တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမယ့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ

တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုမယ့် လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ
Published 15 January 2018

NLD အစိုးရက ၂၀၁၇ ခုနှစ် ဧပြီ ၁၂ ရက်တွင် ပေးအပ်သည့် လွတ်ငြိမ်းချမ်းသာခွင့်နေ့တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်ရေးသားမှုနှင့် NLD ပါတီဝင်အချင်းချင်း ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံရသူ ကိုဝေယံကောင်းအပါအဝင် အကျဉ်းသား ၄၁ ဦး ကသာအကျဉ်းထောင်မှ လွတ်မြောက်လာသည်ကို တွေ့ရစဉ်

၁၉၅၆ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ ဆဋ္ဌမသင်္ဂါယနာတင်ပွဲနဲ့ သာသနာနှစ် ၂၅၀၀ ပြည့်တဲ့ပွဲ အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ်ဦးနုက အထူးလျှော့ရက်တွေ ထုတ်ပြန်ပြီးတော့ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးအပ်ခဲ့တာ မြန်မာနိုင်ငံရဲ့ အစိုးရအဆက်ဆက် လွတ်ငြိမ်းချမ်းသာခွင့်ရဲ့ ကနဦးမှတ်တမ်းပါ။

မြန်မာနိုင်ငံရဲ့ လွတ်ငြိမ်းချမ်းသာခွင့် မှတ်တမ်းတွေကို ပြန်ကြည့်မယ်ဆိုရင် ရှေးမြန်မာမင်းအဆက်ဆက်က နုတ်မိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့တာတွေ သူ့ကျွန်ဘဝက လွတ်ငြိမ်းချမ်းသာခွင့်တွေ ရှိနိုင်ပေမဲ့ မှတ်တမ်းအဖြစ် ထုတ်ဝေမှုက ရှားပါးပါတယ်။

အနီးစပ်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးအပ်တဲ့ ဖြစ်စဉ်တွေကို ရှာဖွေကြည့်မယ်ဆိုရင် ၁၉၅၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၂၁ ကြိမ်ရှိ ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ကို ၁၁ ကြိမ်တိတိ ပေးအပ်ခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်လို့ အသံကြားတာနဲ့ လူတွေအားလုံးက မှုခင်းဖြစ်ပွားမှုနဲ့ တွဲမြင်ကြတာဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ အကျဉ်းကျခံနေရသူတွေအားလုံးမှာ  ပြစ်ဒဏ်ကျူးလွန်ခြင်းမရှိဘဲ မမှန်ကန်၊ မမျှတတဲ့ တရားစီရင်ရေးနဲ့ အာဏာအလွဲသုံးစား လုပ်သူတွေရဲ့ ကျော့ကွင်းမှာမိခဲ့ပြီး ပြစ်မှုပြစ်ဒဏ် မမျှသူတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဘဝနေဝင်ချိန် နီးကပ်နေသူတွေ၊ ပြစ်မှုကျူးလွန်ခဲ့တာကို နောင်တကြီးစွာရပြီး အေးချမ်းစွာ နေထိုင်နေသူတွေဟာလည်း လွတ်ငြိမ်းချမ်းသာခွင့်ကို ခံစားထိုက်သူတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအစိုးရလက်ထက်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာကို တိတိပပ ပေးအပ်တာမျိုး ပြည်သူတွေ မမြင်ရသေးပါဘူး။ ဒီလိုမမြင်ရသေးပေမဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ၁၉၉ ဦးကို ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက်မှာ ပထမအကြိမ် လွှတ်ပေးမှု၊ ဧပြီ ၁၇ ရက်မှာပဲ ကျဉ်းသား ၈၃ ဦး ပြန်လွှတ်ပေးမှု၊ ၂၀၁၇ ခုနှစ် ဧပြီ ၁၂ ရက်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသား ၁၈၈၈ ဦး၊ မေ ၂၃ ရက်မှာ လွှတ်ပေးခဲ့တဲ့ နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦး ပြန်လွှတ်ပေးမှုအပြင် သြဂုတ် ၇ ရက်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့ မရွှန်းလဲ့ဝေအပါအဝင် ကျောင်းသား၊ ကျောင်းသူခုနစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

သမိုင်းထဲက လွတ်ငြိမ်းချမ်းသာခွင့် ၂၁ ကြိမ်

ဝန်ကြီးချုပ်ဦးနုက ဆဋ္ဌမ သင်္ဂါယနာတင်ပွဲနဲ့ သာသနာနှစ် ၂၅၀၀ ပြည့်တဲ့ပွဲ အထိမ်းအမှတ်အဖြစ် ပေးအပ်ခဲ့ပြီးနောက်မှာ ၁၉၆၃ ခုနှစ် ဧပြီ ၃ ရက်မှာ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့ပြီး အကျဉ်းသား ၁၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို ပြန်လွှတ်ပေးခဲ့မှုမှာ နိုင်ငံရေး အကျဉ်းသား ၂၃ ဦး၊ သတင်းစာဆရာ ငါးဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်န်ဒီအိုငါးဦးနဲ့ တရားစွဲဆိုခံနေရသူ လေးဦးကို ပြန်လွှတ်ပေးခဲ့တာကို တွေ့ရပါတယ်။

၁၉၇၁ ခုနှစ် ဇွန် ၂၇ ရက်မှာ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီရဲ့ ပထမအကြိမ် ညီလာခံအထိမ်းအမှတ်အဖြစ် ရာဇဝတ်ပြစ်ဒဏ်တွေ လျှော့ချခြင်းဆိုင်ရာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ် မေ ၂၈ ရက်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင် အသီးသီးနဲ့ ရဲဘက်စခန်းတွေက အကျဉ်းသား ၃၉၄၄ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံး လူထုအုံကြွမှုဖြစ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာ အကျဉ်းသားတွေကို ထောင်ဖွင့်လွှတ်ပေးခဲ့တာ ထူးခြားတဲ့ လွှတ်ပေးမှု ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၈၈ ခု နှစ် ပြစ်မှုတွေ ပိတ်သိမ်းတာ၊ ပြစ်ဒဏ်ပြောင်းလဲလျှော့ပေါ့တာ၊ ကြား နာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုတွေ ပိတ်သိမ်းပြီး ကန့်သတ်လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပါတယ်။

သမိုင်းတစ်လျှောက်မှာ အများဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေး အပ်ခဲ့တဲ့ အစိုးရက နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအစိုးရ အဖွဲ့ဖြစ်ပြီး ၁၉၈၉ ခုနှစ် ဇူလိုင် ၂၁ ရက်မှာ အကျဉ်းသား ၂၈၄၅၃ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။ ဒါ့အပြင် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုမရှိတဲ့ နိုင်ငံသားအကျဉ်းသား ၂၂၆၄ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၄၇ ဦးကို ၁၉၉၂ ခုနှစ် ဧပြီ ၂၄ ရက်မှာ ပြန်လွှတ်ပေးခဲ့သလို ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာလည်း ပြစ်ဒဏ်များ ပြောင်းလဲလျှော့ပေါ့ခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ပြီးတော့ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၁၇၀၈ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်သမိုင်းမှာ ဒုတိယအများဆုံးအဖြစ် ပြန်လွှတ်ပေးခဲ့တာက ၁၉၉၅ ခုနှစ် မတ် ၂၅ ရက်မှာ တပ်မတော်ရွှေရတု အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၂၃၉၀၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

သမိုင်းတစ်လျှောက် လွတ်ငြိမ်းချမ်းသာခွင့် အပေးဆုံးအဖြစ် မှတ်တမ်းဝင်နေတာက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဖြစ်ပြီးတော့ ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ အကျဉ်းသား ၄၃၆၇ ဦး အထိ လွှတ်ပေးခဲ့ရာကနေ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၇ ရက် အထိ ၁၂ ကြိမ်တိတိ လွှတ်ပေးခဲ့တာပါ။

ဒီလိုလွှတ်ပေးခဲ့ရာမှာ ထူးခြားမှုအဖြစ်  ၂၀၀၄ ခုနှစ်မှာ ဖျက်သိမ်းခဲ့တဲ့ ဦးခင်ညွန့်ဦးဆောင်တဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ရဲ့ မလျော်ကန်တဲ့ ဆောင်ရွက်မှုတွေပါ ဝင်နိုင်တယ်လို့ ပြန်လည်သုံးသပ်ပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ နိုင်ငံရေးအကျဉ်းသား ၃၉၃၇ ဦး၊ နိုဝင်ဘာ ၂၅ ရက်မှာ အကျဉ်းသား ၅၃၁၁ ဦးနဲ့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာပဲ အကျဉ်းသား ၅၀၇၀ ဦး ကို သုံးကြိမ်တိုင် ပြန်လွှတ်ပေးခဲ့မှုပါ။

နအဖအစိုးရရဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ဖြစ်စဉ်လေးကြိမ်တိတိရှိပြီး  ၂၀၀၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ၅၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အဖြစ် အကျဉ်းသား ၅၅၈၈ ဦး၊ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ၅၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၂၈၃၁ ဦး၊ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှာ အကျဉ်းသား ၉၀၀၂ ဦးနဲ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှာ အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပါတယ်။

