<

မန်းချောင်းလရောင်များကို သိမ်းပိုက်ဖို့ရာ သွားရောက်ခြင်း

ဓာတ်ပုံ-ငြိမ်းဝေ

(က) လွန်ခဲ့သော တစ်ပတ်ခန့်က ကျွန်တော့် အင်တာနက်ဖေ့ဘွတ် စာမျက်နှာပေါ်တွင် စာကြောင်းတစ်ကြောင်း ရေးတင်ထားခဲ့သည်။ “မန်းချောင်းနှင့် မုန်းချောင်းလရောင်များကို သိမ်းပိုက်ဖို့ရာ ကျွန်တော်ခရီးထွက်ရပါဦးမည်” ဟူ၍ဖြစ်သည်။ မကြာမီ မန်းစက်တော်ရာခြေရင်းကို ရောက်ရှိတော့မည်။ လဆုတ်ရက်ဖြစ်သည့်တိုင် လရောင်အနည်းငယ်မျှတော့ မြင်ကွင်းရကောင်းပါရဲ့ဟု တွေးသည်။

စက်တော်ရာဘုရားမှာ မန်းချောင်းဘေးတွင် တည်သဖြင့် မန်းရွှေစက်တော်ရာဘုရားဟု အမည်တွင်လာခဲ့သည်။ ဘုရားပွဲကိုလည်း မန်းရွှေစက်တော်ဘုရားပွဲတော်ဟု သုံးနှုန်းခဲ့ကြသည်။ ပတ်ဝန်းကျင် မနီးမဝေးတွင် မင်းဘူး၊ စကု၊ ပွင့်ဖြူ၊ လယ်ကိုင်းမြို့များရှိသည်။ ရွှေစက်တော်ဘုရားနှင့် မင်းဘူးမှာ ၃၁ မိုင်၂ ဖာလုံကွာဝေးပြီး မင်းဘူးစကုကြားလမ်းဆုံမှ သွားလျှင် ၁၁ မိုင် ၄ ဖာလုံခန့်ရှိပါက ဘုရားကုန်းတော်ခြေရင်း မန်းချောင်းဘေးသို့ ရောက်မည်။

မန်းချောင်းတံတားပေါ် ကျော်လာခဲ့စဉ် ရဟန်းကဗျာစာဆို ‘ရှင်မဟာရဌသာရ’ ၏ ‘ရွှေစက်တော်သွား တောလား’ ကဗျာထဲက စာသားတချို့ဆီ ကျွန်တော့်အတွေးအာရုံများက ဖြန့်ကြက်နေမိပြန်သည်။

“တောင်ရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေတွင်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ရွက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်မောစွ’…။

ကျွန်တော် စီးလာသည့် ခရီးသည်တင်ကားက မုန်းချောင်းကူးတံတားကို ဖြတ်ပြီးမှ ဘုရားတောင်တော်ခြေရင်း ပွဲဈေးခင်းနှင့် မနီးမဝေးတွင် ထိုးရပ်လိုက်သည်။ ကားပေါ်က ဆင်းဆင်းချင်း ကျွန်တော့်စိတ်က မန်းချောင်းရေကိုသာ ပြေးပြီး ချိုးချင်နေသည်။

အခန်းနံပါတ် (၂) ထရံကာ ၀ါးကြမ်းခင်း တည်းခိုခန်းကလေး။ ၁၀ ပေ ပတ်လည်ဝန်းကျင်အကျယ်။ ဘေးအခန်းက စကားပြောသံများ၊ ကက်ဆက်သီချင်းသံများ။ မန်းချောင်းထဲက ရေချိုးသူများ၏ အော်ဟစ်ပြောဆိုသံများ၊ တည်းခိုခန်းကြား လူသွားလမ်းပေါ်က ခြေသံများ။ ‘ရေနွေးရမယ်၊ အကြော်စုံရမယ်’ ဟု မနီးမဝေးကလည်းကောင်း၊ အခန်းဘေးက လည်းကောင်း ဆက်တိုက်ကြားနေရသည့်အသံများမှာ နားထဲတွင် ပျားများ စီစီညံအောင် အော်ဟစ်နေသကဲ့သို့ ကြားနေရသည်။ ပါလာသည့် ကျောပိုးအိတ်ကိုချကာ နေရာထိုင်ခင်းပြင်ပြီးသောအခါ နေရောင်ခြည်မှာ သိသိသာသာ ကျသွားပြီဖြစ်လေသည်။

