အိပ်မက်ထဲက အိမ်

အိပ်မက်ထဲက အိမ်
Published 16 January 2018

Photo: Los Angeles Times

လူတစ်ယောက်ဟာ အိမ်တစ်အိမ်မှာ မွေးဖွားလာ၊ ပြီးတော့ ကြီးပြင်း၊ ရှည်လျားတယ် ထင်ရတဲ့ ဘဝကို ဖြတ်သန်း နောက်ဆုံးမှာ သေဆုံးသွား။ အဲဒီ လူ့ဘဝကို ဖြစ်စဉ်ကို အိမ်တစ်အိမ်ထဲမှာပဲ ပြီးဆုံးရတဲ့လူဆိုတာတော့ အတော်ရှားလိမ့်မယ် ထင်မိတယ်။ ရေကြည်ရာ မြက်နုရာတို့၊ တစ်ရွာမပြောင်း သူကောင်း မဖြစ်တို့စသဖြင့်၊ လူမှုရေး၊ စီးပွားရေး အကြောင်းကြောင်းတွေနဲ့ နေရာတစ်နေရာက နေ တစ်နေရာ၊ အိမ်တစ်အိမ်ကနေ နောက်ထပ် အိမ်တစ်အိမ် ပြောင်းရွှေ့နေထိုင်နေကြရတာကတော့ လူအများစုဖြစ်မှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ဆိုတဲ့ စကားလုံးကပေးတဲ့ ခံစားမှုကတော့ လူတိုင်းမှာ ရှိလိမ့်မယ်လို့ ထင်စရာပဲ။ လုံခြုံမှု၊ အေးချမ်းမှု၊ မိသားစုဘဝ။

ကံဆိုးစွာပဲ အိမ်ဆိုတဲ့ စကားသံကို နာကျင်စရာလို ခံစားရတယ်ဆိုတဲ့ သူတွေလည်း ရှိမှာပဲ။ အထူးသဖြင့် ကမ္ဘာတည်သရွေ့တောင် မပြီးတော့ဘူး ထင်ရတဲ့ စစ်ပွဲတွေကြားက အပြစ်မဲ့ စစ်ဘေးဒုက္ခသည်တွေ၊ ကလေးငယ်တွေ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကြား  လောင်မီးကျသွားတဲ့ အိမ်ကို ငေးနေရှာတဲ့ အပြစ်မဲ့ကလေးငယ်တွေ၊ လူတွေ။ သူတို့တွေ ရင်ထဲက အိမ်ဆိုတဲ့ ခံစားမှုက ဘယ်လိုနေလိမ့်မယ် လူတွေနားလည်ဖို့ ကောင်းတာပေါ့။  နောက်ပြီး တစ်ဘဝလုံးမှာ ခရိုးခယိုင် တဲစုတ် ကလေးလောက်ပဲဖြစ်ဖြစ် အိမ်ပိုင်ရာပိုင်ရယ်လို့ မရှိခဲ့ဘဲ သေဆုံးသွားရတဲ့ အိမ်ခြေရာမဲ့ ဘဝတွေ။ အိမ်ငှားဘဝနဲ့ ဟိုအိမ်ဒီအိမ် ပြောင်းရွှေ့ရင်း အိမ်အနာဂတ် ပျောက်နေသူတွေ၊ သေချာပေါက် ရှိနေရှိခဲ့တာကိုး။

ကျွန်တော် အရင်တုန်းက အိမ်ငှားနေခဲ့ဖူးတဲ့ လမ်းကလေးတစ်ခုမှာဆိုရင် တစ်လမ်းလုံးဟာ ကျွန်တော့်လို အိမ်ငှားတွေချည်းပဲ။ အလုပ်အကိုင်တွေကလည်း ဆိုက်ကားသမား၊ ဘူတာဈေးသည်၊ ရထားဈေးသည်၊ ကားဆိပ် ဈေးသည်၊ တွန်းလှည်းမောင်းသမား၊ စပယ်ယာ၊ တစ်နေ့လုပ် တစ်နေ့စား ပျံကျသမားတွေ။ ငှားနေတဲ့ အိမ်တွေဆိုရင်လည်း တချို့အိမ်တွေဆိုရင် ထရံအမိုးတွေက ဘယ်နှနွေ ဘယ်နှမိုးမှန်း မသိနိုင်တော့ ပေါက်ပြဲ မိုးမလုံ၊ အကာက မရှိတော့ဘူး။ အိမ်ရှင်လုပ်သူကလည်း လစာမှန်မှန်မရလို့  ပြင်မပေးတော့ဘူး။နှင်နေပြီ။ အိမ်ငှားသူကလည်း စားဖို့တောင် အနိုင်နိုင် ပြင်ဖို့ဝေး။ ဒီတစ်အိမ်က နှင်လိုက် တော့လည်း နောက်ထပ်တစ်နေရာ၊ အဲဒီ နောက်ထပ်တစ်နေရာက နောက်ထပ်ငှား အိမ်တစ်ခုကို ရောက်သွား၊ အဲဒီအိမ်မှာလည်း လစာမှန်မှန် မပေးနိုင်တော့ နှင်ပြန်ရော။ အဲဒီတော့ ပထမအနှင်ခံရတဲ့ အိမ်ကို ပြန်ရောက်ချင် ရောက်လာပြန်။

သူတို့မှာ ပြောင်းဟယ် ရွှေ့ဟယ်မို့လို့လည်း ဘာမှ ကသီလင်တမဖြစ်၊  အဝတ်အစားထည့်တဲ့ ပလတ်စတစ်ပုံး၊ ခြင်ထောင်အပြဲ၊ စောင်အပေါက်တို့ကို ပုဆိုးနဲ့ထုပ်၊ အိုးခွက် ပန်းကန်တချို့တလေကို ဒန်ဇလားကြီးထဲ ပြုံထည့် ပစ္စည်းအတွက် ဆိုက်ကားလေးတစ်စီး၊ ကလေးတစ်ပြုံတစ်မကြီးအတွက် ဆိုက်ကား ကလေးတစ်စီး ငှားလို့ ပြောင်းသွားလိုက်တာပဲ။ တစ်နှစ်၊ နှစ်နှစ်နေ တစ်ချိန်ကျတော့လည်း  အဲဒီအသွင်အပြင်လေးအတိုင်း ပြန်ရောက်ချင် ရောက်လာတတ်တာပဲ။ သူတို့စိတ်ထဲ လူဖြစ်ခဲ့တဲ့ ဘဝကလေးအတွင်းမှာ အိမ်ကလေးတစ်အိမ်လောက်တော့ မနေခဲ့ရလို့ ဝမ်းနည်းကြေကွဲရမှုများ မဖြစ်လေဘူးလားလို့ တစ်ခါတစ်ခါ ကျွန်တော်ဖြင့် တွေးမိပါရဲ့။  မောင်ချောနွယ်ရဲ့ ကဗျာစာသား ‘လူဖြစ်ခဲ့ တာ သေချာအောင် ကိတ်ခြောက်ကလေး တစ်ချပ်တော့ ဝါးသွားခဲ့ချင်သေးတယ်’ ဆိုတာမျိုးပေါ့။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုမျှော်မှန်း စိတ်ကူးကလေးရှိလေတော့ တွေးမိတာပါ။ တကယ်တော့ သူတို့မှာ အဲဒီစိတ်ကူးကလေးကို ခေါင်းထဲဝင်ခွင့်တောင် မရကြရှာဘူး ထင်တာပဲ။ အိမ်ထက် ပိုအရေးအကြီးတဲ့ ‘နေရေး’ ဆိုတဲ့ စကားလုံးထက် ပိုအရေးပါတဲ့ ‘စားရေး’ ကိစ္စက နေ့စဉ်ဗိုက်ထဲကို အစာ မရောက်မချင်း ပူနေရတာကိုး။

အိမ်နဲ့ပတ်သက်လို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့အဖြစ်ကိုလည်း သတိရမိပါတယ်။ ကွမ်းယာဆိုင်ကလေး ဖွင့်ထားတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ သူ့အဖြစ်က ဒီလိုပါ။ သူ ဖွင့်ထားတဲ့ ကွမ်းယာဆိုင်ကလေး နဲ့ မျက်နှာချင်းဆိုင် လမ်းပဲ ခြားပြီးရှိနေတဲ့ ခြံ ဝင်းကြီးနဲ့ တိုက်ကြီးက သူတို့ငယ်ငယ်က နေ ခဲ့ဖူးတဲ့ အိမ်နေရာလေး။ သူတို့နေစဉ်ကတော့ ခုလို တိုက်ကြီးတာကြီးတော့ မဟုတ်ပါဘူး။ ရှေးသစ်သား နှစ်ထပ် ပျဉ်ထောင်အိမ်ပေါ့။ နောက်တော့ သူ့အဖေလည်း စီးပွားပျက်၊ ကျန်းမာရေးကလည်း ချူချာ စိတ်ထောင်း ကိုယ်ကြေပေါ့။ အဲဒီအိမ်ကလေးကို ရောင်း၊ မြို့စွန်ပြောင်းနေခဲ့ကြရတယ်။ မြို့စွန်ပြောင်းနေရတယ်ဆိုတဲ့ အိမ်ကိုလည်း ထပ်ရောင်း ဆေးကု၊ နောက်ဆုံး အဖေလည်းဆုံး ပိုင်ဆိုင်သမျှလည်း ကုန်အဖြစ်ကိုး။ ခုတော့ အဲဒီဒဏ်တွေနဲ့ သူ့မအေကြီးလည်း ဆုံးခဲ့တာကြာပါပြီ။

သူနဲ့ကလည်း ကြီးကာမှ ပေါင်းတဲ့သူငယ်ချင်းဆိုတော့ အဲဒီအဖြစ်တွေကို အစောကတော့ မသိပါဘူး။ တစ်ခါသား ညနေခင်းတစ်ခုမှာ ကွမ်းယာ ဝယ်ရင်း သူ့ကွမ်းယာခုံနံဘေး ဝင်ထိုင်တော့ ဘယ်ကနေ ဘယ်လို စကားစပ်မိတယ် မမှတ်မိတော့ဘူး။ သူက ရီရီဝေေ၀နဲ့ ပြောတယ်။ ‘‘သူငယ်ချင်းရာ ဒီအိမ်ကြီးကို မြင်တိုင်း ငါငယ်ငယ်က ငါ့အမေက အိမ်အပေါ်ထပ်ကနေ ပိုင်ပိုင်ရေ ထမင်းစားစို့ဟေ့ သားလေးရေ လာတော့ဟေ့’’လို့ အော်ခေါ်နေတာကို အမြဲမြင်ယောင်နေမိတယ်တဲ့။ဇာတ်လမ်းကိုမသိတော့ သူ ဘာကြောင့် ဒီလိုပြောမှန်း ကျွန်တော် ဘယ်နားလည်ခဲ့ပါ့မလဲ။နောက်ပိုင်း သူနဲ့ ပေါင်းရင်း ပေါင်းရင်းမှ သူတို့မိသားစုဇာတ်လမ်းကို သိလေတော့မှ။ သြော် ဒီတိုက်ကြီးကို နေ့စဉ်  မြင်နေရတိုင်း သူ့မှာ ခံစားနေရ မှာပဲ။ သူ့ဘဝများ ဆိုးလေတော့ တစ်ချိန်က အဖေ၊ အမေ မိသားစု စုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင် နေခဲ့ဖူးတဲ့ အိမ်နေရာဟောင်း ရှေ့မှာမှ ကွမ်းယာဆိုင်ဖွင့် ရောင်းချလုပ်စားနေရတဲ့အဖြစ်။ ခုဆို သူ့ခမျာလည်း အိမ်ငှားဘဝနဲ့ပဲ ဟိုခုန်ရွှေ့ ဒီခုန်ရွှေ့ပေါ့။ အိမ်ပိုင်ယာပိုင်ဖြစ်ဖို့ထက် သူ့ကွမ်းယာဆိုင်ကလေး စည်ပင်က ဘယ်အချိန် လာဖယ်ခိုင်းမလဲ တွေးကြောက်နေရတော့တာပဲ။

သြော် ကလေးဘဝတုန်းကတော့ ကျောင်းမှာ လက်နှစ်ဖက်ကို ပေါင်မှာ တင်းတင်းကပ် သတိဆွဲလို့ မာန်ပါပါနဲ့ နိုင်ငံတော်သီချင်းဆိုတာကြီးကို အော်ဆိုခဲ့ဖူးပါတယ်။ ‘‘ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်တဲ့ မြေ’’ရယ်လို့ ပေါ့။ တစ်ခါတလေများ ဘာကြောင့်မှန်းမသိ၊ အံကြီးတွေ ကြိတ် ကြက်သီးတွေ ထပေါ့။ တကယ်တော့ ကျွန်တော် နေခဲ့ဖူးတဲ့လမ်းထဲက လူတွေနဲ့ ကျွန်တော်တို့မှာ ပိုင်တဲ့မြေရယ်လို့ ပန်းအိုးထဲက မြေတောင် မရှိပါဘူး။ ဒီလိုလူ တွေအတွက် အိမ်ဆိုတဲ့စကားလုံးဟာ အလကားပေါ့။ လူတစ်ယောက်ရယ်လို့ ဖြစ်ပြီဆိုရင်တော့ အိမ်ကလေး တစ်အိမ်ကတော့ ရှိကို ရှိသင့်ပါတယ်။ ကိုယ့်အိမ် ကိုယ့်ရာလို့ ခံစား ရစေတဲ့ အိမ်ပေါ့။

ကျွန်တော့်မှာလည်း ကျဉ်းကျဉ်းကလေးပဲ ဖြစ်စေဦး၊ အိမ်ကလေးတစ်လုံးနဲ့ သီးပင် စားပင်နဲ့ ပန်းပင်ကလေးတွေ စိုက်ဖို့ မြေက လေးနည်းနည်းလောက်တော့ လိုချင်တဲ့ စိတ်ကူးကလေးရှိတာပဲ။ စိတ်ကူးအနေနဲ့ ဒီထက် ပို အများကြီးစိတ်ကူးလို့  ရတာကတော့ အမှန်ပေါ့။ ဒါပေမဲ့ ကိုယ့်ဘဝနဲ့ ကိုယ်တော့ ဒီလောက်ပါပဲ။ အိမ်မကြီးဆီရောက်ဖို့ အဝေးကြီး လျှောက်နေရမယ့် သီးသန့်ဆန်လွန်းတဲ့ ဧက ဆယ်နဲ့ချီတဲ့ ခြံကျယ်ကြီးတွေ၊ ရေကူးကန်ကြီးတွေ မလိုပါဘူး။ ကျဉ်းကျဉ်းကလေးဆိုရင်တောင် ကိုယ်တကယ် ပိုင်ဆိုင်တာကလေးပေါ့။ လူတိုင်းမှာ ဒီလို  လိုချင်မှုလောဘကလေး တွေကတော့ ရှိကြတာချည်းပေါ့ဗျာ။ မတော် လောဘမဖြစ်ရင် တော်ပြီပေါ့။

အသေအချာ အတိအကျ စာရင်းလုပ် တွက်ကြည့်ရင် ဒီနေ့အချိန်အထိ ကျွန်တော်နေခဲ့ဖူးတဲ့ အိမ်အရေအတွက်ဟာ ၁၁ အိမ် အထိ ရှိခဲ့တယ်။ နှစ်တော်တော်ကြာ နေခဲ့ရတာတွေရော၊ ခဏတစ်ဖြုတ် နေခဲ့ရတဲ့ အိမ်တွေရောပေါ့။ အဲဒီအိမ်တွေဟာ အိမ်ပိုင်ရာ ပိုင်ဖြစ်ဖို့တော့ ဝေးလို့ ကိုယ့်အိမ့်ကိုယ့်ရာ ရယ်လို့ ခံစားရစေတဲ့ အိမ်ကို များများ မရှိခဲ့ပါဘူး။ ငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အဖေ အမေအိမ် (လိုင်းတန်းလျား) နဲ့ ကိုယ့်မိသားစု ဘ၀ ကိုယ့်ဘာသာ တည်ထောင်ခါစက လင်မယားနှစ်ယောက် နေခဲ့ဖူးတဲ့ အိမ်၊ နှစ် အိမ်ကိုသာ အိမ်ရယ်လို့ ကောင်းကောင်းခံစားခဲ့ဖူးတာပဲ။ ငယ်ဘဝအိမ်ဆိုတာကလည်း ငယ်သေးတော့ ကလေးဆိုတော့ ဒီအိမ်မှာပဲ ဘဝတစ်ခုလုံး ကုန်ဆုံးသွားရမယ်လို့ ထင်ခဲ့မိတာကိုး။

နောက်ပြီး အဲဒီငယ်စဉ်က အဖေ အမေ တို့နဲ့ နေခဲ့ရတဲ့ အိမ်ဆိုတာကလည်း တခြား တစ်မြို့မှာဆိုတော့ ခုတော့ ဘယ်အခြေ ရောက်နေပြီ မသိနိုင်ပါဘူး။ ဝန်ထမ်းလိုင်း တန်းလျားအခန်းဆိုတော့ တစ်မိသားစုပြီး တစ်မိသားစု အဆက်ဆက် ပြောင်းကြ၊ ရွှေ့ ကြရှိနေမပေါ့။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်း ကတော့ အဲဒီ ငယ်ဘဝအိမ်လေးရှိတဲ့ မြို့ကို ခဏတစ်ဖြုတ် ရောက်တော့ ဘာရယ်မဟုတ် သွားပြီး ငေးကြည့်နေမိခဲ့သေးတယ်။ ဒါက ငယ်တုန်းက ပြေးတဲ့လွှားတဲ့ ဘောလုံးကန် ခဲ့တဲ့ နေရာ၊ ဒါကတော့ ဂေါ်လီရိုက် အရုပ်ပစ်တဲ့ နေရာ၊ ဒါကတော့ ကုက္ကိုသီးတွေနဲ့ စစ်တိုက်တမ်း ဆော့ခဲ့တဲ့နေရာ၊ ဒါကတော့ သူ ငယ်ချင်းတွေနဲ့အတူတူ ကင်းစခန်းအနေနဲ့ တည်ဆောက်ခဲ့တဲ့ မှို့ပင်ကြီး။ အစစအရာရာ ပြန်မြင်ယောင်ရင်း ကုန်ဆုံးသွားတဲ့ အချိန်တွေကို အံ့အားသင့်မိပါရဲ့။ အဲဒီအိမ်ကလေးကတော့ ဘဝမှာ အပျော်ရွှင်ရဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ရတဲ့ အိမ်ကလေးမို့ သေတဲ့အထိ မေ့လို့ရမယ် မထင်ပါဘူး။ နောက်ထပ် အိမ်လို့ ခံစားရတဲ့ အိမ်ဆိုတာကျတော့လည်း ဝန်ထမ်းအိမ်ပါပဲ။ အဲဒီအိမ်ကတော့ အိမ်လို့ ခံစားလို့သာ ခံစားခဲ့ရတယ် ပျော်လို့သာ ပျော်ခဲ့ရတယ် ဘဝမှာ နေဖူးသမျှ အိမ်တွေထဲ အကျဉ်းဆုံး အိမ်လေးပါပဲ။ အိမ်က ၁၀ ပေ ပတ်လည် အခန်းလေးတစ်ခန်းရယ်ပါ။ ဒါပေမဲ့ ညားခါစလင်မယားရဲ့ နေအိမ်ကလေး ဆိုတော့ တကယ့်ကို ပျော်ရွှင်ခဲ့ရပါတယ်။ အိမ်ကျဉ်းကျဉ်းကလေးရဲ့ ဝင်ပေါက်နဲ့ ကပ်ရပ်မှာ အလျားလိုက် ခုတင်ကလေးတစ်လုံး၊ ခုတင်ရဲ့ဘေးမှာ အိမ်ထရံနဲ့ကပ်လျက် စာအုပ်စင်ကလေးနှစ်စင်၊ ခုတင်ရဲ့အောက်ခြေ အဆုံး လွတ်နေတဲ့ သုံးပေလောက်ဟာ ထမင်းဟင်းအိုးတည်ရာ မီးဖိုချောင်၊ အိမ်ရဲ့ အကျယ်အဝန်းကတော့ ဒါပဲ။ ညနေဆိုရင် ကျွန်တော်တို့လင်မယားနှစ်ယောက်ဟာ အိမ်ရှေ့မှာ ထုတ်ထားတဲ့ သစ်သားတန်းလျားပေါ်မှာ၊ ထိုင် စာအုပ်ကလေး တစ်ယောက် တစ်အုပ်စီ ဖတ်လို့၊ တစ်ခါတစ်လေလည်း အိမ်မရှိ ခွေးမွေး အဖြစ်နဲ့ အိမ်ရှေ့မှာ သူ့ဘာသာသူ လာနေတဲ့ ခွေးမလေးကို ပွတ်သပ်ပေးလို့ ငါးနှစ်ကျော် ခြောက်နှစ်လောက်ကာလကို အဲဒီအိမ်ကလေးမှာပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြ တာပဲ။

အဲဒါ အကုန်ပါပဲ။ နေခဲ့ဖူးသမျှ အိမ်တွေထဲ အိမ်ရဲ့အရသာကို ခံစားထိတွေ့ဖူး တဲ့ အိမ်နှစ်အိမ်ဆိုတာ ဒါ အကုန်ပါပဲ။ တစ်အိမ်က တစ်အိမ်ကို ပြောင်းရွှေ့နေရတိုင်း ငါတို့ဘဝဟာ အိမ်တစ်အိမ် ပိုင်ဆိုင်ဖို့တောင် မဖြစ်နိုင်တော့ဘူးလို့ အားလျှော့စိတ်လည်း ဖြစ်မိတာပဲ။ တစ်ခါတစ်လေ သတင်းစာတွေထဲ ကျူးကျော်တယ်ဆိုတဲ့ အိမ်တွေကို ဘူဒိုဇာတွေနဲ့ ထိုးဖျက် ရွှေ့ကြတာမျိုးတွေကို ဖတ်ရ မြင်ရရင် တခြားပြဿနာတွေဆိုတာထက် အဖျက်ခံရတဲ့ မိသားစုတွေရဲ့ ခံစားချက်ကိုတော့ အမိအရကြီးကို ခံစားသိပြီး ကိုယ်ချင်းစာနာနေမိတော့တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကိုယ်ပိုင်အိမ် မရှိတဲ့မိသားစုတွေဟာ ဘယ်လောက်တောင် များနေမလဲ။ အဲဒီအိမ် မျှော်လင့်ချက် ကုန်ဆုံးနေတဲ့ မိသားစုတွေကနေ ပေါက်ဖွားလာတဲ့ ပေါက်ဖွားလာဦးမယ့် ကလေးငယ်တွေရဲ့ အနာဂတ်မှာရော အိမ် ကလေးတစ်လုံး အိပ်မက်က ဆက်မက်နေရဦးမှာလား ကိုယ့်ဘဝနဲ့ယှဉ် အတွေးပွားမိတာပေါ့။

လူတိုင်းအတွက် အိမ်ဆိုတာ အခြေခံအကျဆုံး လိုအပ်ချက်ပဲလေ။ လူတစ်ယောက်ချင်းစီ မိသားစုတစ်ခုချင်းစီအတွက် အိမ်ကလေးတစ်လုံး။ အိမ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ ကဗျာတွေ၊ အက်ဆေးတွေ၊ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ အများကြီး ကြည့်ဖူး ဖတ်ဖူး ခံစားခဲ့ဖူးပါတယ်။ ပုံသဏ္ဌာန်အမျိုးမျိုး၊ တင်ဆက်ပုံအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးပေါ့။ ဂျွန်စတိန်းဘတ်ရဲ့ Of Mice and Men ဆိုတဲ့ ဝတ္ထုကို တော်တော်များများ ဖတ်ဖူးကြလိမ့်မယ်ထင်ပါတယ်။ ဆရာမောင်ထွန်းသူက ‘တို့ ပိုင်တဲ့မြေ’ ဆိုပြီး ဘာသာပြန်ထားတာပေါ့။ အဲဒီဝတ္ထုထဲက လယ်ကူလီလုပ်၊ ကြုံရာကျပန်း အလုပ်တွေလုပ်ရင်း တစ်ချိန်ချိန်မှာ အိမ်ကလေးတစ်လုံး လယ်တောလေးတစ်ခု ပိုင်ဆိုင် ဖို့ စိတ်ကူးယဉ်နေကြတဲ့ ဂျော့မင်လ်တန်နဲ့ လင်နီစမောဆိုတဲ့ သူငယ်ချင်းနှစ်ယောက်။ အထူးသဖြင့် လူကောင်ကြီးကြီး ခပ်နုံနုံနဲ့ လင် နီစမောရဲ့ စိတ်ကူးအိပ်မက်၊ ခွေးကလေးတွေ၊ ယုန်ကလေးတွေ မွေးထားတဲ့ လယ်တောနဲ့ အိမ်လေးပေါ့။ သို့ပေမယ့် သနားဖို့ကောင်းလှအောင် နုံအလှတဲ့ လင်နီစမောဟာ သူ့ရဲ့စိတ်ကူးအိပ်မက်ကို မြင်ယောင်ရင်း ဘဝဇာတ်သိမ်းခဲ့ရတယ်။ ကျွန်တော်တို့လို အိမ်ကလေးတစ်လုံးကို မျှော်လင့်ရင်း ဘဝကို ဖြတ်သန်း နေရသူတွေအဖို့တော့ တစ်ခါ ဖတ်ဖူးထားရင် ဘယ်တော့မှ မမေ့နိုင်တော့မယ့် ဝတ္ထုပါပဲ။ ကျွန်တော်တို့ဟာလည်း တစ်နည်းတစ်ဖုံ အနေနဲ့တော့ လင်နီစမောတွေပဲ မဟုတ်လား။

Most Read

Most Recent