ကိုင်းဖျားကိုင်းနားတွေကိုပဲ ချိုင်တော့မှာလား

ကိုင်းဖျားကိုင်းနားတွေကိုပဲ ချိုင်တော့မှာလား
Published 29 January 2018

အဂတိလိုက်စားမှု တွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့ စာတမ်းဖတ်ပွဲကို ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်က ပြုလုပ်စဉ်

(၁)

လက်ရှိ အစိုးရအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အမှန်တကယ်ဆောင်ရွက်မည်ဖြစ်ကြောင်း သက်သေပြရန် လူသိထင်ရှားသော အကျင့်ပျက်ပုဂ္ဂိုလ်အချို့ကို ရုံးတင်စစ်ဆေး အပြစ်ပေးပြရန် လိုအပ်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်ဒေါက်တာ ဦးမြင့်က “ငါးကြီးကြီးကြော်ရန်” ဥပမာဖြင့် ထောက်ပြခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့ စာတမ်းဖတ်ပွဲကို ဇန်နဝါရီ၂၂ ရက်နှင့် ၂၃ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ အောင်မြင်စေရေး အကြံပြုသည့် စာတမ်းရှင် ၂၇ ဦးဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဒေါက်တာဦးမြင့်က စာတမ်းဖတ်ပွဲတွင် “ပင်မစာတမ်း၊ အဂတိလိုက်စားမှုအကြောင်း၊ အကျိုးနှင့် ကုထုံးများ-မြင်သာမှုရှုထောင့်” ကို ဖတ်ကြားဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဦးမြင့်၏ ဖွင့်ဆိုချက်အရ အဂတိလိုက်စားမှုဆိုသည်မှာ အများပြည်သူများ အကျိုးဆောင်ရန် ပေးအပ်ထားသည့် အာဏာနှင့် အခွင့်အရေးများကို ပုဂ္ဂလိက အကျိုးအမြတ်အတွက် အသုံးပြုခြင်းဟု ဒေါက်တာဦးမြင့်က ဖွင့်ဆိုထားပြီး တစ်နည်းဆိုသော် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံထားရသူတစ်ဦးက သူတရားဝင်ရရှိထားသော အဆင့်၊ နေရာနှင့် ရာထူးဌာနန္တရကို သူ့ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းကိုဆိုလိုကြောင်း ဒေါက်တာဦးမြင့်က ဖွင့်ဆိုသည်။

ထိုသို့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများတွင် အကျုံးဝင်သည်များမှာ လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ဖော်လံဖား၍ အကျိုးစီးပွားရှာခြင်း (Nepotism)၊ သား၊ တူ၊ ညီများ ကောင်းစားရေးဆောင်ရွက်ခြင်း (Cronyism)၊ အများပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းနှင့် သြဇာသုံး အကြံအဖန်လုပ်ခြင်း (Influence Pedding) တို့ဖြစ်ကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။

လက်ရှိတွင် အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအောင်မြင်ရန်မှာ တိုင်းသူပြည်သားများ၏ ယုံကြည်လက်ခံမှုရှိရန်လို အပ်သည်ဟု ဒေါက်တာဦးမြင့်က ပြောကြားသည်။

ပြည်သူများလက်ခံယုံကြည်ရန် အကျင့်ပျက်ဆက်ဆံရေး၏ ဘက်နှစ်ဖက်ဖြစ်သည့် ဝယ်လိုအားနှင့် ရောင်းလိုအားဘက်တွင်ရှိသည့် ကျူးလွန်သူများကို အစိုးရက အမှန်တကယ် အရေးယူတိုက်ဖျက်နေသည်ဟု သက်သေပြနိုင်ရန် လိုအပ်နေသည်။

ထိုသို့ ပြည်သူများ ယုံကြည်စေရေး လိုအပ်ချက်ကို ဖြည့်ဆည်းရန် “ငါးကြီးကြီးတချို့ကို ကြော်စေလိုကြောင်း” ဒေါက်တာဦးမြင့်က ပြောကြားပြီး ယင်းဆိုလိုရင်းမှာတိုင်း ပြည်အတွင်းရှိ လူသိထင်ရှားသော အကျင့်ပျက်ပုဂ္ဂိုလ် အချို့ကို ရုံးတင်စစ်ဆေးအပြစ်ပေးပြရန်ဖြစ်ကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံအများစုတွင် နာမည်ကြီး အရာရှိကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အဂတိလိုက်စားမှုစွဲချက်ဖြင့် လူသိရှင်ကြား ရုံးတင်စစ်ဆေးပြီး ပြစ်ဒဏ်ကျခံစေသည်များကို ပြုလုပ်နေကြောင်း တွေ့ရှိနေရသည်။ ထိုသို့ ငါးကြီးကြီးကြော်ရန်မှာလည်း နိုင်ငံရေးရန်သူများကို အဂတိလိုက်စားမှုစွဲချက်ဖြင့် သိက္ခာချကြသည်များလည်းရှိ နေသဖြင့် နောက်ထပ်အကြံပြုချက်တစ်ခုမှာ “ကြော်လိုက်သောငါးကြီးများမှာ ကိုယ့်ကန်ထဲက ဖြစ်သင့်ကြောင်း” ဒေါက်တာဦးမြင့်က ပြောကြားလိုက်သည်။

“အများယုံကြည်လက်ခံမှုကလည်း အရေးကြီးတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အစိုးရကိုယ်တိုင်က အလေးအနက် ဆောင်ရွက်နေကြောင်း လက်ခံယုံကြည်ဖို့ လိုပါတယ်။ အထူးသဖြင့် ကော်မရှင်ဆိုရင် တကယ်လုပ်နေတယ်ဆိုတာကို ပြရမယ်။ ပြတဲ့အခါကျရင် ဘယ်လိုလုပ်ရမလဲဆိုတော့ ငါးကြီးကြီးတချို့ကိုကြော်လိုက်ပါတဲ့။ တကယ်သိက္ခာပျက်နေတာတွေကို လုပ်ပြလိုက်ပါတဲ့။ ပြသနာက ငါးကြော်တဲ့ဟာကလည်း သူများ ငါးပဲကြော်ချင်တယ်။ ကိုယ့်ငါး မကြော်ချင်ဘူး။ ကြော်လို့ရှိရင်လည်း ကိုယ့်ရေကန်ထဲက ငါးကိုကြော်ပါ” ဟု ဒေါက်တာဦးမြင့်က ပြောကြားသည်။

ထိုသို့ ဒေါက်တာဦးမြင့်က ထောက်ပြနေသော်လည်း လက်ရှိအစိုးရလက်ထက် ရာထူးလက်ခံရရှိထားသူအချို့၏ အဂတိလိုက်စားမှုများအပေါ်  ပြည်သူအချို့က တိုင်ကြားမှုရှိသော်လည်း စုံစမ်းအရေးယူမှုမရှိဘဲ တိုင်ကြားသူများသာ အရေးယူခံနေရသည့် အခြေအနေ ဖြစ်ပေါ်နေသည်။

