စစ်သမိုင်းပြတိုက်စီမံကိန်း၊ လွှတ်တော်မတင်တဲ့ ရန်ကုန်စီမံကိန်းတွေနဲ့ ငလျင်လှုပ်ခတ်ရင် ရန်ကုန်မြို့ဟာ ဘယ်လောက်အထိနာမလဲ

စစ်သမိုင်းပြတိုက်စီမံကိန်း၊ လွှတ်တော်မတင်တဲ့ ရန်ကုန်စီမံကိန်းတွေနဲ့ ငလျင်လှုပ်ခတ်ရင် ရန်ကုန်မြို့ဟာ ဘယ်လောက်အထိနာမလဲ
Published 28 January 2018

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြေအစိတ်အပိုင်းများကို တွေ့ရစဉ်

၂၀၁၈ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ဂယက်ရိုက်ခတ်မှုတွေ စတင်နေတာလားလို့ မေးခွန်းထုတ်ရလောက်အောင်ပဲ နှစ်ဆန်းပိုင်းဖြစ်တဲ့ ဇန်နဝါရီလမှာတင် ရခိုင်အဓိကရုဏ်းနဲ့ပတ်သက်တဲ့ ဆင့်ကဲဖြစ်စဉ် နှစ်ကြိမ်ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် သြဂုတ်မှာ အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာထုတ်ပြန်အပြီး တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခအပြီး အခြေအနေ ငြိမ်သက်တော့မှာလားလို့ တွေးထင်စမှာပဲ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေ ရှိနေခဲ့သလို မြောက်ဦးအဓိကရုဏ်းမှာလည်း ပြည်သူများစွာ သွေးမြေကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဒီလိုဖြစ်စဉ်တွေ ဖြစ်ပေါ်နေချိန်မှာပဲ ရခိုင်အကြံပေးအဖွဲ့ဟာ ဖုံးဖိဖို့ကြိုးပမ်းနေပြီး မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်သိက္ခာရှိတဲ့ ဦးဆောင်နိုင်မှုမရှိဆိုတဲ့ စွပ်စွဲချက်နဲ့ ရခိုင်အကြံပေးအဖွဲ့မှာ သြဇာအကြီးဆုံးလို့ဆိုနိုင်တဲ့ အမေရိကန်ဝန်ကြီးဟောင်း ရစ်ချက်ဆင်ရဲ့ စွပ်စွဲမှု ထွက်ပေါ်ခဲ့တာကြောင့် နိုင်ငံတကာမျက်နှာစာက မီဒီယာစစ်ပွဲမှာ အရေးနိမ့်နေတဲ့ မြန်မာနိုင်ငံအတွက် ဘယ်လိုဆိုးကျိုး သက်ရောက်မှုတွေ ရှိလာဦးမလဲဆိုတာကို တွေးပူခဲ့ရပြန်ပါတယ်။

