ဖြတ်သန်းခဲ့သော အစိမ်းရောင်နေ့စွဲများ

ဖြတ်သန်းခဲ့သော အစိမ်းရောင်နေ့စွဲများ
Published 20 January 2018

အခြေခံပညာကျောင်းသား/ ကျောင်းသူများ (ဓာတ်ပုံ-အောင်မျိုးသန့်)

ကျွန်တော် အစိမ်းရောင်နေ့စွဲတွေကို ဖြတ်သန်းလွန်မြောက်ခဲ့တာ ဆယ်စုနှစ်တစ်ခု လွန်ခဲ့ပါပြီ။ ဆယ်စုနှစ် တစ်ခုစာမက အိပ်မက်တွေမက်ရင်း အိပ်မက်တွေကြား မျောပါခဲ့တယ်။ အစိမ်းရောင်လွင်ပြင်ကျယ်ကို ငေးမောပြီး တစ်ခါတရံ တောင်တန်းခင်းတန်းတွေအကြောင်း စိတ်လက်ပေါ့ပါးစွာ တွေးနေမိတယ်။ ‘လေးဖြူ’ ရဲ့  ‘မိုးကုပ်စက်ဝိုင်းရဲ့ ဟိုးအခြားတဖက်မှာ ဘာတွေရှိမလဲ’ ၊‘လိပ် ပြာ’ တေးသီချင်း အပိုင်းအစကို တိုးတိုးလေး ရွတ်မိတယ်။

တစ်ခါတလေ အစိမ်းရောင်ဟာ ပက်ပက်စက်စက် ဒုက္ခပေးတဲ့အကြောင်းလည်း တွေးမိတာပေါ့။ သူနဲ့ ဆက်စပ်ပြီး အစိမ်းရောင်ကို မှီခိုပြီး သဘာဝတရားကို ဝါးမျိုဖျက်ဆီးတဲ့ စိုက်ခင်းဖျက် ပိုးမွှားတွေလည်း နေရာရလာတယ်။ အစိမ်းရောင် နေ့စွဲအောက် မွေးဖွားရှင်သန်ခဲ့တဲ့ ကျွန်တော့်အတွက် အရောင်တွေရဲ့ အကြောင်းကို သေချာစွာ မသိခဲ့ဘူး။ ဒါပေမဲ့ အစိမ်းရောင်နေ့စွဲတွေကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတယ်။

ဒီနေ့ခေတ်မှာ ‘ကျောက်မီးသွေးသုံးမှ တိုးတက်မယ်’ စတဲ့ အသံတွေ ‘Clean Coal’နည်းပညာဆိုပြီး ယုံကြည်မှုရဖို့  ဂျင်းတွေထည့်နေခြင်းဟာ အရောင်ဆိုးခြင်းရဲ့ ရှေ့ပြေးနိမိတ်ပုံတွေပဲ။ အရောင်တွေဟာ တစ်ခုနဲ့ တစ်ခုကြား ထူးထူးခြားခြား ပြောင်းလဲပစ်ဖို့ မလွယ်ကူဘူးဆိုတာ သုံးသပ်မိတယ်။ တခြားအရောင်အမျိုးမျိုးနဲ့ ပုံဖျက်လိုက်ရုံ ကြာရှည်ဖုံးအုပ်နိုင်မှာ မဟုတ်ပါ။ အရင်းစစ်လိုက်ရင် ဖုံးအုပ်ထားတဲ့ အရောင်ဗူးပေါ်သလို ပေါ်လာလိမ့်မယ်။ သဘာဝတရားအောက် ကမ္ဗလာပြင်ကျယ်ဟာ သဘာဝအတိုင်း ရိုးသားနေဖို့သာ အဓိကျတယ်လို့ ယုံကြည်မိတယ်။ ဒါမှ လူသားတို့ မှီခိုအားထားယုံကြည်ဖို့ အဓိကကျလိမ့်မယ်။