ထိုသို့သော အခြေအနေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်ပြည့်စုံစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်မှုများကြောင့် ပြည်သူများအကြားတွင် တိုင်းပြည်အထိနာစေသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို လက်ရှိအစိုးရက ရွေးကောက်ပွဲကြေညာစာတမ်းအတိုင်း တိုက်ဖျက်တော့မည်ဟု မှတ်ယူခဲ့ကြသည်။

ထိုသို့ မှတ်ယူခဲ့သော်လည်း မြေပြင်အခြေအနေတွင် ထင်သလောက်မလွယ်ကူပါ။  ထိုသို့ မလွယ်ကူသည် ဒေါက်တာဦးမြင့်၏ “ငါးကြီးကြီးကြော်ပါ” ဆိုသည့်စကားကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဥက္ကဋ္ဌသစ် ဦးအောင်ကြည်က “ငါးကြီးကြီးမိ စရာအကြောင်းမရှိဘဲ ငါးသေးများကိုသာမိနိုင်မည်” ဆိုသည့်အချက်နှင့် တုံ့ပြန်လိုက်ခြင်းက သက်သေဖြစ်စေခဲ့သည်။

“ပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်ဆိုရင်တော့ ကျွန်တော်တို့ လက်ရှိတည်ဆဲဥပဒေအရဆိုရင်တော့ Big Fish ကို ရစရာ တွေ့စရာအကြောင်း မရှိပါဘူး။ တကယ်တမ်း လက်တွေ့လုပ်မယ်ဆိုရင် သူ့ရဲ့ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က အသေးအဖွဲ လာဘ်ပေးလာဘ်ယူ ကိစ္စမျိုးလောက်ပဲ ကိုင်တွယ်နိုင်ဖို့ရှိပါတယ်” ဟု ဦးအောင်ကြည်က ပြောကြားသည်။

ဒေါက်တာဦးမြင့်နှင့် ဦးအောင်ကြည်တို့၏ ပြောစကားခြားနားခြင်းကို ရှာဖွေမည်ဆိုလျှင် အဂတိလိုက်စားမှု ပပျောက်ရေးအတွက် ငါးကြီးကြီးကြော်ရမည်ဆိုသည့် အခြေအနေနှင့် ငါးကြီးကြီးကြော်ရန်မဖြစ်နိုင်ဘဲ ငါးသေးသေးများကိုသာ ဖမ်းမိမည်ဆိုသည့် အခြေအနေနှစ်ရပ် ထွက်လာမည်ဖြစ်ပြီး ထိုအခြေအနေနှစ်ရပ်သည် “အဂတိလိုက်စားမှုတိုက်ဖျက်ရေး အောင်မြင်ရန် မဖြစ်နိုင်” ဆိုသည့် အခြေအနေကို ညွှန်းဆိုနေသည်။

“ဆရာကြီး ဒေါက်တာဦးမြင့်က ပြောတယ်။ ငါးကြီးကြီးတွေကြော်ပါတဲ့။ ငါးကြီးကြီးတွေတော့ မြင်တယ်ဗျ။ ကော်မရှင်ကလည်း စားချင်တယ်။ ဒါပေမဲ့ ဆီကပြဿနာ” ဟု နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အဖွဲ့ဝင် (ငြိမ်း) ဦးမြသိန်းက ထောက်ပြသည်။

ပြည်သူများက အောင်မြင်စေလိုသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ ပင်စည်ကို မချိုင်နိုင်ဘဲ ကိုင်းဖျားကိုင်းနားသာ ချိုင်နိုင်မည်ဆိုသည့် ဆိုလိုရင်းမှာ မြန်မာနိုင်ငံ အနာဂတ်အတွက် ကောင်းမွန်သောအရာ မဟုတ်သလို ငါးကြီးကြီးကိုကြော်နိုင်ရန် ဖန်တီးပေးရမည့်အစိုးရ၏ လုပ်ပိုင်ခွင့်ပေးရန် အချက်ပြမှုမှာလည်း အရေးပါလှပေသည်။ ထိုသို့ ငါးကြီးကြီးကြော်ရန်“ ဆီ” ဥပမာပြုသည့် အစိုးရ၏ လုပ်ပိုင်ခွင့်ပြုမှုကော်မရှင်အပေါ် မည်မျှခွင့်ပြုမည်နည်းဆိုသည့် မေးခွန်းထပ်မံ ထွက်ပေါ်လာခဲ့သည်။

(၂)

လက်တလောတွင် ဖြစ်ပွားခဲ့သည့်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ အပြောင်းအလဲတွင် တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းမှာ စွမ်းဆောင်ရည်၊ အဂတိလိုက်စားမှုနှင့် ကျန်းမာရေး အခြေအနေများကြောင့်ဖြစ်သည်ဟု NLD ပါတီ၊ ဗဟိုပြန်ကြားရေးကော်မတီ၊ အတွင်းရေးမှူး မုံရွာအောင်ရှင်က ဇန်နဝါရီ ၁၁ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် Mega Links ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Myanmar Digital Newspaper နှင့် News Portal မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်ဟု RFA သတင်းဌာနတွင် ဖော်ပြခဲ့သည်။

“ဘာကို အဓိကကြည့်သလဲဆိုတော့ နံပါတ် (၁) ကတော့ စွမ်းဆောင်ရည်ပဲ။ နံပါတ် (၂) ကတော့ အဂတိလိုက်စားတဲ့ကိစ္စတွေပါမယ်။ တခြားလူမှုပြဿနာတွေပါမယ်။ နံပါတ် (၃) ကတော့ ကျန်းမာရေးပါမယ်။ အဲဒါတွေကြည့်ပြီးတော့ အပြောင်းအလဲတွေ လုပ်ကြတာပဲ” ဟု မုံရွာအောင်ရှင်၏ ဖြေကြားချက်က ဆိုသည်။

ထို့ပြင် အဂတိလိုက်စားမှု၊ ဆက်ဆံရေးမပြေပြစ်ခြင်း စသည့်အချက်များနှင့် ပြည်နယ်နှင့် တိုင်းအဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ကိုယ်စားလှယ်တွေ ၃၀ ခန့်ကို တိုင်ကြားစာ ရရှိထားသည်ဟု မုံရွာအောင်ရှင်က ပြောကြားကြောင်း ဖော်ပြခဲ့သလို ယခုတိုင်ကြားစာ   ၃၀ ခန့်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ ပါဝင်ခြင်းမရှိသော်ငြား သီးခြားကိုင်တွယ်ခြင်း ဖြစ်နိုင်သည်ဟုလည်း မုံရွာအောင်ရှင်က ပြောကြားခဲ့သည်။

