ပင်လယ်ပြင်ဟာ အပျော်ခရီးမဟုတ်ပါ

ပင်လယ်ပြင်ဟာ အပျော်ခရီးမဟုတ်ပါ
Published 31 January 2018

ကျုပ်မှာ ကျည်တော့ သိပ်မပြည့်။ ပစ်စရာပဲ ရှာကြံတွေးနေမိတယ်။ ကျုပ်အတွေးတွေက တစ်ခါတစ်ရံ အရောင်းအဝယ် တည့်လေ့ရှိတယ်။ ကျုပ်က ထမင်းကို ဟင်းပါမှ စားတတ်သူဖြစ်တယ်။ ဆရာမ စာသင်နေတယ်။ ဆရာမက စာသင်ခန်းလို့ပဲ တွေးနေတာ။ နိုင်ငံတော်လို့ တစ်ခါတလေ တွေးမိမယ်။ မြန်မာလို ရေးသားနေရလို့ မြန်မာနိုင်ငံဆိုပြီး မဆိုလိုဘူး။ အဲဒီနိုင်ငံမှာ ဖားတတ်တဲ့သူတွေ နေရာရလေ့ရှိတယ်။ ကျုပ်က မဖားတတ်လို့ အနုပညာရှင်ဖြစ်ချင်တာပါ။ စစ်စစ်ပေါ့။

နံရံတွေ တဖြည်းဖြည်း ပြိုကျသံတွေ။ မြစ်နားနေဖူးတဲ့သူလို စိတ်က ထိတ်နေတယ်။ ရက်တွေ ပြန်ရေကြည့်တော့လည်း မနည်းတော့ဘူး။ နံနက်ခင်းကို ထိတွေ့ခွင့်ရဖို့ ဆုတောင်းလေးတွေ စီထားရတယ်။ ဖိနပ်လေး ကြိုးသိုင်းထားရတယ်။ ရာဇဝင်ထဲ ပြန်သွားချင်တဲ့ သမိုင်းကိုလည်း မေ့ထားရတယ်။ အသံတွေထဲမှာ ကျုပ်က တုန်ရီနေပါရောလား။ မျက်လုံးက သမုဒ္ဒရာလို မှေးထားရတော့မှာပေါ့။ လေတွေ အေးခဲလာခဲ့ပြီ။

ငြင်းဆန်ထားတဲ့ အရာတွေမှာ သင့်ကို တွေ့ရှိရရင် ငြင်းစရာ မဟုတ်ပါဘူး။ စိတ်ကို လွှတ်ပေးထားလိုက်ပြီးတော့ သင်က ခွေးတစ်ကောင်လို ပြေးလွှားနေလိမ့်မယ်။ တစ်ညလုံး ရွာချထားပေမယ့် အငြိုးမပြေတဲ့ မိုးလိုပဲ ဒီနေ့တွေကို ဆက်လက်ရွာစေချင်နေသေးတယ်။ ဆောင်းလို စိုရက်စရာမရှိတော့ ဘာကို မိုးထားရမှာလဲ။ တစ်ကိုယ်တည်း စိုစွတ်ရတဲ့ အရသာဟာ သင့်ကိုယ်စား အေးခဲလာလိမ့်မယ်။ လူသားဆန်ချင်တယ်။ အကြောင်းပြချက်တော့ ကျုပ် သိပ်မရှိဘူးရယ်။

တစ်ချက် တိမ်းလိုက်တာနဲ့ ဟန်ဆောင်ထားရတာတွေ အကုန်ပြိုကျလို့ မဖြစ်သေးဘူး။ အသက်ဓာတ်ကို စုဆောင်းဖို့ အင်ဂျင်ကို နှိုးထားရတာပဲ။ များများစားစားလည်း မတောင်းဆိုတတ်တော့ လေထဲပါလာတဲ့ စိုထိုင်းဆ အနည်းအများကို ယူမယ်။ သံသရာတစ်ခုလုံး အေးခဲထားတော့မယ့် စိတ်တွေဟာလည်း အာဟာရနည်းနည်း လိုမယ်။ ဆန့်ကျင်ရာအရပ်တွေ ရောသမမွှေရင်းနဲ့ ကျုပ်နေရပ်ကို မသိတော့ဘူး။ အိမ်က ထွက်ခွာလာချိန်ကတော့ ညနေခင်းတွေ လက်ဆောင်ရခဲ့တယ်။

