မိသားစုထမင်းဝိုင်း

မိသားစုထမင်းဝိုင်း
Published 19 January 2018

Photo: PinArt

အိမ်တစ်အိမ်တွင် မိသားစုစုံစုံညီညီနဲ့ ထမင်းဝိုင်းမှာ လက်ဆုံကျဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ရုံးပြန်နောက်ကျတဲ့သူက နောက်ကျ၊ ကျောင်းပြန်နောက်ကျတဲ့သူက နောက်ကျ၊ ကိုယ့်လုပ်ငန်းနဲ့ကိုယ် လည်ပတ်နေရတော့ ညနေထမင်းဝိုင်းမှာ လူစုံတက်စုံဖြစ်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ မိသားစုစုံစုံညီညီနဲ့ ဝိုင်းဖွဲ့ပြီး ထမင်းစားရင် ဟင်းကောင်းကောင်း မကောင်းကောင်း စားရတာမြိန်သလို ချစ်ခြင်းမေတ္တာတွေဖလှယ်ရင်းနဲ့ဆိုတော့ မကောင်းဘူးလို့ထင်တဲ့ဟင်းလည်း ကောင်းလာပါတယ်။ ထမင်းစားရင်းနဲ့ အလုပ်အကိုင်အကြောင်းတွေ ပြောလိုက်၊ ငယ်ဘဝအကြောင်းတွေ ပြောလိုက်နဲ့ဆိုတော့ ထမင်းဟာ ကုန်မှန်းမသိ ကုန်သွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ သားသမီးတွေက မိဘတွေကို စ,လိုက်၊ မိဘတွေက သားသမီးတွေကို ပြောင်လိုက်နဲ့ဆို ထမင်းဝိုင်းဟာ ဇာတ်ပွဲတစ်ပွဲ ကြည့်နေရသလို ပီတိဖြစ်ဖို့ကောင်းလှပါတယ်။ ညီအစ်ကို မောင်နှမတွေလည်း သူ့ထမင်းပန်းကန်ထဲ ကိုယ်က ဟင်းထည့်ပေးလိုက်၊ ကိုယ့်ပန်းကန်ထဲ သူကဟင်းထည့်ပေးလိုက်နဲ့ဆိုတော့ ပန်းကန်ကိုယ်စီနဲ့ စားကြပေမယ့် လက်ရည်တစ်ပြင်တည်း စားနေရသလို တစ်အူတုံဆင်းလာတဲ့ သံယောဇဉ်တွေဟာ ပိုပြီးတော့ ခိုင်မာလာပါတယ်။ ထမင်းဝိုင်းမှာ ပျော်ပျော်ပါးပါးစားနေရပြီဆိုရင် အပျော်အပါးဆိုတာ လမ်းဘေးထွက်ပြီး ရှာစရာမလိုတော့ပါဘူး။ အိမ်ထဲမှာပဲ အပျော်တွေကူးစက်ပြီး ကြည်နူးလို့ရပါတယ်။

