ဇရာအို၏ နောက်ဆုံးနေ့ရက်များ

ဇရာအို၏ နောက်ဆုံးနေ့ရက်များ
Published 14 January 2018

သက်တမ်းကုန်ဆုံးတော့မယ့် အင်ဂျင်အိုကြီးတစ်လုံးလို သူ့ခန္ဓာကိုယ်ကြီးဟာ ချုံးချုံးကျနေပါပြီ။ ဟိုးတစ်ချိန်တုန်းက တောက်ပခဲ့ဖူးတဲ့ သူ့မျက်လုံးတွေဟာလည်း အခုအချိန်မှာ သူ့လက်ကိုတောင် သဲသဲကွဲကွဲ ပြန်မမြင်နိုင်တော့ပါဘူး။ အဆိုးဆုံးက တစ်ချိန်က သန်စွမ်းကြံ့ခိုင်ခဲ့ဖူးသလောက် အခုအချိန်မှာ သူ့ခြေထောက်တွေဟာ သူ့ခန္ဓာကိုယ်ကြီးကို မသယ်ပိုးနိုင်တော့တာပဲ ဖြစ်ပါတယ်။ သူဟာ နေ့စဉ် သူ့လိုပဲ ဆွေးမြည့်အိုမင်းနေတဲ့ ကုလားထိုင်အိုကြီးပေါ်မှာထိုင်ရင်း ဘယ်ကိုမှန်းမသိတဲ့ အရပ်ဆီကို ငေးမောဆွေးရီနေတတ်ပြီး တစ်ခါတလေတော့ ဘာအသံမှန်း သဲသဲကွဲကွဲ မကြားရတဲ့ အသံလေးတွေကို ခေါင်းကလေး စောင်းငဲ့လို့ နားထောင်နေတတ်ပါတယ်။

သူ့အတွက် နေ့ဆိုတာ တစ်စုံတစ်ယောက်တွဲပြီး ထူမပို့ပေးတဲ့ ကုလားထိုင်အိုကြီးပေါ်မှာ ထိုင်ရခြင်းဖြစ်ပြီး ညဆိုတာဟာလည်း တစ်စုံတစ်ယောက် အသင့်ပြင်ပေးထားတဲ့ အိပ်ရာပေါ်မှာ လဲလျောင်းအိပ်စက်ရခြင်းထက် ပြောစရာ အဓိပ္ပာယ် ပိုမနေခဲ့ပါဘူး။ အဲဒီလိုပါပဲ။ တစ်ယောက်ယောက်ဟာ သူ့ အနားမှာထိုင်ပြီး တစ်ခုခုကို လာခွံ့ပေးတတ်တဲ့ အချိန်မျိုးကလွဲရင် များသောအားဖြင့်တော့ သူဟာ သူရဲ့ပိုလျှံနေတဲ့အချိန်တွေကို သူ့ လက်ထဲမှာရှိနေတဲ့ စိပ်ပုတီးလေးနဲ့သာ အဖော်ပြု ဖြတ်သန်းနေခဲ့ရတာ ဖြစ်ပါတယ်။

သူ့ခန္ဓာကိုယ်က နာကျင်မှု သူ့စိတ်ထဲက ကိုက်ခဲမှုတွေကိုပဲ အဖော်လုပ်နေထိုင်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါတွေဟာ ဘဝနေဝင်ချိန်နီးနေတဲ့ ဇရာအိုတစ်ယောက်အတွက် ဘာမှမထူးဆန်းတဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ အခု ရင်ဆိုင်နေရတဲ့ နေ့ရက်တွေဟာ အဲဒီဇရာအိုတစ်ယောက် ဖြတ်သန်းလျှောက်လှမ်းခဲ့ဖူးသမျှ ဘဝနေ့ရက်တွေထဲက အခက်အခဲဆုံး နေ့ရက်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်းကို တစ်စုံတစ်ယောက်ကို သူ ပြောပြချင်နေမိပါသေးတယ်။ တကယ်လည်း သေမယ့်နေ့ရက်ကို ကုလားထိုင်အိုကြီးပေါ်ကနေ ထိုင်စောင့်နေရတဲ့ အလုပ်လောက် ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အလုပ်မရှိဘူးလို့ သူထင်ပါတယ်။