စိုက်ခင်းဖျက် ပိုးမွှားတွေနဲ့ ဇီဝဓာတ်တွေ အစိမ်းရောင်ကမ္ဘာကို ဖျက်ဆီးသွားသလို ကျွန်တော်တို့ အသက်တွေလည်း တဖြည်းဖြည်း ကြီးလာခဲ့ပေါ့။ မူမမှန်တဲ့ ရာသီဥတုကလည်း ဖောက်လွှဲဖောက်ပြန်ရင်း ဆောင်းမှာရွာတဲ့မိုးလို ဘယ်လိုမှ ဆက်စပ်မရဖြစ်နေတယ်။ Man - Made အမှောင့်ပယောဂတွေကြောင့် အစိမ်းရောင်ကမ္ဘာဟာ တဖြည်းဖြည်း ပါးလျလာတယ်။ အစိမ်းရောင်ကမ္ဘာရဲ့ ရေသောက်မြစ် အဆာပလာတွေ ဗိုက်ဖွင့်ခံနေရတာလည်း ကြာပေါ့။ ဆက်ပြီးတော့လည်း ပုံမှားရိုက် ဗိုက်ဖွင့်ခံနေရဆဲပဲ။

အဖြူရောင်တွေ အစိမ်းရောင်နဲ့ ရောနှော၊ ပေးဆပ်ခြင်း အလင်္ကာတွေနဲ့ တန်းတူထိုင်ပြီး မျှတခြင်းတရားကို ဟောကြတယ်။ ‘လှည်းကျိုးထမ်းသူများ’ လို့ မိမိကိုယ်ကို သမုတ်ပြီး ခေတ်တစ်ခုလုံးကို ထမ်းပိုးခဲ့သယောင် ရှေ့တန်းမှာ ခန့်ခန့်ကြီးထိုင်ပြီး ကိုယ်ဟန်ပြတတ်ကြတယ်။ ပေးဆပ်ခြင်း အလင်္ကာတွေကို မတန်မရာ နင်းထားတယ်။ ထောက်ပြဝေဖန် မှုဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့် အာဏာသုံးပြီး ဖိနှိပ်တယ်။ အဖြူရောင်တွေ အစိမ်းရောင်ဝါဒကို ကာကွယ်ပေးရင်း အစိမ်းရောင် ဝါဒသံမှိုတွေ ဆက်လက်ရိုက်ထည့်ပေးတယ်။ ဒါဟာ နိမိတ်ပုံပျောက်ရှင်သန်ခြင်းလို့ ပုဂ္ဂလိက ခံစားချက်အနေနဲ့ တိုတိုလေး သမုတ်လိုက်မိတယ်။

တစ်ခါတရံအတွေးတွေက ဆယ်ကျော်သက် အဖြူအစိမ်းဝတ် ကျောင်းသားဘဝလေးဆီ ခေတ္တအလည်သွားမိတယ်။ ယောင်ခြောက်ဆယ်နဲ့ ဘဝရည်မှန်းချက်တွေ သောင်းပြောင်းထွေလာ ဖြစ်နေတဲ့ကာလပေါ့။ ညနေ ကျောင်းဆင်းချိန်တွေမှာ အုပ်စုလိုက် ဘောလုံးချိန်းပွဲ ကန်တတ်ကြသည်။ စနေ၊ တနင်္ဂနွေနေ့တွေဆို ထမင်းမေ့ဟင်းမေ့ပေါ့။ ကစားရင်း မကျေနပ်ချက်တွေနဲ့ ချိန်းတဲ့ရန်ပွဲတွေလည်း တစ်ခါတရံ ဖြစ်တတ်သေးတယ်။ ဒါပေမဲ့ အမုန်း အဃာတ အငြိုးအတေး မရှိ။ တစ်ယောက်နဲ့ တစ်ယောက် မကျေနပ်ချက်တွေကို စိတ်ကျေနပ်လောက်အောင်  ထိုးကြိတ်ပြီးရင် ပြဿနာလည်း ပြီးသွားစမြဲ။ အခုတော့ တချို့ကျောင်းတွေမှာ ကျောင်းသားတွေ ဘောလုံးကစားချင်တာတောင် ဘောလုံးကွင်း မရှိ။ အုတ်တံတိုင်းကြီး ခတ်ဘာညာ Project ဆိုပြီး အနီရောင်စာလုံးနဲ့ ‘မကျူးကျော်ရ’ စာလုံးတပ်ထားတာများတယ်။

