<

ရင်းနှီးမြှုပ်နှံမှုတွေကို ဆုံးဖြတ်ရာမှာ အဂတိမဖြစ်ဖို့ သတ်မှတ်ချက်စံနှုန်းတွေက အရေးကြီးတယ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးအား ဇန်န၀ါရီ ၂၅ ရက်က တွေ့ရစဉ်

(၁)

“ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာကာလ ၂၀၁၆ ဟာ လေယာဉ်တစ်စင်းအနေနဲ့ ပြေးလမ်းမှာ ပြေးတယ်လို့ ယူဆရပါတယ်။ ဒီကနေ့ ဒီကာလကတော့ ပြေးလမ်းပေါ်ကနေပြီး ကမ္ဘာမြေကြီးရဲ့ ဆွဲအားကို ဆန့်ကျင်ပြီး တွန်းလှန်ပြီး ဂျက်ပါဝါနဲ့ လေထဲကို ထွက်ခွာတော့မယ့်နှစ်လို့ သတ်မှတ်ထားပါတယ်” လို့ NLD အစိုးရရဲ့ စီးပွားရေးပိုင်းဆိုင်ရာ အပြောင်းအလဲမှာ အရေးပါသူတစ်ဦးဖြစ်တဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ၂၀၁၇ ခုနှစ် ဇွန် ၆ ရက်က ပြုလုပ်တဲ့ Myanmar Investment Forum မှာ ပြောကြားလိုက်ပါတယ်။ ဒီစကားဟာ မီဒီယာတွေကြားမှာ အတော်လေးရေပန်းစားခဲ့ပြီး မြန်မာ့စီးပွား ရေးတိုးတက်ပြောင်းလဲမှုကို လိုလားတဲ့ ပြည်သူတွေ ကြားမှာလည်း ပြောစရာ ဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ဟာ Our Take Off Year ဖြစ်တဲ့အတွက် ရှိသမျှအစွမ်းအစတွေနဲ့ မီးကုန်ယမ်းကုန် ကြိုးစားပြီး စီးပွားရေးထောင်တက်နိုင်ဖို့ ဦးမော့လာဖို့ ကြိုးစားသွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးကျော်ဝင်းက ပြောကြားခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ လူထုရဲ့ ထောက်ခံအားပေးမှုနဲ့ အနိုင်ရခဲ့တဲ့ NLD အစိုးရလက်ထက်မှာ လူထုကြား အဓိကအဝေဖန်ခံရဆုံး ဖြစ်ခဲ့ရတာကတော့ စီးပွားရေးကဏ္ဍပဲ ဖြစ်ပါတယ်။ အစိုးရရဲ့နှစ်နှစ်တာအတွင်း စီးပွားရေးပြောင်းလဲမှုတွေကို လူထုက အားမလို အားမရဖြစ်ခဲ့ပြီး အဘက်ဘက်က ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အတွက် အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာရော မဟာဗျူဟာပိုင်းဆိုင်ရာ ချမှတ်ဆောင်ရွက်မှုတွေအပေါ် မေးခွန်းထုတ်လာကြပါတယ်။ မီဒီယာတွေကလည်း မြန်မာ့စီးပွားရေး ပြိုလဲသွားနိုင်သလားဆိုတဲ့ အခြေအနေအထိ စိုးရိမ်စရာကောင်းလာတဲ့အချက်တွေကို ဘက်ပေါင်းစုံကနေ ယနေ့အချိန်အထိ ထောက်ပြဝေဖန်မှုတွေ လုပ်နေကြပါတယ်။

(၂)