(ခ) မန်းချောင်းရေတွင် မိနစ် ၂၀ နီးပါး စိမ်လိုက်သဖြင့် လန်းလန်းဆန်းဆန်းဖြစ် သွားသည်။ နေ့လည်ပိုင်း မင်းဘူးမြို့မှ အထွက်ကတည်းက အပူဒဏ်ကို ကျောကော့အောင်ခံလာခဲ့ရသည်။ အခုတော့ တောရိပ်တောင်ရိပ်လည်းဖြစ်ပြန် မန်းချောင်းရေကိုလည်း စိမ်လိုက်ရသဖြင့် နေလို့ထိုင်လို့ တော်တော်ကောင်းသွားသည်။ တစ်ကိုယ်လုံး အကြောအချဉ်များပြေကာ ခွန်အားများ သိသိသာသာ တိုးလာသည်ဟုပင် ထင်မိသည်။

ထရံကာ ၀ါးကြမ်းခင်းတည်းခိုခန်းကလေးကို သော့ခတ်ပိတ်သည်။ ဖူဂျီကင်မရာလေးလွယ်သည်။ ဈေးဆိုင်တန်းထဲ ဆင်းလာခဲ့သည်။ ဆိုင်အတော်များများ ဖြတ်ကျော်ပြီးသည်အထိ မည်သည့်ဆိုင်တွင် ထိုင်ရမည်ကို ရွေးချယ်လို့မရအောင် ဖြစ်နေသေးသည်။ တည်းခိုခန်းများရှေ့တန်းစီပြီး ရပ်ထားသော ကားတန်းဘေးတွင် ဆိုင်းထမ်းချပြီး ရောင်းနေသော မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်လေးများရှိသည်။ ဈေးဆိုင်တစ်ခုရှေ့ရောက်တော့ ကြာဆံဟင်းခါးရောင်းသည်ကို တွေ့သည်။ ရာသီဥတုက ပြင်းထန် ခရီးက ပန်းသဖြင့် ကြာဆံဟင်းခါးကိုသာ ညစာအဖြစ် မှီဝဲပြီး အိပ်ရာဝင်တော့မည်ဟု စဉ်းစားသည်။

မန်းရွှေစက်တော်ဘုရားပွဲတွင် ဈေးလာရောင်းကြသူများမှာ နယ်ခံဈေးသည်က နည်းပြီး အခြားအနယ်နယ် အရပ်ရပ်မှ လာရောက်ကြသူများက အများစုဖြစ်သည်။ ယခု ကျွန်တော် ထိုင်နေသည့်ဆိုင်က ဆိုင်ပိုင်ရှင်ဈေးသည်မှာ မကွေးမြို့နှင့် တောင်တွင်းကြီးကြား ရွာတစ်ရွာမှဖြစ်သည်။ မိသားစုလေးယောက်ဖြစ်သည်။ ဘုရားပွဲမစတင်ခင် ရက်များကတည်းက ရောက်လာကြသူများ ဖြစ်သည်။ ပထမဘုရားပွဲဂေါပကအဖွဲ့တွင် လူနေအခန်းအတွက် မြေနေရာ ၀ယ်ရသည်။ ကိုယ့်ဘာသာကိုယ် တဲထိုးနေရသည်။ ရေဖိုး၊ မီးဖိုး ကိုယ့်ဘာသာ တာဝန်ယူရသည်။ ထို့နောက် ရဲကြေး၊ သစ်တောဌာနကြေး၊ စည်ပင်ကြေး၊ မီးသတ်ကြေးပေးရသည်။ အချို့ဌာနများက ညှိလို့ရသည်။ အချို့လုံးဝမရ။ ဂေါပကအဖွဲ့သို့ ပေးသွင်းရသည့် ငွေ ၂၆၀၀၀ ကျော်အပြင် ဆန်တစ်အိတ်နှင့် ဆီသုံးပိသာမှာ ထုံးစံလို ဖြစ်လာသည်။

