စာကောင်းပေကောင်းများကို ထိန်းသိမ်းခြင်း

စာကောင်းပေကောင်းများကို ထိန်းသိမ်းခြင်း
Published 11 August 2017

(၁) စိတ်ကူးချိုချိုစာပေ၏ ၁၈ နှစ်ပြည့် စာအုပ်ဈေးရောင်းပွဲတော်ကို ဗဟန်း ကြားတောရလမ်း အဏ္ဏဝါဓမ္မဗိမာန်၌ ကျင်းပ၏။ ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်မှ ၁၃ ရက်အထိ ပွဲတော်ကာလ သတ်မှတ်ထား၏။ စာအုပ်ဝယ်သူများ စည်စည်ကားကား တွေ့ရ၏။ စာကြည့်တိုက်အတွက် ဝယ်ယူသူများ အိတ်ကြီး အိတ်ငယ်အသွယ်သွယ်တို့ဖြင့် စာအုပ်များ ထည့်သယ်သွားကြသည်ကို မြင်ရသည်မှာ စိတ်ထဲတသိမ့်သိမ့် ကြည်နူးရ၏။

အမေရိကန်ရောက်နေသော ညီတော် မောင်သားအေးညနှင့်ကလေးမြို့ရောက်နေသော ညီတော်မောင် ဓီရာလင်းတို့ကို သတိရမိ၏။ စာအုပ်သရဲလေးများ။ စာအုပ်တွေကြား လျှောက်သွားနေကြမည့်ပုံကိုလည်း မြင်ယောင်မိပါ၏။
စာအုပ်ဝယ်နေကြသူတွေကို ငေးကြည့်ရင်း မုဒိတာပွားမိ၏။ ကျွန်တော့်အဖြစ်ကို ကျွန်တော်ပြန်ကြည့်ကာ သံဝေဂလည်းရမိ၏။ လွန်လေပြီးသော တစ်ချိန်က ကျွန်တော့်မှာ ပိုက်ဆံပေါ၏။ လက်ထဲမရှိလည်း သိန်းဆယ်ဂဏန်းလောက်တော့ ယာယီဆွဲရန်ရမည့် လူများရှိ၏။ သည်တော့ လူကငွေကို သိပ်အလေးမထားချင်။ လိုချင်သူများကိုပေးပစ်၏။ စာအုပ်များ အားပါးတရဝယ်နိုင်၏။ လက်ရှိ ကျွန်တော့်မှာ စာအုပ်အဟောင်း အသစ်မျိုးစုံ အုပ် ၈၀၀၀ မျှရှိနေ၏။ အိမ်ငှားနှင့်နေရသည့် ဘ၀၀ယ် လူနေရန်ထက် စာအုပ်ထားရန် ပိုစဉ်းစားနေရသည်က အလုပ်တစ်လုပ်ဖြစ်နေ၏။ ကျွန်တော့်စိတ်ကလည်းတစ်မျိုး ခွကျ၏။ မိန်းမနှင့်သာ ခွဲနေကောင်းနေနိုင်မည်။ ကျွန်တော့်စာအုပ်များနှင့်တော့ ခွဲမနေနိုင်။ သေကာမှ ခွဲရချင်လည်း ခွဲရပါစေတော့။ အိမ်ထောင်သည်ဘ၀ စာပြင်ဆရာ စာရေးသမားဘဝမှာ ကျွန်တော်ချို့တဲ့၏။ မိန်းမနှင့် ကလေးများကို ယောက္ခမဆီပို့ထားပြီး ချွေတာစုဆောင်းရ၏။ ရသမျှငွေလေး အိမ်လခ၊ မီတာခဖယ်ပြီး မိန်းမထံ မိသားစု စရိတ်ပို့ရ၏။ ငွေပိုမသုံးနိုင်တော့သော ဘဝမှာ စာအုပ်ဝယ်ရန် အလွန်စဉ်းစားရ၏။ တစ်ချိန်က ပေါများခဲ့မှုနှင့် ယခုရှားပါးမှုတို့ကို ချိန်ထိုးကာ ဘဝ၏သဘော လောကဓံ၏သဘောကို တွေးဆသံဝေဂယူမိပါ၏။

