မျှော်လင့်ခြင်းအကြောင်း

မျှော်လင့်ခြင်းအကြောင်း
Published 20 January 2018

မျှော်လင့်ခြင်းအကြောင်း ကျွန်တော် တွေးခေါ်နေမိပါသည်။ မျှော်လင့်ခြင်းကို မြန်မာ/ အင်္ဂလိပ်အဘိဓာန်များမှ ဖွင့်ဆိုထားသည့် အဓိပ္ပာယ်များကို ကျွန်တော်ထည့်မရေးတော့ပါ။ လူကြီးမင်းမှာ အဘိဓာန်ရှိပါက ရှာကြည့်ချင် ရှာကြည့်ပါလေ။ မျှော်လင့်ခြင်းနှင့် ပတ်သက်သည့် ခေတ်အဆက်ဆက် လူပညာရှိ၊ ရဟန်းပညာရှိ အကျော်အမော်များ၏ အဆိုအမိန့်များနှင့် ထင်ရှားသည့် အဖွဲ့အနွဲ့များကို ကျွန်တော် ထည့်ပြောချင်မှ ထည့်ပြောပါမည်။ ကျွန်တော်မျှော်လင့်ခြင်းအကြောင်းကို တွေးခေါ်နေမိခြင်းသက်သက်သာ ဖြစ်ပါသည်။ ထိုတွေးခေါ်ခြင်း၌ ဆိပ်ကမ်းသို့မဟုတ် ဘူတာရုံရှိရန် မလိုအပ်ပါ။ ကျွန်တော့်တွေးခေါ်မှုကို လက်ဖက်ရည်တစ်ခွက်နှင့် စတင်ရမည်လား။ သို့မဟုတ် ဆေးပေါ့လိပ်တစ်လိပ်နှင့် စတင်ရမည်လား။ ကြိုတင်ကြံစည်ထားသည့် ကိစ္စရပ်များမှ ကျွန်တော်ထွက်ပြေးလိုပါသည်။ ကျွန်တော့် မျှော်လင့်ခြင်းကို သင်၏မျှော်လင့်ခြင်းနှင့် အံဝင်ခွင်ကျဖြစ်ရန် ကျွန်တော် ကြိုးစားမည် မဟုတ်ပါ။

မျှော်လင့်ခြင်းသည် ရောက်မလာသေးသည့် လက်ဆောင်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ မျှော်လင့်ခြင်းသည် လူသားနှင့် ပတ်သက်ဆက်နွှယ်သည့် မဟာအခွင့်အရေး တစ်ခုဖြစ်နိုင် မဖြစ်နိုင်ကိုတော့ ကျွန်တော်သေချာ မတွေးတတ်ပါ။ စိတ်ကူးယဉ်ခြင်းနှင့် ညအိပ်မက်များသည် မျှော်လင့်ခြင်း၏ ကိုယ်ခွဲများ ဖြစ်ချင်ဖြစ်ပေမည်။ ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုဟု အလွန်အကြူးဖွဲ့နွဲ့မည်ဟု ဆိုလျှင်လည်း ကျွန်တော်ခင်ဗျားကို အပြစ်မတင်ပါ။ ပစ္စပ္ပုန်မြေသားထဲမှ ထိုးထွက်လာမည့် မနက်ဖြန်၏အကျိုးတရားကိစ္စဟု သတ်မှတ်လျှင်လည်း ကျွန်တော်ဘာမှ ငြင်းဆိုလိမ့်မည် မဟုတ်ပါ။ မျှော်လင့်ခြင်းသည် ပေါင်မုန့်တစ်လုံးဖြစ်နိုင်သည်။ ခလုတ်ဓားတစ်ချောင်းလည်း ဖြစ်နိုင်သည်။ အသစ်စက်စက် အယ်လ်ဘမ်တစ်ချပ်လည်း ဖြစ်နိုင်သည်။ ဟဲမင်းဝေး၏ ငါးရိုးကြီးလည်း ဖြစ်နိုင်သည်။ သဉ္ဇာဝင့်ကျော်၏ ပေါင်တစ်ဖက်လည်း ဖြစ်နိုင်သည်။ ခင်ဝမ်း၏ ပြည်မှာဆောင်းလည်း ဖြစ်နိုင်သည်။ ဂျက်လန်ဒန်၏ အသားတစ်တုံးလည်း ဖြစ်နိုင်သည်။ နေညိုအောင်၏ ကဗျာတစ်ပုဒ်လည်း ဖြစ်နိုင်သည်။ လုလုအောင်၏ အပေါ်ပိုင်း ဓာတ်ပုံတစ်ပုံလည်း ဖြစ်နိုင်သည်။ မှော်အောင်၏ ပေးစာတစ်စောင်လည်း ဖြစ်နိုင်သည်။ ကျွန်တော့်ကဗျာပို့ထားသည့် မဂ္ဂဇင်းတစ်စောင်လည်း ဖြစ်နိုင်သည်။ သို့မဟုတ် တစ်ခုမှ မဖြစ်နိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။