ဒီလို အကျဉ်းသား ၂၃၇၃၄ ဦး ကို လူသားချင်းစာနာမှုအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ရာမှာ အကျင့်စာရိတ္တကောင်းမွန်လာတဲ့ အကျဉ်းသားတွေကို ငဲ့ညှာမှု၊ သူတို့ရဲ့ မိသားစုတွေကို ငဲ့ညှာမှု၊ နိုင်ငံ့စေတနာ၊ မေတ္တာကိုနားလည်ပြီး မိမိအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံ့အကျိုး ထမ်းဆောင်ဖို့ခေါင်းစဉ်၊ နိုင်ငံတော်တည်ဆောက်ရေးမှာ တစ်ဖက်တစ်လမ်းက ပါဝင်ဖို့ ခေါင်းစဉ်တွေနဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုလွှတ်ပေးမှုတွေအပြင် ၂၀၀၅ ခု နှစ် ဇူလိုင် ၃ ရက်မှာ အကျဉ်းသား ၄၁၀ ဦး၊ တရုတ်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ ၂၀၀၆ ခုနှစ် မေ ၂၇ ရက်၊ ဇွန် ၇ ရက်၊ ဇွန် ၁၇ ရက်၊ သြဂုတ် ၁၆ ရက်နဲ့ ဒီဇင်ဘာ ၃၀ ရက်တွေမှာ တရုတ်နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၆၇၈ ဦး ကို ပြန်လွှတ်ပေးခဲ့မှု၊ အမျိုးသားညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးမှု အထိမ်းအမှတ်အဖြစ် ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ ထိုင်းနိုင်ငံသား ၃၃ ဦးပါဝင်တဲ့ အကျဉ်းသား ၈၅၈၅ ဦးကို ပြန်လွှတ်ပေးခဲ့မှုနဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) အရ အကျဉ်းသား ၇၁၁၄ ဦးကို အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နအဖအစိုးရက ၁၂ ကြိမ်တိုင်တိုင် ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးသိန်းစိန်လက်ထက်က လွတ်ငြိမ်းချမ်းသာ

ပွင့်လင်းမြင်သာမှုအပြည့်ဖြစ်လာတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်သူသိတဲ့ အကျဉ်းသား ပြန်လွှတ်ပေးမှု ၁၁ ကြိမ်အထိ ရှိခဲ့သလို အများဆုံးအဖြစ် ၅၄  ကြိမ်အထိ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ စုစုပေါင်း ၅၄ ကြိမ်မှာ မုဒိမ်းကျင့်၊ လူသတ်စတဲ့ တရားခံတွေကို လွှတ်ပေးခဲ့တာကြောင့် ဝေဖန်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ မှုခင်းဖြစ်ပွားမှု ပိုများလာတာဟာ ဒီလိုမုဒိမ်းကျင့် လူသတ်တရားခံတွေကို ပြန်လွှတ်ပေးလို့ဆိုတဲ့ စွပ်စွဲမှုတွေရှိခဲ့ပေမဲ့ အခြားတစ်ဖက်မှာလည်း ထွန်းသစ်စ မြန်မာ့ဒီမိုကရေစီကို ပိုမိုလေးနက်စေမှုအဖြစ် နိုင်ငံရေးအကျဉ်းသား အမြောက်အမြားကို ပြန်လွှတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီခရီးစဉ်ကို လျှောက်တဲ့လမ်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာကြောင့် လက်ရှိအချိန်မှာဆိုရင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ပါတဲ့ လွှတ်တော်သစ်ကြီးနဲ့ အစိုးရအဖွဲ့ဟာ ၂၀၁၅ ရွေးကောက် ပွဲအောင်နိုင်မှုနဲ့အတူ ပေါ်ထွက်ခဲ့တာ မြင်နိုင်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က လွတ်ငြိမ်းချမ်းသာခွင့်တွေကို ပြန်လေ့လာမယ်ဆိုရင် အများဆုံးအဖြစ် အာဏာရအပြီး ၂၀၁၁ ခုနှစ် မေ ၁၆ ရက်မှာ အကျဉ်းသား ၁၄၇၅၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ တာပါ။ ဒါ့အပြင် သေဒဏ်ကျခံနေ ရသူတွေကို တစ်သက်တစ်ကျွန်းနဲ့ မလွတ်မြောက်သေးတဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေကို သာမန်လျှော့ပေါ့ရက်တွေအပြင် ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ခဲ့ပါတယ်။

ဒုတိယအကြိမ်အဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်မှာ နိုင်ငံသားအကျဉ်းသား ၆၃၅၉ ဦးနဲ့ ထိုင်းနိုင်ငံသားအကျဉ်းသား ရှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာနဲ့ တတိယ အကြိမ်အဖြစ် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ အကျဉ်းသား ၆၆၅၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့တဲ့အပြင် သေဒဏ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ ထောင်ဒဏ် နှစ် ၃၀ အထက် ကျခံနေရတဲ့ အကျဉ်းသားတွေကို ထောင်ဒဏ်နှစ် ၃၀၊ ထောင်ဒဏ် နှစ် ၂၀ အထက်ကနေ နှစ် ၃၀ အထိ ကျခံနေရတဲ့ အကျဉ်းသားတွေကို ထောင်ဒဏ်နှစ် ၂၀ အပြင် ထောင်ဒဏ်နှစ် ၂၀ အောက်က အကျဉ်းသားတွေကို ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံအထိ လျှော့ချခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် စတုတ္ထအကြိမ်မြောက်အဖြစ် ပေးအပ်ခဲ့တဲ့ အကျဉ်းသား ၆၅၁ ဦး လွတ်မြောက်မှုဟာ အထင်ကရ အခြေအနေများစွာကို ဖန်တီးပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို၊ လွှတ်တော်နှစ်ကြိမ်ဆက် အမတ်ဒေါ်စန္ဒာမင်း၊ ဦးခွန်ထွန်းဦး စတဲ့သူတွေ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေးတို့အပြင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၊  ဦးဂမ္ဘီရ စသူတွေအားလုံး လွတ်မြောက်လာပြီး ဦးသိန်းစိန် လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးလမ်းကို အရောင်တင်ပေးနိုင်ခဲ့လို့ပါ။

ပဉ္စမအကြိမ်မှာ နိုင်ငံသားအကျဉ်းသား ၄၆ ဦးနဲ့ နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး၊ ဆဋ္ဌမအကြိမ်မှာ နိုင်ငံခြားသားအကျဉ်းသား အပါအဝင် ၅၁၄ ဦး၊ သတ္တမအကြိမ်မှာ အသက်အရွယ်ကြီးရင့်သူတွေ၊ ကျန်းမာရေးချို့တဲ့သူတွေနဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ စုစုပေါင်း ၄၅၂ ဦးကို လွှတ်ပေးခဲ့သလို အဋ္ဌမအကြိမ်မှာ အကျဉ်းသား ၆၆ ဦးလွှတ်ပေးခဲ့ပါတယ်။ နဝမအကြိမ်မှာ နိုင်ငံခြားသားအကျဉ်းသားသုံးဦး ပါဝင်တဲ့အကျဉ်းသား ၉၃ ဦးနဲ့ ဒသမအကြိမ်မှာ ဦးသိန်းစိန်အစိုးရလက်ထက် ဒုတိယအများဆုံး အရေအတွက်အဖြစ် အကျဉ်းသား ၁၃၂၄၇ ဦးကို ၂၀၁၄ ခု နှစ် ဇန်နဝါရီ ၂ ရက်မှာ လွှတ်ပေးခဲ့သလို သေဒဏ်ကျခံနေရာကနေ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ကျခံနေရာကနေ ထောင်ဒဏ်နှစ် ၄၀ နဲ့ ထောင်ဒဏ်နှစ် ၄၀ အောက် ကျခံနေရတဲ့ အကျဉ်းသားတွေကို ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံအထိ လျှော့ပေါ့ပေးခဲ့ပြီး ၁၁ ကြိမ်မြောက် ပေးအပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာတော့ နိုင်ငံခြားသား ၂၁၀ အပါအဝင် အကျဉ်းသား ၆၉၆၆ ဦးကို လွှတ်ပေးခဲ့ပါတယ်။

ဒီလို နိုင်ငံရေးအကျဉ်းသားများစွာ လွှတ်ပေးခဲ့ပြီးတော့ ဒီမိုကရေစီကို အမှန်တကယ် သွားရောက်နေကြောင်း ဖော်ပြနိုင်ခဲ့တယ်ဆိုပေမဲ့ ဝေဖန်စရာအဖြစ် မုဒိမ်းကျင့်၊ လူသတ်တဲ့တရားခံများစွာကို လွှတ်ပေးခဲ့တာကြောင့်လည်း ဦးသိန်းစိန်အစိုးရဟာ ဝေဖန်မှုများ စွာခံခဲ့ရပါသေးတယ်။ ပြည်သူတွေများစွာ အမှတ်တရဖြစ်ခဲ့သူက ဓားတင်မြင့်ပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး ရာဇဝတ်မှုတွေ ဆင့်ကာဆင့်ကာ ကျူးလွန်ပြီး အထပ်ထပ် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့ ဓားတင်မြင့်ရဲ့ လွတ်ငြိမ်းဟာ ဦးသိန်းစိန်အစိုးရကို  အဝေဖန်ခံရဆုံးပါ။

ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပေးခဲ့တဲ့ လွတ်ငြိမ်းမှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့တဲ့အကျဉ်းသား ၁၁၅၄၇ ဦး ရှိတဲ့အထဲမှာ လူသတ်မှုကျူးလွန်သူ ၂၃၇၄ဦးနဲ့ မုဒိမ်းမှု ကျူးလွန်သူ ၁၇၂၆ ဦးပါဝင်ကြောင်း ပြောကြားခဲ့ ၂၀၁၆ ခုနှစ်ဇန်နဝါရီ ၂၅ ရက်က အမျိုးသားလွှတ်တော်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒီလိုလွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်သူတွေထဲမှာ ပြစ်ဒဏ်ကျူးလွန်သူဟာ လူနည်းစုသာ ဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၅၄ ကြိမ်အထိ အကျဉ်းသားလွှတ်ပေးမှုကို ပြန်ကြည့်မယ်ဆိုရင်ကာ လုံခေါ်ရမယ်ဆိုတဲ့ လွတ်ငြိမ်းပေးမှုက ငါးကြိမ်ပဲရှိပြီး သမ္မတလုပ်ပိုင်ခွင့် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ် မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်က (၄၉) ကြိမ်အထိ ရှိခဲ့တယ်လို့ ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောကြားထားပြီး လွတ်ငြိမ်းချမ်းသာခွင့် (၅၄) ကြိမ်မှာ စုစုပေါင်း ၇၁၉၆၀ ဦးကို လွတ်ပေးခဲ့တဲ့အပြင်  အကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီးတဲ့နောက် အစည်းအဝေး (၁၅) ကြိမ် ကျင်းပပြီးနောက်  နိုင်ငံတော်အစိုးရကို ဆန်ကျင်ကျူးလွန်တဲ့ ပြစ်မှုကျခံနေရသူ ၃၅၄ ဦးကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေမှာ ထည့်သွင်းလွတ်ပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာ ပြည်သူတွေက တောင်းဆိုနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ရာဇဝတ်သား လူမိုက်တွေကို လွှတ်ပေးဖို့ တောင်းဆိုနေကြတာ မဟုတ်သလို ဦးသိန်းစိန်အစိုးရက လွှတ်ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ရာဇဝတ်မှုတွေ ပိုများလာတယ်ဆိုတာက ဦးသိန်းစိန်အစိုးရရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်တာဖြစ်သလို လက်ရှိ NLD အစိုးရနဲ့ NLD လွှတ်တော်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါလာအောင် ကြိုးပမ်းပေးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်မပြုချင်တဲ့ သဘောမျိုး မြင်နေရတယ်လို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က သုံးသပ်ပါတယ်။ ဦးသိန်းညွန့်ဟာ တိုင်းပြည်က လိုအပ်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ ပထမဆုံးအဆို တင်သွင်းကြိုးပမ်းခဲ့သူဖြစ်သလို လက်ရှိအနိုင်ရပါတီမှာ ပါနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုယ်စားလှယ်တွေကို အဓိက လွတ်မြောက်အောင် ကြိုးပမ်းပေးခဲ့တဲ့ နိုင်ငံရေး  အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူလည်း ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့ လွှတ်တော်မှာစပြီးတော့ ကျွန်တော် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့တင်ခဲ့တယ်။ အဲဒါက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့ ပထမအကြိမ် ကြိုးပမ်းမှုပေါ့။ ကျွန်တော်တင်ပြီးတဲ့နောက်ပိုင်းမှာ ဦးသိန်းစိန်အစိုးရက သောင်းချီတဲ့ အကျဉ်းသားတွေ လွှတ်ပေးတဲ့အခါ နိုင်ငံရေးအကျဉ်းသားတွေ အမြောက်အမြား ပြန်လွတ်တယ်။ အဲဒီလိုလွတ်လာတဲ့ အပိုင်းကနေ ကျွန်တော်တို့ ဘာဆက်လုပ်လဲဆို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ဆိုရင် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထပ် ပေးဖို့အတွက် ကျွန်တော်အဆို တင်သွင်းခဲ့တာရှိတယ်။ မှတ်မှတ်ရရ လွတ်ငြိမ်းချမ်းသာခွင့်နှစ်ကြိမ် ကျွန်တော်အဆို တင်ခဲ့တယ်။ အဲဒီလိုပဲ ဦးသိန်းစိန်အစိုးရကလည်း ၇၀၀၀၀  ကျော်လွှတ်ခဲ့တယ်။ ကျွန်တော်အဆိုတင်တဲ့အပေါ်မှာ။ နောက်တစ်ခါ ကျွန်တော်အပါအဝင် နိုင်ငံရေး ပါတီခေါင်းဆောင်အချို့နဲ့ ကိုဘိုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ကူညီပေးရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဦးသိန်းစိန်အစိုးရက ဖွဲ့ပေးပြီးတော့ ဦးစိုးသိန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ရင် လွှတ်တော်အတွင်းကရော၊ အစိုးရရဲ့ အုပ်ချုပ်မှုအာဏာအရ လွှတ်တော်အပြင်ဘက်မှာလည်း အကျဉ်းသားစိစစ်ရေးကော်မတီဖွဲ့ပြီးတော့ လွတ်နိုင်သမျှလွတ်အောင် ဆောင်ရွက်ပေးလိုက်တဲ့ အတွက်လည်း ဒီနေ့လွှတ်တော်မှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ရောက်သွားတယ် ဆိုတာ ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဆောင်ရွက်ပေးမှု၊ ကျွန်တော်တို့လွှတ်တော်က ဆောင်ရွက်ပေးတဲ့ အကျိုးဆက်တွေပေါ့။ အခုတော့ ကျွန်တော်နားမလည်တာ၊ သို့မဟုတ်လည်း အံ့သြတာ၊ သို့မဟုတ်လည်း စိတ်ပျက်တာကို ပြောရမယ်ဆိုရင် ကိုယ့်တုန်းက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ခဲ့ပြီးတော့ အကျဉ်းထောင်ထဲမှာ နေခဲ့ပြီးတော့ အကျဉ်းသားတွေရဲ့ ဘဝကို သိခဲ့တဲ့လူတွေလက်ထက်ကျမှ အခုလွတ်လပ်ရေးနေ့ကြီး ပြီးသွားပြီ။ လွှတ်သင့်လွှတ်ထိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်သင့်လွတ်ထိုက်တဲ့ အကျဉ်းသားတွေ လွတ်လာမလား ကြည့်လိုက်တော့ ဖြစ်မလာဘူး။ အဲဒီလိုပဲ ကျန်တဲ့ကိစ္စတော်တော်များများမှာလည်း ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုပြီးတော့ ဆိုးရွားလာတာ တွေ့ရတယ်။ ဦးသိန်းစိန်အစိုးရက မီဒီယာလွတ်လပ်ခွင့် အပြည့်ပေးတယ်။ မီဒီယာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ရအောင် ဆောင်ရွက်မေးမြန်းပေးခဲ့တာတွေ ရှိတယ်။ အခုကျတော့ အဲဒါတွေနဲ့ ပြောင်းပြန်တွေချည်းပဲ။ ကျွန်တော့်အနေနဲ့ တစ်လုံးတည်း ပြောရရင် အခုအစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်သင့်လွှတ်ထိုက်တာတွေ၊ နောက်တစ်ခါ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ကပြန်ထွက်လာပြီဆိုရင် ထောင်ထဲကပါလာတဲ့ ရောဂါတွေနဲ့ အသက်တိုသွားတာတွေ။ ဥပမာ ပန်းချီဆရာ လေးစန်းဇော်ထွေးတို့လို အသက် ၄၄ နှစ်နဲ့ ကွယ်လွန်သွားတာတွေ။ အဲဒီလိုမျိုး ပြန်လွတ်လာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု ပေးမယ့်အဖွဲ့အစည်းမျိုးတွေကို NLD အစိုးရလက်ထက်မှာ လုပ်လာပေးလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ခဲ့တယ်။ တစ်ခုမှ ဖြစ်မလာခဲ့ဘူး။ တစ်လုံးတည်းပြောရရင် ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝအတွက် ပြန်ပြီးကျေးဇူးဆပ်ရမယ့် အလုပ်တွေကို နိုင်ငံရေးအရကျေးဇူးဆပ်ရ မှာတွေအားလုံးကို ပျက်ကွက်ပြီးတော့ အခုဆိုအားလုံးသိတဲ့အတိုင်း ပြည်သူလူထုနဲ့ ကင်းကွာတဲ့စကားတွေ၊ ပြည်သူလူထုရဲ့ဘဝကို မစာနာတဲ့ စကားတွေနဲ့ပဲ သူတို့ရဲ့ နိုင်ငံရေးသက်တမ်းကို ခရီးဆက်နေပြီလို့ပဲ ကျွန်တော်ပြောပါရစေ”  လို့ ဦးသိန်းညွန့်က ဆိုပါတယ်။

သမ္မတလုပ်ပိုင်ခွင့်က လွတ်ငြိမ်းချမ်းသာခွင့်                  

လက်ရှိအခြေအနေမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်မယ်ဆိုရင် သမ္မတဦးထင်ကျော်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် နည်းလမ်းနှစ်ခုနဲ့ ပေးအပ်နိုင်ပါတယ်။

သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်နိုင်တဲ့ အချက်တစ်ခုက ပြစ်ဒဏ်ချမှတ်ခြင်းခံထားရတဲ့  အကျဉ်းသားတွေကို ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)  ‘ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်’ ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ပုဒ်မခွဲ (ခ) ‘အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်’ ဆိုတဲ့ ပုဒ်မနှစ်ခုအရ အကျဉ်းသူ၊ အကျဉ်းသားတွေကို ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတဟာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျုးလွန်ရင် ကျူးလွန်တဲ့ ပြစ်ဒဏ်အပြင် လွတ်ငြိမ်းမပေးမီက ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံပါမည်ဆိုတဲ့ စည်းကမ်းချက်ထားတာမျိုး ဒါမှမဟုတ်  စည်းကမ်းချက် မထားဘဲနဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကျ ခံနေရတဲ့ ပြစ်ဒဏ်တွေ အပေါ်မှာ လျှော့ပေါ့ပြီး လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်ပါတယ်။

အခြားသော တစ်ဖက်မှာဆိုရင် NLD အစိုးရတက်လာစမှာ ပြည်ထဲရေးဝန်ကြီးဌာနက အစိုးရတောင်းဆိုမှုကြောင့် တရားစွဲဆို ထားတဲ့အမှုတွေ ပိတ်ပေးခဲ့တာရှိသလို ၂၀၁၇ နှစ်ကုန်ပိုင်းမှာဆိုရင်လည်း တပ်မတော်ဟာ သတင်းမီဒီယာသမားတွေနဲ့ နိုင်ငံရေးဆိုင်ရာ အခြေအနေအရ တရားစွဲဆိုခဲ့တဲ့သူတွေကို အမှုတွေပိတ်သိမ်းပေးခဲ့တာကြောင့် နိုင်ငံကို ဦးဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထား ကြီးမြင့်မှုအပေါ် နှိုင်းယှဉ်ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

“အဲဒီလိုတော့ မနှိုင်းယှဉ်ချင်ဘူး။ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ် မူတည်ပြီးတော့ အတိုးအဆုတ်ကို အကုန်လုံးက လုပ်နေကြတာ။ ကျွန်တော်ကတော့ Principle  ရိုးရိုးဖြောင့်ဖြောင့်ပဲ သွားစေချင်တာ။ နိုင်ငံရေးအခြေအနေနဲ့ မဆက်စပ်ဘဲပေါ့။ စပ် ဆက်သင့်တဲ့နေရာ ဆက်စပ်ပေါ့ဗျာ။  တချို့တချို့သော နေရာတွေက Principle အရသွားတာ ပိုကောင်းပါတယ်။ ကျွန်တော်ကတော့ တပ်မတော်နဲ့ အစိုးရ၊ အစိုးရနဲ့ တပ်မတော်တစ်ခုလုံးကိုပဲ ကျွန်တော်မြင်ချင်တာလေ။ နှိုင်းယှဉ်ပြီးတော့ မပြောချင်ဘူး။ အထူးဒီဘက်ကိစ္စဆို သေချာတယ်ဗျာ။ ကိုဝလုံးတို့ မီဒီယာသမားတွေ အဖမ်းခံထားရတဲ့ ကိစ္စကျတော့ ကျွန်တော်တို့က မကြိုက်ဘူး။ ဘာဖြစ်လို့လဲဆို သတင်းလွတ်လပ်ခွင့်အတွက်။ သတင်းသမားကတော့ သတင်းကိုရအောင်ယူမှာပဲ။ သတင်းသမားတွေကို ဒီလိုဖမ်းဆီးထိခိုက်ခြင်းဟာ ဒီမိုကရေစီ ကူးပြောင်းရေးကို ထိခိုက်စေတဲ့ ကိစ္စလို့ကျွန်တော်ကတော့ မြင်တယ်။ မြင်တဲ့အတွက်ကြောင့်မို့ ကျွန်တော်ကတော့ အဲဒါကိုမကြိုက်ဘူး။ ပြန်ခြုံပြောရရင်ဗျာ သတင်းသမားတွေမှ မဟုတ်ပါဘူး။ နိုင်ငံရေးကိစ္စအလို့ငှာ သဘောထားကွဲလွဲမှုကြောင့်ဖြစ်စေ၊ တစ်ခုခုကြောင့် ဖြစ်စေပေါ့ဗျာ။ ယုံကြည်ချက်၊ ခံယူချက်ကြောင့် ထောင်ကျတဲ့အကျဉ်းသားဆိုတာ ဒီလိုဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ထောင်ထဲမှာ မရှိသင့်ဘူး။ အရပ်သားအစိုးရ အုပ်ချုပ်တဲ့အချိန်မှာ ပိုတောင်မှ မရှိသင့်ဘူး”လို့ ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက ပြောပါတယ်။

နိုင်ငံကဝန်ပိနေတဲ့ အကျဉ်းသားကုန်ကျစရိတ်နဲ့ အကျဉ်းထောင်တွေထဲက လူသားချင်းစာနာမှု အခြေအနေ

သမ္မတက လွှတ်နိုင်တဲ့အခြေ အနေပြီးရင် လက်ရှိအကျဉ်းထောင်တွေထဲက အကျဉ်းသားအရေအတွက်ကို သိဖို့လိုပါတယ်။ ဒီနေရာမှာဆိုရင် အနီးစပ်ဆုံးဖြေဆိုထားတာက ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာ  ၁၄ ရက်မှာ ပြောကြားထားပါတယ်။

ဗိုလ်ချုပ်အောင်စိုး ပြောကြားချက်အရ အကျဉ်းဦးစီးဌာနအောက်မှာ အကျဉ်းထောင် ၄၆ ခုရှိပြီး အကျဉ်းသားဝင်ဆံ့မှုက ၇၄၄၁၁ ဦး ဖြစ်ပါတယ်။ လက်ရှိအကျဉ်းသားနဲ့ အချုပ်သားဦးရေက ၇၄၈၉၃ ဦး ရှိနေတဲ့အတွက် အကျဉ်းထောင် ဝင်ဆံ့မှုထက် လူပေါင်း ၃၀၀၀ ကျော် ပိုနေတာကို တွေ့ရှိရတယ်လို့ ပြောကြားထားပါတယ်။  အကျဉ်းထောင် ၄၆ ခုမှာ အကျဉ်းသား ၅၈၀၀၀ ကို ထားရှိပြီး ပိုနေတဲ့ အကျဉ်းသား ၁၅၀၀၀ ကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အသက်မွေးမှု အတတ်သင်စခန်း ၃၀ မှာ စခန်းတစ်ခု အကျဉ်းသား ၅၀၀ နဲ့ ၁၅၀၀၀ ခန့်ကို ရွေးချယ်ထားရှိတယ်လို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ တစ်နှစ်ကျော် အကြာမှာတော့ မြန်မာနိုင်ငံက အကျဉ်းထောင် ၄၀ ကျော်မှာ အကျဉ်းသား အရေအတွက် ကိုးသောင်းကျော်ရှိနေတယ်လို့ ဆိုထားပါတယ်။ ဒီပမာဏသာ အမှန်ဆိုရင် အကျဉ်းထောင်တွေက ထားရှိသင့်တဲ့ ပမာဏထက် အကျဉ်းသား ၂၀၀၀၀ ကျော် ၃၀၀၀၀ လောက် ထားရှိနေရတဲ့ သဘောထား ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် အကျဉ်းထောင်တွေမှာ အကျဉ်းသားတစ်ဦးကို အရင် ၆၂၅ ကျပ်ဖိုး တစ်နေ့တာ စားစရိတ်အသုံးပြုနေရာကနေ ကျပ် ၁၀၀၀ အသုံးပြုနေပြီလို့ သိရပါတယ်။ အကျဉ်းသား ၉၀၀၀၀ အတွက် တစ်နေ့ကျပ် ၁၀၀၀ သုံးမယ်ဆိုရင် တစ်လကို ကျပ်သိန်း ၂၇၀၀ ဖြစ်ပြီးတော့ တစ်နှစ်ကိုဆို ကျပ် ၃ ဒသမ ၂ ဘီလျံကျော် ကုန်ကျစရိတ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီလိုပမာဏ ဟာ ဘတ်ဂျက်လိုငွေမြင့်မားလွန်း နေတဲ့နိုင်ငံတစ်ခုအတွက်တော့ ဖိအားတစ်ရပ် ဖြစ်ပါတယ်။ ဒီလို ကုန်ကျစရိတ် မြင့်မားနေတဲ့အထဲမှာ အစိုးရ အဆက်ဆက်က မတရားအမှု ဆင်ဖမ်းဆီးခံခဲ့ရသူတွေ၊ နောင်တကြီးစွာရနေပြီး ဘဝနေဝင်ချိန်ကို စောင့်ဆိုင်းနေရသူတွေ၊ လယ်ကိုလည်း ပြန်မရတရားစွဲခံရပြီး ထောင်ဒဏ်ကျခံနေရတဲ့ လယ်သမားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အစိုးရက ဖမ်းဆီးထားခံရ၊ တရားစွဲဆိုခံထားရ  သူတွေကိုသာ စိစစ်ပြီးလွှတ်ပေးမယ်ဆိုရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဆိုသလို လူလည်းနာလို၊ နတ်လည်းနှစ်သက်အစိုးရရဲ့ ဒီမိုကရေစီခရီးအတွက်လည်း အထောက်အပံ့ ဖြစ်စေမှာပါ။