စိတ်ကူးတူတဲ့ နေ့တွေဆို ညနေခင်းတွေက လမ်းသလားတယ်။ ကုန်တင်ကားကြီးတွေ တရကြမ်း မောင်းသွားကြတဲ့နောက်မှာ တောတန်းလေးတွေကို ငေးမောမိတယ်။ ဆာလောင်နေတဲ့ ဝမ်းဗိုက်တွေက အညီအမျှခွဲေ၀ စားသောက်ပစ်ကြမှာပဲ။ လိုအပ်ရင် အမှာစာတွေ ထပ်ရောက်လာမှာပဲ။ ဒါက သိပ်ကိုသေချာနေတာလေ။ မောမောသွားတဲ့ သက်ပြင်းတွေလည်း ရှိပါတယ်။

ပြက္ခဒိန်က ရက်စွဲတွေ ကုန်ပြီ။ စွဲလမ်းလွန်းလို့ ကုတ်ကပ်စုဆောင်းထားတဲ့ ရက်ကလေးတော့ ခပ်ယဲ့ယဲ့လေးရှိနေတယ်။ အပျော်တွေအတွက် စုဆောင်းထားတာ မဟုတ်သလို ဝမ်းနည်းလို့ စားသုံးရမယ့်အရာတွေထဲမှာ မပါဘူး။ ဆေးအညွှန်း ဖတ်ကြည့်လိုက်တာနဲ့ ဝေဒနာဟာ သက်သာသွားရောလား။ နာမကျန်းမှုမှာ တစ်ကိုယ်ရေနေထိုင်လိုခြင်းတွေပါတယ်။ ဝန်မခံလိုတော့တာနဲ့ နှုတ်ပိတ်လိုက်ရတဲ့ အဖြစ်တွေကလည်း ဒုနဲ့ဒေးပါ။

နာရီသံကို အရင်လို မကြားမိပါဘူး။ နှိုးစက်က မနှိုးခင်မှာပဲ ကျုပ် တစ်ယောက်ယောက်က နှိုးသလို နိုးနေခဲ့ပြီ။ သွေးခဲအောင် ဖြတ်ပျံရမယ့် လေထုဟာ မာကျောနေတာတော့ မဟုတ်ပါဘူး။ စနေဆိုတာနဲ့ ညဉ့်နက်အောင် သောင်းကျန်းလွန်းတဲ့ ဉာဉ်က ခုထိ အသက်ရှူမဝဘူး။ အိတ်ထဲမှာ ထည့်ထားတဲ့ တစ်လစာဟာ ဒီနေ့ကနေ စရေရင် လုံးပါးပါးလာပြီ။ မြို့ကြီးသားဆန်သွားတဲ့ နေ့ရက်တွေလည်း ရှိမှာပေါ့။ ယုယုယယ ကြီးထွားလာရတဲ့ပန်းတွေရဲ့ ဘဝကို ငြီးငွေ့လာတယ်။ ရေချိုသာ ငတ်မွတ်တဲ့ မုတ်သုံတောတွေ ကြွေချိန်ပေါ့။ တစ်ခုသော တနင်္ဂနွေနေ့ပါပဲ။ ခေါင်းလောင်းသံ ကြားရတယ်။