ပြည်သူများကို ထိန်းကွပ်ရသော၊ ပြည်သူများက တင်မြောက်ခဲ့သော၊ ပြည်သူများက ရွေးချယ်ခဲ့သော ပြည်သူ့အစိုးရဝန်ထမ်းများကို တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ခြင်းမှာ စွမ်းဆောင်ရည်၊ အဂတိလိုက်စားမှုနှင့် ကျန်းမာရေး အခြေအနေများကြောင့်ဟု ညွှန်းဆိုမည်ဆိုပါက မည်ကဲ့သို့ အဂတိလိုက်စားမှုများ ဖြစ်ပွားခဲ့သည်ဆိုသည်နှင့် ဥပဒေကြောင်းအရ ဆက်လက်အရေးယူရန် ရှိ မရှိ ဆိုသည့် အငြင်းပွားဖွယ်ရာ အကြောင်းအရာတစ်ချက် ပေါ်ပေါက်လာမည်ဖြစ်သည်။ အစိုးရအဖွဲ့ဝင် အချို့၏ အဂတိလိုက်စားမှုအပေါ် NLD ပါတီ မှ ဝင်ရောက်စီရင်သင့်ပါသလား။

ထိုသို့ ဝန်ကြီးအပြောင်းအလဲတွင် အဂတိလိုက်စားမှုဆိုသည့် ညွှန်းဆိုချက်ပါဝင်နေခြင်းနှင့် သက်ဆိုင်ရာပါတီမှ အရေးယူဆောင်ရွက်ခြင်းများမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် သက်ဆိုင်မှုမရှိဟု ဦးအောင်ကြည်က ငြင်းဆိုသည်။

“ကျွန်တော်တို့ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ ပေးထားတဲ့အချက်အလက်၊ အဂတိလိုက်စားမှုဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါ့။ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်အပေါ်မှာ မူတည်ပြီးတော့ပဲ ကျွန်တော်တို့က စုံစမ်းစစ်ဆေးရတဲ့ အလုပ်က ကျွန်တော်တို့ရဲ့ တာဝန်သာဖြစ်ပါတယ်။ အခု အစိုးရအဖွဲ့အစည်းရဲ့ ပြောင်းလဲတာ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းအတွင်းမှာ အရေးယူဆောင်ရွက်တာ၊ ကျွန်တော် စောစောက တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဆိုတာ နိုင်ငံရေးအရ ရပ်တည်ချက်ကင်းရှင်းတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဘယ်သူနဲ့မှ မပတ်သက်ပါဘူး။ ပတ်သက်ဖို့လည်း အကြောင်းမရှိပါဘူး။ ကျွန်တော်တို့က အဂတိလိုက်စားမှုဖြစ်လာရင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်လာရင် အရေးယူဖို့ တာဝန်ရှိပါတယ်။ ကျန်တဲ့လုပ်ငန်းတွေနဲ့ အကျုံးမဝင်ပါဘူး”  ဟု ဦးအောင်ကြည်က ဆိုသည်။

ကော်မရှင်အနေဖြင့် အစိုးရနှင့် ပါတီ၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်ကြည့်ရှုခွင့်မရှိသလို ကော်မရှင်ဥက္ကဋ္ဌအနေဖြင့်လည်း မည်မည်ရရ လုပ်ကိုင်ခွင့်မရှိချေ။ ထို့ ပြင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် ဥပဒေပြင်ဆင်ချက် အကြိမ်ကြိမ်ပြင်ဆင်နေသည်ဆိုသော်ငြား တိုင်ကြားသူရှိမှသာ အရေးယူနိုင်သည်ဆိုသည့်အချက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အနေဖြင့် လုပ်ပိုင်ခွင့်မရှိသည့် အခြေအနေ ဖြစ်ပေါ်နေသည်။ အကျင့်ပျက်ခြစားမှု ဆိုးရွားသည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံတစ်ခုဖြစ်နေသော်ငြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အဓိကဦးဆောင်သူဥက္ကဋ္ဌ၏ တာဝန်များမှာ အလွန်ကျဉ်းမြောင်းနေပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အခန်း (၃) ပါ ပြဋ္ဌာန်းချက်များအတိုင်းသာ ဆောင်ရွက်ခွင့်ရှိနေသည်။ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုများမှာ ဆိုးရွားသည့် အခြေအနေများတွင် ရှိနေခြင်းကြောင့် ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရန် အစိုးရအဖွဲ့မှ ခေါ်ယူဆွေးနွေးစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကြည်အပေါ် မည်မျှလုပ်ပိုင်ခွင့်ပြုခဲ့သနည်းဟုမေးမြန်းရာ ဦးအောင်ကြည်က “ကျွန်တော့်အနေနဲ့ ဒီတာဝန်ကို ထမ်းဆောင်ခဲ့စဉ်မှာ လုပ်ပိုင်ခွင့်နဲ့ပတ်သက်တာက ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း (၃) အတိုင်းပဲ လုပ်ကိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ပြဋ္ဌာန်းထားတာထက် ပိုပြီးတော့လည်း လုပ်ပိုင်ခွင့်မရှိပါဘူး။ လျော့ပြီးတော့လည်း လုပ်ပိုင်ခွင့်မရှိပါဘူး”  ဟု ဦးအောင်ကြည်က ပြောကြားသည်။

(၃)

ဇန်နဝါရီ ၁၉ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ပြည်သူများ လေ့လာသိရှိ အကြံပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့သည်။

စတုတ္ထအကြိမ် ပြင်ဆင်ချက်ဥပဒေကြမ်းသည် ယခင်ဥပဒေများထက် သာလွန်ကောင်းမွန်လာသည်ဆိုသော်ငြား ဥပဒေပညာရှင်များ၏ အမြင်တွင်မူ အဆိုပါဥပဒေသည် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် လုံလောက်သည့် အခြေအနေတွင် ရှိမနေသေးချေ။

ဥပဒေကြမ်းတွင် ယခင်က ပါဝင်ခြင်း မရှိခဲ့သည့် အချက်များအဖြစ် ပုဒ်မ ၁၆ ၏ ပုဒ်မခွဲ (ဃ) ကို “အဂတိလိုက်စားမှုများကို စုံစမ်းဖော်ထုတ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်ကြားချက် သို့မဟုတ် ရရှိသည့်သတင်းအရ လိုအပ်ပါက ကြိုတင်ထောက်လှမ်းစုံစမ်းစေခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပဏာမ စိစစ်ရေးအဖွဲ့တို့အား စုံစမ်းစစ်ဆေးစေပြီး တွေ့ရှိချက်အစီရင်ခံစာကို တင်ပြစေခြင်း၊  ပုဒ်မ ၃၊ ပုဒ်မခွဲ (ဆ) ကို “(ဆ) နိုင်ငံရေးရာ ထူးလက်ရှိဖြစ်သူဆိုသည်မှာ ဒုတိယဝန်ကြီး သို့မဟုတ် ယင်းနှင့် အလားတူအဆင့်ရှိသူနှင့်အထက် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူကို ဆိုသည်။” ဟု အစားထိုးခဲ့ပြီး ပုဒ်မ ၁၇ ပုဒ်မခွဲ (ဇ) နောက်၌ ပုဒ်မခွဲ (ဈ) အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်ဟု ဖြည့်စွက်ခဲ့သည်။