နှစ်နှစ်တာကာလအတွင်းမှာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ အညွှန်းကိန်းတွေ၊ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်တွေကပြောတဲ့ အခြေအနေတွေကလည်း ပြုပြင်ပြောင်းလဲမှုမှာ အများထင်ထားသလို မဖြစ်လာသေးဘူးဆိုတာ ပြနေပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းကာလတွေဟာ အစိုးရရဲ့ ပထမဆုံးနှစ်ဖြစ်တဲ့အတွက် မျှော်လင့်သလောက် စီးပွားရေးတိုးတက်လာမှုမရှိတာကို လက်ခံပေမဲ့ ၂၀၁၇ ခုနှစ်မှာ မှန်ကန်တဲ့မူဝါဒတွေ ချမှတ်ပြီး အခု ၂၀၁၈ ခုနှစ်ကာလတွေက မြန်မာ့စီးပွားရေး သိသိသာသာ တိုးတက်ရမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ မြန်မာ့စီးပွားရေးဟာ ပုံမှန်လည်ပတ်နိုင်တဲ့ အခြေအနေမှာ မတွေ့ရဘဲ ၂၀၁၆ ခုနှစ်ထက်ပိုတဲ့ စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရတာဟာ အံ့သြစရာဖြစ်စေပါတယ်။ တချို့တွေက မြန်မာ့စီးပွားရေးအရှိန် အဟုန်နဲ့ တိုးတက်နေပါတယ်ဆိုပြီး အချက်အလက် ကိန်းဂဏန်းအမှားတွေနဲ့ ဟစ်ကြွေးနေတဲ့အချိန်မှာ စီးပွားရေးလုပ်သာကိုင်သာရှိတဲ့ Doing Business မှာတော့ အဆင့်တွေ ကျဆင်းခဲ့တာဟာ လက်ရှိစီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ ကြိုးနီစနစ်တွေရှိနိုင်သေးတယ်၊ မူဝါဒပိုင်းနဲ့ မဟာဗျူဟာပိုင်းမှာ စနစ်တကျ လုပ်ဆောင်နိုင်မှုအားနည်းနေတယ်ဆိုတဲ့ အခြေအနေကို ပြသရာရောက်စေပါတယ်။

၂၀၁၇ ခုနှစ်အတွင်းမှာ ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးစစ်တမ်း သုံးစောင်အနက် အမေရိကန်အခြေစိုက် IRI (International Republican Institute) က ထုတ်ပြန်တဲ့ စစ်တမ်းမှာ ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ဟာ အကောင်းဘက်မှာ ရှိနေတယ်လို့ ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းရှိပြီး လက်ရှိအစိုးရလက်ထက်မှာ ၇၅ ရာခိုင်နှုန်းသာရှိခဲ့တဲ့အတွက် ကောက်ခံမှုအချက်အလက် Result မှာ အကောင်းမြင်မှု ကျဆင်းသွားတယ်ဆိုတဲ့အချက်ကို ကောက်ချက်ဆွဲလို့ရသွားစေပါတယ်။ ဒါ့အပြင် ဦးသိန်းစိန်အစိုးရလက်ထက်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို အဆိုးဘက်ရောက်နေတယ်လို့ ထင်မြင်ယူဆမှုဟာ စစ်တမ်းရဲ့ ခြောက်ရာခိုင်နှုန်းပဲရှိပေမဲ့ လက်ရှိအစိုးရမှာတော့ အဆိုးမြင်မှု ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ စစ်တမ်းကဆိုပါတယ်။

မြန်မာ့စီးပွားရေးအပေါ် စစ်တမ်းကောက်ယူချိန်မှာ ကောင်းမွန်တယ်လို့ ဖြေဆိုသူဟာ ဦးသိန်းစိန်လက်ထက်က ၇၃ ရာ ခိုင်နှုန်းရှိခဲ့ပြီး NLD အစိုးရလက်ထက်မှာ ၅၃ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပြန်ပါတယ်။

