လိုနေတဲ့ ငြမ်း

လိုနေတဲ့ ငြမ်း
Published 30 January 2018

ဦးအောင်ကျော်စိုးက e-Government အကြောင်း ရှင်းလင်းပြောကြားနေစဉ်

ဦးချစ်မောင်လမ်းမပေါ်ရှိ  Green Leaf ဟိုတယ်၏ စားသောက်ခန်းတွင် ဘာသာစကားမျိုးစုံဖြင့် ဆူညံစွာ ပြောဆိုကာ သောက်စားနေကြလေသည်။ ဟိုတယ်က အကြီးစားမဟုတ်သဖြင့် စားသောက်ခန်းကလည်း အကျယ်ကြီးမဟုတ်။ သို့သော်လည်း သွားရေးလာရေး လွယ်ကူသကဲ့သို့ သင့်တင့်လျှောက်ပတ်သော ဈေးနှုန်းကြောင့်  အာရှတိုက်သား ခရီးသွားများနှင့် မြန်မာပြည်သား ဧည့်သည်များ တည်းခိုကြသည်ကိုလည်း တွေ့ရ၏။

စားသောက်ခန်း၏ အစွန်ဆုံး ထောင့်နေရာတွင် ကျွန်တော်နှင့် အသက် ၄၀ ခန့်ရှိ မည့်လူလတ်ပိုင်းအရွယ် မန္တလေးသား တစ်ဦးတို့ထိုင်ကာ စားရင်းသောက်ရင်း စကားပြောနေကြသည်။ သူကား အသားက ခပ်ညိုညို အရပ်က ခပ်မြင့်မြင့်။ မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသော မျက်နှာထားကို ဖော်ပြနေ၏။ သူ့နာမည်က အောင်ကျော်စိုး။ လွန်ခဲ့သည့် အနှစ် ၂၀ က ကျွန်တော်  စာသင်ပေးခဲ့ဖူးသည့် တပည့်။ အခုတော့ ဘဝအတွေ့အကြုံ အတန်အသင့် ပြည့်စုံရင့်ကျက်နေပြီဖြစ်သည့် အိုင်တီနည်းပညာရှင်တစ်ဦး ဖြစ်နေပေပြီ။ သူလည်း မြန်မာပြည်သား အခြားပညာတတ်များနည်းတူ ပြည်ပသို့ထွက်ကာ အလုပ်လုပ်ခဲ့ ဖူးသည်။ ထိုသို့ သွားရောက်လုပ်ကိုင်ရာမှ သူမြင်တွေ့ခံစားလာရမှုကို လက်တွေ့အသုံးချရန် ကြိုးစားခဲ့ပုံကို ယခုလို ပြန်ပြော၏။

“ကျွန်တော် ၂၀၁၅ မှာ စင်ကာပူကနေ ပြန်ရောက်တယ်။ စင်ကာပူမှာ ရှစ်နှစ်လောက်နေပြီး ပြန်လာတာ။ မထွက်ခင်ကတော့ မသိဘူးပေါ့။ ကိုယ့်အထဲထဲမှာ နေတာဆိုတော့  ဒီထဲမှာပဲ ကျွန်တော်တို့က အပြင်မှာ ဘာတွေ ဖြစ်နေကြတယ်၊ ဘယ်လိုတွေ သုံးစွဲနေကြတယ်ဆိုတာ မသိဘူးပေါ့။ အပြင်ကို ထွက်သွားပြီးတဲ့အခါမှ သူများတိုင်းပြည်တွေမှာ  အိုင်တီနည်းပညာတွေကို နေ့စဉ်ဘဝအတွက်ရော အုပ်ချုပ်ရေးဘက် စီးပွားရေး၊ လူမှုရေး ပညာရေး၊ အရေးတကာမှာ ထဲထဲဝင်ဝင် အသုံးပြုနေတာကို တွေ့ရတော့ ကိုယ့်တိုင်းပြည်နဲ့ တော်တော်ကြီး ကွာခြားတာကို တွေ့ရတယ်။ ကျွန်တော် ကိုယ်တိုင်က အိုင်တီသမားလေ။ ကျန်တဲ့ အပိုင်းတွေကို ကိုယ်ဉာဏ်မမီလို့ ပြောချင်မှ ပြောနိုင်မယ်။ ကိုယ်နဲ့ဆိုင်တဲ့ အပိုင်းကိုတော့ ကိုယ့်တိုင်းပြည်အတွက် လုပ်ပေးနိုင်ရင် သိပ်ကောင်းမယ်ဆိုတဲ့ အတွေးဟိုမှာ နေရင်း ကျွန်တော့် ခေါင်းထဲ ရောက်နေခဲ့တယ် ဆရာ”