နောက်တစ်ခုက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့အခန်းကဏ္ဍကို ပြန်ကြည့်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟ ဆိုရင် စတင်ဖွဲ့စည်းချိန်ကနေ ဒီနေ့အထိ မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများစွာက အကျဉ်းထောင်တွေ၊ ရဲစခန်းအချုပ်ခန်းတွေကို သွားရောက်ကြည့်ရှုပြီး လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများစွာကို လေ့လာသုံးသပ်ပြီး အစိုးရကို ပြန်တင်ပြပါတယ်။ ၂၀၁၄ ခုနှစ်က နေ ၂၀၁၇ ခု နှစ်အထိ လေ့လာခဲ့တဲ့ အကျဉ်းထောင်တွေက လူ့အခွင့်အရေးနဲ့ မညီလို့အစိုးရကို အကြံပြုချက်တွေကို လေ့လာမယ်ဆိုရင် အများစုဟာ ထောင်တွင်းမှာ လူဦးရေ အရမ်းများနေတာကြောင့် နေရေးခက်ခဲကျပ်တည်းစွာ နေနေရတာ၊  အစားအသောက်၊ ဆေးဝါး၊ ထောင်ဝင်စာတွေ့ ရမှု စတဲ့အခက်အခဲတွေက အဓိကအချက် ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း မြစ်ကြီးနား အကျဉ်းထောင် သွားရောက်လေ့လာရာမှာဆိုရင် အကျဉ်းသားများ ပြားလွန်းတာ၊ အသက် ၇၀ ကျော် အကျဉ်းသား ၂၂ ဦးကို ပြန်လည်စေလွှတ်ပေးဖို့၊ မူးယစ်ဆေးဝါး ဥပဒေကျုးလွန်သူတွေထဲက ပမာဏ နည်းစွာမိသူတွေကို အသိပညာပေးပြီး လျှော့ရက်ပေးဖို့ တင်ပြခဲ့ပါတယ်။ အင်းစိန်ဗဟိုအကျဉ်းထောင်ကို သွားရောက်လေ့လာရာမှာလည်း လူဦးရေ ကျပ်တည်းမှုကို ဖြေလျှော့နိုင်ရေးအတွက် အကျဉ်းထောင်အတွင်း မြေနေရာလွတ်တွေ ကို အိပ်ဆောင်တွေ ထပ်မံတိုးချဲ့ဖို့ တင်ပြခဲ့သလို ထူးထူးခြားခြား အနေနဲ့ဆိုရင် လက်ရှိ အစိုးရလက်ထက် မြင်းခြံထောင်ဆူပူမှုရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာတုန်းက  မြင်းခြံထောင်ဆူပူမှု ဘာကြောင့်ဖြစ်ခဲ့သလဲဆိုရင် မြင်းခြံထောင်မှာ အကျဉ်းသားတွေကို သတ်မှတ်ပမာဏထက်ပိုပြီးတော့ ထိန်းသိမ်းထားရတဲ့အတွက် နေရေး၊ စားရေးကျပ်တည်းရာကနေ အစပြုခဲ့တဲ့ ထောင်ဆူပူမှုပါ။ မြင်းခြံထောင်နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ အကြံပြုခဲ့ရာမှာဆိုရင်လည်း အကျဉ်းသားအင်အားများ ပြားကျပ်တည်းနေလို့ အိပ်ဆောင်တွေ ချဲ့ဖို့အပါအဝင် အထွေထွေ မကျေနပ်ချက် အများအပြားကို နောက်တစ်ကြိမ် ဆူပူမှုမဖြစ်စေဖို့ ပြင်ဆင်သင့်တဲ့ အချက်တွေအဖြစ် အကြံပြုခဲ့ရပါတယ်။

“ကျပ်တည်းတာကတော့ ကျွန်တော်တို့ ထောင်စစ်တိုင်းစစ်တိုင်း ကျပ်တည်းတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့လည်း အကြံပြုပါတယ်။ သူတို့လည်း သိပါတယ်။ ကျွန်တော်တို့ အကြံမပြုလည်း သိပါတယ်ဗျာ။ ၁၀၀၀ ပဲ ဆံ့တဲ့အကျဉ်းထောင်မှာ ၁၅၀၀ ၊ ၂၀၀၀ နေရပြီ ဆိုကတည်းက သူတို့လည်း သိကြပါတယ်ဗျ။ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာက ထောင်ကိုချဲ့မလား။ အသစ်ဆောက်မလား။ အထူးသဖြင့် ငွေနဲ့ပတ်သက်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အကြံပြုတဲ့အခါ ဒီအဆောင်တွေကို ထပ်ချဲ့ဖို့၊ တချို့နေရာတွေလည်း ထပ်ခိုးလေးတွေချဲ့ဖို့။ တချို့ ထောင်တွေကတော့ ထပ်ခိုးလေးတွေ လုပ်ကြပါတယ်။ တချို့ထောင်တွေက ထောင်ထဲမှာရှိတဲ့ အဆောက်အအုံဟောင်းတွေ လုံခြုံအောင်ပြုလုပ်ပြီး ခွဲထားတာရှိပါတယ်။ အဓိက,ကတော့ ငွေကြေးနဲ့ဘဏ္ဍာငွေ ပြဿနာ ဘတ်ဂျက်နဲ့ဆိုင်တာ ဖြစ်ပါတယ်။ တချို့၏ ကိစ္စတွေမှာ ဘတ်ဂျက်တွေ ဖြတ်တာတောက်တာရှိတော့ သူတို့မှာလည်း အခက်အခဲတွေ ရှိပါတယ်။ ကျွန်တော်တို့က မတင်ပြဘူး မဟုတ်ဘူး တင်ပြပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာလည်း အခက်အခဲတွေ ရှိနေပါတယ်” လို့ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

အခြားသောနိုင်ငံတွေကို အတုယူပါ

လက်ရှိအစိုးရ အာဏာရယူခဲ့တဲ့၂၀၁၆ ခုနှစ် ပတ်လည်မှာ အခြားသော နိုင်ငံတွေမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ အစိုးရတစ်ရပ်ရဲ့ သဘောထားကြီးမြတ်မှု၊ ကွဲကွာနေရတဲ့ မိသားစုတွေအပေါ် စာနာမှု၊ ဘဝနေဝင်ချိန်ရောက်တော့မယ့် ထိုက်သင့်တဲ့ထောင်ဒဏ်ခံခဲ့ပြီး သူတွေအပေါ် ကိုယ်ချင်းစာနာမှု၊ မသင့်လျော် မမှန်ကန်တဲ့နည်းနဲ့ အဖမ်းဆီးခံခဲ့ရသူတွေအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးစတဲ့ ခေါင်းစဉ်တွေနဲ့ နိုင်ငံတိုင်းက အစိုးရတွေဟာ နိုင်ငံ့အတွက် အဆိပ်အတောက် မဖြစ်စေမယ့် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

နိုင်ငံစုံက လွတ်ငြိမ်းချမ်းသာမှုပေးအပ်တဲ့ ပုံစံတွေအပေါ် ဥပမာပြရမယ်ဆိုရင်၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှာ အကျဉ်းသား ၇၃၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အယ်ဘေးနီးယားနိုင်ငံရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ မြန်မာနိုင်ငံလိုမျိုး ပုံစံတူဖြစ်ပြီးတော့ လူဦးရေ ထူထပ်လာတဲ့ အကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေက အကျဉ်းသားရာပေါင်းများစွာကို လျှော့ချဖို့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၁၆ ခုနှစ်ထဲမှာ အဆိုတင်သွင်းပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ အတည်ပြုပြီး အမြန်ဆုံး လွှတ်ပေးခဲ့တာပါ။

အယ်ဘေးနီးယားရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်ကို ပြန်ကြည့်မယ်ဆိုရင် ထောင်ဒဏ်နှစ်နှစ်အထိ ကျခံနေရတဲ့ အကျဉ်းသားတွေနဲ့ သတ်မှတ်ထောင်ဒဏ ်ကျခံနေရတဲ့အထဲက ပြစ်ဒဏ်နှစ်နှစ်ပဲ ကျန်တော့တဲ့ အကျဉ်းသားတွေ အကျုံးဝင်ခဲ့သလို အသက် ၅၅ နှစ်အထက် အမျိုးသမီးအကျဉ်းသားတွေ၊ အသက် ၆၀ အထက် အမျိုးသား အကျဉ်းသားတွေနဲ့ အသက် ၁၈ နှစ်အောက် အကျဉ်းသားတွေလည်း လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါဝင်တာက အကြမ်းဖက်မှုတွေ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ၊ နိုင်ငံပိုင်ရုံးတွင်း ပစ္စည်းအလွဲသုံးစားလုပ်တဲ့ အများပြည်သူဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေကိုတော့ အယ်ဘေးနီးယားအစိုးရဟာ လွတ်ငြိမ်း ချမ်းသာခွင့် မပေးခဲ့ပါဘူး။

