နိုင်ငံသားဖြစ်မှုအပေါ် မေးခွန်းထုတ်ခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသော အမေရိကန်ပြည်ထောင်စု၏ ၂၀၂၀ လူဦးရေသန်းခေါင်စာရင်း

နိုင်ငံသားဖြစ်မှုအပေါ် မေးခွန်းထုတ်ခြင်း၏ ခြိမ်းခြောက်မှုကို ခံနေရသော အမေရိကန်ပြည်ထောင်စု၏ ၂၀၂၀ လူဦးရေသန်းခေါင်စာရင်း
Published 5 February 2018

အမေရိကန်ပြည်ထောင်စုက ၂၀၂၀  ပြည့်နှစ်တွင် နောက်ထပ်တစ်ကြိမ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကို ဆောင်ရွက်ရန် စိုင်းပြင်းလျက်ရှိသည်။ သို့သော် နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်သော ခက်ခဲသော မေးခွန်းတစ်ရပ်က သန်းခေါင်စာရင်းကောက်ယူရေး မစတင်မီမှာပင် အငြင်းပွားမှုဖြစ်ပွားအောင် မီးမွှေးနေသည်။

၁၀ နှစ် တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူရေးကို ဆောင်ရွက်သည့်အခါ သန်းခေါင်စာရင်း ကောက်ယူသူများ အနေဖြင့် လူများကို အမေရိကန်နိုင်ငံသား ဟုတ် မဟုတ် မေးမြန်းရမည် ဖြစ်သည်။ ယင်းသည် တိုင်းရင်းသားလူနည်းစုအချို့အား ပူးပေါင်းပါဝင်ရန် အားမပေးဘဲ အချက်အလက် တိကျရေးကို လျော့ကျစေနိုင်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ ရွေးကောက်တင်မြှောက်ခံနှင့် ခန့်ထားခံ စပိန်စကားပြော လက်တင်အမေရိကအနွယ်ဝင် အစိုးရအရာရှိပေါင်း ၆,၀၀၀ ကျော်နှင့် ပတ်သက်သည့် ဦးဆောင်အဖွဲ့အစည်းဖြစ်သော NALEO ၏ ပညာရေးရန်ပုံငွေအဖွဲ့ အကြီးအကဲ အာတူရိုဗားဂတ်စ်က စမ်းသပ်ကောက်ယူခြင်းခံရသူများသည် ယခုအခါ၌ပင်လျှင် အမေရိကန်အစိုးရနှင့်ပတ်သက်၍ ကြိုတင်တွေးမထားနိုင်သော စိုးရိမ်ထိတ်လန့်မှုများနှင့် စက်တင်ဘာလကတည်းက ရင်ဆိုင်နေရကြောင်း စစ်တမ်းများက ဖော်ပြနေသည်ဟု ပြောကြားခဲ့သည်။

အမျိုးသားရေးဝါဒနှင့် ရွှေ့ပြောင်းအခြေချမှုဆန့်ကျင်ရေး အာဂျင်ဒါတို့ကို ကိုင်စွဲလျက် အာဏာရလာသော သမ္မတဒေါ်နယ်ထရန့်က နိုင်ငံခြားသားများနှင့် ရွှေ့ပြောင်းအခြေချသူများသည် အကြမ်းဖက်မှု၊ ရာဇဝတ်မှု၊ အလုပ်အကိုင်ဆုံးရှုံးမှုတို့နှင့် ဆက်နွှယ်နေသည်ဟု ခံယူထားသူ ဖြစ်သည်။

ထရန့်သည် လွန်ခဲ့သည့်လက မိန့်ခွန်းပြောခဲ့ရာတွင် တရားဝင် ရွှေ့ပြောင်းအခြေချမှုများကို လျှော့ချပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။

တရားမဝင် ရွှေ့ပြောင်းလာသူများကို ၎င်းတို့၏ မိသားစုထဲမှခွဲထုတ်လျက် သက်ဆိုင်ရာနိုင်ငံ ပြန်ပို့သည့် သတင်းများ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နေသည့် စိုးရိမ်ထိတ်လန့်ဖွယ်ဝန်းကျင်၌ အမေရိကန်လူဦးရေ၏ ကြီးမားသော အစိတ်အပိုင်းများသည် သက်ဆိုင်ရာ အာဏာပိုင်များက ၎င်းတို့ပေးလိုက်သည့် အချက်အလက်များကို အသုံးပြုကာ ၎င်းတို့အား ပြန်၍နှိပ်ကွပ်မည်ကို စိုးရိမ်လျက် လူဦးရေသန်းခေါင်စာရင်း ကောက်ယူမှု၌ ပူးပေါင်းပါဝင်ရန် ငြင်းပယ်နိုင်ဖွယ်ရှိကြောင်း ဝေဖန်သူများက ဆိုကြသည်။