ငြိမ်သက်နေလိုက်ရတာနဲ့ ကန်ရေပြင်ဟာ လုံလောက်ပါပြီ။ အနာဂတ်အတွက် စုဆောင်းကြရတယ်ဆိုပေမယ့် ပစ္စုပ္ပန်ကလည်း နာကျင်လွန်းလှတယ်။ လက်ကလေးတစ်ဖက်ကို လိုက်ရှာတယ်။ လက်တွေအများကြီး ပေါ်လာတယ်။ လက်ညှိုးတွေ ထိုးကြတယ်။ လက်သီးတွေ ဖြစ်လာတယ်။ ပြုံးရုံပြုံးတတ်တာကိုပဲ ရယ်စရာကို ဖြစ်နေတာ။ အစကနေ ပြန်ရေရရင် တစ်ကတော့ စလို့မဖြစ်သေးဘူး။ မုန်တိုင်းက အရန်တွေ အများကြီး။ ကွဲလွဲမှုဟာ အဆုံးသတ်လေ့ မရှိဘူးတဲ့။

တံခါးကို လာခေါက်နေတယ်။ အိပ်မက်ပဲဖြစ်မှာပါ။ အသက်ရှူသံတိုးတိုးကို ကြောက်နေတာဖြစ်မှာပါ။ ရွှေမင်းသမီးဟာ အိပ်မက်ထဲ ကျပျောက်သွားလေ့ရှိတယ်။ မိုးတွေမလင်းတော့ဘူး။

ဘယ်လိုမှန်းတော့ မသိလိုက်ဘူး။ လိုအပ်မယ်ထင်လို့ အင်နာဗွန်စီတော့ သောက်ထားလိုက်ရတယ်။ ဆောင်းဟာ လေထဲဖြတ် အပြေးမှာ ထင်သလောက် မအေးတော့ဘူး။ မိုးလေဝသက နှင်းတွေအကြောင်း ရုတ်တရက် ကြေညာသွားတယ်။ ဒီနေ့ထက် သေချာတဲ့နေ့ မရှိပါ။ ကျုပ်အပေါ် ဖြာကျလာတဲ့ အရောင်တွေဟာ ဘာတွေလဲ။ ဘယ်လို သဲကွဲရမလဲ။

တစ်လှမ်းချင်း လျှောက်တယ်။ တစ်လှမ်းချင်း နောက်ပြန်ဆုတ်တယ်။ အိပ်မက်ထဲ လွင့်ကျတာကတော့ လွယ်လွယ်လေးပဲ။ အဆုံးမရှိဘူး။ ကျုပ် ရှိမနေဘူး။ ရိုးရိုးသားသား ကြိုးစားနေထိုင်ရတယ်။ လူမြင်ကွင်း မဖြစ်ရဘူး။ မနာကျင်စေရဘူး။ မက်မောတတ်ဖို့ သင်ယူရပါဦးမယ်။
တိုက်ပုံအင်္ကျီတွေ ဝတ်လာကြတယ်။ အထဲမှာ ကျည်ကာတွေ တပ်ထားကြလို့။ စကားလုံးတွေနဲ့ ပစ်ပေါက်ကြတယ်။ စကားဝိုင်းနား ရပ်မိလို့ နာကျင်ရသူဟာ ဘာအကာအကွယ်မှမယူဘဲ ထိုင်လိုက်တယ်။ သူတို့ အရေးတယူပြုမှုဆိုတာထက် သိစိတ်က ခိုက်မိနေတာ။ စကားလုံးတွေများ ထွက်ကျလာရင် ရင်တွေမြူးလို့။ သူတို့ စကားလုံးတွေ ဝှက်ထားကြတယ်။ ကျုပ် မမြင်စေချင်လို့ တံဆိပ်တွေကို ဝှက်ထားကြတယ်။ ကဗျာတွေ ဖတ်ရင် နာကျင်ရတယ်။ ဆောင်းညလေး တစ်ညပါပဲ။ ဆောင်းဟာ တိုက်ပုံအင်္ကျီတွေ ဝတ်လာကြတယ်။ မိုးကောင်းကင်ကြီးက အဝေးကြီး ထင်တာပဲ။ ကျည်ကာတွေ ဝတ်ထားကြတယ်။ တိုက်ပုံအင်္ကျီက နွေးတယ်ထင်တာပဲ။