မိသားစုထမင်းဝိုင်းမှာ လူမစုံဘူးဆိုရင်တော့ ဟင်းတွေ ဘယ်လောက်ကောင်းကောင်း တစ်စုံတစ်ခုလိုနေသလို စားရတာလည်း အဆင်မပြေလှပါဘူး။ ထမင်းစားရင်း မလာသေးတဲ့သူအတွက် ပူပင်သောကဖြစ်ပြီး စားမဝင် ဖြစ်တတ်ပါတယ်။ ဒီအချိန်ရောက်ပြီ ပြန်မလာသေးဘူးဆိုတဲ့ အတွေးက ပါးစပ်ထဲခွံ့မယ့် ထမင်းလုတ်ကို အာဟာရပျက်စေပါတယ်။ တစ်စုံတစ်ယောက်ကိုမျှော်ပြီး စားနေရတော့ စားရတာလည်း မျိုမကျဖြစ်တတ်ပါတယ်။ မိဘတွေရဲ့ ပူပင်သောကကြောင့်ကြမှုက ညီအစ်ကို မောင်နှမတွေထက်ပိုပါတယ်။ အငယ်ကောင် ရောက်မလာသေးဘူးဆိုရင်လည်း စားလို့မဝင်၊ အကြီးကောင် ရောက်မလာသေးဘူးဆိုရင်လည်း စားရတာအဆင်မပြေ၊ အလတ်မရောက်မလာသေးဘူးဆိုရင်လည်း စားရတာ မျက်နှာခပ်နွမ်းနွမ်း ဖြစ်နေတတ်ကြပါတယ်။ ဟင်းကောင်းချက်တဲ့နေ့တွေဆို မိဘတွေရဲ့ သားသမီးအပေါ် ကျွေးချင်မွေးချင်စိတ်ဟာ ထိန်းမနိုင်သိမ်းမရဖြစ်နေတတ်ပါတယ်။ ဒီဟင်းလေးတော့ အငယ်မက ကြိုက်တတ်တယ်။ ဒီဟင်းလေးတော့ အငယ်ကောင်က ကြိုက်တတ်တယ်နဲ့ မိဘတွေကိုယ်တိုင် မစားရက်မသောက်ရက်ဘဲ ချန်ထားတတ်ကြပြန်ပါတယ်။ မိဘတွေရဲ့မေတ္တာအဟုန် စီးဆင်းမှုဟာ ဘယ်လိုရေအလျဉ်နဲ့မှ တုနှိုင်းလို့မရပါဘူး။ ချောင်းရေ၊ မြစ်ရေ၊ ဆည်ရေတွေထဲမှာ အမှိုက်တွေဒိုက်တွေ ပါတတ်ပေမယ့် မိဘတွေရဲ့မေတ္တာစီး ရေထဲမှာတော့ အမှိုက်တွေ ဒိုက်တွေမပါဘဲ ကြည်လင်သန့်ရှင်းစွာ ဖြတ်သန်းစီးဆင်းနေပါတယ်။ မိသားစုအဖွဲ့ဝင်ထဲက တစ်ယောက်ယောက်များ အကြွေစောလို့ လူ့လောကကြီးက စွန့်ခွာသွားရတာရှိခဲ့ရင်လည်း ထမင်းစားရင်းနဲ့ လွမ်းတသသဖြစ်တတ်ပါတယ်။ “သူအကြွေစောသွားလို့ သူရှိနေသေးရင် ဒီလိုဟင်းမျိုးဆိုမစားဘူး။ ဒီလိုဟင်းမျိုးဆိုရင်တော့ သိပ်ကြိုက်တတ်တာပဲ” လို့ မိဘတွေရဲ့ နှုတ်ဖျားမှာ အလွမ်းမျက်ရည်တွေနဲ့ ငွေ့ရည်ဖွဲ့နေတတ်ပြန်ပါတယ်။ သားသမီးတစ်ယောက်ယောက် သက်ရှိထင်ရှားရှိနေစဉ်က ဂျီကျခဲ့တာလေးတွေကိုပဲ ချစ်စရာပုံပြင်တစ်ပုဒ်လိုခံစားပြီး ခွင့်လွှတ်နားလည်ပေးတတ်ပြန်ပါတယ်။ ပျော်စရာကောင်းနေတဲ့ မိသားစုထမင်းဝိုင်းလေးမှာ တစ်ဦးတစ်ယောက်က ဗွေဖောက်သွားပြီးဆိုရင်တော့ စည်းကားနေတဲ့ ပွဲလမ်းသဘင်ထဲ အမှောင့်အဖျက်တွေ ရောက်လာသလို ပျော်ရွှင်နေတဲ့ ထမင်းဝိုင်းလေးဟာလည်း ဆိတ်ငြိမ်ရပ်ကွက်တစ်ခုလို တိတ်ဆိတ်သွားပါတော့တယ်။ ဒါကိုပဲ ကဗျာဆရာထိန်အောင်လင်းက သူ့မိသားစုထမင်းဝိုင်းလေး အကြောင်းကို ကဗျာတစ်ပုဒ်အဖြစ် ပုံဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ကဗျာဆရာထိန်အောင်လင်းနဲ့ ဆိပ်ကမ်းသာ လက်ဖက်ရည်ဆိုင်မှာ ဆုံကြပါတယ်။ စကားတွေ ဟိုပြောဒီပြော ပြောကြရင်း လောလောလတ်လတ် သူထုတ်ထားတဲ့ ကဗျာစာအုပ်တစ်အုပ် မေတ္တာလက်ဆောင်ပေးပါတယ်။ ကဗျာစာအုပ်ထဲမှာ ‘မိသားစုထမင်းဝိုင်း’ ဆိုတဲ့ ကဗျာတစ်ပုဒ်လည်းပါပါတယ်။ ကဗျာဆရာရဲ့ မိသားစုထမင်းဝိုင်းမှာ အခက်အခဲဖြစ်တာလေးတွေ ရေးဖွဲ့ထားပါတယ်။ ကဗျာဆရာထိန်အောင်လင်းက သူ့မိသားစုကို ညီညီညွတ်ညွတ် နေစေချင်ပုံပေါ်ပါတယ်။ ဒါပေမဲ့ ကဗျာဆရာထိန်အောင်းလင်းရဲ့ ဖြစ်စေချင်တဲ့ဆန္ဒတွေ မပြည့်ဝရှာပါဘူး။ သူ့ရဲ့ကဗျာထဲမှာ အစ်ကိုကြီးဖြစ်သူရဲ့ အလိုက်ကန်းဆိုး မသိတတ်မှုတွေကြောင့် မိသားစုထမင်းဝိုင်းလေးဟာ ကြေကွဲစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဖေမရှိတော့တဲ့ မိသားစုထမင်းဝိုင်းကို ညီအစ်ကိုမောင်နှမတွေအားလုံးက အစ်ကိုကြီးအပေါ်ကို အစ်ကိုကြီးတော့ အဖအရာထားပြီး အားကိုးတကြီး မျှော်လင့်ခဲ့ကြပါတယ်။ ထမင်းဝိုင်းမှာလည်း အစ်ကိုကြီးရဲ့ မျက်နှာကိုပဲ ကြည့်နေရပါတယ်။ အစ်ကိုကြီးဖြစ်သူ စိတ်အခန့်မသင့်ရင် လက်ရည်တစ်ပြင်တည်းစားနေတဲ့ ငြိမ်းချမ်းရေးပွဲတော်လေးဟာ ဖောက်ခွဲရေးသမားတစ်ယောက် ရောက်လာသလို အပျော်တွေလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ ကဗျာဆရာရဲ့ အစ်ကိုကြီးဖြစ်သူဟာ အနည်းအကျဉ်း သွေးဆိုးပုံရတယ်လို့ ထင်ပါတယ်။ အားကိုးအားထား အပြုခံရမယ့် ကျောက်တိုင်ကြီးက ယိုင်နဲ့နေရင် အနီးနားမှာရှိနေတဲ့ လူမမည်အရွယ်လေးတွေဖြစ်တဲ့ ညီငယ် ညီမငယ်လေးတွေဟာ အားငယ်စိတ်နဲ့ ကြောက်စိတ်ရောပြီး ဟင်းကောင်းလေးတွေလည်း ခါးသွားရတတ်ပါတယ်။ ပျော်ပျော်ပါးပါး စားသောက်လာတဲ့ မိသားစုထမင်းဝိုင်းလေးလည်း အကျည်းတန်သွားပြီး အစာတွေလည်း အဆိပ်သင့်သွားတတ်ပြန်ပါတယ်။