ထို့ပြင် ပုဒ်မ ၂၁ ပုဒ်မခွဲ (ဂ) ၏ နောက်၌ ပုဒ်မခွဲ (ဃ) အဂတိလိုက်စားမှုရှိကြောင်း ကျော်စောသတင်းဖြစ်ပေါ်နေခြင်းလို့ ဖြည့်စွက်ခဲ့သလို ပုဒ်မ ၄၄ ကို (က) အဂတိလိုက် စားမှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ လုပ်ပိုင်ခွင့်အာဏာ ရှိသူတစ်ဦးဦးက အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အဂတိလိုက်စားမှုကြောင့် နစ်နာသူက သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ဖြစ်စေ၊ ကော်မရှင်ရုံးသို့ဖြစ်စေ၊ ဤဥပဒေအရဖွဲ့စည်းသော လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့၊ ပဏာမစိစစ်ရေးအဖွဲ့နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ခုခုသို့ဖြစ်စေ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုသို့ဖြစ်စေ သတင်းပေးပို့ချက်နှင့် တိုင်တန်းချက်များကို ပေးပို့နိုင်သည်ဆိုသည့်အချက်နှင့် (ခ) အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ လုပ်ပိုင်ခွင့်အာဏာရှိ သူတစ်ဦးဦးက အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာမှုနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ကြွယ်ဝချမ်းသာလာကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို သိရှိရပါက ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်ဟု အစားထိုးဖြည့်စွက်ခဲ့သည်ကို တွေ့ရှိရသည်။

ထိုသို့ အစားထိုးဖြည့်စွက်ခဲ့သော်ငြား ဥပဒေကြမ်းမှာ ကျေနပ်နှစ်သိမ့်ဖွယ်ရာအဖြစ် ရာခိုင်နှုန်း ၂၀ ခန့်သာရှိနေသည်ဟု ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဥပဒေပညာရှင်ဒေါက်တာ ညိုညိုသင်းက ထောက်ပြသည်။

“အန်တီ ဥပဒေကြမ်းကို လေ့လာလိုက်တဲ့အခါမှာ ကော်မရှင်အနေနဲ့ ကျောစောသတင်းတွေကို မှတ်ယူနိုင်တယ်ဆိုတဲ့ အချက်ပါတယ်။ ဥပမာပေါ့။ လစာသုံးသိန်းလောက်ပဲရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးပေါ့။ လူတစ်ယောက်ဟာ သူရတဲ့လစာနဲ့ မလျော်ညီရလောက်အောင် မာစီဒီးကြီး စီးနေတယ်။ သူရတဲ့ လစာကလည်း ဘာမှမဟုတ်ဘူး။ သူ့မိန်းမကလည်း ဘာမှမရှိဘူး။ အဲဒါကို မာစီဒီးစီးနေတယ်။ ရွှေတောင်ကြားမှာ တိုက်ဝယ်ထားတယ်။ ဌာနဆိုင်ရာဝန်ထမ်းတချို့ အရမ်းကို ကြွယ်ဝချမ်းသာနေတာတွေရှိတယ်။ အဲဒါမျိုးဆိုရင် ကျောစောသတင်းအနေနဲ့ မှတ်ယူနိုင်တယ်။ ဥပမာ ကုမ္ပဏီတစ်ခုက အခွန်ဆောင်ထားတဲ့စာရင်းထဲ မပါဘူး။ မီဒီယာတွေမှာ ခဏခဏဖတ်ရတယ်။ ဘယ်ကုမ္ပဏီက အခွန်ထမ်းထိပ်တန်းစာရင်းထဲမှာ တစ်ကနေ ၁၀ အတွင်းမပါဘူးဆိုရင် ကျော်စောသတင်းထဲ မှတ်လို့ရတယ်။ တိုင်တဲ့သူမရှိရင်လည်းပဲ ကော်မရှင်သည် ကျော်စောသတင်း ထွက်ပေါ်သမျှကို မဖြစ်မနေအရေးယူရမည် ဆိုတာမျိုး ကော်မရှင်ကို တွန်းအားပေးတယ်ဆိုတဲ့ အချက်မျိုး ဥပဒေကြမ်းထဲမှာ ပါစေ့ချင်တယ်။ ဥပဒေကြမ်းကတော့ ကျေနပ်လောက်တဲ့ အနေအထားတော့ မရှိသေးဘူး။ အန်တီဖြစ်စေချင်တာရဲ့ ရာနှုန်း ၂၀ လောက်ပဲ ဖြစ်သေးတာတွေ့ရတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

(၄)

ဇန်နဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကျင်းပခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစာတမ်းဖတ်ပွဲတွင် စာတမ်းပေါင်း ၂၇ စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

ဒေါက်တာဦးမြင့်၏ ပင်မစာတမ်းတွင် ငါးကြီးကြီးကြော်ရန် အကြံပြုသကဲ့သို့ အခြားအချက်အဖြစ် “မြန်မာနိုင်ငံသည် အချို့နိုင်ငံများနည်းတူ ရာထူးနှင့် အဆင့်မြင့်တာဝန် ခန့်ထားသော ပါတီဝင်အချို့သည် ပြောဆိုမှု ညစ်ညမ်းခြင်းနှင့် အကျင့်ပျက်လုပ်ဆောင်မှုများ ပြုလုပ်နေကြပါသည်။ ထိုအပြုအမှုမျိုးများသည် မိမိတို့၏ပါတီနှင့်အစိုးရကို သိက္ခာကျဆင်းစေပြီး ပြည်သူများ၏ ယုံကြည်အားကိုးမှုကိုပါ ထိပါးစေပါသည်။ အဆိုပါ ပုဂ္ဂိုလ်၊ အရာရှိများကို ရာထူးမှနုတ်ထွက်စေပြီး အရေးယူသင့်ပါသည်။ ထိုလုပ်ဆောင်မှုမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့သည် မိမိတို့အား ပေးအပ်ထားသောတာဝန်ကို ကိုယ်ကျင့်သိက္ခာဖြင့် အဂတိလိုက်စားမှု ပပျောက်ရေးကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နေကြောင်း အသိပေးရာရောက်ပါသည်” ဟု ထပ်ဆင့်အကြံပြုခဲ့သည်။