တစ်ခုခုတော့ ထည့်ဖျော်ထားတာ ဖြစ်လိမ့်မယ်။ စိမ်းသူတစ်ယောက်နဲ့ မိတ်ဖွဲ့ရမှာ ကျုပ်စကားလုံးတွေ လေးလံနေခဲ့တယ်။ တစ်မိုးလုံး ဖျောက်ဆိပ်လိ့ု တင်စားအပ်သူတို့ရဲ့ လူရာဝင်မှုက ကျုပ်ကို ကြောက်ရွံ့နေစေတယ်။ ကြောက်ရွံ့နေမှုက ဘယ်ထိအေးခဲ သွားစေခဲ့တာလည်းမသိ။ စကားလုံးတွေက ယစ်မူးလာတယ်။ စကားလုံးတွေ ချော်ချော်ထွက်လာတယ်။ စကားထာတွေကို အတော်သည်းခံနေရပုံ ပေါ်ပါတယ်။ အမှားတွေရဲ့ နောင်တက ကျုပ် စခဲ့တာပါ။ နောင်တတွေဆီကို ကျုပ်ဒုန်းစိုင်းစီးလာခဲ့ခြင်း ဖြစ်ပါတယ်။

ပြန်မသွားတော့ဘူးလို့ ယူဆခဲ့တာမို့ စကားပြောတွေ ပြန်မသင်ချင်တော့ဘူး။ ဆွေးနွေးခွင့်တွေ ငြင်းပယ်ထားလို့ ကျုပ် မငြင်းခုံပါ။ သူတို့ရဲ့ရှေ့မှာ ချောက်ကြီး ရှိနေတယ်။ ကျုပ်ကို တွန်းချလိုက်နိုင်တယ်။ တမင်ကန်ချသွားနိုင်တယ်။ လူရာဝင်လိုလို့ စကားဝိုင်းတွေဆီ သွားခဲ့တာပါ။

ညနေလေးတချို့ ရှိခဲ့တယ်။ တစ်ယောက်ယောက်က တုပ်နှောင်ထားတာခံရသလို ညတွေမှာ ချောက်ချားရပါတယ်။ နှလုံးခုန်သံကပဲ ကျုပ်အတွက် လန့်စရာဖြစ်မိပါတယ်။ တုန်ရီနေတဲ့ လမ်းမတွေပေါ်မှာ ကျုပ် ရှိနေရလေ့ရှိတယ်။ ပုပ်သိုးမှုတွေ ရှိတယ်။ နာကျင်မှုတွေ ရှိတယ်။ ကျုပ် စကားဝိုင်းတွေထဲကို ပြန်ဝင်လာခဲ့သည်။ ချစ်သောမိတ်ဆွေက ရယ်စရာတွေ ပြောတယ်။ လောကတစ်ခုစာ ရယ်မောမိလိုက်တယ်။

မျက်နှာတွေကို ကျုပ်ရဲ့ အတ္တတွေနဲ့ ဖတ်ကြည့်မိတယ်။ အရင်တစ်ခါ ဖတ်ဖူးခဲ့တုန်းက တစ်မျိုးပဲ။ နောက်တစ်ခါ ပြန်ဖတ်ကြည့်လိုက်တဲ့အခါ အရင်လို အတွေးမျိုး မဟုတ်ပြန်ဘူး။ ခြေဖဝါးနုနုလေးတွေက စတင်လှမ်းနေပြီ။ ရှုမျှော်ခင်းက တိမ်တွေထဲ ဆုံးမသွားသေးဘူး။ ပြီးတော့ သူတို့နဲ့ စကားပြန်ပြောကြည့်တယ်။ နွားခြေရာခွက်ကို ပင်လယ်လို့ ထင်နေကြတာ။ ကိုယ်ပိုင် လိုဂိုတပ်လိုက်ရုံနဲ့ အဆင်ပြေတယ်ထင်နေကြတာ။ အပြောနဲ့ အလုပ်တွေ တကယ့်ကို တခြားစီပဲ။ ပြောလည်း ပြောတတ်ကြတာကိုး။

