ပန်းခြံများ

ပန်းခြံများ
Published 19 January 2018

Photo: Deramicus

အခန်းကျဉ်းအတွင်းသို့ နေရောင်ခြည် ကျရောက်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပါပြီ။ နှစ်ပေါင်းများစွာကြာသည်ဟု သုံးရခြင်းကို သံသယဝင်နေပြီလား။ ကျွန်တော်ရယ် လိုက်ချင်သည်။ သို့သော် ရယ်သံကိုကား အခြားတစ်စုံတစ်ယောက်က မကြားနိုင်ပါ။ ထိုရယ်သံသည် ကြောက်စရာကောင်းလှ၏။ ခြောက်သွေ့နေ၏။ ရေငတ်နေသော ပန်းပင်ကလေးနှင့်တူ၏။ အပြင်ကို ထွက်မလာနိုင်သော ထိုရယ်သံကိုခံစားနေရသော လူကိုယ်တိုင်ကသာ သိပါသည်။ မြစ်၏ အခြားတစ်ဖက်ကမ်းတွင် မည်ကဲ့သို့သောချစ်ခြင်းများ နုပျိုခြင်းများရှိနိုင်ပါသလဲ။ မသိတော့ပါ။ နားနှစ်ဖက်ကို ပိတ်သော်လည်းမသိပါ။ မျက်စိအစုံကို ပိတ်သော်လည်းမသိပါ။ ကျွန်တော်သည် ထိုရယ်သံကို တိတ်ဆိတ်စွာဖြင့်ပင် မျိုချပစ်ခဲ့ပါသည်။

ဘောင်ကျဉ်းလွန်းသည်။ ချဉ်နံ့ထွက်နေပေပြီ။ အပေါက်ကလေးတစ်ပေါက်မှ ထွက်လာသောစကားလုံးတို့သည် လူကိုချည်နှောင်လွှမ်းမိုးရန် ကြိုးစားနေကြတော့သည်။ ရယ်ရတော့သည်။ အဘယ်သူသည် တတ်စွမ်းနိုင်အံ့နည်း။ လူသည် အစွန်းများကိုရှောင်နိုင်ရန် ကြိုးစားရင်း မိမိဘဝတစ်ခု၏ဆီမီးမှာ ငြိမ်းလုလုဖြစ်နေပေတော့သည်။ ဖယောင်းတိုင်သည် မကြာမီငြိမ်းတော့မည်ဟု ထင်ရသည်။ ခုန်ချလိုက်မလား။ အစွန်းကို အဆုံးသတ်ပစ်မလား တစ်ခုသာရှိသည်။ သို့သော်လည်း တစ်ခုမျှမရှိသော သူအတွက် အစွန်းမှလွတ်မြောက်ရန် ကြိုးပမ်းနေမှုသည် ရယ်စရာသာကောင်းနေသေးတော့သည်။ ပင်လယ်ပြင်မှာ ပုရွတ်ဆိတ်ငယ်ငယ် ဘယ်လိုဘယ်ပုံ ကူးဖြတ်ပျံသန်းမည်။ စိတ်သည်အဆုံးကို ကြိုသိနိုင်ပါသလား။ စိတ်သည် အနည်းဆုံးတော့ ကျန်းမာနေရန် လိုအပ်မည်မဟုတ်ပါလား။ ယင်းသည်သာ အကောင်းဆုံးဟု ထင်ရသည်။ နေ့စဉ်နှင့်အမျှ။ တလွဲနာမည်ခံမှုများ။ ရယ်နေရတော့သည်။ ဘာမှမဟုတ်သော်လည်းပေါ့။ တံခါးကလေးများ ပွင့်လာမလား တွေးမိသော်လည်း သန်မာရာ သန်မာကြောင်းများဟုသာ မှတ်ရပါသည်။ အပြင်နှင့်အတွင်း ဆက်သွယ်ပေးသော တံခါးတို့သည် ခိုင်ခံ့လှပေသည်။