အခြားစစ်တမ်းတစ်စောင်ဖြစ်တဲ့ Myanmar Insider က သုံးလတစ်ကြိမ် ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်းမှာတော့ ဦးသိန်းစိန်အစိုးရလက်ထက်က စီးပွားရေးစီမံခန့်ခွဲမှုကောင်းမွန်ခြင်း ၄၆ ရာခိုင်နှုန်း၊ ပုံမှန်အခြေအနေ ၂၇ ရာခိုင် နှုန်းနဲ့ စီမံခန့်ခွဲမှုမကောင်းတဲ့ အခြေအနေက ၁၉ ရာခိုင်နှုန်းလို့ ဖော်ပြခဲ့ပြီး NLD အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှု မကောင်းမွန်မှုကို ၅၈ ရာခိုင်နှုန်း၊ ပုံမှန်အခြေအနေလို့ ထင်မြင်ယူဆမှုမှာ ၂၇ ရာခိုင်နှုန်းကောင်းမွန်တယ်လို့ ယူဆထင်မြင်မှုမှာ ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ယခင်အစိုးရနဲ့ ယခုအစိုးရနှိုင်းယှဉ်တဲ့ စီးပွားရေးအခြေအနေစစ်တမ်းအရ သိရပါတယ်။ ဒါ့အပြင် နောင်လာမယ့် သုံးလအတွင်း စီးပွားရေးကျဆင်းမှု ပိုဆိုးမယ်လို့ ထင်မြင်မှု ၆၉ ရာခိုင်နှုန်း၊ ငွေကြေးဖောင်းပွမှု ပိုဆိုးသွားမယ်လို့ ထင်မြင်မှု ၇၇ ရာခိုင်နှုန်းနဲ့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားမယ်လို့ ထင်မြင်မှု ၆၉ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ စစ်တမ်းကဖော်ပြလိုက်တာဟာ မြန်မာ့စီးပွားရေးအတွက် စိုးရိမ်စရာအချက်တွေ ဖြစ်စေခဲ့ပါတယ်။

ဥရောပအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Roland Berger ရဲ့ စစ်တမ်းမှာ ၂၀၁၆ ခုနှစ်အတွင်း ကျဆင်းခဲ့တဲ့ စီးပွားရေးနဲ့ပတ်သက်တဲ့ထုတ်ပြန်မှု ပထမစစ်တမ်းမှာ မြန်မာ့စီးပွားရေးတိုးတက်မယ်လို့ ၇၃ ရာခိုင်နှုန်းက ယုံကြည်ပေမဲ့ ရှင်းလင်းတဲ့ စီးပွားရေးမူဝါဒမရှိတာ၊ ဥပဒေပြုကိစ္စရပ်တွေ မှန်းဆရခက်တာ၊ မူပိုင်ခွင့်ကာကွယ်ပေးမှု မရှိတာ၊ ကျွမ်းကျင်လုပ်သားရှားပါးတာဟာ စီးပွားရေးတိုးတက်ဖို့ အတားအဆီးတွေ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် စစ်တမ်းကိုဖြေဆိုသူတွေရဲ့ ရာခိုင်နှုန်း ၉၀ ကျော်ဟာ အစိုးရရဲ့မူဝါဒတွေ ပွင့်လင်းမြင်သာမှုရှိရေး၊ တည်ငြိမ်တဲ့ လျှပ်စစ်ပံ့ပိုးမှုရရှိရေး၊ ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ ကောင်းမွန်လာရေး၊ ဘဏ္ဍာရေးကဏ္ဍ ပြောင်းလဲရေး၊ မျှတတဲ့ယှဉ်ပြိုင်မှုများ မြှင့်တင်ပေးရေးနဲ့ ပညာရေးပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန်လိုအပ်နေတယ်ဆိုတဲ့ အချက်တွေကို အကြံပြုထားကြပါတယ်။ ဒီလို ထောက်ပြမှုတွေကို ၂၀၁၇ ခုနှစ်အတွင်းမှာ ပီပီပြင်ပြင် ပြောင်းလဲပြင်ဆင်နိုင်မှု မရှိခဲ့တဲ့အတွက် စီးပွားရေးဆိုင်ရာ ယုံကြည်စိတ်ချရမှုမှာ ယခင်က ၇၃ ရာခိုင်နှုန်းကနေ ၂၀၁၇ ခုနှစ်မှာ ၄၉ ရာခိုင်နှုန်းကို သိသိသာသာ ကျဆင်းသွားခဲ့ရပါတယ်။

စစ်တမ်းတွေ၊ အချက်အလက်တွေဟာ အပြောင်းအလဲတွေရှိမယ်၊ ကွာဟမှုတွေရှိမယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်တဲ့နေရာမှာတော့ အလေးထားသင့်တဲ့ ကိန်းဂဏန်းဆိုင်ရာ အချက်အလက်အညွှန်းကိန်းတွေပဲ ဖြစ်ပါတယ်။ အခုလို နာမည်ကြီးအဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေ၊ ထောက်ပြမှုတွေဟာ အစိုးရတစ်ရပ်ရဲ့ အခြေအနေအရပ်ရပ်အပေါ် အတက်အကျ နှိုင်းဆလို့ရနိုင်ပါတယ်။