‘ဤကူပွန်ဖြင့် လက်ဆောင်နှစ်မျိုး ထုတ်ယူပါ’

စိတ်ကူးချိုချိုစာအုပ်တိုက်၏ စေတနာ။ မြို့မကျောင်းဆရာ ဦးစံထွား၏ လောကီထုပ္ပတ် လူတို့ဇာတ် စာအုပ်အထူကြီး လက်ဆောင်ရ၏။ နောက်ထပ် လက်ဆောင်တစ်မျိုးကိုကြည့်ကာ ငိုရမလို ရယ်ရမလိုဖြစ်ရ၏။ အိုင်ပက်ထည့်သော အိတ်ကလေးတစ်လုံး။ ကျွန်တော့်မှာ အိုင်ပက်မရှိပါ။

(၂) နောက်ထပ်ကူပွန်လေးတစ်ခု။

မြန်မာကျပ်ငွေငါးထောင်တန် ကူပွန်ကလေး။ ဝင်္ကပါလမ်းထဲက အိပ်မက်စိမ်း၊ မိုးကုတ်ဒေါ်ရှန်ဆိုင်တို့မှာ ကြိုက်ရာသွားစားနိုင်၏။ ဘာမျှမစားချင်လည်း ထိုကူပွန်ဖြင့် စာအုပ်ဝယ်နိုင်၏။ ကျွန်တော်ဘာမှမစားပါ။ စာအုပ်သာ ဝယ်လိုက်၏။ ဆရာကြီးတိုက်စိုး၏ စာပေါင်းချုပ်စာအုပ်ဖြစ်၏။

ဆရာကြီးတိုက်စိုး၏ စာပေါင်းချုပ်ကို စာသမား၏ စာပေါင်းချုပ်(၁)ဟု အမည်ပေးထား၏။ စာပေ၊ စာပေဝေဖန်ချက်၊ နိဒါန်း။ အမှာစာ၊ အက်ဆေး၊ ခရီးသွား၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ရိုးရာအထိမ်းအမှတ်၊ စာကိုးစကားကိုး (စာအုပ်)၊ ပြတိုက်နှင့်စာကြည့်တိုက်၊ အင်တာဗျူး။ ထိုကဏ္ဍများ စုစည်းဖော်ပြထား၏။ ဆရာကြီးတိုက်စိုး၏ လက်ရာများကို တဝကြီးဖတ်ရှုရမည့် စာအုပ်ကြီးဖြစ်၏။

အထူးသဖြင့် ဆရာကြီး၏အက်ဆေးများကို တစုတဝေးတည်း ဖတ်ရှုရသည်မှာ အလွန်ကျေနပ်အားရဖွယ် ကောင်းလှ၏။

ဆရာကြီးတိုက်စိုး၏ စာပေါင်းချုပ်အပြင် ဦးသိမ်းနိုင်၏ မြန်မာနိုင်ငံစာပေနှင့် အမျိုးသားလှုပ်ရှားမှုသမိုင်း (၁၃၀၀ ပြည့် အရေးတော်ပုံခေတ်)၊ ဆရာကြီးဒေါက်တာသန်းထွန်း၏ စာတမ်းနှင့်ဆောင်းပါး ၁၈ စောင်၊ အမျိုးသားပညာဝန် ဦးဖိုးကျား၏ သီပေါမင်းပါတော်မူ အရေးတော်ပုံနှင့် အခြားစာပဒေသာများ၊ ဆရာကြီးတင်မိုး၏ ပင်လယ်များကို ဖြတ်သန်းခြင်း၊ ဆရာကြီးဒဂုန်တာရာနှင့် တွေ့ဆုံခြင်းပေါင်းချုပ်၊ ဆရာကြီးဇေယျ၏ လောကစာဥယျာဉ်အမှတ် (၁) အစရှိသော စာအုပ်ကောင်းများကိုလည်း တွေ့ရ၏။

စိတ်ကူးချိုချို၏ ၁၈ နှစ်ပြည့် အထူးအစီအစဉ်များပင်ဖြစ်၏။

ဤတွင် စာအုပ်စာပေနှင့် ထိုစာအုပ်များကို ထိန်းသိမ်းခြင်းအကြောင်း ကျွန်တော် အတွေးမျှင် အစဉ်တန်းမိလာ၏။