အဲဒီလိုပဲ မိသားစုအတွက် အသုံးမဝင်တဲ့၊ အသုံးမကျတော့တဲ့ လူပိုကြီးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာလောက် နာကျင်စရာကောင်းတဲ့ ကိစ္စမရှိဘူးလို့လည်း သူ ထင်ပါတယ်။ အဆိုးဆုံးက သူ ပြောချင်နေတဲ့ စကားတွေကို သူ့အနားမှာ ငြိမ်ငြိမ်သက်သက် နားထောင်ပေးမယ့် တစ်ယောက်ယောက် ရှိမနေခဲ့တာပါပဲ။ သူ ပြန်တွေးမိတဲ့ အတိတ်နေ့ရက်က သူရဲ့ငယ်ရွယ်၊ တက်ကြွမှုတွေရဲ့ အကြောင်းကို တအံ့တသြ နားထောင်ပေးမယ့်သူ တစ်ယောက်ယောက် ရှိမနေခဲ့တာပါပဲ။

တကယ်တော့ သူ့အနားမှာ သူ့စကားတွေကို ငြိမ်ငြိမ်သက်သက် နားထောင်နေမယ့် လူတစ်ယောက်ဖြစ်ဖြစ် ဒါမှမဟုတ် သူ့စကားတွေကို ဟားတိုက်လှောင်ပြောင် ရယ်မောငြင်းခုံမယ့် လူတစ်ယောက်ကိုပဲဖြစ်ဖြစ် သူ လိုချင်နေခဲ့တာပဲ ဖြစ်ပါတယ်။

မိသားစုကို သူ အကျိုးပြုခဲ့ပုံ ကမ္ဘာမြေကြီးအတွက် သူ အသုံးဝင် အသုံးကျခဲ့ပုံတွေကို အားကျငေးမော နားထောင်ပေးနေမယ့် ကလေးလေးတစ်ယောက်လောက်ကိုပဲဖြစ်ဖြစ် သူ့အနီးအနားမှာ ရှိနေစေချင်ခဲ့မိတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ သူ့ရဲ့စိတ်ကူးယဉ်မှု ရူးသွပ်မှုသက်သက်ပဲ ဖြစ်ပါတယ်။ တကယ်လည်း သူ့ခြေထောက်နားမှာ လာလာပွတ်သပ် ခွေအိပ်နေတတ်တဲ့ ကြောင်အိုကြီးတစ်ကောင်ကလွဲရင် ဘယ်မိသားစုဝင် အိမ်သားတစ်ယောက်ယောက်ကမှ သူ့အနီး သူ့အနားမှာ မထိုင်ချင်ကြတော့ဘူး မဟုတ်လား။ ဘယ်သား၊ ဘယ်သမီး၊ ဘယ်မြေးတစ်ယောက်ယောက်ကမှ သူ့စကားသံတိုးဖွဖွကို ဂရုစိုက်ပြီး နားထောင်မပေးချင်ကြတော့ဘူး မဟုတ်လား။ တကယ်တော့ အသက်ရှင်နေရုံသက်သက် လူဖြစ်ရခြင်းဟာ ငြီးငွေ့စိတ်ပျက်စရာ ဘယ်လောက်ကောင်းကြောင်း၊ သူ ကောင်းကောင်းသိနေခဲ့ပြီ ဖြစ်ပါတယ်။ တကယ်လည်း ငယ်ရွယ်နုပျိုမှု တက်ကြွလန်းဆန်းမှုတွေ မရှိတော့တဲ့ လူတစ်ယောက်အတွက် နေ့ရက်တိုင်းဟာ စိတ်ပျက်စရာတွေချည်းပါပဲ။ အထူးသဖြင့် မီးစာကုန်ဆီခန်းလို့ ကိုယ့်ကိုယ်ကိုယ် ထူမတ်ဖို့တောင် မတတ်နိုင်တော့တဲ့ လူတစ်ယောက်အတွက် အသက်ရှင်သန်မှုဆိုတာဟာ ဘာမှအရေးမပါတဲ့ ကိစ္စတစ်ခု၊ ဘာမှအသုံးမဝင်တော့တဲ့ ကိစ္စတစ်ခုဖြစ်တယ်ဆိုတာကို အခုအချိန်မှာ သူ သေသေချာချာ သိနေခဲ့ပြီဖြစ်ပါတယ်။