အခြားတစ်ဖက်မှာလည်း ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးဖို့ ဆန္ဒပြတဲ့ ကျောင်းသား ၇၂ ယောက်ထဲက ကျောင်းသားတွေကိုဆက်တိုက် ကျောင်းထုတ်ပယ်မှုဖြစ်စဉ်တွေ ရှိနေခဲ့သလို အခြားတစ်ဖက်မှာဆိုရင်လည်း ပြည်ထောင်စုလွှတ်တော်ရဲ့ ဘတ်ဂျက် ခွင့်ပြုချက်မရသေးဘဲ လုပ်ငန်းစီမံကိန်းတွေကို ကြိုတင်ဆောင်ရွက်ထားပြီး ပေးရန်ကြွေးကျန်တွေအဖြစ် တင်ပြတောင်းခံလာမှုတွေဟာ တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ဆောင်ရွက်ခြင်းဖြစ်လို့ အိတ်ထောင်ထဲမှာ ငွေတွေသိမ်းထားပြီး ပြည်သူ့အခွန်နဲ့ အကြွေးဆပ်နေရတဲ့ပုံစံမဖြစ်ဖို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဆီးသီးဗန်းမှောက်ဖြစ်စဉ်တွေ ပန်းဝင်နေဆဲ မြန်မာနိုင်ငံရဲ့ ဒီရက်သတ္တပတ် စီးပွားရေးသုံးသပ်ချက်မှာ စစ်သမိုင်းပြတိုက်နေရာ အကောင်အထည်ဖော်မယ့် ဟိုတယ်၊ ရုံးခန်းနဲ့ ဈေးဝယ်စင်တာစီမံကိန်းတွေဟာ သတ်မှတ်အမြင့်ထက် ကျော်လွန်နေပြီး ပြန်လည်ဆန်းစစ်ဖို့ လိုအပ်တယ်ဆိုတာ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ လွှတ်တော်ကို တင်ပြခဲ့ခြင်းမရှိဘဲ လုပ်ဆောင်သွားခဲ့တယ်ဆိုတာတွေနဲ့ ရန်ကုန်မှာ ငလျင်လှုပ်ခတ်ရင် ဘယ်လောက်အထိ ထိခိုက်နိုင်မလဲဆိုတဲ့ အခြေအနေတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်မှာ ဖော်ပြလိုပါတယ်။

ပြန်ဆန်းစစ်ဖို့လိုတဲ့ စစ်သမိုင်းပြတိုက်စီမံကိန်း

ကာကွယ်ရေးဝန်ကြီးဌာန စစ်ထောက်ချုပ်ရုံးပိုင် တပ်မတော်စစ်သမိုင်းပြတိုက်ဟောင်းနေရာမှာ ဂျပန်နိုင်ငံက အကျိုးတူပူးပေါင်းပါဝင်တဲ့ Y Complex ကုမ္ပဏီက ဒေါ်လာ သန်း ၃၂၀ ရင်းနှီးမြှုပ်နှံပြီး ဟိုတယ်၊ ရုံးခန်းနဲ့ ဈေးဝယ်စင်တာစီမံကိန်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

စီမံကိန်းကို အပိုင်းနှစ်ပိုင်း ခွဲထားပြီး ၅ ဒသမ ၀၇ ဧကကို ပထမစီမံကိန်း၊ ဒုတိယအပိုင်းအနေနဲ့ ၃ ဒသမ ၉၉ ဧကပေါ်မှာ ၂၀၁၇ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နဲ့ Yangon Technical and Trading Co.,Ltd နဲ့ ဂျပန်နိုင်ငံက မစ္စတာ ယူရှီယိုစူကီတို့ ပူးပေါင်းခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံသားကုမ္ပဏီဟာ Yangon Museum Development PTE Ltd ဟု ဖွဲ့စည်းထားသလို ဒီကုမ္ပဏီနှစ်ခု အကျိုးတူပူးပေါင်းပြီးတော့ Y Complex Co.,Ltd ထူထောင်ပြီး လုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပါတယ်။

“ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရား လမ်းနှစ်ခုကြားကို ရောက်နေတယ်။ အဲဒီနေရာက ရွှေတိဂုံ အနီးအနား ပတ်ဝန်းကျင်ဖြစ်တာကလည်းတစ်ကြောင်း၊ စလာကတည်းက ဦးဝိစာရလမ်းကို လေးထပ်ထက်ပိုမပေးဘူး။ လမ်းအနေအထားအရ ပေးကိုမပေးတာ။ နောက်တစ်ခုက ရွှေတိဂုံဘုရား အနီးအနားမှာဖြစ်တဲ့အတွက် အထပ်မြင့်တွေ ဆောက်တာလုပ်လို့ မရဘူး။ အဲဒါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မြေအသုံးချမှုမူဝါဒနဲ့ အမိန့်ကြော်ငြာစာတွေအရ အဲဒီနေရာကို လေးထပ်ထက် ဆောက်ခွင့်မရှိပါဘူး။ အဲဒါတွေအပြင် ရွှေတိဂုံဘုရားနဲ့ အလွန်နီးကပ်တဲ့အတွက်ကြောင့် အဲဒီနေရာကို လေးထပ်ထက် ပိုပေးလို့မရဘူး” လို့ ဇောတိက ဦးခင်လှိုင်က ဆိုပါတယ်။