အချို့သောအရာများကို အလွတ်ရနေရန် မလိုအပ်တော့ပါ။ အရာရာသည် အသင့်ဖြစ်နေသော အနေအထားကိုရခဲ့ပြီ။ ဘာလိုချင်သလဲ။ ဘာသိချင်သလဲ။ အိုကေပေပြီ။ စီမံခန့်ခွဲမှုသည် အရေးကြီးသောအရာဖြစ်သည်ဟု ကြားရပါပြီ။ စနစ်တကျမရှိသောအရာများနှင့် နေ့များကို ထင်ယောင်ထင်မှား စနစ်တကျမှုတို့က ထိန်းချုပ်ရန်ကြိုးပမ်းနေကြသည်မှာ ရယ်စရာသာကောင်းတော့သည်။ မကိုင်တွယ်တတ်လျှင်တော့ ပင်ပန်းရမည်ဟုဆိုပါသည်။ “ဒါဟာ သဘာဝကျပါတယ်” ဟုလည်း မိတ်ဆွေက ပြောဖူးပါသည်။ ရေးကြီးခွင်ကျယ် လုပ်စရာမလိုသောကိစ္စများတွင် ရေးကြီးခွင်ကျယ်လုပ်နေခြင်းများသည် တကယ်တော့ စိတ်အခြေအနေတစ်မျိုးသာဖြစ်ပါမည်။ ရောဂါတစ်မျိုးဖြစ်မည်။ လူအထင်ကြီးရုံသက်သက် ဟန်လုပ်ခြင်းဖြင့် လေးစားမှုကို ရနိုင်မှာမဟုတ်ဘူးဟုလည်း ကြားရသည်။ အကြောင်းက “လူတိုင်းညံ့နေတာမှမဟုတ်ပဲ” ဟုလည်း ထပ်မံကြားရပြန်သည်။ သနားစရာ ရယ်စရာကောင်းနေသောလူသည် ကွင်းပြင်ကြီးထဲတွင် တစ်ကိုယ်တည်းထိုင်နေ၏။ နေသည်ပူလှပေပြီ။ ပေါင်းပင်များရှည်လာလျှင်တော့ အထင်မှားစရာကောင်းသော အခြေအနေတစ်ခုကို အလွယ်တကူ မြင်ရပေသည်။ သေချာကြည့်မှသာ မြင်ရလောက်သည်။ ပေါင်းပင်တို့ကို အဝေးမှကြည့်လျှင် သစ်ပင်ကြီးများကဲ့သို့ ဂုဏ်သိက္ခာရှိနေတတ်ကြသည်။ မောရသည်။ ပေါင်းပင်များနှင့် မြက်ပင်များသည် နေရာကာလမှား၍ ရှင်သန်ပေါက်ရောက်နေကြသည်လား။ တကယ်တော့လည်း မှားမှန်ကောင်းဆိုး၊ ခွဲခြားမှုဟူသည် ဉာဏ်ပညာအခြေခံနှင့် ယှဉ်သင့်သည်။ ကျိုးကြောင်းဆက်စပ်မှု ဆင်ခြင်တုံတရားကလေးသည် အဝေးသို့ပြေးနေပြီ။ မထိန်းချုပ်လိုတော့ပါ။ လိုပါသည်။ မလိုတော့ပါ။ အဝေးပြေးကားများကဲ့သို့ ပြေးကြည့်လျှင် ကောင်းနိုင်ပါသလား။ ဆင်ခြင်တုံတရား၏ အတွင်းအပြင်တို့သည် တည်ဆောက်ယူရသောအရာများဖြစ်သည်ဟု ဆိုကြပြီ။ လူတစ်ယောက်သည် ဆင်ခြင်တုံတရား၏ အခြေခံတို့မရှိလည်း ကောင်းမွန်စွာအသက်ရှင်နိုင်ပါသည်ဟု ကြားရပြီ။ ကျွန်တော်တို့နှင့်မသက်ဆိုင်သော ခေတ်ကြီးထဲတွင် ကျွန်တော်တို့လမ်းသလားခဲ့ကြပြီ။ လျှောက်ခဲ့ကြပြီ။ ဖျားနာသူများ၏ နေ့များမှာရှည်သည်။ ကောင်းကင်သည် ပုပ်အဲ့နေ၏။ လည်နေ၏။ အန်ဖတ်များနှင့် အဆိုးမြင်ဝါဒီတစ်ဦးကို တွေ့မိကြပါသလား။