ဒေါက်တာညိုညိုသင်းကမူ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဖြစ်ထိုက်သူများ၏ ကိုယ်ကျင့်သိက္ခာ သတ်မှတ်ချက်ကို အတိအကျပြဋ္ဌာန်းရန်၊ လုပ်ပိုင်ခွင့်ရှိသူက ခြိမ်းခြောက်ခြင်း၊ အသက်ဘေး အန္တရာယ်ဖြင့် ကြုံကြိုက်နေရသည့်အချက်များတွင် မဖြစ်မနေ၍ မလွှဲသာ မရှောင်သာသဖြင့် ပေးခဲ့ရသည့်ဖြစ်စဉ်များတွင် လာဘ်ပေးသူကိုပါ အရေးယူမည်ဆိုသည့် အခြေအနေအပေါ် ပြန်လည်သုံးသပ်၍ လာဘ်ပေးခြင်းအချို့အပေါ် ခြွင်းချက်ပြုရန်၊ အဂတိလိုက်စားမှုများကို နစ်နာသည့် တိုင်ကြားသူရှိမှသာ အရေးယူရမည်ဆိုသည့်အချက်ကို ပြင်ဆင်ရန်လိုအပ်မည်ဖြစ်ပြီး နစ်နာသူဆိုသည့် စကားရပ်အပေါ် စဉ်းစားရာတွင် နစ်နာသူဆိုသည်မှာ ပြည်သူသာဖြစ်၍ အစိုးရကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများက နစ်နာသူကိုယ်စား တရားစွဲဆိုနိုင်ရန်၊ အဂတိလိုက်စားသူကို တရားစွဲဆိုရန် ကြိုတင်ခွင့်ပြုချက် ရယူနေရသဖြင့် လာဘ်စားမှုကျုးလွန်သူက ရှောင်တိမ်းသွားသည့် အခြေအနေဖြစ်ပေါ်နေခြင်းများကို ပြင်ဆင်ရန် စသည့်အချက်များကို ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကိုက အဂတိလိုက်စားမှုကင်းတဲ့ လူ့ဘောင်ဖြစ်ဖို့ ခဲယဉ်းနေတယ်ပေါ့။ သီတင်းကျွတ်တွေ၊ တန်ဆောင်တိုင်တွေ လက်ဆောင်ပစ္စည်းပေးကမ်းတာတွေရှိတယ်။ အစိုးရအရာရှိကြီးတွေ၊ နိုင်ငံရေးသမားတွေရဲ့ မကင်းရာမကင်းကြောင်း မင်္ဂလာဆောင်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေက ချောင်းပြီးတော့ လက်ဖွဲ့ကောင်းကောင်း ပေးခြင်းသည်လည်း အဂတိလိုက်စားမှု တစ်မျိုးတစ်ဖုံဖြစ်တာပေါ့။ အန်တီတို့ပြောချင်တာက လူ့အဖွဲ့အစည်းမှာ အဂတိလိုက်စားမှုဟာ နေ့စဉ်လူနေမှုဘဝမှာ တစ်မျိုးမဟုတ်တစ်မျိုး ရှိနေတယ်။ ဒါကြောင့်မို့ ပညာရှင်တွေက ယူဆတာက အဲဒီအမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ဆိုတာက များများအသိပညာပေးမှု လုပ်ရမယ် ယူဆတယ်။ အဲဒါကလည်းမမှားဘူး” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

စကင်စီယာကုမ္ပဏီအုပ်စု ဌာနေကိုယ်စားလှယ်၊ သစ်တော/ ဖက်စပ်နှင့် City Fumiture ဒါရိုက်တာ၊ ရွှေပြည်သာစက်မှုဇုန် (၁) စီမံခန့်ခွဲရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးညွန့်အောင်က အခြေပစ္စည်းများကို စစ်ဆေးခြင်းအားဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်နေကြသည့် အကြောင်းများကို တင်ပြဆွေးနွေးခဲ့သည်။

ဦးညွန့်အောင်၏ စာတမ်းအရ “မိမိကိုယ်ကိုယ်မိမိ လေးစားခြင်းတစ်ခုတည်းဖြင့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နိုင်မည်ဟု မယုံကြည်ဘဲ အကောင်းဆုံးနည်းလမ်းဟာ မြေစာရင်းဦးစီးဌာန (စာရွက်စာတမ်းမှတ်ပုံ တင်ရုံးများ) တွေမှာ “အလွန်အမင်း တန်ဖိုးလျှော့ပြပြီး မြေနှင့်အိမ်တွေကို မှတ်ပုံတင်ထားသည်များကို စိစစ်ရန် (ဤအချက်သည် ငွေမည်းခဝါချမှု, အခွန်တိမ်းရှောင်မှုမြောက်သော ဥပဒေချိုးဖောက်မှု အပြစ်ကြီးဖြစ်ပါသည်)၊ အဆိုပါ အခြေပစ္စည်းဝယ်ယူသူ၏ “ဝင်ငွေရလမ်း” ကို စိစစ်ဖို့ (အိမ်ကြီးအိမ်ကောင်းများ၊ တန်ဖိုးကြီးကွန်ဒိုတိုက်ခန်းများ ဝယ်ယူခြင်းဖြင့် အကျင့်ပျက်ခြစားမှုရငွေကို သုံးစွဲလေ့ရှိကြသောကြောင့် ဖြစ်သည်။ ဥပမာပြရလျှင် အလယ်အလတ် အရာရှိတစ်ဦးသည် ကျပ်သုံးသိန်း (ဒေါ်လာ ၂၂၀ ခန့်) သာ လစာရရှိသည်။ ထိုရာထူးသည်ပင်လျှင် လမ်းစဉ်ပါတီအစိုးရခေတ်က ကျပ် ၆၀၀ ခန့် (ဒေါ် လာ ၂၀ ခန့်) သာရခဲ့သည်ဆိုသည့် အချက်ကိုပါ ထည့်တွက်ရမည်။ ထိုနည်းလမ်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အလွန်အောင်မြင်နေပြီး တိုင်ကြားခံရသူ၏ ပိုင်ဆိုင်မှုများ စိစစ်ရုံဖြင့် မတရားနည်းလမ်းဖြင့်ရယူထားသော ပိုင်ဆိုင်မှုများကို လိုက်လံဖော်ထုတ်ပြီး ချိပ်ပိတ်သိမ်းဆည်းပါသည်။ ထိုနည်းလမ်းသည် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန် မြန်မာပြည်အတွက် အသင့်လျော်ဆုံး နည်းလမ်းပင်ဖြစ်သည်) ဆိုသည့် အချက်များကို တင်ပြခဲ့သည်။