ကျွန်တော်တို့ စိတ်တွေစောပြီး လူပျို ဖော်ဝင်တာလားမသိ။ အထက်တန်းရောက်တော့ ရှေ့က စီနီယာကျောင်းသားကြီးတွေကိုကြည့်ပြီး အတုမြင် အတတ်သင် ‘ဆေးလိပ်၊ ကွမ်းယာ’ တွေကို စမ်းသပ်လာတယ်။ ဒါတွေလုပ်တတ်မှ ခေတ်မီတယ်လို့ ထင်တဲ့အရွယ်ပေါ့။ ကျွန်တော်တို့တန်း ကျောင်းသားအများစုဟာ အတွေးအခေါ်ပိုင်းလည်း အားနည်းပါတယ်။ မျက်စိမှိတ် နားပိတ်ပညာရေးနဲ့ တစ်ဖက်ပိတ် သမိုင်းတွေ သင်ခဲ့ရတယ်။ စာတော်ရင် လူကောင်းလူမွန်အဖြစ် သမုတ်ခံရပြီး ဆရာတွေချစ်တဲ့ ကျောင်းသားဖြစ်ခွင့်ရပြီး  အခွင့်အရေး ပိုရတယ်။ တချို့က မိဘရဲ့ ရာထူးဂုဏ်ရှိန်ကြောင့်လည်း အခွင့်ထူးခံ ကျောင်းသားတွေဖြစ်တာလည်း ရှိတယ်။

ကျောင်းစာခန်းထဲ စာသင်နေဆဲမှာပဲ ကပ်ဆိုးကြီး ကျွန်တော်တို့ နိုင်ငံကို ဖြတ်တိုက်သွားတယ်လို့ ဆရာတွေက ပြောနေကြတယ်။ မြို့နယ်အလိုက် ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းပြီး သွားရောက်ကူညီကြတယ်။ နောက်မှ ‘နာဂစ်မုန်တိုင်း’ ကြီးက ဧရာဝတီတိုင်းကို ဝါးမြိုသွားကြောင်း သိခဲ့ရတယ်။ တချို့ဆို ရွာလုံးကျွတ် တစ်ညတည်း ပျောက်ကွယ်ခဲ့ရတာ အင်မတန် ဝမ်းနည်းစရာ ဖြစ်ခဲ့ရတယ်။ ဒါတောင် တချို့ ကျောင်းသားတွေဆို ဘာမှန်းမသိ ဖြစ်နေဆဲပါ။

မြန်မာမှာသာမက ကမ္ဘာကတောင် ပြောစမှတ်တွင် အပြစ်တင်ရှုတ်ချခဲ့တဲ့ ‘ရွှေဝါရောင် တော်လှန်ရေး’ ကာလတွေလည်း ကျွန်တော်တို့ ဘာမှန်းမသိခဲ့ကြပါ။ ဆရာတွေကလည်း မည်သူတစ်ဦးတစ်ယောက်မှ အရေးတယူ ပြောပြလေ့မရှိ။ တော်တော်အံ့သြစရာကောင်းတဲ့ သက္ကရာဇ်တွေပေါ့။ ဒီလိုသက္ကရာဇ်ကို ဘာမှန်းမသိ ဖြတ်သန်းဖူးတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြမိပါတယ်။ ဒီလောက်တောင် ဗဟုသုတနည်းရသလားလို့လည်း ယူကျုးံမရ ဖြစ်မိတယ်။ ဒါတွေဟာ ပြန်ပြင်မရတော့တဲ့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ နေ့စွဲတွေပါပဲ။