အမြီးအမောက် တည့်မှာမဟုတ်ပါဘူး။ စိတ်ကိုရင်းရင်း လေပူဖောင်းတွေ ကြွလာသလို ကိုးကွယ်မှုကတော့ ရှိမယ်။ ကိုးကွယ်တတ်ရင် စားပေါက်တော့ ချောင်မယ်ထင်ကြတာနဲ့ သူ့တို့နောက် လူတွေအများကြီး လိုက်သွားကြတယ်။ ဆိုလိုရင်းကို ဘယ်သူမှ သိကြတာမဟုတ်ဘူး။ သိစရာလည်း မလိုဘူး ထင်တာပဲလေ။ ရှေ့ကလူက အော်လိမ့်မယ်။ ကျုပ်လည်း လိုက်အော်မယ်။

အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဖြုတ်လဲပစ်ရတော့မယ်။ အသုံးမပြုဘဲ နေတာကြာပြီဖြစ်လို့ အသုံးမဝင်တဲ့ ပစ္စည်းတွေ ဖြစ်သွားကြတယ်။ မပျံသန်းဖြစ်တဲ့ စိတ်ကူးတွေဟာလည်း ခုတော့ ဟောင်းနွမ်းသွားကြပြီလေ။ သူတို့ လေးလံစွာ သယ်ဆောင်လာခဲ့ကြတယ်။ လွန်စွာမှ ပင်ပန်းဆင်းရဲကြီးပါတယ်။ ကနဦးအစကို အကောင်းဆုံးထင်ပြီး ရွေးလိုက်ကြတယ်။ ကျုပ်တို့မှာ တိကျရေရာတဲ့ ခံယူချက် မရှိပါဘူး။

မရေးရဲတဲ့ အတွေးတွေရှိပါတယ်။ ပစ်မချရဲတဲ့ လေယာဉ်ပျံများစွာ ရှိပါတယ်။ မခုတ်လှဲရဲတဲ့ နတ်နေကိုင်းတွေ ရှိပါတယ်။ မပြုပြင်ရဲတဲ့ လမ်းတွေ ရှိပါတယ်။ ထိလိုက်ရင် မာန်ဖီတတ်တဲ့ နောက်လိုက်များစွာ ရှိပါတယ်။ လူ့အမြင်မှာကို ကျုပ်တို့ အိုဟောင်းလာကြတယ်။ ကိုယ့်အပြစ်ကိုတော့ ခပ်ဖွဖွလေး တွေးဖြစ်တယ်။

လုပ်ကြံဖန်တီးထားတာ မဟုတ်ပေမဲ့ ဖန်တီးသလိုဖြစ်နေပါတယ်။ လူတွေနဲ့ နေထိုင်ရခြင်းက အတော်အတန် ဖိအားတော့ ရှိပါတယ်။ မျက်နှာတွေ လုဖတ်နေရတယ်။ လူမှုရေးလို့ဆိုပြီး ရောချလိုက်ရတယ်။ နေရာရနေသူတို့ရဲ့ အလိုကျ လေပြေသွေးရတယ်။ သူတို့ ဘာကြောင့် ဖြစ်နေရတယ်ဆိုတာကို မေ့နေတတ်တယ်။ မေ့တတ်တာကပဲ ဆေးဘက်ဝင်မှာ ဖြစ်ပါတယ်။

မြွေတွေက ကိုယ့်အမြီး ပြန်မျိုနေကြရတာနဲ့ အလုပ်တွေရှုပ်နေကြရတယ်။ အမှားတွေကို ပြန်ဖာထေးမလား မှတ်တယ်။ အမှားတွေကို မှန်ချင်ယောင်ဆောင်ပြီး သိသိနဲ့ အကာအကွယ်ပေးနေလိုက်ကြရတာနဲ့ အချိန်တွေနှောင်းခဲ့ပြီ။ ဖြစ်ဖို့ထက် ပျက်ဖို့များနေတဲ့ လောကတရားပဲလို့ နားချလိုက်ပါတယ်။ တင့်တယ်တယ်လို့ ယူဆခဲ့ကြတဲ့ အတွေးအခေါ် တချို့ဟာလည်း မျက်နှာဖုံးတွေ ကွာကျသွားပြီ။ ထင်တာထက် သူ့ခေါင်းထဲမှာ ဘာမှရှိမနေတော့ဘူး။ ကြယ်တွေကိုတောင် မိုးလင်းထိ စောင့်နေရဦးမယ်ထင်တယ်။