ထို့ပြင် အကြံပြုချက်များအဖြစ် အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရာတွင် အခြေပစ္စည်းများ စိစစ်ခြင်းသည် အကျင့်ပျက်ခြစားမှု စိစစ်ခြင်းအတွက် အကောင်းဆုံးသက်သေဖြစ်ခြင်းကို သတိပြုစေလိုခြင်း၊ အိမ်ခြံမြေဈေးကွက်အား စောင့်ကြည့်ခြင်းနှင့် မှတ်ပုံတင်ချုပ်ဆိုလာသော ကိစ္စရပ်များကို မြေစာရင်းဦးစီး ဌာနများတွင် တောင်းယူကြည့်ရှုခြင်းဖြင့် လက်ရှိမြန်မာနိုင်ငံ၏ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းရလဒ်ကို ကောင်းမွန်လာစေနိုင်ခြင်း၊ ထိုသို့ဆောင်ရွက်နိုင်မည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ရှိနှင့်ပြီးသားဖြစ်ခြင်းနှင့် ထိုသို့လုပ်ဆောက်ရန် ညွှန်ကြားချက်သာလိုအပ်ခြင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ ပညာပေးရုံဖြင့်မရနိုင်တော့ကြောင်း ဈေးကစားမှုကို အခြေခံသည့် စီးပွားရေးအခြေအနေဖြစ်နေခြင်းက သက်သေခံနေခြင်းဆိုသည့် အချက်များကို အကြံပြုခဲ့သည်။

အဂတိလိုက်စားမှုကို ကိုယ်တွေ့ကြုံခဲ့ရပြီး လက်ရှိတွင်လည်း ဟိုတယ်/ ခရီးအမြဲ တမ်းအတွင်းဝန်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားထားသည့် အမျိုးသားကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဌေးအောင်ကလည်း ကိုယ်တိုင်လာဘ်ပေးခဲ့ရမှုနှင့်ပတ်သက်၍ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို အထောက်အထားအပြည့်အစုံနဲ့ တိုင်ကြားလိုက်တဲ့အခါ ခုနစ်ရက်ပဲ ကြာပါတယ်။ ကျွန်တော့်ဆီကို စာပြန်လာပါတယ်။ ဒီဟာကို ပြည်ထဲရေးဝန်ကြီးဌာနဆီ လွှဲပေးလိုက်ပြီဆိုပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ပြီးတော့ အကြောင်းပြန်ပါမယ်ဆိုတဲ့စာရွက် ကျွန်တော့်ဆီမှာရထားပါတယ်။ နောက်တော့ စစစက ခေါ်ယူစစ်ဆေးပါတယ်။ သုံးရက်တိတိ အထောက်အထား

အပြည့်အစုံနဲ့ ရှင်းလင်းတင်ပြခဲ့ပေမယ့် ဒီနေ့အထိ ကျွန်တော့်ကို အကြောင်းမပြန်ပါဘူး။ အဲဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆီ ကျွန်တော်စာတင်ပါတယ်။ အဲဒီအခါမှာ ပြီးခဲ့တဲ့ အဂတိတိုက်ဖျက်ရေးက ၂၀၁၇ ဇွန်လမှာ သုံးရက်တိတိ စစ်ဆေးမေးမြန်းပါတယ်။ အဲဒီမှာလည်း ဘာခက်ခဲလဲဆိုတော့ သူတို့က ဒီငွေကို လက်ဝဲလက်နဲ့ပေးတာလား။ လက်ယာလက်နဲ့ ပေးတာလားဆိုတာကိုပဲစစ်တာ။ သူတို့က ကျွန်တော့်ပေးတဲ့ စာရွက်စာတမ်းတွေထက် ကျွန်တော့်ဘက်ကိုပဲစစ်တော့ ကျွန်တော်ဘယ်လိုမျိုး သွားမြင်ရလဲဆိုတော့ အဂတိတိုက်ဖျက်ရေးက ပေးသူကိုပဲ သေချာစိစစ်ပြီးတော့ တကယ်လာဘ်ယူသူကိုတော့ စိစစ်တာ မတွေ့ရပါဘူး။ အရင် ဥက္ကဋ္ဌဆိုတဲ့ အရင်ဗိုလ်ချုပ်ကလည်း ကျွန်တော့်ကို အားပေးစကားလာပြောသွားသေးတော့ အားတက်တာပေါ့။ သို့ပေမဲ့လည်း စုံစမ်းရေးမှူးဆိုတဲ့သူကတော့ အမှုစစ်နေတဲ့သုံးရက်အတွင်းမှာ ကျွန်တော်နဲ့ မိတ်ဆွေဖြစ်သွား သူကတော့ အမှုစစ်နေတုန်းပဲရှိသေးတယ် ကျွန်တော့်ဟိုတယ်ကိုလာပြီးတော့ အခန်းတောင်းပြီး နေတော့တာပါပဲ။ ဒါဟာ ဟိုပုဂ္ဂိုလ်ကို နစ်နာစေချင်လို့မဟုတ်ဘဲ လူကြီးတွေဟာ ဘယ်လောက်မှန်မှန်ကန်ကန် လုပ်ပေမယ့် လာဘ်စားလို့တိုင်နေတဲ့ အချိန်မျိုးမှာ ကျွန်တော့်ကို ဒီလိုမျိုးမဆက်ဆံသင့်ဘူး” ဟု အဆိုပါတိုင်ကြားသည့် အခြေအနေအပေါ် ဆွေးနွေးပြောကြားသည်။

(၅)

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေသည် အလွန်ဆိုးရွားသည့် အခြေအနေ၌ ရှိနေဆဲဖြစ်ပြီး အဓိကဆိုးရွားသည့် အချက်အဖြစ်လည်း အာဏာရှိသူနှင့် စီးပွားရေးသမား ပူးပေါင်းပြီး အထူးအခွင့်အရေးများ ဖန်တီးသည့် Rent - Seeking ဖြစ်စဉ်များ ရှိနေဆဲဖြစ်သည်။ ထိုသို့အာဏာရှိသူနှင့် စီးပွားရေးသမားပူးပေါင်းကာ အထူးအခွင့်အရေး ရှာဖွေသည့် Rent - Seeking မှာ မြန်မာနိုင်ငံကို ဒုက္ခပေးနေသောအချက်ဖြစ်၍ တိုက်ဖျက်ဖို့လိုအပ်နေသည်ဟုလည်း စာတမ်းရှင်တစ်ဦးဖြစ်သည့် ဦးနိုင်ကိုကိုက ဆွေးနွေးသည်။