အစိမ်းရောင် နေ့စွဲတွေဟာ ကျွန်တော်တို့အတွက် သိပ်ပြီး ပျော်စရာမကောင်းဘူးလို့ ထင်မိတယ်။ လွယ်အိတ်သေးသေးလေးကို ကြိုးထုံးလွယ်၊ လုံချည်ကို ခါးပေါင်စထုတ်ဝတ်၊ အင်္ကျီအဖြူ အပေါ်ဆုံး ကြယ်သီးကိုဖြုတ်၊ နားမှာ နားကွင်သေးသေးလေးတပ်ပြီး ဂျစ်ကန်ကန်မျက်နှာပေါက်နဲ့ ဂျလေဘီဟန်လည်း ဖမ်းတတ်သေးတယ်။ အာမွှေးစုံ ကွမ်းယာကို ပါးစပ်ရဲပဒေါင်းခတ်အောင် ဝါး၊ စီးကရက်လည်း စတိုင်ကျကျ ခဲတတ်ကြသေးတယ်။ ကျောင်းအိမ်သာ၊ သေးပေါက်ခန်းတွေဆို စီးကရက်ဖင်ဆီခံတွေ ပြည့်နှက်လို့ပေါ့။ ဆရာတွေက လှည့်လည်စစ်ဆေးလို့မိရင် ကြိမ်ဒဏ်နဲ့ အပြစ်ပေးပြီးတဲ့အခါလည်း ပြီးသွားတယ်။ တချို့က မျက်နှာငယ်လေးနဲ့ အုပ်ထိန်းသူ မိဘခေါ်ယူသတိပေး ခံဝန်ချက်ထိုးခံရသူတွေလည်း ရှိတယ်။ သောက်တဲ့လူကလည်း သောက်မြဲသောက်နေတော့ စည်းကမ်းပိုင်းသိပ်တော့ ပြောင်းလဲလာတာ မတွေ့ရဘူး။

ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ပူပူနွေးနွေး ပြီးဆုံးထားတဲ့ ကာလဖြစ်တော့ ဘောလုံးဝါသနာအိုးတိုင်း စားမြုံ့ပြန် ပြောနေကြတယ်။ အဲဒီပွဲနဲ့ ဆက်စပ်ပြီး ပရီးမီးယားလိဂ်ဘောလုံးပွဲတွေ ဆက်လက်အားပေးခဲ့ကြတယ်။ ပရီးမီးယား ဘောလုံးပွဲနဲ့ (PS2) ဂိမ်းတွေစပြီး ခေတ်စားတဲ့ နှစ်တွေပေါ့။ ညည့်နက်ဘောလုံး ပွဲတွေစောင့်ရင်း (PS2) ဘောလုံးဂိမ်းတွေ ညလုံးပေါက် ဆော့ခဲ့ကြတယ်။ (PS2) ဂိမ်းကြောင့် နောက်ပေါက် ကျောင်းအုတ်တံတိုင်း ကျော်ပြီးကျောင်းလစ် ဂိမ်းဆိုင်မှာ အချိန်းဖြုန်းတတ်တဲ့ အကျင့်လည်းပါခဲ့တယ်။