လမ်းဘေးဈေးဆိုင်လေးဆီမှ ထပြန်လာခဲ့တော့ ည ၁၀ နာရီပင် ထိုးပြီ။ တည်းခိုခန်းထဲ ၀င်လိုက်တော့ ဘေးချင်းကပ်အခန်းထဲက ဘုရားဖူးခရီးသည်များသည်လည်း မအိပ်နိုင်ကြသေး။ စကားပြောသံများ ဆူညံလျက် ရှိနေသေးသည်။ ကျွန်တော်တို့ တည်းခိုခန်းနှင့် ခြေလှမ်း ၁၀ လှမ်းမျှလောက်သာဝေးသည့် မန်းချောင်းထဲက ရေချိုးနေကြသူများ၏ ပျော်ရွှင်စွာ အော်ဟစ်ဆူညံသံများကို အတိုင်းသား ကြားနေရသေးသည်။

ပါလာသည့် လက်ဆွဲအိတ်ပေါ် ခေါင်းတင်ရင်း၊ ဖျာကြမ်းတစ်ချပ်သာ ခင်းထားသည့် ၀ါးကြမ်းခင်းပေါ် ကျောဆန့်ရင်းဘေးချင်းကပ် အခန်းက အချင်းချင်း ပြောဆိုနေသည့် ခရီးသည်အမျိုးသမီးကြီးနှစ်ဦး၏ စကားသံများကိုကြားတော့ ကျွန်တော့်မှာ တစ်ဦးတည်း ကြိတ်ပြီး ပြုံးရသည်။

“ညည်းကိုက နုံပါတယ်အေ၊ ငါက နှစ်နှစ်ကို အပိုင်ထိုးတော့မယ်ဆိုပေမယ့် ဒီကျတော့ ကိုယ်တော်ကြီးဆီမှာ ထပ်ပြီး ဂဏန်းအပ်ဖြစ်အောင် အပ်လိုက်ရသေးတယ်၊ နင် အခု အထက်စက်တော်ရာ ရောက်တာတောင် နင့်ဂဏန်းကို မအပ်ခဲ့ရသေးဘူးပေါ့ ဟုတ်လား၊ အေး အခုတော့ မမီတော့ဘူး၊ မနက်ဖြန် ငါတော့ နှစ်နှစ်ကို အပိုင်ကစားမယ် ဒါပဲ”

ထို့နောက် တစ်နေရာရာသို့ တယ်လီဖုန်းနှင့်လှမ်းပြီး မနက်ဖြန်အတွက် နှစ်လုံးထီ ထိုးနေကြသည်။ ကျွန်တော့်နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်။ ခရီးကပန်း အပူဒဏ်ကိုလည်း တစ်နေ့လုံး ခံခဲ့ရသဖြင့် ကျွန်တော့်ခန္ဓာကိုယ်မှာ တောင့်တင်းနာကျင်လျက် ရှိသည်။ ထို့နောက် ချက်ချင်းဆိုသလို အိပ်ပျော်သွားရသည်။

