သူရုန်းကိုယ်ရုန်း ရှစ်လေးလုံး

သူရုန်းကိုယ်ရုန်း ရှစ်လေးလုံး
Published 10 August 2017

(၂၉) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

■ တစ်ပါတီလား ပါတီစုံလား

ရှစ်လေးလုံးဖြစ်ခဲ့တဲ့ ထိုနေ့ဟာ ကျွန်တော့်အတွက်တော့ လွမ်းတေးတစ်ပုဒ်ဆိုနေရသလိုပဲ။ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည်လမ်းက ရန်ကုန်မြို့ရဲ့ မြို့ပြအင်္ဂါရပ်ကို ပြသနေတဲ့ အဓိကလမ်းမကြီးတွေ။ ဈေးရောင်းဈေးဝယ်၊ ဈေးဆိုင်တွေပြည့်နေသလို၊ ရုံးသွား၊ ရုံးပြန် ကျောင်းသွားကျောင်းပြန် လမ်းလျှောက်သူတွေနဲ့ စည်ကားနေတတ်တယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေ၊ ဘုရားဖူးပရိသတ်တွေ၊ Shopping ထွက်ပရိသတ်တွေဟာ ရန်ကုန်မြို့ကို အသက်ဝင်စေခဲ့တာဟာ မြို့ပြရဲ့သင်္ကေတဖြစ်နေတယ်။

ဒါပေမဲ့ ကုန်ဈေးနှုန်းကကြီးလာတယ်။ ဈေးဆိုင်တွေ ကျဲပါးလာတယ်။ ခရီးသွားတွေ နည်းလာတယ်။ မိဘတွေက ကိုယ့်သားသမီးတွေကို ကျောင်းလွှတ်ဖို့ စိတ်မချကြဘူး။ ကျောင်းပေါက်ဝမှာ စုရုံးစုရုံးနဲ့ တစ်ခုခုဖြစ်တော့မလို့ပဲ။ ကောင်းကင်တစ်ခွင်မှာက မိုးတိမ်တိုက်တွေ စုဖွဲ့နေတယ်။ ဂဠုန်သဏ္ဌာန် တိမ်တိုက်။ နဂါးသဏ္ဌာန်တိမ်တိုက်။ မာန်ဆောင်နေသလိုလို။ ရန်ထဖြစ်တော့မလိုလို။ ရင်ဖိုစရာကောင်းပါဘိ။ ဒီလိုမျိုးမိုးကောင်းကင်မှာ သူတို့ရန်ဖြစ်နေချိန်မှာ ရန်ကုန်မြို့ပြ လမ်းပေါ်မှာလည်း တင်းမာမှုတွေဖြစ်ပေါ်နေတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ မြန်မာပြည်ရဲ့ တစ်ခုတည်းသောပါတီမှ ဥက္ကဋ္ဌကြီး ဦးနေဝင်းက ဇူလိုင်လ ၂၃ ရက်နေ့မှာ ထူးထူးခြားခြား မိန့်ခွန်းပြောလေရဲ့။ တစ်ပါတီကို ကျင့်သုံးမလား။ ပါတီစုံစနစ်ကျင့်သုံးမလားတဲ့။ ဒါက နိုင်ငံရေးအကျပ်အတည်းကို ရှောင်လွှဲကြိုးစားလိုက်တဲ့ အချိုးအကွေ့ဆိုတာ ပြည်သူတွေ ရုတ်တရက် သတိမပြုမိလိုက်ဘူး။

မြန်မာနိုင်ငံရဲ့ မီဒီယာကလည်း ထိုစဉ်က ည ၈ နာရီသတင်းပဲ။ ည ၈ နာရီသတင်း ကြေညာမှသေချာတာ။ သတင်းကြေညာသူ ဒေါ်မြနှစ်ကလည်း မာန်ပါပါ အသံစာစာ။ ဒေါ်မြနှစ်က ဦးနေဝင်းရဲ့မိန့်ခွန်းကို မာန်ပါပါ ဖတ်ကြားကြေညာသွားတော့ ပြည်သူတွေ ကြောင်သွားတာ။ တစ်နည်းပြောရင် အင်နားရှား (inertia) ပျက်သွားတယ်။