လူစုံတက်စုံရှိရမယ့် မိသားစုထမင်းဝိုင်းလေးဟာ အစ်ကိုကြီးဖြစ်သူရဲ့ ပေါက်ကွဲမှုအောက်မှာ ဖိအားအပေးခံရတဲ့ ဘောလုံးအသင်းတစ်သင်းလို ပျော်ရွှင်မှုတွေနဲ့ ဝေးကွာနေပါတယ်။ အစ်ကိုကြီးဖြစ်သူကိုကြောက်ပြီး ညီငယ်ဖြစ်သူလည်း ထမင်းဝိုင်းမှာ လာမစားတော့ပါဘူး။ အတူလက်တွဲလာခဲ့ကြတဲ့ သူတွေထဲက တစ်စုံတစ်ယောက်ပျောက်သွားရင် ရင်ထဲမှာ ဟာတာတာကြီးဖြစ်ပြီး စားနေရတဲ့ထမင်းဟာ အလိုလို အရသာပျက်သွားပါတယ်။ ညီငယ်ဖြစ်သူ ထမင်းဝိုင်းကို ရောက်မလာတော့ ကျန်တဲ့သူတွေလည်း ထမင်းကို မျက်ရည်နဲ့ရောစားနေရသလို ဝမ်းနည်းနေတတ်ပြန်ပါတယ်။ နောက်ထပ် ဘယ်သူတွေ ထမင်းဝိုင်းကပျောက်သွားကြဦးမလဲဆိုတဲ့အတွေးနဲ့ စားရတော့ အမေ့ပါးမှာလည်း မျက်ရည်တွေ စီးကျနေတာကို မြင်ရပြန်ပါတယ်။ အမေမျက်ရည်ကျနေတာကို မြင်ရတော့ သားသမီးတွေလည်း စိတ်မထိန်းနိင်တော့ပါဘူး။ အဖေရှိစဉ်ကာလတုန်းက ပျော်ပျော်ပါးပါးနဲ့ စည်းကားသိုက်မြိုက်စွာ ကျင်းပလာတဲ့ ထမင်းဝိုင်းလေးကို တမ်းတပြီး ယူကျုံးမရဖြစ်ရပြန်ပါတယ်။ အရင်က အခုလိုထမင်းစားချိန်မှာ ပျော်ခဲ့ရသလောက် အခုတော့ အစ်ကိုကြီးကို ကြောက်နေရတာနဲ့ ဘယ်သူမှမပျော်နိုင်ကြတော့ပါဘူး။ အစ်ကိုကြီးက ဘယ်အချိန်ထပြီး ဗွေဖောက်မလဲဆိုတဲ့စိတ်နဲ့ စားရတော့ ဝိုင်းဖွဲ့ပြီး ထမင်းစားနေကြပေမယ့် လူမစုံသလို ခံစားနေကြရပါတယ်။ တွေးမိလေတိုင်း အဖေ့ကိုပြန်တမ်းတပြီး ရင်ထဲမှာ မချိတင်ကဲ ဖြစ်ကြရပါတယ်။ အဖေသာရှိနေသေးရင် ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတာ တွေးမိပြန်လေ မျက်ရည်ဝဲရလေ ဖြစ်နေကြရပါတယ်။ နေ့စဉ်နှင့်အမျှ အတူစားလာတဲ့ ထမင်းဝိုင်းလေးဟာ ချောက်ချားစရာ အိပ်မက်တစ်ခုလို ဖြစ်လာပါတယ်။ အိပ်ရေးမဝလို့ ဆက်အိပ်ရမလား၊ အိပ်ရာကနေ ထလိုက်ရမလားဆိုတဲ့ ဝေခွဲလို့မရတဲ့ ဆုံးဖြတ်ချက်တွေအောက် ရောက်နေရသလို ထမင်းဝိုင်းက ထသွားလို့လည်း အဆင်မပြေ၊ ဆက်ပြီးထမင်းစားဖို့ကလည်း အစ်ကိုကြီးရဲ့ မျက်မှောင်အောက်မှာ အကြောက်တရားတွေနဲ့ ဖိစီးခံနေရပါတယ်။ ညီအကိုမောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် စကားမပြောရဲတော့ ထမင်းဝိုင်းဟာ ရာသီမမှန်တဲ့ သီးနှံတွေလို ချစ်ခြင်းမေတ္တာတရားတွေလည်း ခြောက်သွေ့သွားရပါတယ်။ ထမင်းစားရင်း စိတ်ထဲက ကိုယ်စီအတွေးနယ် ချဲ့နေကြပြီး ပါးစပ်က တစ်ခွန်းမှမထွက်ရဲကြတော့ ကိုယ်ပိုင်သံစဉ်ပျောက်နေတဲ့ တီးဝိုင်းလေးသဖွယ်ဖြစ်နေပါတယ်။