နည်းပညာကို အသုံးပြုခြင်းကြောင့် ရရှိလာသည့် ကောင်းကျိုးများကို နိုင်ငံခြားတိုင်းပြည်တွေက လက်တွေ့ခံစားနေကြရပြီ။ အချိန် အလဟဿမဖြစ်ဘူး။ မြန်ဆန်သည်။ စိတ်အနှောင့်အယှက် ဖြစ်ရမှုလည်း အလွန်နည်းသွားပြီး လူကိုယ်တိုင်သွားပြီး တန်းစီစောင့်ဆိုင်းနေစရာ မလိုတော့ချေ။ သူကဆက်၍ “ဆရာလည်း သိတဲ့အတိုင်းပဲ။ သူများဆီမှာ လုပ်စရာရှိရင် အွန်လိုင်းကနေပြီး တစ်ခါတည်းဝင်လိုက် ဖောင်ဖြည့်တင်လိုက်ရုံပါပဲ။ ဒီလိုသူများတွေ ကောင်းကောင်း အသုံးပြုနေချိန်မှာ ကိုယ်တွေဆီမှာကျတော့ခုထက်ထိ ဒါတွေကို မသုံးစွဲ နိုင်သေးတာကို တွေ့ရတော့ တော်တော်လေး စိတ်ပျက်မိတယ်။ ကိုယ်က အိုင်တီသမားဆိုတော့ ကိုယ့်စိတ်ထဲမှာ ဖြစ်မိတာက ငါတို့ ဘာလို့ ဒါကို မသုံးစွဲနိုင်ရတာလဲ။ ဘာလို့ မလုပ်နိုင်သေးတာလဲ။ ဒါကျွန်တော်တို့ အိုင်တီသမားတွေအတွက် ဘာမှ ခက်ခဲတဲ့ အရာတွေ မဟုတ်ဘူး။ သူများ တိုင်းပြည်တွေမှာ လုပ်လို့ရသလို ကျွန်တော်တို့လည်း လုပ်လို့ရတယ်။ ဒါကျွန်တော်တို့ တွေ့ရှိချက်ပေါ့နော်”

ကျွန်တော်ကား စာရေးချင်သူပီပီ အကွက်ကောင်းကို ဆိုက်ပြီဖြစ်သဖြင့် သူ့ကိုမေးခွန်းတစ်ခု စမေးလိုက်၏။

“မင်းတို့ လုပ်လို့ရတာကို တိုင်းပြည်အတွက် လုပ်ပေးရမယ့် တာဝန်ဟာ မင်းတို့ရဲ့ တာဝန်ပဲ တပည့်ရေ။ ကဲ ဟုတ်ပြီ။ ခုမင်း စကားအရ ငါတို့တိုင်းပြည်အတွက် ဘာလိုအပ်နေတယ်။ ဘာလုပ်ရမယ်ဆိုတာကို မင်းတွေ့နေပြီ။ မင်းဘာလုပ်မလဲ ခုနမင်းပြောတာနဲ့ ပတ်သက်ပြီး”

“ကျွန်တော့်တိုင်းပြည်မှာလည်း ဒီလိုဖြစ်စေချင်တာပေါ့။ ဒီလို သုံးလာရင် မြန်မာပြည်က ပြည်သူတွေ အများကြီး အဆင်ပြေလာမယ်။ အစိုးရရဲ့ လုပ်ငန်းကိုင်ငန်းတွေလည်း ပိုမိုမြန်ဆန်ချောမွေ့လာမယ်။ တိုင်းပြည် လျင်လျင်မြန်မြန် တိုးတက်ဖို့အတွက် တကယ်အထောက်အကူပြုမယ့် အလုပ်ပါပဲ။ အဆင့်အတန်းတွေ မြင့်လာမယ်”

ထို့ကြောင့် သူစိတ်ထဲတွင် e-Government စနစ်တစ်ခု တည်ဆောက်ပေးချင်စိတ် အလွန်ပြင်းပြလာသည်။  e-Government ဆိုသည့် စကားရပ်ကား အလွန်ကြီးမားကျယ် ပြန့်လွန်းသည်။ ယင်းအထဲမှ  တစ်စိတ်တစ် ဒေသလောက်ကိုဖြစ်စေ လုပ်ပေးနိုင်အောင် ကြိုးစားခဲ့ပုံကို ထပ်ဆင့်ပြောပြပြန်သည်။