ဒီလို ကိန်းဂဏန်းအချက်အလက်တွေကပြောတဲ့ စီးပွားရေးဆိုင်ရာ အညွှန်းကိန်း ကျဆင်းမှုတွေဟာ ဘာကြောင့်လဲ။ အစိုးရရဲ့ စီးပွားရေးပိုင်းဆိုင်ရာ မူဝါဒမှာဘာတွေ လွဲမှားနေသလဲ။ မဟာဗျူဟာပိုင်းမှာရော ဘယ်လိုအားနည်းချက်တွေ ရှိနေသလဲ။ ဒါမှမဟုတ်ရင် ချမှတ်လိုက်တဲ့မူဝါဒနဲ့ မြေပြင်မှာ တကယ်ဆောင်ရွက်ခဲ့ရတဲ့ မဟာဗျူဟာပိုင်း ကွဲလွဲမှုတွေရှိနေသလား။ လူထုကြားမှာ စိုးရိမ်နေသလို မြန်မာ့စီးပွားရေး ဆိုးရွားမှု ရေချိန်မြင့်လာရတာဟာ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် မဖြေရှင်းနိုင်လို့လား။အောက်ခြေမှာ ကြိုးနီစနစ်တွေကို ပြေလျော့သွားအောင် မလုပ်နိုင်တဲ့အပြင် အစိုးရ အပြောင်းအလဲ၊ မူဝါဒအပြောင်းအလဲကြားမှာ လုပ်ငန်းပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့နေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ပျောက်ဆုံးနေတာကြောင့်လား။ မေးစရာမေးခွန်းတွေ အများကြီးဖြစ်လာပါပြီ။ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း ဒီမေးခွန်းတွေကို စနစ်တကျကိုင်တွယ်ဖြေဆိုနိုင်မှ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေရဲ့ လက်တွေ့အကျိုးဆက်ရလဒ်ကောင်းတွေကို ပြည်သူတွေ ခံစားနိုင်လိမ့်မယ်ဆိုတာကိုတော့ ငြင်းလို့မရနိုင်ပါဘူး။

(၃)

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့စီးပွားရေးတိုးတက်ကောင်းမွန်လာဖို့ မူဝါဒပိုင်းဆိုင်ရာမှာ တိုက်ရိုက်ကိုင်တွယ်လုပ်ဆောင်ပေးနေတာ တွေ့ရသလို စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေအတွက် ၀န်ကြီးဦးကျော်ဝင်းရဲ့ စီမံကိန်း နဲ့ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မဟာဗျူဟာပိုင်း ဆောင်ရွက်မှုတွေက များစွာအရေးပါပါလိမ့်မယ်။ အထူးသဖြင့် မြန်မာ့စီးပွားရေးနဲ့ပတ်သက်ရင် အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို အဓိက ကိုင်တွယ်လုပ်ဆောင်ရတယ်။ အရေးပါတဲ့ဆုံးဖြတ်မှုတွေကိုပေးနေရတဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ကဏ္ဍကလည်း အလွန်အရေးကြီးပါတယ်။ MIC လို့ ခေါ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ရဲ့ ဥက္ကဋ္ဌအဖြစ်ကိုလည်း ၀န်ကြီး ဦးကျော်ဝင်း က တာဝန်ယူထားတာဖြစ်ပါတယ်။

အစိုးရရဲ့ စီးပွားရေးပေါ်လစီမှာ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ အတိမ်းအစောင်းဖြစ်လို့မရသလို တာဝန်ယူမှုလည်းကြီးပါတယ်။ ဒါကြောင့် အရင်အစိုးရလက်ထက်မှာဆိုရင်လည်း MIC ဥက္ကဋ္ဌလုပ်ခဲ့တဲ့ ဦးစိုးသိမ်းဟာ ဝေဖန်မှုအခံရဆုံးဖြစ်သလို MIC ရဲ့ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုနဲ့ ဆုံးဖြတ်ချက်တွေဟာ စီးပွားရေးနယ်ပယ်မှာသာမက လူအများရဲ့ စိတ်ဝင်စားမှုခံရပါတယ်။