မြန်မာနိုင်ငံနည်းတူ ပြည်တွင်း စစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံဆိုရင် ၂၀၁၇ ခုနှစ် ဇွန် ၂၄ ရက်မှာ တိုင်းရင်းသားလူမျိုးတွေအကြား ပြန်လည်သင့်မြတ်စေရေးဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အကျဉ်းသား ၆၇၂ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆီးရီးယား ပြည်တွင်းစစ် ဖြစ်ပွားချိန်ကနေစတင်ပြီး ဆီးရီးယားအစိုးရဟာ ထောင်သောင်းချီတဲ့ ဆီးရီးယားနိုင်ငံသားတွေကို ဖမ်းဆီးခဲ့ပြီး အတိုက်အခံပါတီက ပြန်လည်လွတ်မြောက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဆီးရီးယားအစိုးရဟာ တိုင်းရင်းသား လူမျိုးတွေအကြား ပြန်လည်သင့်မြတ်ရေးအတွက် ပမာဏများပြားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု  အကြိမ်ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံလို အမျိုးသား ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို သွားလာနေတဲ့ နိုင်ငံအတွက် အတုယူရမှာဖြစ်ပြီးတော့ မသင့်လျော်တဲ့ စွပ်စွဲချက်တွေ၊ မတရားအသင်း ဆက်သွယ်မှုတွေ၊ မြေယာသိမ်းဆည်းခံလို့ ဆန္ဒပြရင်း ထောင်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားများစွာအတွက် လွတ်ငြိမ်းချမ်းသာခွင့် သုံးသပ်ပေးအပ်သင့်တဲ့ လုပ်ဆောင်ချက်မျိုးပါ။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း ထိုင်းဘုရင့်နန်းတက် အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၃၀၀၀၀ ကို လွတ် ငြိမ်းချမ်းသာခွင့်ပေးအပ်ခဲ့ပြီး လွတ်လာသူအများစုဟာ ထောင်ဒဏ်နှစ် နှစ်ထက်မပိုတဲ့ ပြစ်ဒဏ်ကျခံခဲ့ရသူတွေပါ။ ဒါ့အပြင်နတ်ရွာစံဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ရဲ့  အရိုက်အရာကို ဆက်ခံတဲ့ ဝိဇယလောင်ကွန်းဟာ အကျဉ်းသား ၁၅၀၀၀၀ အထိ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သလို အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ တော်ဝင်စော်ကားမှုနဲ့ ပြစ်ဒဏ်ချ မှတ်ခံရသူတွေကိုပါ အကျိုးခံစားဖို့ အကျုံးဝင်စေခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် ပြစ်ဒဏ်ကျခံရတဲ့ အမျိုးသမီးတွေ၊  ပြစ်ဒဏ်သုံးပုံတစ်ပုံ ကျခံပြီးသား အကျဉ်းသားအချို့နဲ့ မသန်စွမ်းသူ ဒါမှမဟုတ် အပြင်းဖျား နာနေသူ အကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ခံစားစေခဲ့ပါ တယ်။ နတ်ရွာစံသွားတဲ့ ထိုင်းဘုရင် ဘူမိဘောလက်ထက်မှာ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွေကို နှစ်တိုင်းလုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အတုယူသင့်မှုအဖြစ် ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနက ပြန်လည်လွတ်မြောက်လာတဲ့ အကျဉ်းသားတွေအ တွက်အလုပ်အကိုင် ဖန်တီးပေးဖို့အပြင် စွမ်းရည်ဖွံ့ ဖြိုးရေးဦးစီးဌာနက စွမ်းရည်မြှင့်တင်ပေးဖို့ပါ အသင့်ရှိနေခဲ့တာပါ။

ဒီနိုင်ငံတွေသာမက အခြားသော နိုင်ငံတွေမှာပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ကြသလို အချို့သော နိုင်ငံတွေမှာဆို အကျဉ်းထောင်တွေကိုပါ ပိတ်သိမ်းနေတဲ့အခြေအနေမှာ မြန်မာနိုင်ငံကတော့ ပြောင်းပြန်ပါ။

“လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့အခါမှာ အားလုံးကိုတော့ တစ်ပြိုင်တည်း ပေးလို့မရဘူး ။ ဘာဖြစ်လို့လဲဆို တချို့သောရာဇဝတ်မှု ကျုးလွန်သူတွေက လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်အေးချမ်းသာယာမှုကို အနှောက်အယှက်ပေးတာတွေ ရှိတယ်။ အဲဒါမျိုးတော့ ပေးလို့မရဘူး။ ဒီနေရာမှာ ကိုယ့်ရဲ့ လယ်မြေဆုံးရှုံးလို့ ဆန္ဒပြတဲ့သူတွေ၊ လယ်ယာပြန်တောင်းတဲ့ သူတွေကို ချမှတ်ထားတဲ့ပြစ်ဒဏ်တွေတော့ ပယ်ဖျက်ပေးလိုက်စေချင်တယ်။ အဲဒီလိုမလွှတ်တော့ နိုင်ငံရေးအရပြောစရာ ဖြစ်လာတယ်။ အမှန်က လွှတ်သင့်တယ်နော် ။ အခြားအခြားသော အစိုးရတွေ လက်ထက်မှာ လွတ်ငြိမ်းချမ်းသာ ခွင့်တွေပေးခဲ့တယ်။ အဲဒီလိုလွှတ်တဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကတော့ အနည်းစုဖြစ်တယ်။ လက်ရှိ နိုင်ငံရေးအစိုးရလက်ထက်မှာ လွှတ်သင့်တယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်။ သို့သော်ဖြစ်မလာဘူး။ အဲဒါတော့ မသင့်လျော်ဘူးလို့ ကျွန်တော်ကတော့မြင်တယ်။ ဆိုးရွားစွာ ပြစ်ဒဏ်ကျုးလွန်ခဲ့သူတွေကို မလွှတ်ပေးတာက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ အားလုံးကို မလွှတ်ပေးဘူးဆိုတာက မဟုတ်တော့ဘူး။ လွှတ်သင့်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း လွတ်လပ်ရေးနေ့တွေဆို လွှတ်ကြတဲ့ အစဉ်အလာရှိပါတယ်”လို့ နိုင်ငံရေးအကျဉ်းသားအဖြစ် အကြိမ်ကြိမ် အကျဉ်းကျခံဖူးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က သုံးသပ်ပါတယ်။

 

NLD အစိုးရစိစစ်လွှတ်ပေးသင့်တဲ့ အကျဉ်းသား

NLD  အစိုးရကို တောင်းဆိုနေကြတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မပေးအပ်လို့ ဝေဖန်မှုတွေဟာ ဇန်နဝါရီ ၄ ရက်က ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ ဖြစ်ပါတယ်။