(၃) မိုးဘွဲ့တေးထပ်ကလေး
သမက်တော်မာဃနှင့်၊ ယောက္ခမသူရိန်၊ သတ္တဘန့်ဘူမိန်မှာ နှစ်ဗြူဟိန်ပြိုင်ဘွင့်။ ။
တမိုးလုံးညစ်မှုံဟန်ငယ်၊ စစ်ကုမ္ဘန်ဝိုင်းလေ ရော့ထင့်။ ။
တလက်လက် လျှပ်ရည်ရှိန်တယ်၊ နတ်ဝဇီရိန် လျှံဝင့်။ ရပ်သီရိန်နဘန်မြင့်ဆီက၊ အသံနှင့်မြိုင်မြိုင်။ ။
ကြားနေသူ သူဇာလေးမှာဖြင့်၊ ပူကာဆွေး ဆွေးလိမ့်လှိုင်လှိုင်။ ။
သုံးနှစ်မှ တကြိမ်ဆိုင်သည်။ အချိန်တိုင်လည် ဘဲနှင့်၊ သည်သူရဲနတ်စစ်တွေ၊ တိုက်ချက်မြန်ပေ။ ။
ဒိုင်မိုးနတ်မရိုးလေသည်၊ တံစိုးတွေစားပြီ ထင့်လေး။ ။
သျှင်သန်းမေ
(ရှေးသတ်ပုံအတိုင်း)

ရန်ကုန်မြို့၏ ကောင်းကင်ပေါ်၌ သိကြားမင်းတို့ သမီးယောက္ခမ ရန်ဖြစ်နေကြသည်မှာ ကာလအတန်ကြာခဲ့ပါပြီ။ ရံခါမှသာ နေရောင်ကိုမြင်ရ၏။ လူများလည်း စိုတိစိုဖတ် ဖြစ်နေကြပြီ။ သည်မိုးတစိမ့်စိမ့်အောက်မှာပင် စာအုပ်စာပေ အကြောင်းကို တွေးရ၏။ အတွေးများလည်း မိုးမိနေပေါ့။

ရှေးအခါက လူများမှာ ရေးစရာ မှတ်စရာ၊ ဖတ်စရာ၊ စာပေးစာယူပြုလုပ် ဆက်သွယ်စရာ မည်သည့်စာမျှမရှိခဲ့ဟူသော စကားသည် ယုံကြည်ရန် ခဲယဉ်းလှ၏။ အိန္ဒိယသားများကမူ စာပေဆိုသည်မှာ ဂေါတမဗုဒ္ဓ ပွင့်တော်မမူမီ ရှေးပဝေသဏီကတည်းက ပေါ်ထွန်းနေပြီးသားဟု ဆိုကြ၏။

လူသားတို့၏ သမိုင်းကို တစ်နည်းနည်းဖြင့် မှတ်တမ်းတင်လာကြလေသော ခေတ်များဝယ် တဖြည်းဖြည်းနှင့် လူသားတို့ ရေးသား ဖတ်ရှုစရာ စာပေပထမဦးဆုံး အက္ခရာ စတင်ဖြစ်ပေါ်လာခဲ့၏။

ပထမဦးဆုံးအက္ခရာ စတင်ပေါ်ပေါက်လာခြင်းသည် လူသားတို့အတွက် အကြီးကျယ်ဆုံးသော တီထွင်မှုကြီးတစ်ရပ် ဖြစ်ပါ၏။

ကမ္ဘာပေါ်တွင် လူမျိုးအမြောက်အမြား၊ ဘာသာစကား အမြောက်အမြား၊ စာပေအက္ခရာ အမြောက်အမြားရှိသော်လည်း အက္ခရာအားလုံး၏ မူလအစမှာ ရှေးအီဂျစ် ပြည်တွင်ရေးခဲ့သော ဟိုင်အာရိုဂလစ် (Hieroglyphs) ရေးနည်းဖြစ်သည်ဟု သမိုင်းဆရာတို့က ယူဆကြ၏။