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေအနေများကို ပြန်ကြည့်မည်ဆိုပါက ယခင် ကော်မရှင်လက်ထက် အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်းမှာ နိုဝင်ဘာလကုန်အထိ ၄၆၀၀ ခန့်တိုင်ကြားခဲ့သော်လည်း စုံစမ်းဖော်ထုတ်နိုင်မှု ၄၀ ကျော်သာရှိပြီး လာဘ်ယူမှုများပြားသည့် အရေးယူမှုအဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ကရင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုတို့အုပ်စု၏ ကျပ်သိန်း ထောင်ချီလာဘ်ယူမှုကို စုံစမ်းစစ်ဆေး အရေးယူမှုသာရှိပြီး ကျန်အမှုအများစုမှာ လာဘ်ယူမှု ပမာဏနည်းပါးသည့် အရေးယူဆောင်ရွက်မှုများသာ ဖြစ်နေသည်။ ထို့ပြင် ရေနံလက်ယက်တွင်း ရန်ပုံငွေများဖြစ်သည့် ကျပ်ခုနစ်ဘီလျံကျော် အငြင်းပွားမှု၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးအပြောင်းအလဲ အခြေအနေများနှင့် မြေယာကိစ္စအပေါ် သတင်းစာရှင်းလင်းခဲ့သည့် မိုက်ကယ်ကျော်မြင့်၊ ဟိုတယ်ခရီး/ ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်အပေါ် တိုင်ကြားခဲ့သည့် ဦးဌေးအောင်ဖြစ်စဉ်များမှာ လက်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။ ထိုသို့သော မေးခွန်းများမှာ နိုင်ငံရေးနားလည်သည့် ပြည်သူများ၏ ယုံကြည်မှုကို ပျက်ပြားစေနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

“မြန်မာနိုင်ငံမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက အရပ်ဘက်အဖွဲ့အစည်းတွေကို အရမ်းကိုပဲ လိုအပ်တာထက်ပိုပြီး အထင်သေးတာရှိတယ်။ အမှန်တော့သူတို့တွေက ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း သူတို့ဆီမှာရှိတယ်။ သူတို့ကို ထောက်ပံ့နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေမှာလည်း ဒီအချက်တွေက ဝင်သွားပြီးသားဖြစ်တယ်။ အဲဒီလို မှတ်တမ်းတွေဝင်ပြီးသားဖြစ်တာမို့ ငါးနှစ်ပြီးတာနဲ့ “ငါးနှစ်အတွင်းမှာ ငါတို့ကို ဘယ်သူမှ အရေးမယူနိုင်ဘူး။ ငါတို့ကို ဘယ်သူမှလည်း တရားမစွဲနိုင်ဘူး” ဆိုတာနဲ့ ဟင်းချလို့မရဘူး။ ဘယ်လိုအချိန်တွေမှာ အဂတိလိုက်စားမှုနဲ့ နိုင်ငံရေးသမားတွေကို တရားစွဲကြလဲဆိုတော့ နောင်ရွေးကောက်ပွဲမှာ ဒီပါတီအနိုင်မရဘူးဆိုပါစို့။ တိုင်းပြည်က အချိန်မရွေး ညွန့်ပေါင်းအဖွဲ့တွေ အနိုင်ရသွားခဲ့ရင် နောင်အစိုးရအဖွဲ့ နောင်အာဏာပိုင်တွေက အရင်အစိုးရအဖွဲ့ရဲ့ အဂတိလိုက်စားမှုအတွက် ပျက်ကွက်မှုတွေအတွက် တရားမစွဲဘဲ နေလို့ရတဲ့ကိစ္စမဟုတ်ဘူး။ နောက်တက်လာမယ့် အစိုးရကသူ့အတွက် ပြည်သူလူထုယုံကြည်မှု လိုချင်တယ်။ အဲဒီအခါကျရင် သူကဘယ်နည်းနဲ့ ပြမလဲဆိုရင် အရင်အစိုးရလက်ထက်တုန်းက ပြတ်ပြတ်သားသား အရေးမယူခဲ့တာတွေကို ဖော်ထုတ်ခြင်းနဲ့ အရေးယူကြလိမ့်မယ်။ အဲဒီအခါကျရင်တော့ အခုအုပ်ချုပ်နေတဲ့ အစိုးရတွေ၊ တာဝန်ရှိသူတွေအနေနဲ့ အရမ်းစိုးရိမ်စရာ အနေအထား ဖြစ်လာမယ်။ အန်တီတို့က စိုးရိမ်တာပါ။ ပြည်သူတင်ထားတဲ့ အစိုးရကိုး။ အဲဒီလို ဖြစ်လာမှာစိုးတဲ့အတွက်ကြောင့် အခုအချိန်မှာ နောက်ကြောင်းရှင်းရှင်းနဲ့ ပြတ်ပြတ်သားသား အရေးယူဖို့က အရေးကြီးတယ်။ ပိုက်ဆံဘယ်လောက် ယူထားသလဲ။ သိန်း ၁၀၀ ယူထားတယ်ဆိုရင် သိန်း ၁၀၀ နဲ့တန်တဲ့ ပြစ်ဒဏ် သူ့ကိုပေးပြီးသား ဖြစ်ရမယ်။ ပြတ်သားရမယ်။ ကိုယ့်ရဲ့ပါတီတွင်း Confedential အနေနဲ့ထားမယ်ဆိုရင် အခုသက်တမ်းပဲ ထားလို့ရမှာပေါ့။ မြန်မာနိုင်ငံကြီး တည်ရှိနေသရွေ့ ကိုယ်ကဒီနိုင်ငံရဲ့ အစိုးရအဖြစ် အမြဲတမ်းရှိနေမှာမှ မဟုတ်တာ” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

လက်ရှိကော်မရှင်အနေဖြင့် ပညာပေးရေးနှင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးကိုသာ ဦးစားပေးနေမည့် ပုံစံသာဖြစ်နေပြီး ငါးကြီးကြီးကြော်မည်ဆိုသည့် လက္ခဏာ ရှိမနေကြောင်း ဒေါက်တာညိုညိုသင်းက ဆက်လကပြောကြားသည်။

“ပညာပေးရေးလုပ်ငန်းတွေကလည်း မလုပ်ရမှာ မဟုတ်ဘူး။ လုပ်ပါ။ ဂုဏ်သိက္ခာ မြှင့်တင်ရေးလုပ်ငန်းတွေကလည်း တတ်နိုင်ရင် လုပ်ကြပါ။ ဒါပေမဲ့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ဖို့ ကော်မရှင်ကို လူထုက ယုံကြည်ဖို့ဆိုရင်တော့ ငါးကြီးကြီးကို ဖမ်းပြီးကြော်ဖို့ လိုအပ်တယ်လို့လည်း အကြံပြုခဲ့တယ်။ ဒါပေမဲ့ အနှစ်ချုပ်မှာတော့ ပါမလာခဲ့ဘူး” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