ပြည်သူတွေအားလုံး မျှော်လင့်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ၆၉ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာရော နှစ် ၇၀ ပြည့်လွတ်လပ်ရေးနေ့မှာပါ မပေးတာကြောင့် ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးက စိတ်ပျက်မိတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း “၂၀၁၈- ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ဆိုတော့ ထောင်ထဲမှာ နေခဲ့ရတဲ့နေ့တွေကို ပြန်အမှတ်ရနေမိတယ်။ အဲဒီလို နေ့ထူးနေ့မြတ် (အထူးသဖြင့် လွတ်လပ်ရေးနေ့) ဆိုတာ အကျဉ်းထောင်တွေထဲမှာ ရှိနေကြတဲ့ အကျဉ်းသားမှန်သမျှရဲ့ မျှော်လင့်ချက်ကြီးတွေနဲ့ နားစွင့်ခဲ့ကြရတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့တွေမှာ နိုင်ငံတော်သမ္မတကြီးတွေက လွတ်ငြိမ်းချမ်းသာခွင့် (သို့မဟုတ်) အကျဉ်းကျ နေ့ရက်တွေကို လျှော့ချပေးတဲ့ အလေ့အထနဲ့ အစဉ်အလာတွေ ရှိခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ အကျဉ်းသားဘ၀ ရောက်ဖူးခဲ့သူတိုင်း ဒီခံစားချက်ကို သိကြပါတယ်။ ကိုယ်မလွတ်တာတောင်မှ တခြားလူတွေ လွတ်သွားတာကို မြင်ရတဲ့အခါ အားရဝမ်းသာနဲ့ အစိုးရမင်းများကို ဝိုင်းပြီးကျေးဇူးတင်ကြရတာ အမောပါ။ ကိုယ်နဲ့ အတိုက်အခံဖြစ်နေတဲ့ အစိုးရကိုတောင် အဲဒီလို အခါသမယတွေမှာ အကျဉ်းသားလွတ်ငြိမ်းခွင့် ပေးခဲ့တဲ့အတွက် ချီးကျူးထောမနာ ပြုပေးကြစမြဲ ဖြစ်ပါတယ်။ အဲဒီလိုရက်တွေဟာ ဘယ်လိုအကျဉ်းသားပဲဖြစ်ဖြစ် အကျဉ်းသားအားလုံးရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ အဲဒီနေ့ရက်တွေနား နီးကပ်လာရင် အကျဉ်းထောင်အမှုထမ်းတွေဆီကို ဘာများထူးခြားမှု ရှိနေပါသလဲဆိုပြီး စုံစမ်းမေးမြန်းကြရတာ အကျဉ်းသားတိုင်းရဲ့လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။ သေဒဏ်ကျခံထားရသူက သေဒဏ်က အသက်လွတ်သွားနိုင်သလို နှစ်ကြီးထောင်ဒဏ်သမားတွေလဲ နှစ်တွေ လျော့ကျသွားနိုင်ပါတယ်။ လွတ်နီးတွေဆိုရင်လဲ အချိန်မရွေး ချက်ချင်းလက်ငင်းလွတ် မြောက်သွားနိုင်တာမို့ အားလုံးက မျှော်နေကြတဲ့ နေ့ရက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ဆောင်းပါးရေး နေချိန် (ဇန်နဝါရီ ၅- ရက်)အထိ အကျဉ်းထောင်တွေဆီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူ ဆိုလို့တစ်ယောက်မှ သတင်းမကြားရသေးပါဘူး။ အေအေပီပီကို မေးကြည့်တော့လဲ သူတို့ဘာမှမကြားသေးဘူးလို့ အကြောင်းပြန်ပါတယ်။ ထောင်ထဲမှာရှိနေကြတဲ့ အကျဉ်းသားအပေါင်းတို့ကို ကျွန်တော်ကိုယ် ချင်းစာကြည့်လိုက်မိပါတယ်။ သူတို့ခမျာ ထုံးစံအတိုင်း သေချာပေါက် မျှော်လင့်နေကြမှာဆိုတာ အလွန်ကို သေချာပါတယ်။ မျှော်လင့်သလို ဖြစ်မလာတော့ရင် အလွန်ကိုပဲ စိတ်ထိခိုက်မှု ဖြစ်ကြရမှာပါ။ အထူးသဖြင့်ထောင်ထဲက အကျဉ်းသားတွေ အတွက်ကတော့ မျှော်လင့်နိုင်တာ အဲဒီနေ့ရက်လေးတွေပဲရှိခဲ့လို့ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ နှစ်သစ်ကူး ဆွမ်းလောင်းလှူပွဲကြီး ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေတာတွေ၊ လူပရိသတ်တစ် သိန်းကျော်တဲ့ တရားဓမ္မပွဲတွေ ကျင်းပနေတာတွေ့ရတော့ အကျဉ်းသားတွေအတွက်လည်း ထည့်စဉ်းစားလိမ့်မယ်လို့  ကျွန်တော်မျှော်လင့်ပေးခဲ့မိတာဟာ မမှားလောက်ဘူးလို့ ထင်ခဲ့ရပေမဲ့ တကယ့်လက်တွေ့မှာ တော့မှားသွားခဲ့ရပါတယ်။ နိုင်ငံရေး အကျဉ်းသားဘဝကို လုံးဝမရောက်ဖူးခဲ့တဲ့ အစိုးရမင်းများ လက်ထက်တုန်းကတောင်မှ နှစ်စဉ်နှစ်တိုင်းလိုလို လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပါတယ်။ လျှော့ရက်တွေ ပေးခဲ့ပါတယ်။  ...အခုလို နိုင်ငံရေးအကျဉ်းသား ဘဝနဲ့နေခဲ့ဖူးတဲ့ နိုင်ငံရေးပါတီကြီးရဲ့ အစိုးရအဖွဲ့လက်ထက်မှာ ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား လက်ကျန်တွေကိုလဲ မလွဲှမသွေလွတ်ပေးလိမ့်မယ်လို့ ကျွန်တော့်ဘက်က မျှော်လင့်ခဲ့မိပါတယ်။ ကျွန်တော့် မျှော်လင့်ချက်က မှားနေဆဲပါ။ နိုင်ငံရေးအကျဉ်းသား စိစစ်မှုတွေတောင် လုပ်တယ်မကြားရတော့ပါဘူး။ AAPP တို့လို နိုင်/ ကျဉ်းအဖွဲ့တို့လို အဖွဲ့အစည်းတွေရဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား တစ်ရာနီးနီး အကျဉ်းထောင်တွေထဲမှာ ကျန်နေဆဲလို့ သိရပါတယ် ။ AAPP က လုပ်တဲ့ နိုင်/ကျဉ်းစာရင်းတွေဆိုရင် မူလအမှုတွဲတွေအထိကို သေသေချာချာ လေ့လာပြီးမှ နိုင်ငံရေးအကျဉ်းသား စာရင်းထဲကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက စိစစ်မှုတွေအရဆိုရင် တကယ့်လက်တွေ့ ဖြစ်ရပ်နဲ့ တရားစွဲခံရတဲ့ ပုဒ်မတွေ တခြားစီဖြစ်နေတာ အများအပြား တွေ့ခဲ့ရပါတယ်။ ထောင်ချဖို့ သက်သက်ပဲမို့ အကျဉ်းသားတွေရဲ့တရားစွဲတဲ့ ပုဒ်မတွေကိုကြည့်ပြီး သူတို့ကို လူဆိုးလူကောင်းအလွယ်တကူ ဆုံးဖြတ်လို့ မရနိုင်ပါဘူး။ သေသေချာချာ စိစစ်ထားခဲ့တဲ့ စာရင်းတွေ ဖြစ်ပါတယ်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်ထဲမှာဆိုရင် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးတဲ့ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၂၀ လောက်ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ ကိုယ်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားဘ၀ ရောက်ခဲ့ဖူးတဲ့လူမှန်သမျှဟာ လက်ရှိထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ချင်းစာစိတ်ရှိနေမှာကတော့ သံသယရှိစရာ မလိုလောက်အောင် ယုံကြည်ရပါတယ်။ ဒါပေမဲ့ ဘာကြောင့်သူတို့နဲ့ ဘဝတူတွေကိုခုထိ ဆွဲမထုတ်နိုင်သေးတာလဲ။ ဘာကြောင့် ကြိုးပမ်းအားထုတ်မှု ဝါယမစိုက်တာတွေ မတွေ့ရသေးတာလဲ။ မေးစရာပါဘဲ။...နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ပိုင်ခွင့်တွေဟာ အစိုးရမှာ အပြည့်အဝရှိတယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။ ဘယ်သူကမှ ဝင်ရောက်တားဆီး ပိတ်ပင်တာမျိုးလည်း မလုပ်နိုင်ဘူးလို့လည်း ခိုင်ခိုင်မာမာ ယူဆမိပါတယ်။ ဘာကြောင့် ဖြစ်မလာတာလဲဆိုတာ စိတ်မကောင်း ဖြစ်ရုံမှတစ်ပါး ကျွန်တော် စဉ်းစားမရတော့ပါဘူး။ စဉ်းစားကြည့်လေ။ နိုင်/ ကျဉ်းဟောင်း  ၁၂၀ က လက်ရှိ နိုင်/ ကျဉ်း ၁၀၀ အောက်ကို မကယ်နိုင်တာဟာ သမိုင်းကြောင်းမှာ ရေးရရင် အလွန်ကိုပဲ အကြည်းတန်လှပါပြီ။ ဘာတွေဖြစ်ကုန်ကြပြီလဲ။ ကိုင်း… ဝိုင်းပြီးဖြေ ပေးကြပါဦး” နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့ NLD အစိုးရနဲ့ NLD လွှတ်တော်ကို လူမှုကွန်ရက်ပေါ်ကနေ မေးခွန်းထုတ်ရေးသားခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း ၂၀၁၇ ခုနှစ်အတွင်း လှည့်လည်စစ်ဆေးသင့်တဲ့ အကျဉ်းထောင် ၃၀ ကျော်ရဲ့ အခြေအနေတွေကြောင့် နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်သင့်တဲ့ အကျဉ်းသားစာရင်းပြုစုပြီးတော့ စာတမ်းတင်ပြဖို့အတွက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

“အခြေခံအကျဆုံးပြောရင် ကျွန်တော်မြင်တာကတော့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသင့်တယ်။ ဘာဖြစ်လို့အဲဒီလိုပြောရသလဲဆိုရင် ထောင်ထဲမှာဗျ နိုင်ငံရေးအကျဉ်းသားတွေရှိသလို တချို့ဘဝမှာ တစ်စုံတစ်ရာသော အမှားတစ်ခုကို ကျုးလွန်ခဲ့မိလို့ ကျနေတဲ့သူတွေ အများကြီးရှိတယ်ဗျ။ ကျွန်တော်တို့ ထောင်ထဲဖြတ်သန်းဖူးတဲ့ အတွေ့အကြုံအရပေါ့။ တည့်တည့်ပြောရမယ်ဆိုရင် လူဆိုးတွေ လူမိုက်တွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတောင်းဆိုနေတာ မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ။ တခြားတခြားသောလူတွေ ထောင်ထဲမှာ ၁၅ နှစ်၊ အနှစ် ၂၀ နေပြီးတဲ့အခါကျရင် သူ့ဘဝကို ပြန်ပြီးတော့ ထိန်းသိမ်းပြုပြင်ဖို့အတွက် စဉ်းစားပေးစေချင်တယ်။ လူတစ်ယောက်ရဲ့ဘဝဟာ ထောင်ထဲမှာ အနှစ် ၂၀ လောက်နေပြီးရင်သူ့မှာ ဘာမှအသိဉာဏ် မရှိတော့ဘူး။ အသိဉာဏ်တွေ တုံးကုန်ပြီ။ နိုင်ငံတော်အတွက်လည်း စရိတ်တွေကုန်တယ်” လို့ ဦးမြအေးက ဆက်လက်သုံးသပ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြုစုထားတဲ့စာရင်းတွေအရ အကျဉ်းထောင်အတွင်း ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၄၅ ဦးရှိနေပြီး အချုပ်နဲ့ တရားရင်ဆိုင်နေရသူ ၄၉ ဦး၊ ပြင်ပက တရားရင်ဆိုင်နေရသူ ၁၂၇ ဦးအထိရှိနေပြီး ဒီအထဲမှာ မြေယာသိမ်းဆည်းခံရမှုကြောင့် ဖမ်းဆီးခံရသူတွေ ပါဝင်နေပါတယ်။