အမှန်အတိုင်း ဝန်ခံရရင် မျှော်လင့်စရာ မျှော်လင့်ချက် ဘာမှမရှိတော့တဲ့ နေ့ရက်တွေထဲမှာ သူ့အသက်ကို မရှင်သန်ချင်တော့ပါဘူး။ လမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ရေသန့်ဘူးတစ်ဘူး၊ ဘီယာဘူးအခွံတစ်ခုလောက်တောင် မိသားစုနဲ့ ကမ္ဘာမြေကြီးကို အကျိုးမပြုနိုင်တော့တဲ့ လူတစ်ယောက်အဖြစ်နဲ့ သူ့အသက်ကို တစ်စက္ကန့်တောင် သူ ဆက်ပြီး မရှင်သန်ချင်တော့ပါဘူး။ တကယ်လည်း အသက်ရှင်လျက် သေဆုံးနေရတဲ့ နေ့ရက်တွေကို သူ ငြီးငွေ့စိတ်ပျက် မုန်းတီးလှပြီ ဖြစ်ပါတယ်။

ကုလားထိုင်အိုကြီးပေါ်မှာ ထိုင်ပြီး ငေးမောဆွေးရီနေရတဲ့ အချိန်တွေ၊ အိပ်ရာထက်မှာ ပျင်းရိငြီးငွေ့စရာကောင်းလောက်အောင် လဲလျောင်းငြိမ်သက်နေခဲ့ရတဲ့ အချိန်တွေဆီကနေ ထွက်ပြေး လွတ်မြောက်ချင်နေခဲ့ပြီ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးက ပေးတဲ့နာကျင်မှုတွေ၊ စိတ်ထဲက ယိုစိမ့်ထွက်ကျလာတဲ့ နာကျင်မှုတွေဆီကနေ ရှောင်ကွင်းလွတ်မြောက်ချင်နေခဲ့ပြီ ဖြစ်ပါတယ်။ သေဆုံးကာနီး ဖယောင်းတိုင်ဟာ ပိုပြီးလောင်ကျွမ်းခံရတတ်သလိုမျိုး တမြည့်မြည့် လောင်ကျွမ်းခံနေရတဲ့ နေ့ရက်တွေထဲကနေ ထွက်ပြေး လွတ်မြောက်ချင်နေခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ဇရာအိုတစ်ယောက်ရဲ့ နောက်ဆုံးမျှော်လင့်ချက်တစ်ခုလည်း ဖြစ်သလို ဇရာအိုတစ်ယောက်ပြည့်ချင်မိတဲ့ နောက်ဆုံးဆုတောင်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ သူ့ဆုတောင်းဟာ မပြည့်ပါဘူး။ သေမင်းဟာ သူ့မျှော်လင့်ချက်တွေကို မဖြည့်စွမ်းပေးခဲ့ပါဘူး။ သူဟာ ဆွေးမြည့်အိုမင်းနေတဲ့ ကုလားထိုင်အိုကြီးပေါ်ကနေ ဘယ်ကိုမှန်းမသိတဲ့ အရပ်ဒေသဆီကို ငေးမောဆွေးရီ ကြည့်နေဆဲပဲ ဖြစ်ပါတယ်။ ဘာအသံမှန်း သဲသဲကွဲကွဲမကြားရတဲ့ အသံကလေးတွေကို ခေါင်းကလေး စောင်းငဲ့နားထောင်နေရမြဲဖြစ်သလို သူ့ခန္ဓာကိုယ်ကြီးကပေးတဲ့ နာကျင်မှု သူ့စိတ်ထဲက စိမ့်ထွက်လာတဲ့ ကိုက်ခဲမှုတွေကိုလည်း ခံစားနေရမြဲပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ နေ့ရက်တွေဟာ တမြေ့မြေ့ ဆွေးမြည့်လာပါတယ်။ သူ့ခြေထောက်ကို လာရောက် ပွတ်သပ်အိပ်နေတတ်တဲ့ ကြောင်အိုကြီးဟာ သူ့ဆီကို ရောက်မလာတော့ပါဘူး။ အဲဒီလိုပါပဲ၊ သူ့ခန္ဓာကိုယ်ကြီးကို ထောက်ကူဖေးမပေးတတ်တဲ့ ကုလားထိုင်ကြီးဆီကိုလည်း သူဟာ ရောက်အောင်မသွားနိုင်တော့ပါဘူး။ သူဟာ အမြဲတမ်းအနံ့တစ်မျိုး ထွက်နေတတ်တဲ့ အိပ်ရာထက်မှာပဲ အစဉ်အမြဲ လဲလျောင်းနေရပါတော့တယ်။ ဘယ်အချိန်ပဲ စမ်းကြည့်စမ်းကြည့် သူ့အသက်ရှူသံဟာ ခရီးဝေးကို ဖြတ်သန်းလာရတဲ့ မြစ်ကြီးတစ်စင်းလို မောကြီးပန်းကြီးနိုင်လာပါတယ်။ သူ့အာခေါင်တွေဟာ အစဉ်အမြဲ ပူလောင်ခြောက်ကပ်လို့။ သူ့မျက်လုံးတွေဟာ ဆွေးမြည့်နေတဲ့ အမှိုက်ပုံကြီးကို မီးပုံရှို့ခံထားရသလို ချွတ်ခြုံညှိုးကျလို့။ ဘယ်ကိုမှန်းမသိတဲ့ အရပ်တစ်ခုခုဆီကို ငေးမောဆွေးရီကြည့်ဖို့လည်း မတတ်နိုင်တော့ပါဘူး။

သူ တတ်နိုင်တာက သူ့နားထဲကို ဝင်လာတဲ့ “ဖေဖေ ဘာစားချင်လဲ၊ ဘိုးဘိုး ဘာစားချင်လဲ၊ ဖေဖေ ဘာလိုချင်လဲ၊ ဘိုးဘိုး ဘာလုပ်ချင်လဲ” ဆိုတဲ့အသံတွေကို မျက်လုံးတွေ ပုတ်ခတ်ပြရုံ လေးလံတဲ့ ဦးခေါင်းကလေးကို လှုပ်တယ်ဆိုရုံလေး လှုပ်ပြနိုင်ရုံပဲ ဖြစ်ပါတယ်။ သူ နားမလည်နိုင်တာက သူ့ စကားတွေ အများကြီး ပြောနိုင်သေးစဉ်က သူ့အနားမှာထိုင်ပြီး သူ့စကားတွေကို နားထောင်ဖို့ ဝန်လေးတတ်ကြတဲ့ သူ့သား၊ သူ့သမီး၊ သူ့မြေးတွေဟာ ဘာကြောင့် အခုမှ သူ့ကိုလာပြီး စကားတွေပြောကြ၊ မေးခွန်းတွေ မေးနေကြရတာလည်း ဆိုတာကိုပါပဲ။ ဟိုးအရင်တုန်းက သူစကားတွေ အများကြီးပြောချင်ခဲ့သူ မေးခွန်းတွေ အများကြီးကို အမေးခံချင်ခဲ့တယ်ဆိုတာကို မသိခဲ့ကြတာလား ဒါမှမဟုတ် သူ့စိတ်သဘော၊ သူ့ဆန္ဒတွေကို အခုအချိန်ရောက်မှပဲ သိခဲ့ကြလို့လား။ သူ မသိပါဘူး။