အစိုးရသစ်သည် မျှော်လင့်ခြင်း၏ နိမိတ်ပုံတစ်ခုဖြစ်သည်ဟုဆိုလျှင် မင်များပျက်ပြယ်သွားသည့် လက်သန်းကလေးများ၏ နိစ္စဓူဝသောကများကို မည်သို့ခေါ်ဆိုမည်နည်း။ မျှော်လင့်ခြင်းသည် အမြင့်မှ ပြုတ်ကျလေ့ရှိသည့် အရာတစ်ခုလား။ သေခါနီးလူနာတစ်ဦးသည် မာရီလင်မွန်ရိုးကို သတိရနေမလား သို့မဟုတ် သူမမြင်ရသေးသည့် နေရာဌာန တစ်ခုကို စိတ်ကူးနှင့် ပုံဖော်၍နေမည်လား။ ထိုအရာများနှင့် မသက်ဆိုင်သည့်အရာများကိုလည်း သူရရှိချင် ရရှိနေပေလိမ့်မည်။ လူ့အဖြစ်ကို မမျှော်လင့်ဘဲ ရလာသကဲ့သို့ သေဆုံးခြင်းသည်လည်း မမျှော်ဘဲ ရောက်လာတတ်သည့် အရှိတရား ဖြစ်ပါသည်။ ကောက်ကိုင်လိုက်သည့် သတင်းစာသည် မျှော်လင့်ခြင်းများကို သယ်ဆောင်လာလိမ့်မည်ဟု ယုံကြည်ပါသလား။ ရေဒီယို၏ ဟောင်ဖွာဟောင်ဖွာအသံမှာ ပျက်ကျသွားသည့် မျှော်လင့်ခြင်းများ မနည်းမနော ရှိပေလိမ့်မည်။

လက်ဖက်ရည်တစ်ခွက် သောက်မည်ဟု စိတ်ကူးပြီး လက်ဖက်ရည်ဆိုင်ရောက်သွားသည့် နံနက်ခင်းစောစောတစ်ခုသည် အဖန်ရည်မနပ်သေးသဖြင့် ကော်ဖီမစ်ပလိန်း တစ်ခွက်နှင့် တိုးခဲ့ဖူးသည်။ လေယာဉ်ပျံပေါ်မှ ချပေးလိုက်သည့် ကယ်ဆယ်ရေးပစ္စည်းများထဲတွင် ကွန်ဒုံးများ ပါချင်ပါလာနိုင်လိမ့်မည် ထင်ပါသည်။ ရုံးပိတ်ရက်မှန်းမသိဘဲ ဘဏ်ရှေ့ရောက်သွားသူ၏ ဘဏ်စာသည် ငွေစက္ကူများကို ထုတ်ယူ၍မရနိုင်ပါ။ ချစ်စကားပြောမည်ဟု ရည်ရွယ်ပြီး နှိပ်ခဲ့မိသည့် ဖုန်းနံပါတ်တစ်ခုသည် လမ်းခွဲစကားဖြင့် ဆွံ့အသွားခဲ့ရသည့် အဖြစ်သည် ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပါသည်။ စာမူပါလိမ့်မည်ဟု တထစ်ချ ယုံကြည်မှုဖြင့် ကောက်လှန်လိုက်သည့်အခါမှ ကိုယ့်စာမူမပါဝင်မှန်း တွေ့လိုက်ရသည့် စာအုပ်တစ်အုပ်ကို အပြီးအထိ ထိုင်ဖတ်နေခဲ့သည့် စာရေးသူတစ်ယောက်၏ နေ့လယ်ခင်းတစ်ခုသည် လက်ဖက်ရည်ဆိုင်ထဲ သောင်တင်နေခဲ့သည်မှာလည်း ပုံပြင်တစ်ပုဒ်တော့ မဟုတ်ပါ။