ရန်ကုန်မြို့မှာ ရွှေတိဂုံစေတီရဲ့ မြင်ကွင်း၊ သက်တမ်းရှည်ကြာ မြန်မာ့အမွေအနှစ် စေတီတစ်ခု ထာဝစဉ်တည်မြဲရေး စတဲ့အချက်တွေကို အမြဲအဓိကစဉ်းစားခဲ့တာကြောင့် ဇုန်နှစ်ခုခွဲပြီး အထပ်မြင့်တွေကို ခွင့်ပြုမှု ကန့်သတ်ထားပါတယ်။ လက်ရှိ ဒီစစ်သမိုင်းပြတိုက် စီမံကိန်းဟာလည်း ပြည်သူအများစု တစ်ခဲနက် ကန့်ကွက်ခဲ့တာကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ ဒဂုံစီးတီးစီမံကိန်းပုံစံမျိုးနဲ့ အလားတူဖြစ်တာကြောင့် ပြန်လည်သုံးသပ်ဖို့ဆိုတာ မဖြစ်မနေ လိုအပ်မှာဖြစ်ပါတယ်။

လွှတ်တော်မတင်တဲ့ ရန်ကုန်စီမံကိန်းတွေ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ စီမံကိန်းပေါင်း ၁၀၀၀ ကျော် အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာ လုပ်ဆောင်ချက်တွေကို ပြန်ကြားရေးဝန်ကြီးဌာနမှာ ဖော်ပြခဲ့ပါတယ်။

လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ထဲမှာဆိုရင်လည်း ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျူးကျော်အိမ်ရာစီမံကိန်း၊ YPS ကတ်စီမံကိန်းစတဲ့ စီမံကိန်းများစွာကို အကောင်အထည် ဖော်ခဲ့တာရှိနေပြီး ဒီလို စီမံကိန်းမှန်သမျှဟာ လွှတ်တော်ရဲ့ အတည်ပြုချက် တစ်ခုမျှမပါဘဲ ပြုလုပ်နေတဲ့ စီမံကိန်းတွေဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားလိုက်ပါတယ်။

“ကြည့်မြင်တိုင်တစ်ဖက်ကမ်းက မြို့သစ်စီမံကိန်း ကျွန်တော်တို့ကို ဆွေးနွေးဖို့ဆိုပြီး တင်ပြတယ်။ ဝန်ကြီးဦးမြင့်သောင်းက ကိုယ်စားလှယ်များ ဆွေးနွေးချင်ရင် မနက်ဖြန် ၁၂ နာရီအရောက် ဆွေးနွေးမယ့်အချက်များပို့ပါဆိုတော့ ဒါတော့ ကျွန်တော်က မဖြစ်နိုင်ဘူး။ အခုမှ ချပြတယ်။ မနက်ဖြန် ၁၂ နာရီအရောက်ဆိုတော့ ကျွန်တော်တို့ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့ မဆွေးနွေးနိုင်ဘူး။ အဲဒါ လိပ်ခဲတည်းလည်းဖြစ်ပြီးတော့ ယနေ့အထိ မဆွေးနွေးဖြစ်ဘူး။ အဲဒီတော့ စီမံကိန်းတွေနဲ့ပတ်သက်လို့ ဒီနေ့အထိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်ကို အတည်ပြုချက်ရယူပြီး လုပ်တဲ့စီမံကိန်းတစ်ခုမှ မရှိပါဘူးဆိုတာကို ကျွန်တော်ပြောချင်ပါတယ်” လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ဒီလို တိုင်းဒေသကြီးလွှတ်တော်အပေါ် တင်ပြမှုမရှိဘဲ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေဟာ တည်ဆဲဥပဒေတွေအရ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပြီးတော့ ဒီအခြေအနေမျိုးတွေ ပြင်ဆင်ဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြထားပါတယ်။

