လမ်းပေါ်က စာ

လမ်းပေါ်က စာ
Published 18 January 2018

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၅၆၀၀ ရရှိရေး လှိုင်သာယာမြို့နယ်တွင် ဒီဇင်ဘာလအတွင်းက ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

သူလို ကိုယ်လို ဘဝမို့ မြင်ရကြားရ တွေ့ရ မြင်ရတာတွေမှာ ခံစားစရာရှိရင် ခံစား လိုက်မိတာပဲ။ ခံစားမှုဆိုတဲ့ သနားခြင်း ကရုဏာတရားရယ်၊ ဝမ်းမြောက်ခြင်း မုဒိတာ တရားရယ်က တစ်ပြိုင်နက်ဖြစ်ဖို့ ခက်ပါတယ်။ တိုက်ကြီးတွေ၊ ခြံကြီးတွေ၊ ကားအ ကောင်းစားကြီးတွေနဲ့ လိုလေသေးမရှိ ချမ်းသာနေတဲ့ သူကို မြင်ပြီး ဝမ်းမြောက်ဝမ်းသာ  မုဒိတာဖြစ်ဖို့ ခက်ခဲလှပေမယ့် လမ်းဘေးမှာ  အစုပ်စုပ်အပြတ်ပြတ်နဲ့ ပင်ပန်းဆင်းရဲစွာ တောင်းစားနေရတဲ့ ဘဝတွေကို မြင်ရရင်တော့ သနားခြင်းကရုဏာတရားက ရင်ထဲကို  ဆို့ဆို့နင့်နင့်နဲ့ ဝင်ရောက်လာလေ့ ရှိပါတယ်။ အဲဒီလိုပါပဲ လမ်းမပေါ်မှာ အော်ဟစ်တောင်း ဆိုနေတာတွေလည်း တွေ့ရနိုင်ပါတယ်။ အလကားတော့ တောင်းတာမဟုတ်ပါဘူး။ ကိုယ့်ချွေး ကိုယ့်သွေးနဲ့ ရင်းပြီး ထိုက်တန်တဲ့ ငွေကြေးရဖို့ပေါ့။ ဒါဟာ အဆင်မပြေမှုတွေ များလာတဲ့အခါမှာ မခံမရပ်နိုင်စွာနဲ့ တောင်း ရတဲ့သဘောပါပဲ။ တောင်းနေတဲ့ လမ်းပေါ်က စာကို ဖတ်ကြည့်လိုက်မိတယ်။

ဘာရေးရေး စာလုံးကြီးနဲ့ စရမယ်ဆိုလို့

လမ်းပေါ်မှာလည်း စာလုံးကြီးနဲ့ပဲ စခဲ့တယ်

ဘယ်လို အဓိပ္ပာယ်ရှိရှိ ဆုံးသွားမလဲတော့

မသိဘူးပေါ့။

ဒီတစ်ခေါက် ရန်ကုန်ရောက်တော့ ရန်ကုန်ဟာ စူးစူးရဲရဲ နေရောင်ခြည်နဲ့ ခြေပြတ် လက်ပြတ် အဝတ်အစားနဲ့ပါပဲ။ ကျွန်တော်နေတဲ့ နယ်မှာတော့ အနွေးထည်အထပ်ထပ်ဝတ် နေရပေမယ့် ရန်ကုန်ကတော့ ချွေးတလုံးလုံးနဲ့ ပဲ ရှိပါသေးတယ်။ ရန်ကုန်ကို ရောက်ရောက်ချင်းပဲ နေရောင်ခြည်၊ ဖုန်မှုန့်၊ မီးခိုး၊ အိတ်ဇောနံ့ ၊ စက်ဆီနံ့တွေ ရောထွေးနေတဲ့ လမ်းမပေါ်မှာ လူအတန်းလိုက်ကြီး တွေ့ရတယ်။ ပြီးတော့ သူတို့လက်ထဲမှာက အနီရောင်ဆိုင်းဘုတ်ကိုယ်စီနဲ့ ဆိုင်းဘုတ်တွေထဲမှာက အနည်းဆုံး အခကြေးငွေ တစ်ရက်လျှင် ကျပ် ၅၆၀၀ ရရှိရေးတဲ့။