လတ်တလောမှာတော့ MIC နဲ့ပတ်သက်ရင် ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေးစခန်းတွေ လုပ်ကိုင်ခွင့်တင်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေကြားမှာ အငြင်းပွားစရာ၊ မေးခွန်းထုတ်စရာဖြစ်နေတဲ့အခြေအနေကို စုံစမ်းသိ ရှိရပါတယ်။ လက်ရှိအချိန်မှာ ကမ်းလွန်ထောက်ပံ့ရေးစခန်းတွေကို လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီလေးခုအထိ ရှိနေတယ်။ အဲဒီအခြေအနေမှာ နောက်ထပ်ကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ထပ်ပေးဖို့ ရှိတယ်ဆိုတဲ့အပေါ် ၀ိဝါဒကွဲစရာတွေ ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး  အစိုးရ၀န်ကြီးဌာနပဲဖြစ်ဖြစ်၊ MIC ပဲ ဖြစ်ဖြစ် သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စီးပွားရေးပိုင်းဆိုင်ရာ ဆောင်ရွက်ပုံအဆင့်ဆင့်အပေါ် အဂတိကင်းမှု၊ နိုင်ငံအတွက် အမှန်တကယ် အကျိုးရှိနိုင်မယ့်အခြေအနေတွေအပေါ် ချိန်ထိုးသုံးသပ်နိုင်ဖို့ စောင့်ကြည့်ခံရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒီနေရာမှာ မြန်မာ့စီးပွားရေးနဲ့ပတ်သက်ပြီး အခုလို ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ၊ လူထုအတွက် အကျိုးသက်ရောက်မှု ရှိစေမယ့် လုပ်ငန်းတွေမှာ တာဝန်ရှိသူတွေ ရဲ့ Credibility ဟာ များစွာအရေးပါတာ အမှန်ပဲဖြစ်ပါတယ်။ ဒီနေရာမှာ စီးပွားရေးတိုး တက်ဖို့အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ အရေးပါသလို လူထုအကျိုးစီးပွား၊ အမျိုးသား အကျိုးစီးပွား၊ နိုင်ငံရဲ့ လုံခြုံမှုပိုင်းဆိုင်ရာနဲ့  သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာ ခြုံငုံအကျိုးဖြစ်ထွန်းနိုင်မှုအပေါ် မှန်ကန်တဲ့ ဆုံးဖြတ်မှုတွေလည်း လိုတယ်ဆိုတဲ့အချက် ကိုလည်း ထောက်ပြချင်ပါတယ်။

(၄)

စီးပွားရေးလုပ်ငန်းရှင်အချို့ထံက စုံစမ်းသိရတဲ့အချက်တွေအရ မြန်မာနိုင်ငံမှာ ကမ်းလွန်ထောက်ပံ့ရေးစခန်း တည်ဆောက် လုပ်ကိုင်ခွင့် ကုမ္ပဏီလေးခု ရရှိထားတယ်။  နောက်ထပ် ဈေးကွက်ယှဉ်ပြိုင်မှုအရ အပြိုင်အဆိုင်တွေ ထပ်ဖြစ်လာဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်လက်ခံဖို့ အခြေအနေတွေရှိနေပြီ။ ဒီလို အခြေအနေမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ နဲ့ MIC ဟာ သူတို့ရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းအဆင့်ဆင့်မှာ စိစစ်ဆောင်ရွက်မှုတွေ လုပ်ရပြီဆိုရင် ဒေါ်လာသန်းရာနဲ့ချီ မြှုပ်နှံမှုတွေ လုပ်ရတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံအတွက်၊ လူထုအကျိုးစီးပွားအတွက်၊ မျှတတဲ့ ယှဉ်ပြိုင်မှုတွေအတွက် များစွာသတိထားရပါမယ်။