၁၉၆၂ ခုနှစ်မှာ ပါတီစုံကိုဖျက်။ ပါလီမန်ကိုဖျက်။ ၁၉၄၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံကိုဖျက်။ ဝန်ကြီးချုပ် ဦးနုကိုဖြုတ်။ ပါလီမန် ဒီမိုကရေစီကို ဖျက်သိမ်းလိုက်တယ်။ ပြည်သူတွေက အဆိုတစ်ခုတင်သွင်းဖို့လည်း အထက်က ချပေးတဲ့အဆိုကိုပဲ အောက်ကတင်တဲ့ အဆိုလိုလိုနဲ့ ဟုတ်တိပတ်တိ ဖတ်ပြကြတာ။ ပါတီတွင်း ဒီမိုကရေစီရှိတယ်လို့ စာထဲမှာရှိပေမယ့် လက်တွေ့မှာ စစ်တပ်ပုံစံ အမိန့်နာခံတဲ့စနစ်သာ လွှမ်းမိုးနေတယ်။ ပြည်သူ့ဒီမိုကရေစီကိုတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ခွင့်မပြုတော့ဘူး။

ဒီလိုနှစ်ပေါင်း ၂၀ ကျော်အသားကျ ကျင့်သုံးနေခဲ့ရပြီး ခုမှပါတီစုံဆိုတော့။ ဘယ်ပါတီမှလည်းမရှိ။ ဘယ်အဖွဲ့အစည်းမှာ မဖွဲ့ထား။ ဆွမ်းလောင်းဓမ္မာရုံ၊ ခြင်းလုံးအသင်းတောင် ဖွဲ့စည်းခွင့်မရခဲ့တဲ့ အခြေအနေမှ ရုတ်တရက်ပြောင်းလဲလိုက်တော့ ပြည်သူတွေ ကြောင်အအ ဖြစ်ကုန်ပါလေရော။ ပါတီစုံလား။ တစ်ပါတီလား။ ငြင်းကြ။ ခုံကြပြီ။ အချင်းချင်း စိတ်ဝမ်းကွဲကုန်ပြီ။ အထွေထွေ မကျေနပ်ချက်တွေက ပိုတိုးလာတယ်။ ပြဿနာက ကုန်ဈေးနှုန်းလား။ လမ်းစဉ်ပါတီလား။ မြို့နယ်ပါတီ ယူနစ်ဝင်တွေလား။ မြို့နယ်ကောင်စီလား။ ပါတီစိတ်တွေလား။ တိတိကျကျ ရေရေရာရာအဖြေက ထွက်မလာ။ မကျေနပ်တာကတော့ အမှန်။ ဘာကိုမကျေနပ်မှန်းလည်း အတိအကျမသိ။
ဒီလိုနဲ့ တိုးတိုးတစ်ဖုံ၊ မကျယ်မလောင်တစ်နည်း။ ဟိုဟာကို လက်ညှိုးထိုးလိုက်၊ ဒီဟာကို လက်ညှိုးထိုးလိုက်နဲ့။ ပြောရင်းပြောရင်း ဘယ်သူ့ကိုမကျေနပ်ရမလဲဆိုတာ ရုပ်လုံးပေါ်လာတယ်။ ဒါတွေဖြစ်နေတာ ၁၉၆၂ ခုနှစ်ကစခဲ့တာ။ လူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အားလုံးကို တစ်နေရာကနေ၊ တစ်စုံတစ်ယေက်၊ တစ်စုတစ်ဖွဲ့က ချုပ်ကိုင်လိုက်တာ။ စကားလည်းကျယ်ကျယ်မပြောရ။ အလုပ်လည်း ကိုယ်ကြိုက်တာလုပ်လို့မရဘူး။ အစိုးရဝန်ထမ်းလုပ်ချင်လည်း ပါတီ၊ ကောင်စီဝင်ပြီးမှ လူတွင်ကျယ်လုပ်ချင်လုပ်လို့ရ။ ပါတီယူနစ်ရုံးကို တစ်နေ့အခေါက် ၂၀ လောက်သွား၊ ဒါမှမဟုတ် မြို့နယ်ကောင်စီရုံး၊ အလုပ်သမားအစည်းအရုံး၊ တောင်သူလယ်သမား အစည်းအရုံးကို ပုံမှန်သွား။