(ဂ) တောင်ခြေကို ရောက်တော့ တောင်ပေါ်အထိ တက်မည့်ကားက လူပြည့်လုနီးပါး ဖြစ်နေသည်နှင့် စောင့်မနေရဘဲ တောင်ပေါ်တက်လာခဲ့သည်။ နံနက် ငါးနာရီကျော်ကျော်သာ ရှိသေးသဖြင့် ကားပြင်ပတွင် မှောင်နှင့်မည်းမည်း။ ပတ်ဝန်းကျင်ကို မမြင်ရ။ မနေ့ညနေပိုင်း ကားဆိပ်မှတစ်ဆင့် အထက်စက်တော်ရာကို မော့ကြည့်ရင်းက ‘ဒီတောင်ပေါ် ကားနှင့်တက်လျှင် မတ်စောက်လွန်းသည်’ ဟု ထင်ထားခဲ့သဖြင့် ယခုလို ကားဖြင့် ကိုယ်တိုင် တက်ခွင့်ကြုံသည့်အခါ စိုးရိမ်စိတ်က ဖြစ်နေသေးသည်။ ကားဆရာကမူ ကားကို သီချင်းတအေးအေးနှင့်ပင် ကျင်လည်စွာ မောင်းနေသေး။

တောင်ထိပ်ကို ငါးမိနစ်မျှလောက်နှင့် ပင်ရောက်သည်။ ဘုရားရင်ပြင်တော်ပေါ်တွင် ဈေးသည်အများစုသည် အိပ်ရာက မနိုးကြသေး။ ပန်းသည်နှင့် အရုဏ်ဆွမ်းကပ်ရောင်းသည့် ဈေးသည်တစ်ဦးတလေက ကျွန်တော်တို့အနား ရောက်လာကာ ဈေးရောင်းသည်။ ကျွန်တော်က တောင်ထိပ်ရောက်သည်အထိ ဆက်မတက်တော့ဘဲ အလင်းရောင်ပြပြ မြင်ရပြီဖြစ်သဖြင့် နေထွက်သည်ကို ဘုရားရင်ပြင် ဘေးနေရာကပင်စောင့်ပြီး ဓာတ်ပုံရိုက်ရန် ဆုံးဖြတ်သည်။ သည်ကြားထဲ အရှေ့၊ အနောက်၊ တောင်၊ မြောက် မဝေခွဲတတ်သဖြင့် ပန်းသည်အမျိုးသမီးတစ်ဦးကို လိုက်မေးရသေးသည်။

နေထွက်လာတော့ ဘုရားရင်ပြင်တော် အစွန်းမှတစ်ဆင့် တောင်အောက်ကို ဓာတ်ပုံရိုက်သည်။ ဆန်းသစ်ကြည်နူးဖွယ် တောင်ခြေ၀န်းကျင် ပွဲဈေးခင်းကြီးမှာ ကြည့်မ၀နိုင်အောင်ပင်။ ဘုရားဖူးများ ရုတ်တရက် များလာသည်။ ဈေးသည်များ ဈေးရောင်းသည့် အသံများ ဆူညံလာသည်။ ကြေးစည်ထုသံ၊ ခေါင်းလောင်းထိုးသံ၊ ဓာတ်စက်နှင့် ဆုတောင်း မေတ္တာပို့သံများဖြင့် ဘုရားရင်ပြင်တော်တစ်ခုလုံး ရုတ်ချည်း စည်ကားဆူညံလာတော့သည်။