“ကျော်ဇေယျရေ မဲဆန္ဒရှင်များက ပြောနေပြီ။ ရခိုင်ပြည်နယ်မှာ ပုဒ်မ ၂၅၁ အရ လိုက်မလုပ်လို့ စည်ပင်ဝန်ကြီး ဦးအောင်မင်းကို လွှတ်တော်ကနေ လုပ်လိုက်ပါတယ်။ မင်းတို့ ရန်ကုန်တိုင်းလွှတ်တော်ကရော စီမံကိန်းတွေ လိုက်မလုပ်နဲ့လို့ မင်းတို့ပြောတာ ပြောနေတာ။ ကျွန်တော်တို့ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က အနှစ်သာရချင်း မတူဘူးဗျ။ ရခိုင်ပြည်နယ်မှာက NLD ပါတီက အမတ်က နည်းတယ်။ ရန်ကုန်တိုင်းကျတော့ NLD ကများတယ်။ ကျွန်တော်တို့ကများတော့ ကျွန်တော်တို့ကလုပ်လိုက်လို့ အစိုးရအဖွဲ့ တစ်ခုခုဖြစ်သွားရင် ကျွန်တော်တို့က သားသမီးတွေလေ။ အမေ စိတ်မကောင်းဖြစ်သွားမှာတော့ စိုးရိမ်တယ်။ အဲဒါလေး တစ်ချက်လေး တစ်ချက်ပဲ။ ရခိုင်လိုမျိုးတော့ ကျွန်တော်တို့ဒီမှာ ပွင့်ပွင့်လင်းလင်းပြောရင် ရန်ကုန်တိုင်းဟာ တွန်းတွန်းတိုက်တိုက် လုပ်လို့မရတဲ့ အနေအထားလေးတွေရှိတယ်။ ခွင့်လွှတ်ပါဆိုတာကို ကျွန်တော်ပြောချင်တယ်” လို့ ဦးကျော်ဇေယျက ရန်ကုန်တိုင်းလွှတ်တော်ရဲ့ အကျပ်အတည်းအပေါ် ပြောပါတယ်။

ငလျင်ကြောင့် ဘယ်လောက်ထိခိုက်မလဲ

၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ချောက်ငလျင်ဟာ လူသေဆုံးမှုရှိခဲ့တဲ့အပြင် ကီလိုမီတာ ၅၀ ကွာဝေးတဲ့နေရာက ပုဂံရှေးဟောင်းဘုရားစေတီတွေအပေါ်ကိုလည်း ပြင်းထန်တဲ့ဂယက်ရိုက်ခတ်မှု ရှိခဲ့ပြီး ရှေးဟောင်းစေတီပုထိုးပေါင်း ၃၈၉ ဆူ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ ရစ်ချ်တာစကေး ၆ ဒသမ ၈ ရှိတဲ့ ငလျင်ဒဏ်ကြောင့် ဘုရားစေတီများစွာ ထိခိုက်ခဲ့သလို ပြန်လည်ပြုပြင်ဖို့ အတွက်ကိုလည်း ကျပ် ခြောက်ဘီလျံကျော် ကုန်ကျမှာဖြစ်ပါတယ်။