မျှော်လင့်ခြင်းသည် နပိုလီယန်၏ ခြေညှပ်ဖိနပ် ဖြစ်နိုင်သကဲ့သို့ ငယ်ဘဝက ဂျင်းဘောင်းဘီတစ်ထည်လည်း ဖြစ်နိုင်ပါသည်။ ဆန္ဒပြသူများသည် ကျည်ဆန်အစစ်များကို မမျှော်လင့်ထားသကဲ့သို့ ပွဲတော်တစ်ခုသည် အကြမ်းဖက်မှုတစ်ခု ဖြစ်သွားမည်ဟု အာဏာပိုင်များလည်း မျှော်လင့်ထားမည် မဟုတ်ပါ။ စံပယ်တောင်နှင့် ကြေးစင်တောင်ဘေးမှ သွားလာလှုပ်ရှားနေသူများ၏ ကိုယ်ပေါ်မှ တံဆိပ်များကို နှိပ်လိုက်လျှင် မည်သည့်အသံများ ထွက်ပေါ်လာမည်နည်း။ မာဆတ်ခန်းထဲမှ ဝန်ကြီးတစ်ဦး၏ မျှော်လင့်ချက်ကို ကျွန်တော်သိရှိလိုပါသည်။ ဟစ်တလာသည် ကိုယ့်ကိုယ်ကို ပစ်ခွင်းရန်အတွက် သေနတ်ဆောင်ထားခြင်း မဖြစ်နိုင်ပါ။ လက်ဝဲသုန္ဒရသည် မဲဇာတောင်ခြေရတုကို ရေးဖွဲ့နေသည့် အချိန်၌ မည်သည့်အရာကို မျှော်လင့်၍နေမည်နည်း။ ဆလိုင်းမြတ်နိုးသူက ကဗျာနှင့် စာနှင့် ပတ်သက်သည့် စကားများကို အားကောင်းမောင်းသန်ပြောနေချိန်၌ ကျွန်တော် အိပ်ပျော်သွားခဲ့ဖူးသည်။ ကျွန်တော် မျှော်လင့်ထားသည့် ကဗျာရေးသူနှစ်ယောက်၏ ညသည် ဤသို့မဟုတ်ပါ။

နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ညသည် မည်သည့်အတွက် တလက်လက် တောက်ပ၍ နေပါသနည်း။ ဆုကို ကြိုတင်ကြေညာမထားသည့် ဆုပေးပွဲ၏ ဖိတ်စာသည် ခြေထောက်များကို ကြွရွစေပါသည်။ စိစစ်ရေးနှင့် ငြိစွန်းသွားသည့် ကဗျာတစ်ပုဒ်သည် ရှင်ပြန်ထမြောက်လာနိုင်ပါသည်။ မီးဖွားနေသည့် ဇနီးသည်၏ အခန်းတံခါးကို လင်သားဖြစ်သူသည် ခေါက်တုံ့ခေါက်ပြန် ခြေလှမ်းများဖြင့် လှည့်လည်နေသည်။ မျှော်လင့်ခြင်းသည် အကောင်းမြင်ဝါဒသမား၏ ဦးထုပ်တစ်လုံး ဖြစ်နိုင်သကဲ့သို့၊ အဆိုးမြင်းဝါဒီအတွက် ချိန်ကိုက်ဗုံးတစ်လုံးလည်း ဖြစ်နိုင်ပါသည်။ အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရမည်ဆိုသည့် စကားသည် ထောင်ချောက်ထဲကျနေသည့် ယုန်တစ်ကောင်ကို ခြိမ်းခြောက်နေခြင်းနှင့် တူသည်ဟု ထင်ပါသည်။