ထမင်းဝိုင်းက တိတ်ဆိတ်နေလေ အဖေ့မျက်နှာကို မြင်လာလေဖြစ်နေရတော့ ရင်ထဲမှာ ကိုယ်စီခံစားနေရတဲ့ ဝေဒနာမီးတွေဟာ တောက်လောင်လာပါတယ်။ အဖေ့ရဲ့ အထိန်းအကွပ်အောက်မှာ နေခဲ့ရတဲ့အချိန်လေးတွေကို နှမြောတသနေမိပြန်ပါတယ်။ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုနဲ့ ကြုံတွေ့ရပေမယ့် အစ်ကိုကြီးရှိသေးတယ်ဆိုတဲ့အတွေးနဲ့ ဖြေသိမ့်ခဲ့ကြပေမယ့် ထင်ထားတဲ့ အစ်ကိုကြီးက အဖေနေရာကို ကိုယ်စားမပြုဘဲနေတော့ မောင်နှမတွေအားလုံး ယူကျုံးမရစွာ ဝမ်းနည်းနေမိပြန်ပါတယ်။ တစ်ခါတစ်လေမှာ အစ်ကိုကြီးက စကားမပြောဘဲ ထမင်းဝိုင်းကို အမူအရာနဲ့ တိုက်ဖျက်တတ်ပါတယ်။ အစ်ကိုကြီး အမူအရာပျက်လာပြီဆိုရင် အမေကအစ မိသားစုအားလုံး စကားမပြောရဲကြတော့ပါဘူး။ အမေက ပြောလိုက်ချင်ပေမယ့် ကျန်တဲ့သားသမီးတွေကို ငဲ့နေရတဲ့ စိတ်နဲ့ပဲ ရေငုံနှုတ်ပိတ်နေပေးရတာလည်း များလာပါတယ်။ အစ်ကိုကြီးရဲ့ လက်အောက်မှာ ကျိန်စာသင့်သလိုနေကြရတော့ ကျန်တဲ့ညီတွေ၊ ညီမတွေလည်း တစ်ယောက်နဲ့တစ်ယောက် နီးကပ်နေပေမယ့် အထီးကျန်သလို ခံစားလာရပါတယ်။