ဟိုင်အာရိုဂလစ်ရေးနည်း ပေါ်ပေါက်ချိန်သည် လူသားတို့၏ ရာဇဝင်၊ လူသားတို့၏သမိုင်း စတင်ချိန်ပင်ဖြစ်ပါ၏။

ဟိုင်အာရိုဂလစ်ရေးနည်းဆိုသည်မှာ အရုပ်စာရေးနည်းပင်ဖြစ်ပါ၏။ အရုပ်စာရေးနည်း မပေါ်ပေါက်မီအချိန်က လူသားတို့သည် သူတို့သိချင်၊ မှတ်ချင်၊ ဆက်သွယ်ချင် သမျှကို ဖြစ်စေ၊ သူတို့သိကျွမ်းနားလည်ထား သမျှကိုဖြစ်စေ၊ ကျောက်ခဲလေးများကို စုပုံ၍သော်လည်းကောင်း၊ ကျောက်တုံးကိုထောင်၍သော်လည်းကောင်း၊ သစ်ပင်တွင် အမှတ်အသားပြုလုပ်၍ သော်လည်းကောင်း၊ ဂူအတွင်းနံရံပေါ်မှာ အရုပ်ထွင်းဆေးခြယ်၍ သော်လည်းကောင်း ရေးသား ဆက်သွယ်ခဲ့ကြလေ၏။

အချို့သော ရုပ်ပုံများသည် အလွန်တရာ လက်ရာမြောက်လေရကား အသက်ဝင်နေသလားပင် ထင်ရသည်ဟု ဆိုကြပါ၏။

ထိုအရုပ်များသည် လူသားတို့ ဖွင့်ဆိုလိုသော အဓိပ္ပာယ်ကို ပြည့်စုံအောင် မဖော်ပြနိုင်ရကား အရုပ်တွေကို အသံတပ်ဆင်ပေးပြီး အလိုရှိရာ လွယ်လွယ်ကူကူ ဖော်ပြနိုင်သော လက္ခဏာပုံတစ်မျိုး ပေါ်ပေါက်လာပြန်လေ၏။
ဤသည်ကား ကျွန်တော်တို့ရေးသားနေကြသော အက္ခရာစာလုံးများ၏ သမိုင်းအစဟု သိရ၏။

ထိုအက္ခရာစာလုံးများကို ရေးသားကြရာတွင် ကျောက်တုံးပေါ် ထွင်းရ ထုရ၊ ရွှံ့စေး ပေါ်ရေးပြီး မီးဖုတ်ရနှင့် အပန်းတကြီး ရေးသားကြရ၏။ ဤအခက်အခဲကို ကျော်လွှားရန် ပါပိုင်းရပ်ဟူသော စက္ကူတစ်မျိုး တီထွင်လာကြ၏။ ပါပိုင်းရပ်ဆိုသည်မှာ အီဂျစ်ပြည်ကို ဖြတ်သန်းစီးဆင်းသော နိုင်းမြစ်ကမ်းနံဘေးတွင် အလေ့ကျပေါက်သော ကျူပင်တစ်မျိုးကိုဖြန့်ပြီး လုပ်သော စက္ကူဖြစ်၏။ ထိုစက္ကူသည် အချိန်အတန်ကြာသည့်တိုင်အောင် ဆွေးမြည့်ပျက်စီးခြင်းမရှိဘဲ ခိုင်ခံ့လေသောကြောင့် အရေးကြီးသည့် စာချုပ်စာတမ်းများ ထိန်းသိမ်းထားရမည့် အချက်အလက်များကို ရေးသားမှတ်တမ်းတင်ရာ၌ အသုံးပြုကြ၏။

ပါပိုင်းရပ်စက္ကူပေါ်၌ စာရေးရန် ကျပ်ခိုးနှင့် သစ်စေးရော စပ်ရရှိသောမင်ကို အသုံးပြုကြ၏။ ရေးစရာကလောင်တံအဖြစ် ကျူပင်ကိုချွန်၍ အသုံးပြုကြ၏။ ပါပိုင်းရပ် စက္ကူမရနိုင်လျှင် ပတ်ချမင့် (Parchmint) ခေါ် သားရေစက္ကူကိုလည်းကောင်း၊ ဗဲလမ်း (Vellum) ခေါ် နွားကလေးသားရေကိုလည်းကောင်း အသုံးပြုကြ၏။