ဒီဇင်ဘာလက အမေရိကန်တရားရေးဌာနသည် ကုန်သွယ်ရေးဌာန၏ အစိတ်အပိုင်းဖြစ်သော လူဦးရေသန်းခေါင်စာရင်း ဗျူရိုက ဆောင်ရွက်သည့် စစ်တမ်းထဲသို့ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်သော မေးခွန်းတစ်ရပ်ကို ထည့်သွင်းရန် တောင်းဆိုလိုက်ခြင်းဖြင့် မုန်တိုင်းထန်စေခဲ့သည်။

တရားရေးဌာနသည် အမေရိကန်ဥပဒေအရ မဲပုံးများ၌ လူမျိုးရေးခွဲခြားမှုကို တားမြစ်ထားသော်လည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်သော အချက်အလက်က မဲပေးခွင့်အက်ဥပဒေကို အားပေးရာ၌ အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသားများသာလျှင် မဲပေးရန် မှတ်ပုံတင်ခွင့်ရှိသည်။ သို့သော် ထရန့်က သန်းနှင့်ချီသော တရားမဝင်ရွှေ့ ပြောင်းအခြေချသူများသည် သက်ဆိုင်ရာ အထောက်အထားများမပေးဘဲ ၂၀၁၆ သမ္မတရွေးကောက်ပွဲ၌ မဲပေးခဲ့ကြသည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။

“သန်းခေါင်စာရင်းဗျူရိုက တရားရေးဌာနရဲ့ တောင်းဆိုမှုကို ပြန်လည်သုံးသပ်မှုတစ်ရပ် ဆောင်ရွက်နေပါတယ်” ဟု သန်းခေါင်စာရင်းအစီအစဉ်၏ တွဲဖက်ညွှန်ကြားရေးမှူး အယ်ဖွန်တေးနော့က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ကတော့ မေးမြန်းမယ့် မေးခွန်းတွေနဲ့ပတ်သက်ပြီး နောက်ဆုံးစာရင်းကို မတ် ၃၁ ရက်မှာ ကွန်ဂရက်ကို တင်သွင်းရေးအတွက် အာရုံစိုက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

မေးခွန်းများနှင့် ပတ်သက်၍လည်းကောင်း ၎င်းမေးခွန်းများသည် ဖြေဆိုသူ ပေါင်းမည်မျှအပေါ် ထိခိုက်စေနိုင်သနည်းဟူသည်နှင့် ပတ်သက်၍လည်းကောင်း ငြင်းခုန်မှုသည် နိုင်ငံရေးနှင့်ပတ်သက်သော အကြောင်းအရာ တစ်ခုတည်းသက်သက်သာ မဟုတ်ပေ။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လိုအပ်ချက်နှင့်အညီ သန်းခေါင်စာရင်းသည် အောက်လွှတ်တော်အတွက်လည်းကောင်း၊ အမေရိကန်ဥပဒေပြု လွှတ်တော်အတွက်လည်းကောင်း ပြည်နယ်အသီးသီး၏ အမတ်နေရာများကို ဆုံးဖြတ်ရမည် ဖြစ်သည်။

စတန်ဖို့ဒ်တက္ကသိုလ် လူမှုဗေဒပါမောက္ခ စီမက်သရူးစနစ်က စစ်တမ်းကောက်ယူမှုသည် အမေရိကန်ဒီမိုကရေစီအတွက် မရှိမဖြစ် အရေးပါကြောင်း ပြောကြားခဲ့သည်။

ကွန်ဂရက်၌ အာဏာချိန်ခွင်လျှာ

လူဦးရေစာရင်းသည် ကျောင်းများ၊ ဆေးရုံများ၊ လမ်းများနှင့် ပြည်သူ့ဝန်ဆောင်မှုဌာနများအတွက် နှစ်စဉ် ပြည်ထောင်စုရန်ပုံငွေ ဒေါ်လာ ၆၇၅ ဘီလျံကျော်အား ခွဲဝေမှု အပေါ်၌လည်း သက်ရောက်မည် ဖြစ်သည်။

အချို့သောနေရာများတွင် အမှန်တကယ်ရှိနေသည့် လူဦးရေကို လျှော့ပေါ့အစီရင်ခံခြင်းကလည်း ရေရှည်တည်ရှိနေခဲ့သည့် ပြဿနာတစ်ရပ်ဖြစ်နေသည်။ လေ့လာသုံးသပ်သူများ၏ ခန့်မှန်းချက်အရ ၂၀၁၀ ပြည့်နှစ် လူဦးရေသန်းခေါင်စာရင်းသည် လက်တင်နွယ်ဖွား ၇၇၅ç၀၀၀ ခန့်အထိကို ထည့်သွင်းမထားကြောင်း သိရသည်။