“ကျွန်တော် စင်ကာပူက ပြန်လာတော့ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှာ အတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။ ကျွန်တော်တို့အသင်းမှာပါတဲ့ တစ်ယောက်ကို ပြည်သူ့လွှတ်တော်က ပို့ဆောင်ဆက်သွယ်ရေးရာ ကော်မတီဝင် တစ်ယောက်ဖြစ်တဲ့ ဦးနေဖူးဘဆွေက အကူအညီတောင်းတယ်။ သူတောင်းတဲ့ အကူအညီက သူတို့ ဒီ e-Government အကြောင်းတွေကို သိချင်တယ်လို့ ဆိုလာတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒါဖြင့်ဟုတ်ပြီ။ ကျွန်တော်နဲ့  နှစ်ယောက်၊ သုံးယောက်က နေပြည်တော်ကို ဆင်းသွားပြီး e-Government အကြောင်းကို အသေးစိတ်ရှင်းပြတယ်။ ရှင်းပြတော့ သူစိတ်ဝင်စားတယ်။ ဒါကြောင့် သူဟာ ပြည်သူ့လွှတ်တော်မှာ ဒီအဆိုကို တင်မယ်။ မတင်ခင်မှာ သူက ကျွန်တော်တို့အပါအဝင် စုစုပေါင်း အဖွဲ့ငါးဖွဲ့ကို တစ်ရက်ကို တစ်ဖွဲ့စီ ခေါ်တွေ့တယ်။ တစ်ဖွဲ့စီက ရှင်းပြတာကို နားထောင်တယ်ပေါ့”

အဆိုပါ ငါးဖွဲ့မှာ မြန်မာနိုင်ငံ ကွန်ပျူတာလောက၏ ဘိုးအေကြီးများ ဖြစ်ကြသည့် ဦးသိန်းဦးတို့အုပ်စုက ရန်ကုန်အဖွဲ့။ သူဦးဆောင်သည့် မန္တလေးအဖွဲ့။ တပ်ကတစ်ဖွဲ့။ တိုင်းရင်းသားက တစ်ဖွဲ့ ။ ဆက်သွယ်ရေး ဝန်ကြီးဌာနက တစ်ဖွဲ့တို့က လွှတ်တော်သို့ လာရောက်ကာ ရှင်းပြခဲ့ကြသည်။

“သူတို့ကို ကျွန်တော်တို့က ဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုလုပ်နိုင်တယ်။ ဘယ်လို အဆင်ပြေ ချောမွေ့စေမယ်။ တိုးတက်မယ်။ မြန်ဆန်မယ် စတာတွေကို ကျကျနန ရှင်းလင်းတင်ပြတယ်။ ဒီမှာ ဘယ်လို လုပ်ရမယ်ဆိုတဲ့ Action Plan ကို ချပြတယ်။  ဒီနောက် သိပ်မကြာခင်မှာ ကျွန်တော်တို့တွေရဲ့  အကြံပြုတင်ပြချက်တွေကို အခြေခံပြီး ဦးနေဖူးဘဆွေက လွှတ်တော်မှာ e-Government စနစ် အကောင်အထည်ဖော်ရေးဆိုတဲ့ အဆိုတစ်ခုကို တင်သွင်းလိုက်တယ်။ ဒီနေရာမှာ ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိတာက ကျွန်တော်ပေးလိုက်တဲ့ အိုင်ဒီယာတွေ အချက်အလက်အတော်များများကို ရာခိုင်နှုန်း ၉၀ လောက်ကို လွှတ်တော်မှာ တင်ပြသွားတာကို တွေ့ရတယ်။ ဘာပဲပြောပြော ဒါဟာ ကျွန်တော့်ရဲ့ Mile Stone ပေါ့ ဆရာရယ်။ ဒါဟာ  ကျွန်တော်လုပ်ခဲ့တဲ့ဟာရဲ့ မှတ်တိုင်တစ်ခုပေါ့။ ဒီအဆိုကို လွှတ်တော်မှာ ဝိုင်းလည်းထောက်ခံကြတာပေါ့။ အမတ် ၁၂ ယောက်လောက်က ဝိုင်းထောက်ခံတယ်။ ဒါပေမဲ့ ဘာဖြစ်သွားလဲဆိုတော့ ဘာအကြောင်းကြောင့်လဲတော့ မသိဘူး။ ဒီအဆိုကို မှတ်တမ်းတင်ထားမယ်ဆိုတာလောက်နဲ့ ပြီးသွားတယ်”