သားရေဖြင့်လုပ်သော ကျမ်းစာတစ်အုပ်လျှင် သိုးအကောင်ရေ ၃၀၀ ခန့်၏ သားရေများ ကုန်ကျသည်ဟုဆို၏။

ပုံနှိပ်စက်မပေါ်သေးသော ခေတ်ဖြစ်ရကား စာကူးသမားများက လက်ဆင့်ကမ်း ကူးယူဖြန့်ဝေ၏။ စာကူးသမားများသည် သူ့ထက်ငါ ကောင်းမွန်အောင် အပြိုင်အဆိုင် ကြိုးစားရေးကူးကြရာ အချို့စာအုပ်များမှာ လက်ရေးမူဟုပင် မထင်ရဘဲ ပုံနှိပ်ထားသလားပင် ထင်ရသောဟူ၏။

ကျွန်တော်တို့၏ မြန်မာပြည်တွင်လည်း ပုံနှိပ်စက်များ မထွန်းကားသေးမီ ခေတ်အခါက ပေရွက်ပေါ်၊ ပုရပိုက်ခေါက်ပေါ်ရေးလျက် အမှတ်အသားပြု ဆက်သွယ်ခဲ့ကြဖူးပါ၏။

လူတို့သည် လက်ရေးစာအုပ်ခေတ်မှ ပုံနှိပ်စာအုပ်ခေတ်သို့ရွေ့ရန် သစ်သားကို စာတစ်မျက်နှာစီ ရရှိအောင်ထွင်းပြီး ပုံနှိပ်ကြပြန်၏။ သစ်သားဘလောက်မှ ပုံနှိပ်သော စာအုပ်များအနက် ရှေးအကျဆုံးသော စာအုပ်နှစ်အုပ်သည် ဗြိတိသျှပြတိုက်၌ရှိ၏။ ထိုစာအုပ်နှစ်အုပ်မှာ- ၁။ ကွမ်ယင်သုတ္တန် (Kuan Yin Sutra)၊ ၂။ စိန်သုတ္တန် (Diamond Sutra) တို့ဖြစ်ကြ၏။ ကွမ်ယင်သုတ္တန်တွင် ပုံနှိပ်ခုနှစ်မပါ။ စိန်သုတ္တန်တွင် ပုံနှိပ်ခုနှစ်ပါ၏။ ခရစ် ၈၆၈ ခုနှစ် မေလ ၁၁ ရက် ဟု ကမ္ပည်းထိုးထား၏။ ထိုစာအုပ်နှစ်အုပ်ကို စာတစ်မျက်နှာလျှင် အလျားနှစ်ပေခွဲ အမြင့် တစ်ပေရှိ သစ်သားဘလောက်မှ တစ်မျက်နှာစီ ရိုက်နှိပ်ပြီးနောက် ကော်ဖြင့်ဆက်ထား၏။ အလျား ၁၆ ပေရှိသော စာအုပ်များဖြစ်၏။

ခရစ် ၇၇၀ ပြည့်နှစ်ခန့်တွင် မာဂဓဘာသာ ဂါထာမန္တရားများကို တရုတ်စာဖြင့် ဂျပန်နိုင်ငံတွင် ရိုက်နှိပ်သော ရှေးစာအုပ်များလည်း ရှိသေး၏။

ဂျာမနီနိုင်ငံတွင်မူ ခရစ်နှစ် ၁၄၁၄ နှင့် ၁၄၂၃ တို့တွင် ရိုက်နှိပ်သည်ဟု ယူဆရသည့် ကမ္ဘာ့ရှေးဟောင်း စာအုပ်များရှိသည်ဟု ဆိုကြ၏။

ထိုမှတစ်ဆင့် ရှေ့သို့တက်လာသော ဂျွန်ဂူတင်ဘတ်တီထွင်သည့် ပုံနှိပ်စာအုပ်တွင်ကား စာမျက်နှာ ၁၂၈၂ မျက်နှာရှိလာ၏။ ရွှေ့ပြောင်းနိုင်သော ပုံနှိပ်စာလုံးဖြင့် ရိုက်နှိပ်သော ပထမဆုံးစာအုပ်ဟု ဆိုကြ၏။ စာအုပ်အရွယ်အစား ၁၂ လက်မ × ၁၇ လက်မ ရှိ၏။ စာတစ်မျက်နှာတွင် နှစ်ကော်လံပါ၍ တစ်ကော်လံလျှင် စာကြောင်းရေ ၄၂ ကြောင်းပါ၏။