မမြင်ရသေးသောနေ့များမှာ မည်သို့သောအရာများက ကြိုတင်စောင့်စားနေကြပါသလဲ။ သေသေချာချာသိချင်သူသည် မောနေရှာသည်။ ကျွန်တော်ကတော့ အိပ်မက်များပိ၍ သေနေသူပါ။ လူတစ်ဦးပြောလိုက်သော စကားလုံးများ ကြားလာမိသည်။ အိပ်မက်ထဲလား။ တကယ့်ပြင်ပမှာ ကြားခဲ့ရသည်လား မသေချာ။ လူတို့၏ရင်ဘတ်တိုက်ကြီးများထဲတွင် ပျော်ရွှင်မှုဘဏ်တိုက်ကြီးများရှိနေသော်လည်း သေချာမမြင်နိုင်ကြပါ။

ထိုသို့သောပျော်ရွှင်မှုကို တွေ့သူသည် ကဗျာဆရာ ဖြစ်ကောင်းဖြစ်လိမ့်မည်ဟုဆိုပါသည်။ ယင်းကိုလည်း ကျွန်တော်ကြားခဲ့ဖူးသည်မှာ ကြာလှပြီ။ “ဘယ်လို၊ ဘယ်နေရာလဲ” ဆိုသည်ကိုဖြင့် စဉ်းစား၍မရတော့ပါ။ အရောင်တင်ဆေးများဖြင့် လူသည်ရဲနေ၏။

In this morningless night
Who is that light on the corner
(VASKO POPA)

မဟုတ်ပါ။ မဟုတ်ဘူး။ မဟုတ်ဘူးဆိုသော စကားလုံးကို အတွဲလိုက်ပစ်နေတတ်သောသူကို မြင်လျှင်သတိရပါ။ မြစ်ကမ်းကလေးကို သတိရပါ။ လိမ္မော်သီးချိုချိုကလေး နွှာကျွေးတတ်သော သူမကိုသတိရပါ။ စီးကရက်ရှိုက်နေသော သူမကို သတိရပါ။ တောင်ပေါ်ရေအေးအေးထဲ ရေကူးနေသော သူမ၏နှုတ်ခမ်းကို သတိရပါ။ စပျစ်ဝိုင်ခွက်ထဲ ခုန်ဆင်းသွားသော သူမကိုသတိရပါ။ ကဗျာရွတ်နေသော သူမ၏လက်ချောင်းသွယ်သွယ်ကလေးကို သတိရပါ။ သီချင်းဆိုနေသော သူမ၏ သွေးကြောစိမ်းစိမ်းကလေးများကို သတိရပါ။ သူမသည် ကမ္ဘာကြီးဖြစ်၏။ ကမ္ဘာကြီးထဲက ကမ္ဘာလေးလည်းဖြစ်၏။ သို့သော်လည်း ထိုသို့ရှိခဲ့ပါပြီ။ ကျွန်တော်သည် တစ်စုံတစ်ခုကို ကိုယ်စားပြုနိုင်ပါသလား။ မထင်ပါ။ မရှိတော့ပါ။ သူမလည်း မရှိတော့ပါ။ သို့သော် တစ်စုံတစ်ယောက်ကတော့ဖြင့် ကိုယ်စားပြုနိုင်လိမ့်မည်ထင်ပါသည်။