သူက ဆက်လက်၍

“ကျွန်တော်တို့က စိတ်မပျက်ပါဘူး။ လူနောက် လူပြောင်တွေ ပြောသလိုပေါ့။ ကိုစိုးကြီး ခင်ဗျားက တက်ကြွတဲ့ ကြက်ဖပေါ့။  နိုင်ငံနဲ့ချီတဲ့ အလုပ်တွေဟာ ကလေးကစားသလို ရော့အင့်ဆိုပြီး အလွယ်တကူ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဆရာတို့ဆို ဘဝတစ်ခုလုံးရင်းပြီး စုတ်ပြတ်သတ်သွားအောင် ပေးဆပ်ခဲ့ရတာပဲ မဟုတ်လား။ ဆရာတို့ ပေးဆပ်ခဲ့လို့ ခုကျွန်တော်တို့ လွှတ်တော်ထိ ဝင်ရောက်ပြောဆိုရှင်းပြခွင့်ရခဲ့တာ မဟုတ်လား”

ထိုသို့ ပြောရင်း သူသည် ကျွန်တော့်ကို ဝမ်းနည်းဆွေးမြည့်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ သူသည် ကျွန်တော် နိုင်ငံရေးလှုပ်ရှားမှု ပြောဆိုမှုကို အပြည့်အ၀ ထောက်ခံခဲ့သည့် တပည့်တစ်ဦးလည်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင်ခြင်း အဆင့်တွင် ရပ်တန့်ခဲ့သည့် သူ့အကြံအစည်ကို လက်မလျှော့ဘဲ မရလျှင်ရသည့် နေရာမှ လုပ်ဆောင်နိုင်ရန် ကြိုးစားခဲ့ပုံကိုလည်း ယခုလို ပြောပြပြန်သည်။

သူ့ရည်မှန်းချက်မှာ မန္တလေးတိုင်းအဆင့်တွင် အောင်အောင်မြင်မြင် ဖြစ်အောင်လုပ်မည်။ အောင်မြင်လာပါက အခြားတိုင်း နှင့် ပြည်နယ်များကလည်း သုံးချင်လာကြမည်။ ယင်းသို့ တိုင်းနှင့်ပြည်နယ် အသီးသီးက သုံးစွဲလာပါက ပြည်ထောင်စုအဆင့်တွင်  အလိုအလျောက် သုံးပြီးသား ဖြစ်လာမည်ဟု တစ်ထစ်ချ ယုံကြည်ထားသည်။

ထို့နောက် သူသည် သက်ဆိုင်ရာ မန္တလေးတိုင်း အာဏာပိုင်များ၏ သဘောတူညီမှုကို ရယူကာ သူ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့သည် ဆို၏။ လွယ်သလားဆိုတော့ လွယ်သည့်ကိစ္စတော့ မဟုတ်ပါ။ စိန်ခေါ်မှုနှင့်  အခက်အခဲများစွာကို ဖြတ်သန်းကျော်လွှားခဲ့ရသည်။ ယင်းကြိုးပမ်းမှု ရလဒ်အဖြစ် ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွက် Data Center ကို အောင်မြင်အောင် တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်သကဲ့သို့  e- Mandalay Web Portal ကိုပါ လွှင့်တင်နိုင်ခဲ့ပြီဟု သူကပြောပြ၏။ သို့သော် ထုံးစံအတိုင်း မရိုးနိုင်သော ခွေးတံဆိပ် မြန်မာ့ ဓာတ်ပြားသံကို သူ့ထံက ကြားရပြန်သည်။

“ဒီနေရာမှာ ကြီးမားတဲ့ အဟန့်အတား စိန်ခေါ်မှုက  ဘာလဲဆိုရင်။ ကျွန်တော်တို့က အဆင့်အတန်းမီမီ လုပ်ချင်တယ်။ ဒါပေမဲ့ အဆင့်အတန်းမီဖို့ ကိစ္စမှာ ငွေရေးကြေးရေး အများကြီး သုံးစွဲနိုင်ဖို့လိုတယ်။ အထောက်အပံ့ ကြီးကြီးမားမား လိုအပ်တယ်။ ခက်တာက အစိုးရအဖွဲ့မှာလည်း ဘဏ္ဍာရေးက မတောင့်တင်းဘူး။ မရှိတော့ ကျွန်တော်တို့ ဘာလုပ်ရ လဲဆိုတော့ ကျွန်တော်တို့ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ စင်ကာပူမှာတုန်းက လုပ်ဖော်ကိုင်ဖက်တွေကို လက်ရှိ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ ဒါတွေလုပ်နေတယ်ဆိုတာကို ပြောပြတယ်။ သူတို့ဆီက ကူညီထောက်ပံ့ကြဖို့ပြောတော့ သူတို့လည်း မဆိုးပါဘူး ထောက်ပံ့ပေးကြတယ်။ သူတို့တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းပံ့ပိုးကြတယ်”