ကျွန်တော် ၀ယ်လိုက်သည့် ရွှေစက်တော် ဘုရားသမိုင်းစာအုပ်တွင် အခြားဘုရား သမိုင်းစာအုပ်များလိုပင် မန်းရွှေစက်တော်နှင့် ပတ်သက်သော သမိုင်းအချက်အလက်များမှာ စိတ်လှုပ်ရှားဖွယ်ရာများနှင့် ပြည့်နေသည်။ ဂေါဓမ္မဗုဒ္ဓ၀ါတော် ၂၀ ပြည့်သည့် အချိန်တွင် သာဝတ္ထိပြည်မှ မြန်မာနိုင်ငံ မင်းဘူးနှင့် စကုနယ်သို့ ကြွချီရောက်ရှိပြီး နှောင်းလူများ အထွတ်အမြတ်ထား ကြည်ညိုကိုးကွယ်ရန် ခြေတော်ရာနှစ်ဆူကို ယခု ဘုရားကုန်းတော် အောက်ခြေနှင့် အထက်ကုန်းထိပ်တွင် နင်းချမှတ်သား ထားရစ်တော်မူခဲ့သည်ဟု ဗုဒ္ဓဘာသာဝင် အများက ယုံကြည်ခဲ့ကြသည်။ ဤခြေ တော်ရာနှစ်ဆူရှိရာ ဒေသကို ကောဇာသက္ကရာဇ် ၁၆၄၀ပြည့်နှစ်တွင် ပုဂံအလောင်းစည်သူမင်းကြီး တွေ့ရှိတော်မူသည်မှစကာ ဘုရားစေတီကျောင်းကန်များ ဆောက်လုပ်ကိုးကွယ်ခဲ့ရာမှ ယခုကဲ့သို့ ဘုရားဖူးများ အထူးစည်ကားခဲ့သည့် ဒေသဖြစ်လာခဲ့သည်ဟု ဆိုပါသည်။ နောင်အခါ ခြေတော်ရာဖူးလာသူ၊ ဘုရားဖူးလာသူ များပြားလှသဖြင့် ဘုရားပွဲတော် ရက်သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော်များ ကျင်းပလာခဲ့ကြ၏။ စတင်သတ်မှတ်စဉ် အချိန်က တပေါင်းလပြည့်နေ့မှ လပြည့်ကျော် ၇ ရက်အထိ တစ်ပတ်သတ်မှတ် ကျင်းပခဲ့ရာမှ ယခုအခါ တစ်လကျော်ဝန်းကျင်အထိ သတ်မှတ်ကျင်းပလာခဲ့ပြီဖြစ်သည်။

ကျွန်တော် ၀ယ်ခဲ့သည့် ဘုရားသမိုင်းစာအုပ်တွင် စိတ်လှုပ်ရှားဖွယ် ဆန်းကြယ်သည့် ရိုးရာသမိုင်း မှတ်တမ်းများဖြင့် ပြည့်နေသည်။ လက်ခံနိုင်ဖွယ် သမိုင်းအချက်အလက်များလည်း ပါပါသည်။ အချို့သမိုင်းအချက်အလက်များမှာ ဒဏ္ဍာရီဆန်လွန်းနေသည်ဟု ထင်မိသည်။

ပွဲတော်ဈေးခင်းအတွင်း အထည်ဆိုင်ကြီးများ တန်းစီနေသည်။ ပစ္စည်းမျိုးစုံရောင်းသည့် ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးသည်များမှာ ဆိုင်ရှေ့လမ်းပေါ်အထိ တက်ကာ အပြိုင်အဆိုင် အော်ဟစ်ခေါ်ငင်ကာ ရောင်းချနေကြသည်။ ကျွန်တော် စိတ်ဝင်စားသည့် ဈေးဆိုင်များလည်း ရှိသည်။ ဥပမာ ဒေသထွက်ကုန်များဖြစ်သည့် သနပ်ခါးဆိုင်များ၊ မျှစ်ခြောက်မျိုးစုံ၊ အာလူးခြောက်၊ မှိုခြောက်နှင့် ထန်းလျက်ခဲအမျိုးမျိုး ဆိုင်များကို ကျွန်တော် စိတ်ဝင်စားသည်။ တစ်နေရာတွင်မူ မြင်ဖူးသလိုရှိသည့် အညိုရောင် သစ်ဥသစ်ဖုများ ရောင်းနေသည့်ဆိုင်ဘေးတွင် ကျွန်တော် သွားရပ်လိုက်သည်။ နှစ်ပေါင်း ၄၀ နီးပါး မမြင်မတွေ့ခဲ့ရသည့် ၀က်မြေစာဥကြီးများ တောင်းအပြည့်ထည့်ထားသည်ကို တွေ့သည်။ ကျွန်တော် အံ့သြ၀မ်းသာသွားရသည်။