ဒီလို ကမ်းလွန်ထောက်ပံ့ရေးစခန်း လုပ်ကိုင်ခွင့်နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတည်ပြုမိန့်ထုတ်ပေးရတဲ့အပိုင်းမှာ စံသတ်မှတ်ချက် Criteria တွေက များစွာ အရေးပါပါတယ်။ ဒီလိုပဲ အဲဒီ စံသတ်မှတ်ချက်တွေဟာ အများပြည်သူအတွက် ပွင့်လင်းမြင် သာမှုရှိရမှာဖြစ်သလို နိုင်ငံတကာစံနှုန်းနဲ့အညီ လိုက်နာနိုင်ဖို့ကလည်း အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးပါတယ်။ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံထွက်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့၊ သယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ လိုအပ်တဲ့ သိုလှောင်ကန်တွေ၊ ဆီတင် ဆီချ၊ ဆိပ်ခံတံတားတွေ၊ ပိုက်လိုင်းတွေ၊ ဆက်စပ် စက်ကိရိယာပစ္စည်းတွေနဲ့ အဆောက်အအုံတွေကို တည်ဆောက်တပ်ဆင်တဲ့ လုပ်ငန်းတွေမှာ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်တွေ ရှိပါတယ်။ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေရဲ့ အခြေအနေဟာ ကြီးမားကျယ်ပြန့်ပါတယ်။

မြန်မာ့ကမ်းလွန်လုပ်ကွက်တွေကို အကြမ်းအားဖြင့် ရခိုင်ဒေသမြောက်ပိုင်း ကမ်းလွန်လုပ်ကွက်တွေ၊ ရခိုင်ကမ်းလွန်ဒေသတောင်ပိုင်းနဲ့ အလယ်ပိုင်း၊ ဧရာဝတီနဲ့ မုတ္တမ ပင်လယ်ကွေ့က ကမ်းလွန်လုပ်ကွက်တွေ၊ တနင်္သာရီဒေသတောင်ပိုင်း ကမ်းလွန်လုပ် ကွက်တွေဆိုပြီး သုံးပိုင်းခွဲခြားထားပါတယ်။ ဒီနေရာတွေမှာ OSB Offshore Supply Base လုပ်ငန်းတွေထားရှိဖို့ ပထ၀ီအနေအထားအရ ကမ်းလွန်လုပ်ကွက်တွေကို သင်္ဘော နဲ့ အချိန် ၂၄ နာရီအတွင်း ထောက်ပံ့မှုပြုနိုင် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာ နိုင်ငံအ တွင်းစံချိန်စံညွှန်းကိုက်ညီတဲ့ ကမ်းလွန် ထောက်ပံ့ရေးစခန်း လုံးဝမရှိခဲ့တဲ့အတွက် ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးဆိုင်ရာ ထောက်ပံ့ရေးသင်္ဘောတွေဟာ စင်ကာပူနဲ့ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းတွေအထိ အသွားအပြန် ပြုလုပ်နေကြရပါတယ်။ အဲဒီမှာ အချိန်အားဖြင့် ရက်သတ္တပတ်တစ်ပတ်လောက်အထိ ပိုမိုကြန့်ကြာစေတဲ့ အပြင် နိုင်ငံအတွက် ရသင့်ရထိုက်တဲ့အခွန် ဘဏ္ဍာတွေလည်း လက်လွတ်ဆုံးရှုံးရသလို ဖြစ်နေပြန်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေ တူးဖော်ရေးလုပ်ငန်းမှာ OSB ခေါ် ကမ်းလွန် ထောက်ပံ့ရေးစခန်းတွေ မရှိမဖြစ်လိုအပ်နေတာလည်း အမှန်ပါပဲ။