ယခုတစ်ကြိမ် သန်းခေါင်စာရင်းကောက် ယူမှု၌ ယင်းပြဿနာသည် ပိုမိုဆိုးရွား၍ လာနိုင်သည်။

ဒီမိုကရက်ပါတီဘက်သို့ယိမ်းသည့် မြို့ပြဌာနများ၌ စုပြုံနေလေ့ရှိသော လူနည်းစု အနွယ်ဝင်များက သန်းခေါင်စာရင်းကောက်ယူရေး၌ အပြည့်အ၀ ပူးပေါင်းပါဝင်ခြင်းမရှိပါက ယင်းသည် ကွန်ဂရက်၌ အာဏာချိန်ခွင်လျှာအပေါ် သက်ရောက်မှုရှိနိုင်သည်။

“စပိန်စကားပြောတဲ့သူတွေများတဲ့ တက္ကဆက်၊ ကယ်လီဖိုးနီးယား၊ အရီဇိုးနားတို့လို ပြည်နယ်တွေအနေနဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ လူတွေအများကြီး ကျန်ခဲ့မယ်ဆိုရင် ကွန်ဂရက်မှာ အမတ်နေရာတွေ ဆုံးရှုံးနိုင်ပါတယ်” ဟု စနစ်က ပြောကြားခဲ့သည်။

NALEO အကြီးအကဲ ဗားဂက်စ်က မေးမြန်းမည့် မေးခွန်းများနှင့်ပတ်သက်၍ နောက်ဆုံးမိနစ်၌ အပြောင်းအလဲပြုလုပ်ခြင်းသည် သန်းခေါင်စာရင်းဗျူရို၏ ရလဒ်များနှင့် သုံးသပ်မှုများ တိုးတက်ရေးအတွက် နည်းစနစ်အရ အားထုတ်မှုများကို အသက်ရှူကျပ်စေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းအပြင် တိကျမှုမရှိသော လူဦးရေ သန်းခေါင်စာရင်းသည် စီးပွားရေးဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုများကိုလည်း ဖြစ်စေနိုင်သည်ဟု ဗားဂက်စ်က ပြောကြားခဲ့သည်။

ယင်းသို့ အပြောင်းအလဲပြုလုပ်ခြင်းကြောင့် ၂၀၁၀ ပြည့်နှစ်က ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ ကုန်ကျခဲ့ရာမှ ယခုအခါ ၁၅ ဒသမ ၆ ဘီလျံ ကုန်ကျမည်ဟု ခန့်မှန်းထားသော သန်းခေါင်စာရင်းကောက်ယူရေး ကုန်ကျစရိတ်ကိုလည်း ပိုမိုမြင့်တက်လာစေနိုင်သည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် တစ်စိတ်တစ်ပိုင်းမှာ မေးခွန်းဖြေဆိုသည့် လူအုပ်စုတို့မှ အုပ်စုဝင်များကို အတည်ပြုနိုင်ရေးအတွက် နောက်ထပ် နောက်ထပ်အကြိမ်များ သွားရောက်ရန် လိုအပ်သောကြောင့်ဟု ဆိုသည်။

လုပ်ငန်းများသည် အသက်အရွယ်အလိုက် လူဦးရေအချိုးအစားကို ဆုံးဖြတ်ရန်၊ စားသုံးသူများနှင့် ဝန်ထမ်းအဖြစ် ခေါ်ယူနိုင်သူများကို နေရာအလိုက် သတ်မှတ်ရန်တို့အတွက် ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်းကို အသုံးပြုပြီး ယင်းက ၎င်းတို့အား ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၊ စက်ရုံတည်ဆောက်ရေး အစီအစဉ်နှင့် ရောင်းချရေး ဆိုင်ခွဲများအစီအစဉ် အစရှိသည်တို့ကို ဆုံးဖြတ်နိုင်စေကာ ဘဏ်များကိုလည်း ဘဏ္ဍာရေးထောက်ပံ့ရန် သက်သေပြစေနိုင်သည်။

၂၀၁၀ ပြည့်နှစ်သန်းခေါင်စာရင်းတွင် အမေရိကန်နိုင်ငံသား ၃၀၈ ဒသမ ၈ သန်းရှိပြီး ၂၀၀၀ ပြည့်နှစ် သန်းခေါင်စာရင်းမှနေ၍ ၉ ဒသမ ၇ ရာခိုင်နှုန်း တက်၍လာသည်။ နောက်ဆုံးခန့်မှန်းချက်များက အမေရိကန်၏ လက်ရှိလူဦးရေသည် နောက်ဆုံးသန်းခေါင်စာရင်းမှနေ၍ ၅ ဒသမ ၈ ရာခိုင်နှုန်း တက်လာကာ ၃၂၇ သန်း ရှိသည်ဟု ဆိုသည်။

Most Read

Most Recent