သူ သိတာက သိပ်မကြာခင်မှာ သူ ချစ်ရတဲ့ သူ့သားသူ့သမီး၊ သူ့မိသားစုတွေနဲ့ ကမ္ဘာမြေကြီးကို နှုတ်ဆက်လို့ အဝေးဆုံးကို ထွက်ခွာသွားရတော့မယ်ဆိုတာကိုပဲ။ သူ့ခန္ဓာကိုယ်ကြီးကပေးတဲ့ ဆိုးရွားပြင်းထန်၊ နာကျင်ခံစားမှုတွေ၊ သူ့စိတ်ထဲက ထွက်ကျလာတဲ့ ကိုက်ခဲမှုတွေ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ အထီးကျန်နေ့ရက်တွေထဲကနေ သူ ထွက်ပြေးလွတ်မြောက်ခွင့်ရတော့မယ် ဆိုတာကိုပါပဲ။ တကယ်လည်း သူ့ရင်ဟာ နွေခေါင်ခေါင်က သဲကန္တာရကြီးတစ်ခုလို တစ်စက္ကန့်ထက် တစ်စက္ကန့် တစ်မိနစ်ထက် တစ်မိနစ် ပိုပြီးပူလောင်လာနေပါတယ်။

ဘာကို ကြည့်ကြည့် သူ့မျက်လုံးတွေဟာ ပြာဝေလို့ သူ့သတိတွေဟာ သူ့ဆီကနေ ထွက်ပြေးပုန်းရှောင်သွားကြဖို့ ကြိုးစားနေခဲ့ကြပြီ ဖြစ်ပါတယ်။ သူ မျှော်လင့်နေတဲ့ မျှော်လင့်ချက်၊ သူ တောင်းခဲ့ဖူးတဲ့ ဆုတောင်းဟာ သိပ်မကြာခင်မှာ ပြည့်မြောက်လာတော့မှာ ဖြစ်ပါတယ်။ သူ ပျော်ရွှင်စွာ တစ်ချက်ပြုံးလိုက်မိပါတယ်။ ဒါပေမဲ့ အိခနဲ ငိုလိုက်တဲ့ ငိုသံတွေကိုတော့ သူ မကြားလိုက်ရတော့ပါဘူး။

ငါ အိုသွားသောအခါ

ငါ အိုသွားသောအခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချည်နဲ့နဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ အင်္ကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ အညစ်အကြေးတွေ မထိန်းသိမ်းနိုင်တော့တဲ့ ငါ့ကို မရွံ့ပါနဲ့။ ငယ်ငယ်တုန်းက ငါ သုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး သည်းခံနားထောင်ပေးပါ။

ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့တွေ စတဲ့ ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။ မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ မငြိုငြင်ပါနဲ့။ ငယ်ငယ်တုန်းက ချော့တစ်လှည့်ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ်နည်းပညာသစ်တွေကို မသိမနားလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့။ ငယ်ငယ်တုန်းက “ဘာကြောင့်လဲဆိုတဲ့” မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေခဲ့တာတွေကို သတိရပေးပါ။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကို ဆွဲထူပေးကြပါ။ လမ်းလျှောက်သင်စအရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။ တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ဝမ်းမနည်းနေပါနဲ့။ အားပေးပါ။

အရင်တုန်းက လူ့ဘဝသက်တမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာတော့ ငါ့ဘဝနောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာအတွက်နဲ့ အေးမြမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ အသေအချာပါ။

(ကဗျာအား Facebook စာမျက်နှာ တစ်ခုမှ ကူးယူပါသည်)

Most Read

Most Recent