အဲဒီလို လမ်းမပေါ်က စာကို ဖတ်လိုက်ရတယ်။ နေပူထဲက သူတို့ကို ကြည့်ပြီး သက်ပြင်းမောကြီး ချလိုက်မိတယ်။ သူတို့ လျှောက်လာနေတဲ့ နောက်ကျောဘက်ကို မျှော်ကြည့်လိုက်တော့ ခေါင်းတိုင်က မီးခိုးတွေဟာ အူထွက်နေလေရဲ့။ သူတို့ဟာ ဘယ်အထိများ  လျှောက်သွားကြမှာပါလိမ့်။ လမ်းအဆုံးအထိပဲလား။ ဘာပဲဖြစ်ဖြစ် စလိုက်ခဲ့ပြီဆိုတော့ တစ်နည်းနည်းနဲ့တော့ အဆုံးသတ်ရတော့မှာပဲ။ အဆုံးသတ်က ဘယ်လိုအဓိပ္ပာယ်နဲ့များ  အဆုံးသတ်သွားကြမှာပါလိမ့်။ ကျွန်တော်ဟာ  တွေးရင်းငေးရင်းနဲ့ နေပူကြီးထဲ လျှောက်သွားနေမိတယ်။

“ဟေ့လူ ခင်ဗျား ဘယ်တုန်းက ရောက်နေတာလဲ” အသံကြားလို့ ကြည့်လိုက်တော့ အလုပ်လုပ်မယ်ဆိုပြီး ရန်ကုန်ဆင်းသွားတဲ့ ကျွန်တော့်သူငယ်ချင်း ကျော်ကြီးဖြစ်နေတယ်။ ကျွန်တော်တို့ နှစ်ယောက် လမ်းဘေးက လက်ဖက်ရည်ဆိုင်လေးမှာ ဝင်ထိုင်လိုက် ကြတယ်။ အခြေအနေက ဘယ်လိုလဲလို့ မေးတော့ ကျော်ကြီးက “ဒီလိုပါပဲကွာ အလုပ်ကတော့ ရှာတုန်းပဲ” လို့ သူ့ပုံစံအတိုင်း အေးစက်စက်ပါပဲ ။

သူအရင် ပထမလုပ်တဲ့ အလုပ်က လစာနည်းလို့ ဘယ်လိုမှအဆင်မပြေလို့ ထွက်လိုက်တာတဲ့။ အခု မင်း ဘယ်မှာနေလဲဆိုတော့ ဘုန်းကြီးကျောင်းမှာ ကပ်နေတာတဲ့။ အလုပ်မရသရွေ့ ဘုန်းကြီးကျောင်းမှာပဲ ဘုန်းကြီးတွေရဲ့ ဝေယျာဝစ္စလုပ်ပေးရင်းနဲ့ပဲ နေရေး ထိုင်ရေး စားရေးသောက်ရေးက အဆင်ပြေပါတယ်လို့ ဆိုတယ်။ မနက်တိုင်း ဈေးသွားဝယ်ခြမ်း၊ ဘုန်းကြီးတွေကို ချက်ပြုတ် ဆွမ်းကပ်တဲ့ အလုပ်လုပ်နေတာဆိုတော့ အိမ်ရှင်မ တစ်ယောက်ရဲ့ မီးဖိုချောင်ရဲ့ မချောင်လည်တဲ့ အကျပ်အတည်းကို သဘောပေါက်လာပါပြီတဲ့။

လမ်းပေါ်ကစာက မဆုံးသေးဘူး။ ဆက်ဖတ်ကြည့်တော့ အိမ်ရှင်မတစ်ယောက်ရဲ့ အခန်းကဏ္ဍ၊ မီးဖိုချောင်ရဲ့ အခန်းကဏ္ဍတွေ ပါလာတယ်။