အဆောင်နဲ့ ဝိုင်းကျူရှင်တွေ ခေတ်စားလာတဲ့ နှစ်တွေလည်း ဖြစ်တယ်။ ကျူရှင်နဲ့ အဆောင်လခတွေ ဂဏန်း ၁၀ အထက်ရှိတဲ့ ကာလတွေ ဖြစ်တယ်။ မိဘတွေကိုယ်တိုင်က ‘ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ’ ဆိုတဲ့ ပုံစံခွက်နဲ့ ဖိအားပေးတယ်။ ကိုယ့်ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေး ဘယ်အတိုင်းအတာ ရှိတယ်ဆိုတာ သေချာမသိကြဘူး။ ပညာရေးကို ဖိအားပေးရင်း စက်ရုပ်လူသားဆန်ဆန် အဆောင်တွေမှာ ၁၀ ဂဏန်းကျော် ပိုက်ဆံပုံအောပေးခဲ့ကြတယ်။ ဖိအားဒဏ်မခံနိုင်တဲ့ ကျောင်းသားအများစုက စိတ်ထွက်ပေါက်ရှာရင်း လမ်းမှားရောက်ခဲ့ရတယ်။ ပိုးဆိုးတာက ယာမ (မြင်းဆေး) တွေ လူငယ်တွေအကြား ကနဦး စတင်စိမ့်ဝင်တဲ့ ကာလပေါ့။ မိဘအုပ်ထိန်းသူနဲ့ ဝေးနေတာကြောင့် မကောင်းမှုတွေ စမ်းသပ်လုပ်ခဲ့ကြတယ်။ တချို့ဆို ကျောင်းတောင် ဆက်မတက်နိုင်အောင် စိတ်လေလွင့် ဘဝပျက်ခဲ့ရတယ်။ မှတ်မှတ်ရရ ကျောင်းသား ၅၂ ယောက်ရှိတဲ့ ကျွန်တော်တို့ တန်းခွဲမှာ ကျွန်တော်အပါဝင် အတန်းတင်စာမေးပွဲ ၄၅ ယောက်ကျတယ်။

ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲတွေဟာ ခံယူချက်တွေ ယောင်ဝါးဝါးပါပဲ။ စာကို  ဘာအတွက် သင်ကြားရတာလည်းတောင် တစ်ခါမှ မဆန်းစစ်မိဘူး။ ‘ဗျူး၊ ဂျူလိုင်မိုး၊ အဂ္ဂရာဇာ၊ မြိုင်ရာဇာတွတ်ပီ၊ မင်းသိင်္ခ’ စတဲ့ အပျော်ဖတ်ရုပ်ပြစာအုပ်တွေ၊ အချစ်လုံးချင်းဝတ္ထုတွေနဲ့ သိုင်းဝတ္ထုတွဲတွေသာ စာပေနဲ့ ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့က တကယ့်စာပေအနှစ်သာရ တွေပါလို့ ထင်မှတ်ပြီး အချင်းချင်းကြား ဆရာလုပ်တတ်သေးတယ်။ ပြန်ဆန်းစစ်ကြည့်ရင် တကယ့်ကို ပေါကြောင်နိုင်တဲ့ သက္ကရာဇ်တွေပဲ။

အစိမ်းရောင်ကဗ္ဗလာပြင်ကျယ်ဟာ သက်ရှိတို့အတွက် စိမ်းလန်းပြီး ရိုးသားနေဖို့သာ အဓိကကျတယ်လို့ ကျွန်တော် ယုံကြည်မိတယ်။ ပုံမှားရိုက်တဲ့ ရုပ်ရှင်တွေ ရွံမုန်း ဆက်မကြည့်ချင်တော့တာလည်း ပါမယ်။ အစိမ်းရောင်နေ့စွဲကို အကြိမ်ကြိမ်ဖြတ်သန်းခဲ့ဖူးတော့ မာယာတွေ မလိုချင်တော့ဘူး။ ကမ္ဘာမြေ ငလျင်လှုပ်ရင်တောင် အခါတော်ပေးတယ်လို့ ရူးနှမ်းတဲ့ အတွေးနဲ့ လောဆော်ဦးမယ့် ခပ်နိမ့်နိမ့် အတွေးလောက်ကို တွေးနေလို့ မဖြစ်ဘူး။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲတွေဟာ ပျော်စရာ မကောင်းဘူး။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲတွေဟာ ရည်မှန်းချက် ယောင်ဝါးဝါးပါပဲ။ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ အစိမ်းရောင်နေ့စွဲတွေဟာ အမှတ်တရ များများမရှိပါဘူး။ အစိမ်းရောင်နေ့စွဲအောက် ရှင်သန်ခဲ့တဲ့ ကျွန်တော်အရောင်တွေရဲ့အကြောင်း သေချာမသိပါဘူး။။

Most Read

Most Recent