းသင့်ချေ။ ထိုလမ်း ဟောင်းများပေါ် ဖြတ်လျှောက်၍လမ်းသစ်အတွေးများဆီသို့ ထိုးထွက်ခဲ့ကြသည် မဟုတ်ပါလား။

ငယ်စဉ်က ဖတ်ခဲ့ဖူးသော ကွန်ဖြူးရှပ် အဆိုအမိန့်များတွင် 'မိမိမျှော်မှန်းထားသော ပန်းတိုင်ဆီသို့ မရောက်သေးဘူးဟု ထင်လျှင် နောက်ထပ် ပန်းတိုင်တစ်ခုကို ပြောင်းလဲပစ်ဖို့ မကြိုးစားပါနှင့်။ မိမိ၏ လုပ်ပုံကိုင်ပုံကိုသာ ပြောင်းလဲပစ်ရန် တွေးပါ။ မိမိ ခြေလှမ်းများ၏ ခြေလှမ်းများ နှေးကွေးနေသည်က အရေးမကြီးပါ။ မိမိဆက်လျှောက်နေရန်သာ အရေးကြီးသည်' ဟု မိန့်ခဲ့ဖူးသည်။ မိမိ သွားမည့်လမ်းမများကို မိမိ ရွေးချယ်ပြီးလျှင် ဆက် လျှောက်ရန်သာ လိုအပ်သည်။ လမ်းကြောင်း ဖြောင့်သည်။ ကွေးကောက်သည်။ကြမ်းတမ်းသည်ဟု တွေဝေမနေသင့်ပေ။ မိမိတို့ ရှေ့ဆက် လျှောက်ရန်သာ အရေးကြီးသည်။ အချို့သူများသည် လမ်းကြမ်းကိုဖြတ်ကျော်ခဲ့စဉ်က မိတ်ဆွေအပေါင်းအသင်းများစွာဖြင့် ဖြတ်ကျော်ကြသည်။ ထို့နောက် ပေးဆပ်မှုများစွာကို အတွဲညီညီဖြတ်ကျော်ခဲ့ပြီး လမ်းခုလတ်အရောက်တွင် သေအတူ ရှင်မကွာ ရင်ဆိုင် ကျော်ဖြတ်ခဲ့သော ခရီးဖော်များကို သွေဖယ်ကာ လမ်းသာရာသို့ ရွေးချယ်သွားလျှင်မူ ထိုသို့သော သူများသည် လုပ်ဖော်ကိုင်ဖက်များကို သစ္စာဖောက်သူသာလျှင်ဖြစ်သည်ဟု အဆိုရှိကြသည်။ ထိုသစ္စာဖောက်သူ၏ လမ်းသည်လည်း မိုင်အနည်းငယ်အတွင်းသာ အဆုံးသတ်ရလိမ့်မည်။ ကြာရှည်ခံရန်ဆိုသည်မှာ ဝေးလွန်းလှသည်။

ကျွန်တော်သည် လမ်းပေါင်းများစွာကို မိုင်တိုင်များစွာနှင့်အတူ ဖြတ်ကျော်ဖူးသည်။ တစ်ခါတရံ ကိုယ်တိုင်ဖြတ်ကျော်ခဲ့ဖူးသည် ရှိသကဲ့သို့ စာအုပ်များတွင်လည်း လမ်းပေါင်းများစွာကို ဖြတ်ကျော်ဖူးသည်။ သိပ္ပံမောင်ဝ၏ အောက်စဖို့ဒ် ခရီးသွားမှတ်တမ်းနှင့် ကျွန်တော် အင်္ဂလန်ရောက်ခဲ့ဖူးသည်။ မိသားစုနှင့်အတူ ပုဂံမြေက ပုထိုးတော်စေတီတော်များကို ဦးခိုက်ဖူးသည်။ ကင်းဝန်မင်းကြီး၏ ပြင်သစ်သွားမှတ်တမ်းနှင့်အတူ ပါရီကိုရောက်ခဲ့ဖူးသည်။ အမှန်ဆိုလျှင် မိုင်တိုင်များသည် အရှည်ကိုဖော်ပြသော ယူနစ်များဖြစ်ကာ လမ်းမများကို ကိုယ်စားပြုသည်ဟုဆိုကြသည်။ မိုင်တိုင်များသော လမ်းမများသည် ပေးဆပ်မှုများသည်။ လမ်းတိုင်းတွင် ကိုယ်စီ ပေးဆပ်မှုအတိဖြစ်သည်။ မည်မျှကြမ်းတမ်းခက်ခဲနေစေကာမူ မိုင်တိုင်များစွာကို ပေါက်ရောက်အောင် ဖောက်လုပ်ကြသည်ကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဗိုလ်ချူပ်စလင်း ဖောက်လုပ်ခဲ့သော ဟူးကောင်းတောင်တန်းပေါ်က မြွေလိမ်မြွေကောက် မဟာလီဒိုလမ်းမကြီးက သက်သေခံနေသည်။

ကျွန်တော်တို့ ဖြတ်ကျော်ခဲ့သော ဘဝခရီးလမ်းတွင် မိုင်တိုင်များစွာသည် ကျွန်တော်တို့ ကျဆုံးမှု၊ အောင်မြင်မှု၊ ပေးဆပ်မှုနှင့် အမှတ်တရများစွာဖြစ်သည်။ လူသားတို့က  ထိုအမှတ်တရမိုင်တိုင်များအတွက် အသိအမှတ်မျိုးစုံပြုကြသည်။ ထို့ကြောင့်မြေနီလမ်း ဖြစ်စေ၊ နိုင်လွန်ကတ္တရာလမ်းဖြစ်စေ မိုင်တိုင်ရှည်လျားခြင်းသည် ထိုလမ်း၏ ဂုဏ်ကို တက်စေသကဲ့သို့ ကျွန်တော်တို့သည်လည်း မိုင်တိုင်များစွာကို ဖြတ်ကျော်ပြီးနောက် ကျွန်တော်တို့၏ ဘဝခရီးလမ်းမကြီးကို သာယာစေရန် ကြိုးပမ်းသင့်သည် မဟုတ်ပါလား။

Most Read

Most Recent