မျှော်လင့်ခြင်းသည် ကိုယ်စိုက်ပျိုးထားသည့် သစ်ပင်မှ သီးပွင့်လာမည့် အသီးအပွင့်များလည်း ဖြစ်နိုင်ပါသည်။ သံပုရာပင်စိုက်ပြီး ပန်းသီးတစ်လုံးကို စားချင်လျှင်တော့ ဈေး၌ သွားဝယ်ရန်သာ ရှိပါသည်။ ပြုစုထားသည့်  ဥယျာဉ်၌ စိမ်းလန်းခြင်းတို့ ရောက်ရှိရန် ရာခိုင်နူန်း ၉၀ သေချာပါသည်။ နွားများကို လွှတ်ကျောင်းခြင်းမပြုဖို့ ဂရုစိုက်ရန် လိုပါသည်။ မျှော်လင့်ခြင်းသည် မီးအိမ်တစ်လုံးဖြစ်သည်။ (ဤစာသားကို ကျွန်တော် နားထောင်နေကျ ညီပုလေး၏ သီချင်းမှ ယူပါသည်) မျှော်လင့်ခြင်းသည် သူတောင်းစားကလေးတစ်ယောက်၏ ဒန်ဖလားလေးတစ်လုံးထဲ ကျလာမည့် ငွေစက္ကူစတချို့ ဖြစ်နိုင်သည်။ ပြည့်တန်ဆာမတစ်ယောက်အတွက်တော့ မျှော်လင့်ခြင်းသည် သူမ၏ အခန်းတံခါးခေါက်သံ ဖြစ်ပေလိမ့်မည်။ ဗင်းဆင့်ဗန်ဂိုး၏ သူ့ကိုယ်သူ လုပ်ကြံမှုအပြီး သူ့အခန်းတံခါး တွန်းဖွင့်ခဲ့သူ၏ နာမည်ကို ကျွန်တော်မသိပါ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့သည်ဟု သိရပါသည်။ ကျွန်တော် ကြီးပြင်းလာသည့်အချိန်၌  ဆရာကြီး သက်ရှိထင်ရှား မရှိပါ။ အထက်ပါစကားသည် စာအုပ်များကို ဖတ်ရှုပြီး ကျွန်တော် မှတ်သားခဲ့ရခြင်း ဖြစ်ပါသည်။ ဆရာ ဒဂုန်တာရာ၏ မုန်းသူ မရှိချစ်သူသာ ရှိဆိုသည့် စကားကိုလည်း စာအုပ်ထဲမှ ဖတ်ရှုခဲ့ရခြင်း ဖြစ်ပါသည်။ ဆရာမောင်အောင်ပွင့်က ငဝန်မြစ်ဝှမ်းမွေး ငြိမ်းချမ်းရေးကို ကျွန်တော်ချစ်ခဲ့သည်ဟု ဖွဲ့ခဲ့ပါသည်။ ငြိမ်းချမ်းရေးသည် မျှော်လင့်ခြင်း၏ အမွန်အဦးဖြစ်မည်လားဟု ကျွန်တော် တွေးမိပါသည်။ ငြိမ်းချမ်းရေးအကြောင်းကို ပြောသည့်အခါ စည်းလုံးရေးသည်လည်း အဓိက ပင်မဝင်ရိုးကြီး ဖြစ်မည်ထင်ပါသည်။ ပြည်တွင်းစစ်များသည် မစည်းလုံးမှု၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေလိမ့်မည်။ မြန် မာတို့၏ စည်းလုံးခဲ့သည်အချိန်မှာ အလွန်နည်းပါးခဲ့သည်ဟု မကြာသေးမီက စာအုပ်တစ်အုပ်ထဲ ကျွန်တော်ဖတ်ခဲ့ရပါသည်။

အနော်ရထာနန်းသက်  (အေဒီ-၁၀၄၄-၁၀၇၇) ၃၃နှစ်၊ ဘုရင့်နောင်နန်းသက် (အေဒီ -၁၅၅၀-၁၅၈၁) ၃၁နှစ်၊ အလောင်းဘုရားနန်းသက် (အေဒီ-၁၇၅၂-၁၇၆၀) ရှစ်နှစ်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှစ်နှစ် (၁၉၄၅ ခုနှစ် စစ်ကြီးအပြီး ဗိုလ်ချုပ်နိုင်ငံရေးကို ဦးဆောင်မှုပေးသည့် ကာလကိုသာ ရေတွက်ပါသည်။) စုစုပေါင်း ၇၄ နှစ်သာ မြန်မာတို့ စည်းစည်းလုံးလုံး ရှိခဲ့ကြလေသည်။ အထက်မှစာသည် ဆရာသောင်းထိုက်ရေးသည့် ပထဝီနိုင်ငံရေး စာအုပ်၌ ပါဝင်သည့် စာသားများဖြစ်ပါသည်။ ဒုက္ခသည်စခန်းမှ လူများသည် သူတို့  အကောင်အထည်ပင် မမြင်ဖူးသည့် ငြိမ်းချမ်းရေးကို မျှော်လင့်၍နေကြသည်။ ကဗျာဆရာများနှင့် အနုပညာရှင်များသည် ငြိမ်းချမ်းရေးကို တသသတဖွဖွ မြည်တမ်းနေကြသည်။ မျှော်လင့်ခြင်းသည် တိမ်တိုက်ယောင်ဆောင် တတ်ပါသလား။ မျှော်လင့်ခြင်းသည် ဆွေးနွေးပွဲတစ်ခု၏ စားပွဲခုံများအောက်သို့ ပြုတ်ကျနေလေ့ရှိသလား။ သို့မဟုတ် မျှော်လင့်ခြင်းသည်  ကေတီဗွီတစ်ခုထဲ၌ မိန်းမတစ်ဦး၏ ပေါင်ပေါ်တွင် ခေါင်းအုံးပြီး အိပ်စက်နေတတ်ပါသလား။ မျှော်လင့်ခြင်း၏ ငယ်နာမည်ကို ကျွန်တော်မမှတ်မိတော့ပါ။

Most Read

Most Recent