ဒါပေမဲ့ နိုင်ငံတကာအဆင့်အတန်းမီ OSB လုပ်ငန်းဆောင်ရွက်မှုဟာ လွယ်ကူတဲ့ လုပ်ငန်းမဟုတ်ဘဲ အထက်ကပြောခဲ့သလို ငွေကြေးအပါအ၀င် ရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်ပါတယ်။ နိုင်ငံရဲ့စီးပွားရေးအရ အလားအလာကောင်းတဲ့ ဈေးကွက်တွေလည်း ရှိဖို့လိုပြန်ပါတယ်။ ဒီလိုအခြေအနေမှာ OSB လုပ်ငန်းလေးခုရှိနေတယ်ဆိုတာတောင် ဈေးကွက်လိုအပ်ချက်အခြေအနေမှန်နဲ့ ချိန်ထိုးစဉ်းစားဖို့ လိုအပ်နေပါတယ်။ ဘာကြောင့်လည်းဆိုရင် OSB လုပ်ငန်းတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့ လုပ်ငန်းအောင်မြင်မှု အခြေအနေနဲ့  သက်ဆိုင်နေတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒေသတွင်းအခြားနိုင်ငံတွေရဲ့ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်း တည်ထောင်ထားမှုအခြေအနေကိုကြည့်ရင် မလေးရှားနိုင်ငံမှာ နှစ်ခု၊ ထိုင်းနိုင်ငံမှာ သုံးခု၊ ဗီယက်နမ်မှာသုံးခု၊ စင်ကာပူမှာ တစ်ခု၊ အင်ဒိုနီးရှားမှာလေးခု၊ ဖိလစ်ပိုင်မှာ တစ်ခု ၊ အရှေ့ တီမောမှာ တစ်ခုပဲရှိတာ တွေ့ရပါတယ်။ ပင်လယ်ဧရိယာကြီးမားပြီး ကျွန်းပေါင်းများစွာ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာပဲ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်း လေးခုရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ OSB လေးခုရှိနေပြီဆိုတာတောင် စံသတ်မှတ်မှုအရ စဉ်းစားစရာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စံသတ်မှတ်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက်စခန်း OSB လုပ်ကိုင်ခွင့်ဟာ နှစ်ခုခန့်သာ ရှိသင့်တယ်။ လိုအပ်တာထက် ပမာဏပိုမိုများ ပြားနေမယ်ဆိုရင် စီးပွားရေးရှုထောင့်အရရော လုံခြုံရေးရှုထောင့်အရပါ သင့်လျော်မှု မရှိဘူးဆိုတဲ့အချက်ကို တွေ့ရမှာဖြစ်ပါတယ်။

(၅)

အထက်ကပြောခဲ့တဲ့ အခြေအနေအရဆိုရင် OSB နဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းကို တာဝန်ရှိသူတွေအနေနဲ့ စံချိန်စံညွှန်းတွေအပေါ် မူတည်ပြီး စိစစ်သုံးသပ်ဖို့လိုမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါ လတ်တလော စုံစမ်း ကြားသိနေရတဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ မှာ ရှိနေတဲ့ အခြေအနေတစ်ခုနဲ့ ဥပမာပေး သုံးသပ်ရတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ပြည်တွင်းရော၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအပေါ် အလေးထားရမှာ မှန်သလို စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ မှာ စီးပွားရေးနဲ့ဆိုင်တဲ့ သုံးသပ်အကဲဖြတ်မှုတွေမှာ အဂတိရှင်းရှင်း၊ ဆုံးဖြတ်ချက်မှန်မှန်၊ ခိုင်မာတဲ့မူဝါဒအပေါ် အခြေခံတဲ့မဟာဗျူဟာ လုပ်ဆောင်မှုအဆင့်ဆင့်ကို လျစ်လျူမရှုမိဖို့ လိုပါတယ်။

ပွင့်လင်းမြင်သာမှုရှိရမှာဖြစ်သလို ဥပဒေတွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ၊ စံသတ်မှတ်ချက်တွေအပေါ် အခြေပြုတဲ့ ဆုံးဖြတ်ဆောင်ရွက်မှုတွေကသာ အဂတိတရား ကင်းရှင်းတဲ့ဆောင်ရွက်ချက်တွေ ဖြစ်ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ သယံဇာတတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေကို နက်ရှိုင်းစွာ လေ့လာပါက အဂတိလိုက်စားမှုတွေဟာ အစိုးရ ကန်ထရိုက်ခွင့်ပြုချက်တွေ၊ အကျိုးခံစားခွင့်တွေ နဲ့ ရငွေတွေ၊ စည်းမျဉ်းစည်းကမ်းရှောင်လွှဲမှုတွေ စတဲ့ အခြေအနေအမျိုးမျိုးအောက်မှာ ဖြစ်ထွန်းပေါ်ပေါက်နေတယ်လို့ EITI အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ဇန်န၀ါရီ ၂၂ ရက်က ပြုလုပ်တဲ့ ‘အဂတိလိုက်စားမှု တိုက်ဖျက်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့’ စာတမ်းဖတ်ပွဲမှာ ‘အဂတိလိုက်စားမှု တွန်း လှန်ဖို့ ပွင့်လင်းမြင်သာဖော်ဆောင်စို့’ စာတမ်းမှာ ထည့်သွင်းဖတ်ကြားသွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံရဲ့ သယံဇာတ စီမံအုပ်ချုပ်မှုအပေါ် NRGI (Natural Resource Governance Institute) ရဲ့ စစ်တမ်းအရ နိုင်ငံပေါင်း ၈၉ နိုင်ငံကို လေ့လာရာမှာ မြန်မာနိုင်ငံရဲ့ သယံဇာတစီမံအုပ်ချုပ်မှုအညွှန်းကိန်းဟာ ရေနံနဲ့ သဘာဝဓာတ် ငွေ့မှာ အဆင့် ၇၇ ဖြစ်ခဲ့ပြီး ကျောက်စိမ်း ကျောက်မျက်ကဏ္ဍမှာ ၈၉ နိုင်ငံနဲ့ ၈၃ နေရာ မှာသာရပ်တည်နိုင်ခဲ့လို့ ရမှတ် ၂၇ မှတ်သာ ရရှိပြီး အဆိုပါကဏ္ဍတွေကို စီမံအုပ်ချုပ်ရာ မှာ အလွန်ညံ့ဖျင်းတဲ့ အဆင့်သာရှိနေတယ် လို့ NRGI က အကဲဖြတ်ထားပါတယ်။