“နိုင်ငံရေးအကျဉ်းသားမှာ မုဒိမ်းကောင်မှမပါဘဲ။ နိုင်ငံရေးသမားဆို အကုန်လွှတ်ပေးဖို့ပဲ ကျွန်တော်တို့အဆိုတင်ခဲ့တာ။ နိုင်ငံရေး အကျဉ်းသားလား။ လူသတ်မှုလား။ အငြင်းပွားဖွယ်ကိစ္စတစ်ခုတော့ ကျွန်တော်တို့ ကြုံခဲ့တယ်။ ကြုံခဲ့ဖူးတော့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာ လွှတ်သင့်မလွှတ်သင့်တောင် သဘောထားကွဲခဲ့တာပဲ။ အကျဉ်းသားလွှတ်ပေးမှုကို အင်မတန်မှစိစစ်ခဲ့ပါတယ်။ တစ်ခုတော့ ရှိတာပေါ့ဗျာ။ သောင်းချီပြီးလွှတ်တဲ့ အထဲမှာ အနည်းအကျဉ်းတော့ပါတာပေါ့။ တကယ်တမ်းပြောကြစတမ်းဆို သုတေသနလုပ်ထားမယ်ဆို ဦးသိန်းစိန်လွှတ်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာ ၇၀၀၀၀ ကျော်ထဲမှာ မုဒိမ်းသမား၊ လူသတ်သမားက ရာခိုင်နှုန်းအနည်းငယ်ပဲ ပါလာလိမ့်မယ်။ အတိအကျထောက်ပြနိုင်တဲ့ ပြစ်မှုပြန်ကျုးလွန်သူက လက်ချိုးပြီးရေရင် တစ်ဒါဇင်မပြည့်ပါဘူး။ ကျန်တာက ဦးသိန်းစိန်အစိုးရကို တိုက်ခိုက်ချင်လို့၊ ဦးသိန်းစိန်ဆောင်ရွက်ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို သေးသိမ်အောင်၊ လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရမှာကိုကြောက်လို့ အဲဒီမုဒိမ်းကောင်တို့ ဘာတို့ပါလာတယ် ပြောနေတာပါ။ အခုလည်း ပြန်လွှတ်ပေးမယ်ဆို ဦးနေဝင်းလက်ထက်ကတည်းက ချပေးထားတဲ့မူတွေရှိတာပဲ။ သူတစ်ပါးကို ထိခိုက်နစ်နာ အောင်လုပ်တဲ့အမှုတွေဆို လွတ်ငြိမ်းချမ်းသာခွင့် မပေးနဲ့ပေါ့။ ပေးရင်လည်း အခုနကပြောသလို လူသတ်မှုကျုးလွန်သူကို ကွင်းလုံးကျွတ် မလွှတ်ဘဲ တစ်သက်တစ်ကျွန်း ပြောင်းတာတို့၊ တစ်သက်တစ်ကျွန်း ကို ၁၀ နှစ်ပြောင်းတာတို့၊ ထောင်ဒဏ်လျှော့ချတာတို့လို သူတစ်ပါးထိ ခိုက်နစ်နာစေတဲ့သူတွေကို ပြစ်ဒဏ်လျှော့ချပြီးတော့ လုံးဝလွတ်ငြိမ်းချမ်းသာခွင့်မပေးတဲ့ နည်းတွေနဲ့လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ဆောင်ရွက်လို့ရပါတယ်။ အခုကတော့ဗျာ။ နိုင်ငံရေးအရ ဘဝမေ့တဲ့ ဇာတ်လမ်းတွေ အများကြီးစနေပြီနေလို့ ကျွန်တော်ကတော့ ဒီအတိုင်းပဲ မြင်တယ်” လို့ ဦးသိန်းညွန့်က ဆက်လက်ပြောကြားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပေးအပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေရဲ့ ဇာစ်မြစ်ကို ပြန်ကြည့်မယ်ဆိုရင် အစိုးရအဆက်ဆက်က မတရားတဲ့ ဥပဒေနဲ့ကျခံခဲ့ရတဲ့သူ များစွာကို ကယ်တင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေးဟာ နဝတ၊ နအဖ အစိုးရလက်ထက်ကနေ တစ်လျှောက်လုံးပျက်သုဉ်းလာခဲ့တာ လက်ရှိအချိန်အထိပါပဲ။ အစိုးရက တရားစွဲဆိုတဲ့ အမှုမှန်သမျှကို တရားသူကြီးတွေက အကုန်ပြစ်ဒဏ်ချမှတ်နေခြင်းဟာ တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ စိုးမိုးမှု ရှိနေဆဲဆိုတာ သွယ်ဝိုက်ညွှန်းဆိုနေပါတယ်။ ဒီလိုပျက်သုဉ်းနေတဲ့တရား စီရင်ရေးစနစ်အပြင် တရားမျှတမှု မရှိတဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃၊ ဆရာတော် ဦးပါမောက္ခအပါအဝင် နိုင်ငံသားအများအပြားကို ဖမ်းဆီးထောင်ချခဲ့တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ လက်ရှိ အစိုးရလက်ထက် ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၈ (စ)၊ ရိုက်တာသတင်းထောက်နှစ်ဦးကို အမှုဆင်ဖမ်းတယ် ဝေဖန်ခံနေရပြီး သူတို့ကို တရားစွဲဆိုခဲ့တဲ့ ကိုလိုနီခေတ် လက်ကျန်မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေစတဲ့ မတရားတဲ့ဥပဒေတွေ အများအပြားဟာ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ဒီလို မတရားတဲ့ ဥပဒေအများအပြား အသက်ဝင်နေဆဲ ဖြစ်တာကြောင့် လက်ရှိအစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးရေးကို အထောက်အကူဖြစ်စေမယ့် လွတ်ငြိမ်းချမ်းသာခွင့်တွေ မလွှဲမသွေပေးအပ်ဖို့လိုကို လိုအပ်ပါတယ်။ အကျဉ်းဦးစီးဌာနဆိုတာ လူတွေရဲ့ မှားယွင်းမှုကို ပြင်ဆင်ပေးတဲ့ ဌာနသာဖြစ်ပြီး လူတွေကို ပြစ်ဒဏ်ပေးတဲ့ ဌာနမဟုတ်ပါဘူး။ မတရားတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံနေရတဲ့ သတင်းသမား၊ လယ်သမားပြည်သူ၊ နိုင်ငံရေးအကျဉ်းသား၊ ဆရာတော် သံဃာတော်တွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ဖို့လိုသလို အမှားတစ်ခုအတွက် နောင်တကြီးစွာ ရနေတဲ့သူတွေ၊ ဗိုလ်မှူးဝင်းနိုင်ကျော်ရဲ့ အသက် ၉၂ မိခင်အိုကြီးရဲ့ သားဖြစ်သူပြန်လွတ်ဖို့ ဘဝနေဝင်ချိန်နဲ့အတူ စောင့်ဆိုင်းနေတဲ့ မိသားစုတွေများစွာကို ပြန်လည်ကုစားပြင်ဆင်ပေးဖို့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ မြန်မာနိုင်ငံအတွက် လိုအပ်ချက်တစ်ခုအဖြစ် ပေးဖို့လိုအပ်နေပါတယ်။

အစိုးရအဆက်ဆက်ဟာ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် အဓိကပေးအပ်ကြတယ်ဆိုပေမယ့် တိုင်းပြည်ရဲ့ လိုအပ်ချက်အရ အခြားနေ့များစွာမှာလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်တာကို တွေ့ရပါတယ်။ အနီးစပ်ဆုံး ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ပေးအပ်နိုင်သလို မတ်  ၂၇ ရက်မှာ ကျရောက်တဲ့ တပ်မတော်နေ့မှာ ပေးလို့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မွေးရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၃ မှာ ပေးလို့ရသလို တိုင်းပြည်က လိုအပ်တဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းတာ ဖြစ်တာကြောင့် အစိုးရတိုင်းပေးအပ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် နေ့ရက်ဟာ မင်္ဂလာရက်ပါ။ ဒီလို မင်္ဂလာရက်တစ်ရက်ကို မတရားတဲ့ပုဒ်မတွေနဲ့ ကျခံနေရတဲ့ ပြည်သူများစွာအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေး အပ်မှုဆိုတဲ့ ဆုလာဘ်နဲ့ တိုင်းပြည်ကလိုအပ်နေတဲ့ တရားဥပဒေစိုးမိုးရေး အထောက်အကူပြုမယ့် လွတ်ငြိမ်းချမ်းသာခွင့်ကို NLD အစိုးရအနေနဲ့ အမြန်ဆုံးဆောင်ကြည်းပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Most Read

Most Recent