ရေးတတ် ဖတ်တတ်အဆင့်နဲ့

မီးဖိုချောင်ထဲက

စားကောင်းသောက်ဖွယ် ဝေါဟာရတွေကို

ဘယ်လိုလုပ်ကြွယ်ဝပါ့မလဲ။

ကျွန်တော် ကျော်ကြီးနဲ့ စကားတွေ အကြာကြီး ပြောပြီး နှစ်ယောက်သား လမ်းခွဲလိုက်ကြတယ်။ လမ်းမပေါ် တစ်ယောက်တည်း လျှောက်လှမ်းနေရင်း လမ်းပေါ်က စာကိုပဲ စိတ်ကရောက်သွားပြန်တယ်။ တောမြို့လေးမှာ မနက်တိုင်း ဈေးလေးထဲမှာ ကျွန်တော့်ဇနီး ဖွင့်ထားတဲ့ ဈေးဆိုင်လေးမှာ ဝိုင်းကူ ရောင်းရပါတယ်။ လာဝယ်ကြတဲ့ သူအများစုကတော သူတောင်သား၊ ရွာသူရွာသားအများစုတွေ ဖြစ်တယ်။ သူတို့ဟာ ဘာဝယ်ဝယ် ငါးဆယ်၊ တစ်ရာ၊ နှစ်ရာ စသည် လျှော့ဖို့ ဈေးဆစ်လေ့ ရှိကြတယ်။ သူတို့ဟာ မီးဖိုချောင်ကို စီမံနေရသူတွေ ဖြစ်တော့ မီးဖိုချောင်ရဲ့ ကုန်ကျစရိတ်ကို သူတို့သာ အသိဆုံးဆိုတော့ ငါးဆယ်၊ တစ်ရာ၊ နှစ်ရာဟာ သူတို့အတွက် ဟင်းတစ်ခွက်စာလောက်တော့ ကျန်သွားနိုင်တာပေါ့။

စာလား တတ်စေချင်တာပေါ့

မူလတန်းနဲ့ ပြီးခဲ့ရတဲ့ ကျောင်းမှာ

သားနဲ့ သမီးကို မူလတန်းလေးတော့

ပြီးစေချင်တယ်

ဒါမှ ကိုယ့်အခွင့်အရေးကို စာလုံးကြီးကြီးနဲ့

တောင်းဆိုရမှန်း သိမယ်။

သူတို့ရဲ့ ပညာရေးဟာ ရေးတတ်ဖတ်တတ် အဆင့်မှာပဲ ရပ်တန့်ခဲ့ရတာ ဖြစ်တယ်။ သူတို့ဟာ သူတို့ဝယ်ချင်တဲ့ အင်္ဂလိပ်လို ရေးထားတဲ့ ပစ္စည်းဆိုရင် မပြောတတ်တော့ဘူး။ ဘာလိုချင်လဲမေးရင် ငါတော့ မခေါ်တတ်ဘူးအေ၊ ပစ္စည်းမြင်ရင်တော့ သိတယ် ပြောပြီး ပစ္စည်းကိုပဲ လက်ညှိုးထိုးပြ ဝယ်ကြတယ်။ ကြားဖူးနားဝနဲ့ သူတို့မှတ်ထားတဲ့ အသံထွက်ကလည်း တလွဲ ဖြစ်လို့ဖြစ်ရဲ့ ။ ဒါကြောင့်လည်းပဲ သူတို့သား သမီးတွေကိုတော့ ပညာတတ်ကြီးဖြစ်ဖို့ဆိုပြီး ဆင်းဆင်းရဲရဲ လုပ်ကိုင်ပြီး ကျောင်းထားပေးကြတယ်။

ပေါက်ပြဲနေတဲ့ အင်္ကျီက ဘာသင်္ကေတလဲ

ဘာအဓိပ္ပာယ်ရှိလဲ ဟုတ်လား

အရေးမပါတာတွေ မမေးစမ်းနဲ့

စာလုံးကြီးနဲ့ မှတ်သွား

အင်္ကျီဆိုတာ နောက်ကျောလုံဖို့ပဲ။

လူမှာအဝတ်တောင်းမှာ အကွပ်လို့ ဆိုကြတယ်။ လူတစ်ယောက်ရဲ့ အလှဟာ ဝတ်စားဆင်ယင်မှုနဲ့ ဆိုင်တယ်။ တတ်နိုင်သူတွေက အဝတ်အစားကို ဖက်ရှင်အမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးထွင်ပြီး လှသထက်လှအောင် ဝတ်ကြတယ်။ အသစ် ဒီဇိုင်းတစ်ခုပေါ်တာနဲ့ အ ရင်ဆုံးဝတ်လိုက်ရမှ ကျေနပ်တယ်။ တံဆိပ်ဆိုလည်း နာမည်ကြီးမှ ဝတ်ကြတယ်။

ဒါပေမဲ့ လမ်းပေါ်က သူတို့ကတော့ အင်္ကျီဆိုတာ နောက်ကျောလုံဖို့ နေရောင်ခြည်ကာဖို့၊ အအေးဒဏ်ကာကွယ်ဖို့ပဲ ဖြစ်တယ်။ အင်္ကျီက ပေါက်ပြဲနေရင်တောင် အရှက်လုံနေသေးရင် ဝတ်ရမှာပဲ။ လူကြားထဲ တိုးရမှာမှ မဟုတ်တာ တောတိုးရမှာ ဆိုတော့ လှပနေဖို့ မလိုဘူး၊ ကြမ်းတမ်း ခိုင်ခံ့နေဖို့ပဲ လိုတယ်။