ဒီလိုပဲ ၂၀၁၇ ခုနှစ် မတ် ၁၃ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ တိုက်ကြီးငလျင်ဟာ ပြင်းအား ၅ ဒသမ ၈ ရှိပြီးတော့ လူနှစ်ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း များပြားခဲ့ပြီးတော့ ကျပ် သန်း ၂၀၀ လောက်အထိ ဆုံးရှုံးမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလို နစ်နာဆုံးရှုံးမှုတွေ များပြားလွန်းနေတဲ့ ငလျင်လှုပ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ရဲ့ စံနှုန်းမမီတဲ့ ကန်ထရိုက်တိုက်တွေနဲ့ ငလျင်ဒဏ်ကို ခံနိုင်ရည်မရှိနိုင်လောက်တဲ့ တိုက်အိုဟောင်းတွေကြောင့် ရန်ကုန်မှာသာ ငလျင်လှုပ်ခတ်ရင် ဘယ်လောက်အထိ တိုင်းပြည်နစ်နာနိုင်သလဲဆိုတာ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

ဒီလိုအခြေအနေနဲ့ မေးခွန်းတွေ ထွက်ပေါ်လာမှုနဲ့တစ်ပြိုင်နက် ရန်ကုန်မှာ ထန်းတပင်မြို့နယ်နဲ့ ၁၃ မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၃ ဒသမ ၉ သာရှိတဲ့ အင်အားနည်းငလျင်လှုပ်ခတ်မှု ဇန်နဝါရီ ၁၃ ရက်က ဖြစ်ပွားခဲ့ပြီး အင်အားနည်းပါးပေမယ့် ငလျင်ဒဏ်ကို ရန်ကုန်မြို့နေသူတွေ သိသာစွာ ခံစားခဲ့ရပါတယ်။ ဒီလိုသိသာစွာ ခံစားခဲ့ရတဲ့ အခြေအနေတွေကြောင့် အရင်အစိုးရလက်ထက် လွန်ခဲ့တဲ့ လေးနှစ်က မြေကြီးအတွင်း မြှုပ်နှံထားတဲ့ Seismic စက်တွေနဲ့ တိုင်းတာချက်အရ မြေငလျင်လှုပ်ချိန်မှာ ရန်ကုန်မြို့က မြို့နယ်အလိုက် ပြိုကျနိုင်တဲ့တိုက်တွေ၊ ထိခိုက်နိုင်တဲ့ အခြေအနေတွေကို ပြည်သူတွေသိရှိစေဖို့ ဖွင့်ချပေးမယ်လို့ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အထွေထွေအတွင်းရေးမှူး ဦးအေးလွင်က ဆိုပါတယ်။

ငလျင်ကြောင့် လူသေတယ်၊ ထိခိုက်တယ်ဆိုပေမယ့် တကယ်တမ်းမှာ ငလျင်ကြောင့် သေတာ မဟုတ်ဘဲ ငလျင်လှုပ်ခတ်ချိန်မှာ ကြိုတင်ပြင်ဆင်မှု အားနည်းတာ၊ အရေးပေါ်ကယ်ဆယ်နိုင်မှုမရှိတာ၊ တိုက်တာ အဆောက်အအုံပြိုကျတာ၊ မီးလောင်ကျွမ်းမှု စတာတွေကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က နီပေါနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၈ ပြင်း အားရှိတဲ့ငလျင်ကြောင့် လူဦးရေ ၉၀၀၀ ကျော်သေဆုံးပြီး သောင်းနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့သလို လူဦးရေ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး ပြန်လည်ထူထောင်ဖို့ ဒေါ်လာဘီလျံချီ လိုအပ်တဲ့အခြေအနေမျိုး မဖြစ်စေဖို့ဆိုရင် ရန်ကုန်မှာ လိုအပ်တဲ့ကြိုတင် ပြင်ဆင်မှုတွေ အများကြီးလုပ်ထားဖို့၊ ငလျင်လှုပ်တာနဲ့ ပြိုကျပျက်စီးနိုင်တဲ့နေအိမ်တွေ ပြန်လည်ပြင်ဆင် တည်ဆောက်ဖို့ စီမံကိန်းချပါတော့လို့ တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent