ခန့်မှန်း၍ မရသည့် ငလျင်ဘေး

ခန့်မှန်း၍ မရသည့် ငလျင်ဘေး
Published 15 January 2018

အင်အားနှင့် တည်နေရာအလိုက် မြေငလျင် လှုပ်ရှားမှုများ ပြပုံ (ပုံ-၁)၊ အင်အားနှင့် Depth အလိုက် မြေငလျင်လှုပ်ရှားမှုများ ပြပုံ (ပုံ -၂)

၂၀၁၈ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး ဇန်နဝါရီ ၁၃ ရက်အထိ ပြည်တွင်းကို ဗဟိုပြုပြီး ငလျင် ၁၈ ကြိမ်အထိ လှုပ်ခတ်ခဲ့ပေသည်။ အဆိုပါ ငလျင်များထဲတွင် ဖြူးမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်သည် အင်အားအပြင်းဆုံး ဖြစ်သည်။

ယင်းငလျင်သည် အင်အားပြင်းပြီး ဇောက်တိမ်တွင် လှုပ်ခတ်ခဲ့သော်လည်း ငလျင်ဗဟိုချက်သည် ပဲခူးရိုးမတောအတွင်း ဖြစ်ပွားခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများ မရှိခဲ့ဘဲ ပြည်သူများအတွက် သက်သာရာရခဲ့သည်။

“ဇန်နဝါရီ ၁၂ ရက်မှာ လှုပ်သွားတဲ့ ငလျင်က ပဲခူးရိုးမမှာရှိတဲ့ ပြတ်ရွေ့က လှုပ်သွားတာ ရှိတယ်။ အရင်တုန်းကတော့ ဖြူးငလျင်တို့ ဘာတို့တော့ ရှိတယ်။ အဲဒီနားတော့ မဟုတ်ဘူး။ အခုဟာက ပဲခူးရိုးမဘက်မှာ ငလျင်ငယ်လေးတွေ မကြာခဏတော့ လှုပ်တယ်။ ဗဟိုချက်က ရိုးမပေါ်မှာ ဖြစ်နေတဲ့အတွက် လူနေသိပ်သည်းမှု နည်းတယ်။ အဆောက်အအုံလည်း နည်းတယ်။ စုံစမ်းကြည့်တာတော့ ဖြူးတို့ တောင်ငူတို့ဘက်မှာ အပျက်အစီး မရှိဘူးလို့ သိရတယ်။ အင်အားက ၆ ဒသမ ၀ ဆိုတော့ နည်းနည်းတော့ များတယ်။ လှုပ်တာက တောထဲမှာဆိုတော့ အပျက်အစီးမများတာ ဖြစ်တယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ငလျင်ကြီးလှုပ်ပြီးနောက် အလတ်စား ငလျင်နှင့် အသေးစား ငလျင်များသည် နောက်ဆက်တွဲအနေဖြင့် လှုပ်တတ်ပြီး ယင်းငလျင်များသည် နာရီပိုင်း၊ ရက်ပိုင်း သီတင်းပတ်မှသည် လပိုင်းအထိ ဆက်လက် ဖြစ်ပွားနိုင်သည်။ ပဲခူးရိုးမအတွင်း ရစ်ချ်တာစကေး ၆ ဖြင့် လှုပ်ခတ်ခဲ့သော ငလျင်၏ နောက်ဆက်တွဲ ငလျင်သည် ဇန်နဝါရီ ၁၃ ရက်အထိ ခုနစ်ကြိမ်အထိ လှုပ်ခတ်ထားကြောင်း သိရသည်။

“ဇန်နဝါရီ ၁ ရက်က အခုချိန်ထိ စုစုပေါင်း ငလျင် ၁၄ ကြိမ်အထိ လှုပ်ခဲ့တယ်။ အင်အားပြင်း ငလျင်တွေမှာ နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်တယ်။ အခုငလျင်ကတော့ တအားကြီး အင်အားမများဘူး။ တချို့ နိုင်ငံတွေမှာဆို အင်အား ၈ ကျော်တဲ့အခါ ပိုပြီးတော့ နောက်ဆက်တွဲ ငလျင်လိုက်တာ များတယ်။ အချိန်ကာလအားဖြင့်လည်း ကြာတယ်။ အခု လှုပ်ခတ်သွားတဲ့ ငလျင်ကလည်း နောက်ဆက်တွဲလေးတွေ ထပ်လှုပ်နိုင်တာကိုတော့ သတိပြုဖို့ လိုတယ်။ မြန်မာနိုင်ငံမှာတော့ အဓိကပြတ်ရွေ့ကြီးကတော့ စစ်ကိုင်းပြတ်ရွေ့ကြီး ဖြစ်တယ်။ စစ်ကိုင်းပြတ်ရွေ့က ကမ္ဘာ့မြေငလျင်ပညာရှင်တွေ စိတ်ဝင်စားတဲ့ ပြတ်ရွေ့တစ်ခု ဖြစ်တယ်”ဟု ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီ ၁၃ ရက်တွင် ထန်းတစ်ပင်မြို့၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အင်အားနည်းသော်လည်း ဗဟိုချက်နှင့် နီးသဖြင့် ငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ရှိ ပြည်သူများ သိသိသာသာ ခံစားခဲ့ရပေသည်။

“ငလျင်ကြီးတွေက အများကြီးပဲ ၁၂ ရက်က လှုပ်ခဲ့တဲ့ ငလျင်ကတော့ အနောက်ပဲခူးရိုးမက လှုပ်တယ်။ ပြင်းအားက ၆ ရှိတယ်။ လှုပ်တဲ့နေရာက တောတောင်ထဲမှာ ဖြစ်တဲ့အတွက် လူတွေနေတဲ့ ရပ်ရွာတွေနဲ့ ဝေးတဲ့အတွက် ကံကောင်းတာပေါ့”ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီမှ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက် (သောကြာနေ့) နံနက်စောပိုင်းမှ ယခုအချိန်အထိ ၄၈ နာရီအတွင်း မြန်မာနိုင်ငံတစ်ဝန်း ငလျင်ငယ်များစွာ လှုပ်ခတ်ခဲ့ပါသည်။ ပထမဆုံး ဖြစ်ရပ်ဖြစ်သည့် ဖြူးမြို့ အနောက်တောင်ဖက် ပဲခူးရိုးမဒေသတွင် ဖြစ်ပွားခဲ့သည့် ပမာဏ ၆  ခန့်ရှိ ငလျင်နောက်ပိုင်း ယင်းပတ်ဝန်းကျင်တွင် ဆက်လက်ဖြစ်ပွားခဲ့သော ငလျင်ငယ်များကို နောက်ဆက်တွဲငလျင် (Aftershock) များဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီရှိ ဘူမိဗေဒပညာရှင်များက ထင်မြင်ကြောင်း၊ သို့ရာတွင် နိုင်ငံ၏ အခြားနေရာများတွင် ဆက်လက် ဖြစ်ပွားနေသော ငလျင်ငယ်များသည် ပမာဏအားဖြင့် သေးငယ်သော်လည်း နိုင်ငံတွင် ငလျင်များဖြစ်ပွားရသည့် အကြောင်းရင်းဖြစ်သည့် မြေထုချပ်များ ပိုမိုလှုပ်ရှုားလာမှုကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ငလျင်များ လှုပ်ခတ်ရခြင်း၏ မူရင်းအကြောင်းခံမှာ အိန္ဒိယသမုဒ္ဒရာ မြေထုချပ်သည် မြန်မာမြေထုချပ်အောက်သို့ စိုက်ဝင် တွန်းတိုက်နေခြင်းကြောင့်ဖြစ်ပြီး ယင်းကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့် အခြားငလျင်ပြတ်ရွေ့များ ဖြစ်ပေါ်လာရကြောင်း၊ မြေထုချပ် လှုပ်ရှားမှုကြောင့် ငလျင်ငယ်များ ဆက်ကာ လှုပ်ရှားနေခြင်းသည် ဖြစ်ပေါ်နေသော ဝန်အား (Strain) လျော့ကျသွားစေပြီး ငလျင်ကြီးများ ဖြစ်ပေါ်စေရန် အခွင့်အလမ်း နည်းပါးနိုင်သည်ဟု ယူဆနိုင်သကဲ့သို့ ငလျင်ကြီးတစ်ရပ် ဖြစ်ပေါ်ရန် အခြေအနေရှိနေသည်ဟုလည်း ယူဆနိုင်ကြောင်း၊ ငလျင်သည် ကြိုတင်ခန့်မှန်း၍ မရသော ဘေးအန္တရာယ် တစ်ရပ်ဖြစ်ရုံသာမက ငလျင်ကြောင့် လူမသေဘဲ လူများဆောက်လုပ်ထားသော အဆောက်အအုံများကြောင့်သာ လူတို့ ထိခိုက်ပျက်စီးရသည်ဖြစ်ရာ အဆောက်အအုံများအား စစ်ဆေးပြင်ဆင်ခြင်း၊ မိသားစုတို့ နေထိုင်ရာ နေရာများတွင် ပြုတ်ကျနိုင်သော ပရိဘောဂများအား စစ်ဆေးပြင်ဆင်ခြင်း၊ အရေးကြုံလျှင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် မည်သို့ တုံ့ပြန်ဆောင်ရွက်ကြမည်ကို စဉ်းစားထားခြင်း၊ အစိုးရဌာနများကလည်း မိမိတို့၏ ကာကွယ်ကူညီရေးအဖွဲ့များ ယန္တရားများကို စဉ်းစား သိရှိသတိရှိခြင်းသည် ယခုရက်များအတွင်း ဖြစ်ပွားနေသော ငလျင်များအတွက် မှန်ကန်သော တုံ့ပြန်မှုဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အဓိက ငလျင်ကြီးများ ရှိသည့်အနက် အရေးကြီးဆုံးသည် စစ်ကိုင်းပြတ်ရွေ့ဖြစ်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့၏ တောင်ဘက်အစွန်ဆုံးပိုင်းသည် ရန်ကုန်မြို့ နှင့် ကီလိုမီတာ ၂၅၊ ၃၀ လောက်ခန့်သာ ကွာဝေးသဖြင့် အန္တရာယ်ရှိကြောင်း၊ အဆိုပါ အနီးအနား၌ ၁၉၂၉ ခုနှစ်တွင် အင်အား ၇ ဒသမ ၃ ဖြင့် ဆွာငလျင် စလှုပ်ခဲ့ကြောင်း၊ ၁၉၃၀ မေ  ၅ ရက်တွင် အင်အားရစ်ချ်တာစကေး ၇ ဒသမ ၃ ဖြင့် ပဲခူးငလျင် လှုပ်ခတ်ခဲ့ပြီး ပဲခူးတွင် လူ ၅၀၀ သေဆုံးခဲ့ကာ ရန်ကုန်တွင် လူ ၅၀ သေဆုံးခဲ့ကြောင်း၊ ၁၉၃၀ မေ ၅ ပြီးနောက် ၁၉၃၀ ဒီဇင်ဘာတွင် အင်အားရစ်ချ်တာ စကေး ၇ ဒသမ ၃ ဖြင့် ဖြူးငလျင် ထပ်လှုပ်ခဲ့ကြောင်း အဆိုပါနေရာများတွင် ငလျင်ပြတ်ရွေ့များ၏ အချက်အလက်အရ လည်းကောင်း အတိတ်တွင် လှုပ်ခဲ့သည့် ငလျင်များအရသော်လ ည်းကောင်း နှစ် ၈၀၊ ၁၀၀၊ ၁၅၀ ပတ်လည်ကာလတွင် ပြင်းအား ၇ နှင့် ၇ အထက် ပြန်လည် လှုပ်ခတ်နိုင်ကြောင်း၊ ၁၉၃၀ မှ ၂၀၁၈ အထိ နှစ်ပေါင်း ၉၀ နီးပါးဖြစ်နေသောကြောင့် ပြန်လှုပ်ရန် အခွင့်အလမ်းများနေသဖြင့် အန္တရာယ်ရှိကြောင်း ဒေါက်တာမျိုးသန့် က ပြောကြားသည်။

“စစ်ကိုင်းပြတ်ရွေ့ရဲ့ မြောက်ဘက်ကို နည်းနည်း တက်သွားမယ်ဆိုရင် ဝမ်းတွင်းပေါ့၊ နောက်ဆုံးလှုပ်ခဲ့တာက ၁၈၃၉ အင်းဝငလျင်ပေါ့။ ပြင်းအားက ၇ ဒသမ ၅ လောက်ဆိုတော့ ၁၈၃၉ ကနေ အခု ၂၀၁၈ ဆိုတော့ အဲဒီနေရာက လှုပ်ခဲ့မယ်ဆိုရင်လည်း စိုးရိမ်ရတာပဲ၊ နောက်ပြီးတော့ ၁၉၅၆ မှာဆိုရင် စစ်ကိုင်းငလျင်ဆိုတာ ကြားဖူးကြမှာပေါ့။ ပြင်းအားကလည်း ၇ ပဲ။ လူပေါင်း ၅၀ ကျော် ၆၀ လောက် သေတယ်။ ဘယ်နေရာက အန္တရာယ်အကင်းဆုံးလည်းဆိုရင် ၂၀၁၂ သပိတ်ကျင်းငလျင် လှုပ်ခဲ့တဲ့နေရာက အန္တရာယ်အကင်းဆုံးပဲ လို့တော့ပြောရမှာပေါ့။ လှုပ်ထားတာ မကြာသေးဘူး။ ကျန်တဲ့အပိုင်းတွေကတော့ သတိပြုရမှာပေါ့”ဟု ဒေါက်တာမျိုးသန့်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်တွင်းကို ဗဟိုပြုပြီး အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များ အကြိမ် ၇၀ ခန့် လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်များအနက်မှ ၂၀၁၇ မတ် ၁၃ ရက်တွင် တိုက်ကြီးမြို့၏ ငါးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး တိုက်ကြီးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ ထွေအုပ်ရုံးနှင့် အိမ်အချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ရန်ကုန်မြို့တွင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် အဆောက်အအုံများသည် ငလျင်ဒဏ် ခံနိုင်ရည်ရှိမှုကို ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်း မရှိကြောင်း ၂၀၁၆ အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်ပြု လုပ်သည့် မြေငလျင်ဆိုင်ရာ ဖိုရမ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်နှင်းအိဝင်းက ပြောကြားသည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀၀၀ ခန့် အကွာအဝေးနှင့် သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့အနီးတွင် တည်ရှိပြီး ၁၉၃၀ ပြည့်တွင် လှုပ်ခတ်ခဲ့သည့် အင်အား ၇ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်ကြောင့် ပဲခူးမြို့တွင် လူဦးရေ ၅၀၀ ခန့်နှင့် ရန်ကုန်မြို့တွင် လူဦးရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း၊ ၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်မြို့၏ လူဦးရေသည် လေးသိန်းခန့်သာ ရှိသော်လည်း လက်ရှိအချိန်တွင် လူဦးရေ ခြောက်သန်းကျော် ရှိလာသောကြောင့် မြေငလျင်တစ်ခု လှုပ်ခတ်ဒဏ်ကို ခံစားရလျှင် ဆုံးရှုံးမှုနှင့် ပျက်စီးမှုများကို မည်သူမျှ မခန့်မှန်းနိုင်ပေ။

“မြန်မာနိုင်ငံမှာ အဆောက်အအုံတွေ ဆောက်တဲ့အခါ ၂၀၁၁-၂၀၁၂ လောက်မှာ အဆောက်အအုံတွေ ဆောက်တဲ့အခါ လိုက်နာရမယ့် စံတွေကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်ပြန်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်တဲ့ ဟာတွေကို ထည့်သွင်းတွက်ချက် ဆောက်လုပ်လာကြတယ်တယ်။ အဲဒီမတိုင်ခင်က ငလျင်ဒဏ်ခံနိုင်ဖို့ ထည့်သွင်း တည်ဆောက်ထားတာ မရှိလောက်ဘူးလို့ ထင်တယ်။ အခုရန်ကုန်မြို့မှာ ဆောက်ထားတဲ့ အိုးအိမ်တိုက်တာတွေ ရှိတယ်။ နောက်ဆောက်ထားတာတွေကလည်း ထည့်သွင်း စဉ်းစားထားတာ မရှိဘူးဆို ရင် ၁၉၃၀ ငလျင်တုန်းက ရန်ကုန်မြို့က လူ ၅၀ သေတယ်။ အဲဒီအချိန်က အဆောက်အဦးတွေလည်း သိပ်မရှိသေးဘူး။ အခု ရန်ကုန်မြို့ရဲ့ လူဦးရေက သန်းခေါင်စာရင်းက                       ၄ ဒသမ ၅ သန်းလောက် ရှိတယ်။ ၁၉၃၀ ကတောင် လူ ၅၀ သေခဲ့တယ်ဆိုရင် အခုချိန်မှာဆို မစဉ်းစားဝံ့စရာပေါ့၊ သို့သော်လည်းပဲ အဲဒါကြီးကိုသိပြီး ကြောက်လန့်နေစရာ မလိုဘူး။ ငလျင်က လူကို သေစေတာ မဟုတ်ဘူး။ အဆောက်အအုံတွေက လူကိုသေစေတာ၊ အခုကြိုတင်ကာကွယ်မူတွေအတွက် လုပ်တော့ လုပ်နေကြတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနရယ်၊ မြန်မာနိုင်ငံ မြေငလျင်ဌာနရယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းရယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရယ် ပူးပေါင်းပြီးတော့ ရန်ကုန်မြို့နယ် လေး ငါးခြောက်မြို့နယ်မှာ ငလျင်ဒဏ် ခံနိုင်ရည် ရှိ မရှိကို လေ့လာမှု လုပ်နေတယ်။ ခံနိုင်ရည် မရှိဘူးဆိုရင် ပြန်ပြုပြင်ရမယ်။ ဆေးရုံတို့၊ ကျောင်းတွေ အခြေခံအဆောက်အအုံတွေကို စမ်းစစ်မှုတွေ လုပ်နေတယ်။ မွမ်းမံလို့ မရဘူးဆိုရင် အသစ်ပြန်ဆောက်ရမယ်။ ငလျင်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို ဟောပြောပွဲတွေ များများလုပ်ပေးသင့်တယ်။ အခုလို ပူးပေါင်းမှုတွေ လုပ်ထားတဲ့အခါ ငလျင်လှုပ်ခဲ့ရင် ထိုက်သင့်တဲ့ ပမာဏကို လျှော့ချနိုင်လိမ့်မယ်”ဟု ဒေါက်တာမျိုးသန့် က ပြောကြားသည်။

မြေငလျင် လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခု တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုမှ အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါ တွန်းတိုက်သည့် နေရာတွင် အားများ တဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသော အားများ ရုတ်တရက် ရုန်းကန်ကာ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက် တန်းလျက်တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှ စတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့၊ အနောက် တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့် ရှိသောကြောင့် ငလျင်ဒဏ်အား အချိန်မရွေး ခံစားနိုင်သည်။ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး ပမာဏကြီးမားသည့် အဓိက မြေငလျင်ကြောကြီး ငါးခု ရှိသည်။ ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အား ၁ ရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့်  ပျက်စီးမှု အနည်းငယ် ရှိနိုင်ပြီး ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့်အထက် လှုပ်ခတ်သော ငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးမျိုးစုံ ဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ ထိုဘေးအန္တရာယ်များအနက်မှ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မ ရဘဲ ကြိုတင်သိရှိရခြင်းလည်း မရှိသဖြင့် အလွန်အန္တရာယ်ကြီးမားသည့် ဘေးအန္တရာယ်တစ်မျိုး ဖြစ်ပေသည်။

အင်အားပြင်း ငလျင်များဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှု ကြီးမားတတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ (Aftershock) လှုပ်ခြင်း၊ ရေကာတာကြီးများ ကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြို ခြင်း၊ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက် လျှပ်စစ်ကြိုးများ ပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှ တစ်ဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓာတ်ငွေ့ပိုက်များ ပျက်စီးရာမှတစ်ဆင့် မီးလောင်ကျွမ်းခြင်း စသည့်  နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ငလျင်အန္တရာယ် မဖြစ်ပွားပီ မိမိအိမ်တွင် ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သော ပစ္စည်းများ၊ တွဲလောင်းကျနေသော အရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင် ပြုလုပ်ထားရန်၊ မိသားစုသုံး အရေးပေါ်ပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရန် မိမိအိမ်၏ ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားပြီး၊ ငလျင်လှုပ်ပါက ငါးစက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။ မပြေးထွက်နိုင်ပါက ခိုင်ခံ့သည့် စားပွဲ၊ ခုတင်အောက်တွင် လည်းကောင်း၊ အခန်း၏ ထောင့်နေရာများတွင် လည်းကောင်း အကာအကွယ်ယူ၍ နေပါ၊ မြင့်မားသော အဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်များ၊ သစ်ပင်များ၊ ပြိုကျနိုင်သော အရာများနှင်‌့ ဝေးရာသို့ပြေးပါ။ ကွင်းပြင်များတွင် ခေတ္တခိုလှုံမှုများ ပြုလုပ်ရန်လည်း လူကယ်က ထုတ်ပြန်ထားပေးသည်။

မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းသတ်ခြင်း၊ မီးခလုတ်များ ပိတ်ခြင်းများ ပြုလုပ်သင့်ပြီး၊ ဆိုင်ကယ်၊ ကား စသည်တို့ မောင်းနှင်နေချိန် ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားသင့်ပေသည်။ ငလျင်လှုပ်နေချိန်တွင် အဆောက်အအုံထဲသို့ ပြေးဝင်ခြင်း၊ ဓာတ်လှေကား အသုံးပြုခြင်းများကို ရှောင်ရှားသင့်ကြောင်း၊ ငလျင်လှုပ်ပြီးနောက် အဆောက်အအုံ၏ ခိုင်ခံ့မှုကို စစ်ဆေးခြင်းမပြုဘဲ မဝင်ပါနှင့်၊ မြစ်ကမ်းပါး၊ တောင်စောင်းများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်သင့်ပေသည် အဘယ်ကြောင့်ဆိုသော် မြေပြိုခြင်းများ ဖြစ်ပွားနိုင်သောကြောင့် ဖြစ်သည်။ ဆည်၊ ရေလှောင်ကန်များအနီးတွင် မနေပါနှင်‌့။ ဆည်ကျိုးပေါက်ပြီး ရေကြီးနိုင်သည်။

ငလျင်အန္တရာယ်သည် မည်သည့်အချိန် မည်သည့်နေရာကို ဗဟိုပြုပြီး လှုပ်ခတ်မည်ကို လက်ရှိအချိန်ထိ ပညာရှင်များ ထွက်ထုတ်နိုင်ခြင်း မရှိသေးဘဲ ငလျင်ကြီးလှုပ်ခတ်ခဲ့သည့် နေရာများတွင် ပြန်လည်လှုပ်ခတ်နိုင်သည့် အခြေအနေကိုသာ ခန့်မှန်းနိုင်သဖြင့် ငလျင်လှုပ်ခတ်ခဲ့ပါက ပြည်သူများအနေဖြင့် ရှောင်ရန်၊ ဆောင်ရန်များကို လိုက်နာကျင့်သုံးပြီး ငလျင်ဘေးကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပေသည်။

Most Read

Most Recent