ရိုက်ပါ ဓာတ်ပုံရိုက်ချင်သလို ရိုက်ပါ

ဖမ်းပါ ဖမ်းချင်သလို ဖမ်းပါ

မဟုတ်တရားတွေကို စာလုံးကြီးနဲ့

လျှောက်လျှောက်ပြီး မရေးနဲ့

လိုချင်တာကို စာလုံးကြီးနဲ့ ရေးထားပြီးသား

မြင်အောင်သာ ကြည့်သွား။

မြေနိမ့်ရာ လှံစိုက်၊ လဲရာ သူခိုးထောင်း၊ မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့။ စကားပုံတွေ အရှိသားပဲလေ။ သိပ်တော့လည်း ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အမှန်တရားရဲ့ အဖြစ်က ထမင်းတစ်ပန်းကန်ပြား လျှော့စားနေရတယ်ဆိုတာ ကိုယ်တိုင်ပဲ အသိဆုံးမို့ အဖြစ်မှန်ကို စာလုံကြီးကြီးရေးပြပြီးသားပဲ။ ဒါကိုပဲ သိစေချင်တာပါ။

မတရား အပိုလိုချင်လို့ လိုနေတာမဟုတ်ဘူး

လိုတာထက် မပိုရင်လည်း နေ

မလောက်ကို မလောက်လို့ လိုနေတာ။

အရင်က တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ ရတယ်။ အိမ်လခ၊ မီးဖိုချောင်စရိတ်၊ ဘတ်စ်ကားခ၊ ကလေးမုန့်ဖိုးစတာတွေနဲ့ စိတ်တွက်တွက်ကြည့်ရင်တောင် အသက်ရှူကျပ်ရတဲ့ အနေအထားပါပဲ။ အခု ကျပ် ၄၈၀၀ တဲ့။ သိပ်တော့လည်း မထူးလှပါဘူး။ အကြွေးနည်း နည်း လျော့သွားတာလောက်ပါပဲ။

စာလုံးကြီးတွေမှာ ပြည့်စုံတဲ့ အဓိပ္ပာယ်ပါပါ မပါပါ

ပြောချင်တာကတော့

တစ်နေ့လုပ်ခ များများ ရရေးပဲ။

ကဗျာဆရာလင်းလွင်ရဲ့ ပြဋ္ဌာန်းစာအုပ်ထဲက စာမဟုတ်ဘူး လမ်းပေါ်ကစာဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာကို တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ ပြောင်းလဲသတ်မှတ်လိုက်တယ်ဆိုတဲ့ သတင်းနဲ့ မရှေးမနှောင်းမှာပဲ ဖတ်ရတာ ဖြစ်ပါတယ်။ အဲဒီမှာပဲ အလုပ်သမားတွေက တစ် ရက်လုပ်ခ ကျပ် ၅၆၀၀ ရရှိရေးဆိုပြီး လမ်းပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။ ဒါဟာ သူတို့ မတရားတောင်းဆိုနေတာတော့ မဟုတ်ပါဘူး။ ကိုယ့်အခက်အခဲနဲ့ ကိုယ့်အကျပ်အတည်းကို ကိုယ်တိုင်ကိုယ်ကျ ခံစားနေရတာမို့ လိုနေတာလေးကိုပဲ တောင်းဆိုနေတဲ့ သဘောပါပဲ။

ပြောင်းလဲသတ်မှတ် တိုးပေးလိုက်တယ်ဆိုတဲ့ တစ်ရက်လုပ်ခ အနည်းဆုံး ကျပ် ၄၈၀၀ ဝင်ငွေဟာ အိမ်နီးနားချင်း နိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေရဲ့ တစ်ရက်လုပ်ခ ဝင်ငွေကို မမီသေးပါဘူး။ ဒါကြောင့်သာပဲ ကိုယ့်နိုင်ငံထက် ပိုရတဲ့ အိမ်နီးနားချင်းနိုင်ငံတွေဆီ အလုအယက်သွားပြီး ကျွန်ခံလုပ်နေကြရတာ ဖြစ်ပါတယ်။

လမ်းပေါ်က ဘဝတွေရဲ့ လမ်းပေါ်မှာ ရေးထားတဲ့ လမ်းပေါ်က စာတွေကိုတော့ လမ်းပေါ်မှာပဲ ပျောက်ပျက်မသွားဖို့ ဆုတောင်းလိုက်မိပါတယ်။

Most Read

Most Recent