နေစောင်းလာသည်နှင့် တပြိုင်နက် ယောက်ျားအနှိပ်သည်များ လမ်းပေါ်ရောက်လာကြသည်။ ‘အကြောဖြေဆရာ’ ဟူသည့် ဆိုင်းဘုတ်ကလေးများ ကိုယ်စီကိုင်ကာ တစ်နေရာပြီးတစ်နေရာ လမ်းလျှောက်ကာ ဖောက်သည်ရှာကြသည်။ ပွဲတော်အတွင်း ဈေးသည်များနည်းတူ အနှိပ်သည်များ၊ ဓာတ်ပုံဆရာများသည်လည်း ဂေါပကအဖွဲ့တွင် မှတ်ပုံတင်ကြရသည်။ အခွန်ဆောင်ပြီးမှ အလုပ်လုပ်ကြရသည်။ ဂေါပကအဖွဲ့ရုံးနှင့်နီးသည့် လက်ဖက်ရည်ဆိုင်တွင် ကျွန်တော်ထိုင်နေစဉ် ဂေါပကအဖွဲ့ လက်ခံရရှိထားသည့် လှူဒါန်းငွေစာရင်းချုပ် ကြေညာပေးနေသည်ကို ကြားခဲ့ရသည်။ သိန်းထောင်နှင့်ချီပြီး ကြေညာလိုက်သည်ကို ကြားခဲ့ရသည်။

တည်းခိုခန်းကို ပြန်ရောက်တော့ မိုးချုပ်တော့မည် ဖြစ်သည်။ မန်းချောင်းထဲကို ဆင်းတော့ရေချိုးသူများ ချောင်းလုံးပြည့်ရှိနေသည်။ ကလေးလူကြီး အရွယ်စုံ ချောင်းထဲတွင် ရေချိုးကြသည်။ ရောင်စုံဘောကွင်းများ ကြိုးနှင့်သီဆွဲကာ ရေချိုးနေကြသူများကြား လိုက်လံရောင်းနေသည့် ဈေးသည်များကို ချောင်းထဲအနှံ့ တွေ့နေရသည်။ ကျွန်တော့်အထင် မန်းရွှေစက်တော် ဘုရားပွဲကို ဘုရားဖူးများ စိတ်ဝင်စားကြသည့်အချက်မှာ ကြည်လင်အေးမြသော မန်းချောင်းရေကို ပျော်ရွှင်စွာ ရေချိုးခွင့်ရသည့် အချက်သည်လည်း အဓိကကျသော အချက်တစ်ချက် ဖြစ်မည်ဟု ထင်မိသည်။

ယခုအခါ မန်းရွှေစက်တော်ဘုရားပွဲတော်ကို ကျွန်တော် တစ်ဖြတ်ထိုးရှပ်ပြီး လေ့လာခွင့်ရလိုက်ပြီ။ မနက်ဖြန် နံနက်ပိုင်း စောစောထ ရေချိုးပြီးနောက် ကားဆိပ်ကို ဆင်းရမည်။ နေပူမပြင်းခင် မင်းဘူးကို ပြန်ရမည်။ ခရီးသည်တစ်ဦးအနေဖြင့် စိတ်ကျေနပ်မှုတော့ ရခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ညအချိန် မန်းချောင်းရေချိုးဆိပ်ကပြင်တွင်ထိုင်ပြီး မန်းချောင်းလရောင်များကိုမူ ကျွန်တော့်မှာ မသိမ်းပိုက်နိုင်ခဲ့ပါ။ ကျွန်တော် ရောက်သွားသည့်ရက်က လကွယ်ရက်များ ဖြစ်နေသည်။ ထိုအချက်ကိုတော့ ကျွန်တော့်မှာ မချင့်မရဲ ဖြစ်ခဲ့ရသည်ဟု ပြောရပါလိမ့်မည်။














Copy Protected by Chetan's WP-Copyprotect.