လူတစ်ဦး၏ သွေးကြောထဲတွင် အိပ်မက်ပေါင်း ဂါလန်မည်မျှရှိနိုင်ပါသလဲ။ “ကျွန်တော် အများကြီးကြိုးစားပြီး ဖြေဆိုခဲ့ပါတယ်” ဆိုသော လူတစ်ယောက်ကို ကျွန်တော်မြင်ခဲ့ဖူးသည်။ ကျွန်တော့်ဆီမှာတော့ အိပ်မပျော်နိုင်သောညများ။ မှောင်မည်းပြီး ပူနွေးနေသောညများ။ ငှက်ပျောသီးတစ်လုံး၏ အခွံကဲ့သို့နေ့များ။ ကျွန်တော့်ဆီမှာတော့။ ကျွန်တော့်ဆီမှာတော့။ အသံများ၏လာရာ လမ်းကြောင်းတစ်လျှောက်ကို သဲများ၊ အုတ်ခဲများဖြင့် ပိတ်ထားလိုက်ကြကြောင်း ကြားရသည်။ လူသည် မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်ရန် သိသင့်ပေသည်။ အနည်းဆုံးတော့ ညတို့၏ပန်းခြံများထဲတွင် စမ်းတဝါးဝါးလျှောက်နေရန်မှာ မသင့်တော်လှပါ။

ကွင်းပြင်ကြီးသည် ကျယ်၏။ အရိပ်ရှိသောနေရာလည်းရှိ။ အရိပ်မရှိသောနေရာလည်း ရှိ၏။ ကြယ်ကိုလည်း မြင်နိုင်၏။ မြစ်ချောင်းတို့ကိုလည်း မြင်နိုင်၏။ ဝတ်မှုန်ကူးနေသော ပျားကောင်ကလေးများလည်းရှိသည်။ ကောင်းကင်၏ နောက်ခံမှာ အပြာနုရောင်အဆင်းရှိ၏။ ချစ်သူတို့သည် လက်ချင်းတွဲကာ လျှောက်သွားနေကြသည်။ ဖက်နမ်းနေကြသည်လည်းရှိသည်။ အားလုံးသောလူတို့သည် ရိုးသားစင်ကြယ်ကြကုန်၏။ နွယ်မြစ်သစ်ပင်များလည်း ဆေးဖက်ဝင်ကုန်၏။ ဘုရားသခင်သည် ပြုံးနေသည်ဟုဆိုသည်။ စစ်မရှိ။ ဒေါသ၊ မောဟ၊ လောဘမရှိ။ ထိုကွင်းပြင်သည် ငြိမ်းချမ်း၏။ မြက်ခင်းစိမ်းစိမ်းကလေးတို့သည် ချစ်စရာကောင်းလှ၏။ ခဏကြာလျှင် ကွင်းပြင်ကြီးသည် အငွေ့ပျံကာ ပျောက်ဆုံးသွားချေပြီ။ ကလေးငယ်တို့၏ ငယ်ဘဝတို့သည် ကွင်းပြင်ကြီးနှင့်အတူ ပျောက်ကွယ်သွားကြကုန်၏။ ကလေးငယ်တို့သည် ကြီးထွားလာကြပါပြီ။ ကျွန်တော်သည် ထိုကလေးငယ်များထဲက တစ်ဦးဖြစ်ပါသည်။ ကလေးငယ်တို့ထဲက အချို့သည်မရှိကြတော့ပါ။ အငွေ့ပျံကာ ပျောက်ဆုံးသွားကြသည်။ အဆိပ်ငွေ့ရှူရှိုက်ကာ သေဆုံးသွားကြသည်။ ရှင်ကျန်ရစ်သော ကျွန်တော်တို့သည်လည်း တကွဲတပြားဖြစ်နေကြပေပြီ။ ကွင်းပြင်ကြီးသည် ပန်းခြံကြီးထဲက ပန်းခြံကလေးများဖြစ်ကြသည်။ တစ်နေရာတည်း၌ အတူနေ၍ဝေးနေကြရသည်။ ပျောက်ကွယ်ကြရသည်။ ပေးဆပ်နိုင်သူများကို လေးစားရသည်။ ယခုကြီးကျယ်နေသော စကားလုံးတို့ကို တိုက်ယူခဲ့သူများမှာ သူတို့ဖြစ်ကြ၏။ ကျွန်တော်တို့သည် ဝေးကြကုန်၏။ အခန်းကျဉ်းအတွင်းသို့ နေရောင်ခြည် ကျရောက်မလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပါပြီ။

Most Read

Most Recent