“မင်းတို့ အာစရိယ ပူဇော်ပွဲမှာ ဆရာကြီး ဒေါက်တာမောင်မောင်ဌေး ပြောသွားတာ အလွန်ကောင်းတယ်ကွ”

“ဘာတွေ ပြောသွားလို့လဲ ဆရာ။ ကျွန်တော်က အလုပ်များနေခဲ့တော့ ဆရာကြီး ပြောတာကို နားမထောင်လိုက်ရဘူး”

“ဆရာကြီး ပြောတာက ခုသူဟာ သူ့စေတနာ သဒ္ဓါတရားအလျောက် ကွန်ပျူတာတက္ကသိုလ်မှာ လာပြီး ကူညီပေးနေတာပါ။ သူတစ်ပြားမှ မရပါဘူး။ ဆရာမကြီး ဒေါ်မီမီသက်သွင်က Guest House မှာ ထားပေးပါတယ်။ သွားဖို့လာဖို့ ကားလေးဘာလေး စီစဉ်ပေးပါတယ်။ အနီးအနားရှိနေတဲ့ ဒေါ်ခင်မိုးနွယ်တို့ ဒေါ်ခင်မာစိုးတို့က ဟင်းတစ်ခွက် လာပို့ပါတယ်။ အဲဒီနည်းနဲ့ပဲ ကျွန်တော် စားပါတယ်။ နိုင်ငံတော်ကလည်း တစ်ပြားမှ မချီးမြှင့်ပါဘူး။ မပေးလည်း ဘာမှအရေးမကြီးဘူးပေါ့။ သူ့လို အသက်အရွယ် ကြီးရင့်နေတဲ့သူတောင် အဝေးကြီးက ဒီလိုလာလုပ်ပေးနိုင်တယ်ဆိုရင် ဒီမှာရှိနေကြတဲ့ အရာရောက် အောင်မြင်ပြီးသားလူတွေက ပိုလုပ်နိုင်တာပေါ့”

“ဆရာကြီးတို့လို ပုဂ္ဂိုလ်တစ်ယောက်က ဒီလိုပြောပြခဲ့တာ သိပ်ကောင်းတဲ့ လမ်းညွှန်ချက်ပေါ့ဆရာ။ ဒါပေမဲ့ ခက်တာက ကျွန်တော်တို့ဆီမှာ ဆရာသိတဲ့အတိုင်း လူက လုပ်ပေးချင်ပေမယ့် ပိုက်ဆံက မရှိတော့”

“အဲဒီအတွက်လည်း ဆရာကြီး ပြောခဲ့သေးတယ် ငါ့ညီရေ၊ သူပြောတာက ကျွန်တော်အကြံပြုချင်တာ တစ်ခု ရှိပါတယ်တဲ့။ အခုလို ဆရာကန်တော့ပွဲအတွက် စည်းရုံးရတာ ပင်ပန်းလှပါတယ်။ ကျောင်းသူ ကျောင်းသားဟောင်းများ အဖွဲ့ဆိုပြီး ဖွဲ့လိုက်ကြပါ။ အဲဒီအဖွဲ့က တစ်နှစ်ကို တစ်ကြိမ် Activities တွေ လုပ်ကြပါ။ အဲဒီကနေ Fund တွေ ရလာကြပါမယ်။ Investment တွေ လုပ်ပြီးရလာတဲ့ ပိုက်ဆံတွေကို ကျောင်းတွေကို လှူကြပါ။ ဒီနေ့ အမေရိကန်ပြည်ထောင်စုမှာ ကျောင်းတွေဟာ နိုင်ငံတော် ထောက်ပံ့ငွေသက်သက်နဲ့ လည်ပတ်နေတာ မဟုတ်ပါဘူး။ ဒီကျောင်းတွေရဲ့ လည်ပတ်မှုထဲမှာ ကျောင်းသားဟောင်းတွေရဲ့ ထောက်ပံ့ငွေတွေက ရာခိုင်နှုန်း ၅၀ မက ရှိနေပါတယ်”

မည်သို့ပင်ဆိုစေ ကျွန်တော် စာသင်ပေးခဲ့သည့် တပည့်တစ်ယောက်က သူစွမ်းသမျှ ဉာဏ်အား ခွန်အားဖြင့် တိုင်းပြည်အတွက် လိုနေသော ငြမ်းတစ်ခုကို မဖြစ်ဖြစ်အောင် ကြိုးပမ်းအားထုတ်မှုအတွက် ဂုဏ်ယူ ဝမ်းမြောက်မိသည်ကား အမှန်ပင် ဖြစ်ပါသည်။

Most Read

Most Recent