ထို့ကြောင့် ထိုစာအုပ်ကို ၄၂ ကြောင်း သမ္မာကျမ်းစာဟုခေါ်ကြ၏။ အတွင်းဖုံးမပါ၊ စာမျက်နှာနံပါတ်မပါ၊ ခေါင်းစဉ်လည်းမပါချေ။

(၄) ဂျွန်ဂူတင်ဘတ်၏ ၄၂ ကြောင်း သမ္မာကျမ်းစာမှ ယနေ့ခေတ် ပုံနှိပ်စာအုပ်များအထိ ရွေ့လျားချီတက်လာခဲ့သော စာအုပ်ခရီးသည် အလွန်ရှည်လျားခဲ့လေပြီ။ ချီတက်ရာ ခရီးတစ်လျှောက် မထိန်းသိမ်းတတ်၍ ပျက်စီးကွယ်ပျောက် သွားခဲ့ရသည့် စာကောင်းပေကောင်းတို့သည်လည်း မရေမတွက်နိုင်အောင် ရှိခဲ့၏။ ထိန်းသိမ်းတတ်သောကြောင့် ကျန်ရှိနေသော စာကောင်းပေကောင်းများလည်း ရှိ၏။

စာကောင်းပေကောင်းများကို ထိန်းသိမ်းရာ၌ အဟောင်းအတိုင်း ထိန်းသိမ်းထားရှိခြင်းနှင့် ထိုအဟောင်းကို အသစ်တစ်မူပွားကာ အသစ်အဖြစ် ပြောင်းလဲ ထိန်းသိမ်းခြင်းဟူ၍ နှစ်မျိုးရှိ၏။
ယနေ့ ၁၈ နှစ်ပြည့်ခဲ့ပြီဖြစ်သော စိတ်ကူးချိုချို စာပေသည်ကား စာကောင်းပေကောင်းများကို ကြိုးစားထိန်းသိမ်းနေသည်ကို တွေ့ရသဖြင့် ဝမ်းသာရပါ၏။

ကျွန်တော်အပါအဝင် စာဖတ်သူများ အဖို့တော့ သူတို့ထံမှ ဝယ်ယူဖတ်ရှုသော စာကောင်းပေကောင်းများထဲက စိတ်ဓာတ်ကောင်းများကို မိမိတို့ နှလုံးသားထဲ ပြောင်းရွှေ့ထိန်းသိမ်းထားနိုင်လျှင် ပို၍ပို၍ကောင်းမည်ဟု တွေးမိ၏။ စာအုပ်များဖတ်ပြီး မလိမ္မာလျှင် မဟုတ်သေး။ ပြောမည့်သာပြောရ ကျွန်တော်လည်း မလိမ္မာသေးပါ။

မဝယ်နိုင်သော စာအုပ်ပုံကြီးများကို ကြည့်ကာ

‘နိုင်ငံခြားလူဆိုး ဇာတ်ကားတွေထဲကလို စာအုပ်တိုက်ပိုင်ရှင်သူဌေးကို ပြန်ပေးဆွဲ။ စာအုပ်တွေနဲ့ လာရွေးလို့ လုပ်ရင်ကောင်းမလား’ ဟု စိတ်ကူးယဉ်လိုက်သေး၏။

မိုးတိတ်ပြီ။

လက်ဆောင်ရသော စာအုပ်ကလေးများပိုက်ကာ အိမ်ပြန်လာခဲ့၏။ စိတ်ကူးချိုချို အပါအဝင် စာပေလုပ်ငန်းများအားလုံး အဆင်ပြေပြေ လူသားအကျိုး ဆောင်ရွက်နိုင်ကြပါစေဟူသော ဆုတောင်းများဖြင့်…။ ။

ကိုးကား- နိုင်ငံတကာစာအုပ်နှစ် ဟောပြောပွဲစာတမ်းများ

Most Recent