ငါးတွေ တစ်နေ့အများကြီး မိလိမ့်မယ်လိ့ု ပင်လယ်ပြင်ကို ထွက်ခွာလာခဲ့ကြတယ်။ ဘာရေရေရာရာ ပြင်ဆင်ထားမှုမှ မရှိခဲ့ဘူး။ ဝေစုရမယ်လို့ မျှော်လင့်ထားတာမို့ ငါးဖမ်းသမားတွေ တစ်ပြုံကြီးပါလာတယ်။ ကလေကချေတချို့က မာလိန်မှူးနှင့် အတင်းရောနေကြတယ်။ အရိုးလေးများ ကိုက်ရမလားလို့ ဉာဏ်မီသမျှ ပူးပေါင်းနေကြတယ်။ ငါးတွေအကြောင်းနဲ့ ပင်လယ်ရဲ့အခြေအနေကို သေချာမသိဘူး။ လှိုင်းတွေ ထန်နေတဲ့ရက်တွေ ရောက်လာခဲ့တယ်။ ငါးမမိတာတောင် ရက်တွေအတော်ကြာသွားပြီ။ လဟာ ဆန်းရာက ဆုတ်သွားပြီ။ ကြယ်တွေက ပင်လယ်ပြင်ထဲမှာ မျောနေတယ်။ သင်္ဘောတောင် မျောချင်တင်တင် ဖြစ်နေတယ်။

အဲဒီနေ့က ငါးတစ်ကောင် မိလိုက်တယ်။ သင်္ဘောပေါ်ကလူတွေ ၁၀ ရက်စာတော့ ဖူလုံတယ်။ ကမ်းကိုပြန်ကပ်ဖို့ ၁၀ ရက်တော့ကြာမယ်ထင်တယ်။ ကမ်းကိုပြန်ဖို့ လုံလောက်တယ်။ ပင်လယ်ပြင်မှာ ငါးတွေချည်းပဲ ရှိမနေဘူး။ အားလုံးကို နှစ်မြှုပ်ပစ်နိုင်တဲ့ စွမ်းအားလည်းရှိတယ်။ မကျွမ်းကျင်တဲ့ သင်္ဘောပေါင်းများစွာကို နှစ်မြှုပ်ခဲ့ဖူးပြီ။ ဘယ်သူ့ကိုမှ မျက်နှာသာပေးလိမ့်မှာ မဟုတ်ပါဘူး။ သင်္ဘောပေါ်မှာ ပါလာကြသူတို့ သင်္ဘောကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ မာလိန်မှူးက ခေါင်းမာနေတယ်။

ကိုယ့်လူတွေနဲ့ သင်္ဘောအခြေအနေကို သေချာသိရမယ်။ ကမ်းကိုပြန်ဖို့ အချိန်တွေ ရှိနေသေးတယ်။ နစ်မြုပ်သွားနိုင်တဲ့ အနေအထားမှာ ပင်လယ်ပြင်က သင်္ဘောပေါ်မှာ ပျော်မနေသင့်တော့ပါဘူး။

ကျုပ်တို့လည်း သင်္ဘောကြီး စီးနေရတယ်။ ငါးကြီးလည်း မမိသေးဘူး။ ကမ်းကဝေးခဲ့ပြီ။ တစ်ဖက်ကမ်းလည်း မမြင်မိ။ အားလုံး ခုန်ချရတော့မယ်ထင်တယ်။

Most Read

Most Recent