ထိုသို့ ဝေဖန်မှုများနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့်မူ လက်ရှိတည်ဆဲဥပဒေအရ ငါးကြီးကြီးများ ဖမ်းဆီးနိုင်မည့်အခြေအနေတွင် မရှိဘဲ အသေးအဖွဲ လာဘ်စားမှုများသာ ဖမ်းဆီးနိုင်မည့်အခြေအနေ ဖြစ်နေသော်လည်း ၂၀၁၈ ခုနှစ် လုပ်ငန်းစီမံချက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပေါ်လစီမူဘောင်များ၊ Legislation  ပိုင်းများကို ဖွံ့ဖြိုးအောင်အောင် လုပ်ဆောင်ရမည်ဆိုသည့် အချက်ပါဝင်နေပြီး အဆိုပါအချက်မှာ အရေးပါကာ အဆိုပါဥပဒေ ပြင်ဆင်နိုင်မည်ဆိုပါက ကြီးမားသည့် Corruption များကိုပါ အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေ ဖြစ်လာမည်ဖြစ်ကြောင်း ဦးအောင်ကြည်က ဆက်လက်ပြောကြားသည်။

“ကော်မရှင်က အစိုးရဌာနတွေ ခရိုင်တို့ မြို့နယ်တို့ ဖွဲ့စည်းတာကတော့ ဥပဒေထဲမှာလည်း မပါဘူး။ လက်တွေ့လုပ်ဖို့ကျတော့လည်း ထပ်ပြီးတော့ ယန္တရားကြီးတစ်ခုထပ်လုပ်ရင်လည်း အနာထက်ဆေးက ပိုလေးသွားမလားလို့။ လုပ်ကြည့်ကြသေးတာပေါ့။

ကော်မရှင်မှာလည်း ကော်မရှင်အတိုင်းအတာတော့ ရှိတာပေါ့။ အမှု ၁၀ မှုရှိလို့ ၁၀ မှု စလုံးအရေးယူဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ပြဿနာတွေက လူသိတာတွေ ရှိတယ်။ မသိတာတွေရှိတယ်။ လူကြီးပိုင်းထဲမှာဆိုရင် လူမသိတဲ့လူကြီးပိုင်းလည်း ရှိတယ်။ တို့က လူသိတဲ့လူကြီးပိုင်းပဲ သိတာကိုး။ တချို့ဆိုရင် အသက် ၆၀ ပင်စင်ယူသွားတယ်။ တအားကိုချမ်းသာသွားတယ်။ လာဘ်စားသွားတဲ့ DG တွေ ဘာမှအရေးယူမခံရဘဲ အေးအေးဆေးဆေး ဖြစ်သွားတယ်။ တချို့များ ဒုဦးစီးအဆင့်လောက်၊ တပ်ကြပ်ကြီးအဆင့်လောက်၊ ပြာတာအဆင့်လောက်က အရေးယူခံရတာရှိတယ်။ အကုန်လုံးကို အရေးယူကြစတမ်းဆို သိပ်ပြီးတော့ လက်တွေ့မကျနိုင်ဘူး။ ဒါပေမဲ့ အခုငါးကြီးကြီးဆိုရာမှာလည်း အဲဒီငါးကြီးကြီးမှာ တို့မဖမ်းနိုင်တဲ့ ငါးကြီးကြီးတွေ အများကြီး လွတ်သွားပြီးတော့ အိုကေသွားတာရှိတယ်။ တကယ်တမ်း ဦးထင်တာကတော့ လူကိုအရေးယူတာကလည်း တစ်ပိုင်းပေါ့။ လုပ်သင့်လုပ်ထိုက်တာတွေ ဥပမာ မြေကို မတရားယူထားတယ်ပေါ့။ မြေကိုပြန် ယူပေါ့။ အဲဒီလိုလုပ်စားတဲ့သူကို ဖမ်းမယ်။ ထောင်ချမယ်ဆိုတဲ့အဆင့်က လိုချင်မှလည်း လိုမှာပေါ့။ အဲဒီလို လုပ်လိုက်လို့ရှိရင် တခြား Effect တွေ အများကြီး ဖြစ်နိုင်တာပေါ့။ ကျွန်တော်ထင်တာကတော့ တစ်စုံတစ်ခု အတိုင်းအတာအထိ တိုင်းပြည်ကို ထိန်းရင်းထိန်းရင်းနဲ့ လုပ်သွားရမှာပေါ့။ ဝုန်းခနဲ၊ ဒိုင်းကနဲ အကုန်လုံးသတ်ဟ၊ ဖြတ်ဟဆိုရင်တော့ Revolution ကြီးဖြစ်သွားမှာပေါ့။ အန္တရာယ်လည်း ရှိမယ်ထင်တယ်။ အဲဒါ သူတို့ဘက်က လိုက်ပြောတာမဟုတ်ဘူး။ အခုကြည့်လေ။ တို့သိတဲ့ ခရိုနီဆိုတာတွေက အဂတိလိုက်စားမှု ပေတံနဲ့သာ တိုင်းရမယ်ဆိုရင် တစ်ယောက်မှ မလွတ်ဘူး။ သူတို့ကို ဖမ်းပြီးထောင်ချ လိုက်ရင်ကော အကျိုးရှိမလား။ ပိတ်ပစ်လိုက်တာ အကျိုးရှိမလား။ ဥက္ကဋ္ဌဆိုတဲ့သူ၊ သူဌေးဆိုတဲ့သူကို အပြစ်ပေးမလား။ သူ့ကိုရင်ထဲ ဆွဲသိမ်းမလား။ ဒီဘက်ခေတ် အစိုးရဆိုတာကလည်း သူတို့နဲ့ ပေါင်းသင်းနေရတာ။ နောက်တစ်ခုက Big Fish ပေါ့။ ငါးဆိုတာက ဘယ်လောက်ကြီးတဲ့ ငါးလဲ။ ပုစွန်ဆိတ် ကလေးလား။ ပုစွန်ဆိတ်ကြီးလား။ ငါးဆိုတာက ဝေလငါးရှိတယ်။ ငါးတက်တူလောက်ငါးကို တို့ကကြီးလှပြီ ထင်နေတာ။ ဝေလငါးကြီးရှိသေးတယ်။ ဝေလငါးကြီးက ငါးကြီးကြီးဖမ်းပါ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။  သိပ်တော့မလွယ်ပါဘူး။ လက်တွေ့မှာ။ တို့ကတော့ တိုက်ဖျက်ရေးထက် ပ,ပျောက်ရေးကို ဦးစားပေးချင်တယ်။ ကမ္ဘာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးညွှန်းကိန်း ထိပ်ဆုံးရောက်နေတဲ့ နိုင်ငံတွေမှာရော အဂတိလိုက်စားမှု မရှိဘူးထင်နေလား။ အဲဒါက လူမသိတဲ့ ငါးတွေ ”ဟု ပထမအကြိမ် ဥပဒေနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် ဥပဒေပညာရှင် ဦးသန်းမောင် (စစ်တွေ) က ပြောကြားသည်။

Most Read

Most Recent