 

(၆)

NLD အစိုးရရဲ့ နှစ်နှစ်တာကာလအတွင်းမှာ စီးပွားရေးနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ နိုင်ငံခြားသားနဲ့ မြန်မာနိုင်ငံသား နှစ်ခုရှိတာကို တစ်ခုတည်းပေါင်းဖို့ကိစ္စ၊ နည်းဥပဒေတွေထွက်ဖို့ကိစ္စ လုပ်ခဲ့တာတွေဟာ ကောင်းမွန်တဲ့ လုပ်ဆောင်မှုလို့ စီးပွား ရေးနယ်ပယ်က သုံးသပ်ကြပါတယ်။  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပရိုမိုးရှင်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရော၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုမှာပါ အဂတိလိုက်စားမှုတွေကိုမရှိအောင် ဂရုတစိုက်လုပ်ဆောင်သင့်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံဆောင်ရွက်တဲ့အခါမှာ MIC အနေနဲ့ ရင်းနှီးမြှုပ်နှံကြတဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အမှန်တကယ်အကောင်အထည်ဖော်မှု အခြေအနေ၊ တစ်နည်းအားဖြင့် မြေပြင် on ground အခြေအနေတွေကိုလည်း မပြတ်သုံးသပ်ဖို့ လိုပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ကော်မရှင်တွေအနေနဲ့ Key Performance Indicators (KPI) ဆန်းစစ် သုံးသပ်ချက်တွေ မရှိဘူးဆိုရင် မဟာဗျူဟာပိုင်းဆိုင်ရာ အောင်မြင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံအနေနဲ့ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုကနေတစ်ဆင့် အဂတိလိုက်စားမှုကို အနည်းနဲ့အများ လျှော့ချနိုင်ပါလိမ့်မယ်။ ကုမ္ပဏီတွေအပေါ် အစိုးရ လိုင်စင်ချပေးတဲ့ လုပ်ငန်းစဉ်တွေမှာ တစ်ဦးတစ်ယောက် လူတစ်စုအတွက်မဟုတ်ဘဲ ပွင့်လင်း မြင်သာစွာ ဖော်ပြဖို့ အစိုးရနဲ့ ကုမ္ပဏီကြားချုပ်ဆိုတဲ့ စာချုပ်ပါအချက်အလက်တွေ၊ ရွေးချယ်မှုတွေ ပြုလုပ်ရာမှာ ရှိပြီးသားဖြစ်တဲ့ စံချိန်စံညွှန်းတွေကို သတိပြုလုပ်ဆောင်နိုင်မှုကနေ နိုင်ငံအတွက်လိုအပ်နေတဲ့ စီးပွားရေးပြောင်းလဲမှု လမ်းကြောင်းမှန်ပေါ်သွားနိုင်ဖို့ လိုတယ်ဆိုတာကို အကြံပြုလိုပါတယ်။

January 25, 2018














Copy Protected by Chetan's WP-Copyprotect.