‘မိသားစုဟာ မိသားမစုနိုင်ဘူးဆိုရင် နတ်သုဒ္ဓါစားရလည်း အရသာမဲ့ပါတယ်’ လို့ ကဗျာဆရာထိန်အောင်လင်းက ဆိုထားပြန်တော့ ကဗျာဆရာရဲ့ လူမစုံတော့တဲ့ မိသားစုထမင်းဝိုင်းလေးကို ပြေးမြင်မိပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ ဟင်းကောင်း ထမင်းကောင်းတွေနဲ့တင်မဟုတ်ဘဲ နတ်သုဒ္ဓါကို စားနေရလည်း မစုံညီနိုင်တော့တဲ့ မိသားစုထမင်းဝိုင်းလေးဟာ အရသာမဲ့လာပါတယ်။ စားသမျှ အာဟာရတွေလည်း အာဟာရမဖြစ်တော့ပါဘူး။ ကဗျာဆရာထိန်အောင်လင်းရဲ့ မိသားစုထမင်းဝိုင်းလေးနဲ့အတူ မိသားစုအားလုံးရဲ့ ထမင်းဝိုင်းလေးတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ခင်ကြည်နူးနိုင်ကြပါစေလို့သာ ဆုတောင်းနေမိတော့သည်။

မိသားစုထမင်းဝိုင်း
လက်ရည်တစ်ပြင်တည်း ငြိမ်းချမ်းရေးကို
အစ်ကိုကြီးက စကားလုံးတွေနဲ့ ရိုက်ခွဲတယ်
အမူအရာတွေနဲ့ တိုက်ဖျက်တယ်
ငါတို့မိသားစုရဲ့ ရာသီဥတုဟာ
အစ်ကိုကြီးမျက်နှာပေါ်မှာ တည်နေပါရဲ့
ဒီအချိန်ရောက်မှာ ပျော်ခဲ့ရသလောက်
ဒီအချိန်ရောက်မှာ ကြောက်နေရပြီ
ချိုမြိန်ကောင်းမြတ်ခြင်းတွေ ခါးသီးခဲ့ရပြီ
အစာတွေ အဆိပ်သင့်ခဲ့ရပြီ
ခုဆို
ညီအငယ်လေးက အိမ်ပြန်မစားတော့ဘူး
သူ့ရဲ့ လက်တစ်စုံကို ငါတို့ဆုံးရှုံးနေရပြီ
ကြာရင် သူ့တစ်ဘဝလုံးနဲ့ အလှမ်းကွာသွားနိုင်ရဲ့
နောက်ထပ် ဘယ်သူတွေ နုတ်ထွက်သွားကြဦးမလဲ
တွေးမိတိုင်း လောင်မီးကျနေခဲ့ရ
မိသားစုဟာ မိသားမစုနိုင်ဘူးဆိုရင်
နတ်သုဒ္ဓါစားရလည်း အရသာမဲ့ပါတယ်။

Most Read

Most Recent