တစ်နေ့နေ့တော့၊ တစ်ခုခုဖြစ်လာလိမ့်မည်။ ဆိုတဲ့အတိုင်း။ ဘာအဖွဲ့ဝင်၊ ဘာကောင်စီဝင်တွေ ဖြစ်လာတာ့တာပဲ။ သူ့ခေတ်နဲ့တော့ သူတွင်ကျယ်တာပါ။ ရပ်ကွက်ပါတီစိတ်မှူး၊ အဖွဲ့ဝင်ကလည်း သူ့အထာနဲ့သူ အလုပ်ဖြစ်တာပဲ။ ရပ်ကွက်ကောင်စီဝင်ကလည်း သူ့နေရာနဲ့ သြဇာရှိပြီးသား။

ဒီလိုနေရာရ၊ ပါဝါပြနေတာက လူနည်းစု။ နေရာမရ ပါဝါအပြခံနေရာတာက လူများစု။ ဒီလူအများအစုက လူနည်းစုရဲ့ ဖိနှိပ်ခံ။ ပါဝါအပြခံရတာ နှစ်နဲ့ချီလာပြီ။ ဝန်ထမ်းဆိုလည်း ပါတီဝင်ဖြစ်မှ။ တင်းပြည့်ဖြစ်မှ။ နို့မဟုတ် ချောင်ထိုးခံထားရတာ။ ရာထူးမတိုး။ ပညာဆက်သင်ယူခွင့်မရ။ အခွင့်အရေးမှန်သမျှ အပိတ်ပင်ခံရ။

ကြာလာတော့ လူတွေနည်းနည်းရိပ်မိလာပြီ။ ဒါဗဟိုဦးစီးစနစ်လို့ ပြောပြောနေတဲ့ အာဏာရှင်စနစ်ကြောင့်ဖြစ်ရတာ။ ပြည်သူ့ကောင်စီအဆင့်ဆင့်မှသည် နိုင်ငံတော်ကောင်စီအထိ ထိပ်တန်းရာထူးအားလုံးက တစ်ပါတီစနစ်က လျာထားပေးတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေချည်းပဲ ရာထူးယူထားတာ။ ဒီလို၊ ဒီလို မကျေနပ်ချက်တွေက များများလာတယ်။ ကျောင်းသားတွေကလည်း မကျေနပ်ဘူး။ရုံး ဝန်ထမ်းတွေကလည်း မကျေနပ်ဘူး။ ရပ်ကွက်ထဲကလူကလည်း မကျေနပ်ဘူး။ ပြည်သူ့ဆိုင်မှာ တန်းစီတိုးလူတွေကလည်း မကျေနပ်ဘူး။ လမ်းဘေးဈေးသည်တွေကလည်း မကျေနပ်ဘူး။ အနုပညာသည်တွေကလည်း မကျေနပ်ဘူး။ စာရေးဆရာ၊ သတင်းစာဆရာ၊ ဂီတသမား၊ သဘင်ပညာသည်တွေကလည်း မကျေနပ်ဘူး။ လမ်းစဉ်ပါတီနဲ့ ပြည်သူဟာ တသီးတခြားစီ ဖြစ်နေကြပြီ။

နောက်ဆုံး ပြည်သူတစ်ရပ်လုံးက မကျေနပ်ကြတော့ဘူး။ ပါတီဗဟိုကောင်စီဝင်တစ်ဦးက ပြောသေးတယ်။ “ကောင်းတာလုပ်ရင် ပါတီ။ မကောင်းတာလုပ်ရင် ကောင်စီတဲ့”။ တကယ်တော့ ပါတီဥက္ကဋ္ဌကြီးနဲ့ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ (သမ္မတ) က တစ်ယောက်တည်း။

အဲဒီအချိန်မှာ . . .
မီးခြစ်ဆံခေါင်းမှ မီးတစ်စ
ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားတွေနဲ့ ကြို့ကုန်းရပ်ကွက်မှ လူတချို့နဲ့ ခိုက်ရန်ဖြစ်ပွားတယ်။ ပြဿနာကသေးသေးလေး။ အေးလေ မီးလောင်တယ်ဆိုတာက မီးခြစ်ဆံခေါင်းလောက်ပမာဏမှ စလောင်တတ်ကြတာ။ နောက်မှ တစ်မြို့လုံးပြာကျတာ။ မကျေနပ်မှု၊ ဒေါသလောင်စာတွေ ပြည့်နှက်နေတဲ့ ပြည်သူတွေဟာ မီးတစ်ချက်တို့ရုံနဲ့ ဟုန်းခနဲ ထတောက်တော့တာ။

ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျောင်းသားမောင်ဖုန်းမော်နှင့် မောင်စိုးနိုင်တို့ သေဆုံးမှုဟာ မီးခြစ်ဆံခေါင်းနဲ့ ယမ်းနဲ့ပွတ်တိုက်မိ လိုက်တဲ့အချိန်ပဲ။ ရှဲခနဲလောင်မြိုက်လာတဲ့ မီးဟာရပ်တန့်မသွားဘူး။ ရင်ထဲမှာ လောင်စာရည်ပြည့်နေတဲ့ ပြည်သူတွေဘဝကို တဟုန်းဟုန်းနဲ့ ထထောက်ပါတော့တယ်။ စက်မှုတက္ကသိုလ်မှ ရန်ကုန်ပင်မတက္ကသိုလ်သို့ ပျံ့နှံ့သွားတယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက် တံတားဖြူမှာ ကျောင်းသားနဲ့ ရဲတပ်ဖွဲ့တွေ့ဆုံပြီး ကျောင်းသားအချို့သေဆုံးကာ သွေးစွန်းခဲ့ပြီး တံတားဖြူကို တံတားနီလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသေးတယ်။

ဒီလိုနဲ့ ၁၉၈၈ ခုနှစ်ဇွန်၊ ဇူလိုင်မှစကာ ဟိုတစ်စ၊ ဒီတစ်စ ဆန္ဒပြမှုတွေဟာ ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ ဖြစ်နေခဲ့တယ်။ ပြည်သူတွေစိတ်ထဲမှာလည်း ဘဝင်မကျမှုတွေဟာ မတင်မကျနဲ့ နေထိုင်နေကြရတယ်။ သြဂုတ် ၁ ရက်ကစကာ ရန်ကုန်မြို့ရဲ့ လမ်းတွေပေါ်မှာ ရဲတွေ၊ စစ်သားတွေ လှုပ်ရှားလာကြတယ်။ သံဆူးကြိုးအကာအရံတွေ၊ အတားအဆီးတွေချထားကာ ပြည်သူတွေကို စစ်လားဆေးလား လုပ်လာကြတယ်။ သြဂုတ်လ ၃ ရက်နေ့မှာ ရန်ကုန်တိုင်းကို စစ်အုပ်ချုပ်ရေး ဒေသအဖြစ်ကြေညာကာ စစ်ကားတွေ၊ သံချပ်ကာကားတွေ လမ်းပေါ်မှာ ပတ္တရောင်လှည့်ကြပြီ။

ဒီမြင်ကွင်းတွေက ပြည်သူတို့ ချောက်ချားစေသလား။ ကြောက်ရွံ့စေသလား။ တကယ်တော့ ပြည်သူတွေရဲ့ဒေါသကို ဆွပေးနေတာ။ ဒေါသထွက်စေတာ။ သေနတ်ကြောက်တာက တစ်ပိုင်း၊ သေနတ်ကို လုယက်ရိုက်ချိုး တုံ့ပြန်ချင်တာက တစ်ပိုင်း။ အခွင့်မသာလို့ လမ်းဘေးကရပ်ကြည့်နေရပေမယ့် မျက်စိမှာသာ ကျည်ဆန်ရှိရင် စက်သေနတ်နဲ့ ဆွဲပစ်သလို တွေ့သမျှကို မျက်စိနဲ့ပစ်မိမှာ။

ဘယ်လိုဖိဖိ။ ဘယ်လိုပဲခြောက်ခြောက်။ သြဂုတ်လ ၈ ရက်၊ နံနက် ၈ နာရီကတော့ အချိန်၊ နာရီ၊ ပြက္ခဒိန်အရ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့တယ်။ မြန်မာ့ဆိုရှယ်လစ်ပါတီနဲ့ နိုင်ငံတော်ကောင်စီကလည်း ပြည်သူတွေကို ဘက်စုံထောင့်စုံက ဖိနှိပ်ထားပြီးပြီ။ အရွယ်ရောက်ပြည်သူ ထက်ဝက်ကျော်က ဝန်ထမ်း၊ ဝန်ထမ်းအားလုံးနီးပါးက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဝင်တွေ၊ နိုင်ငံတော်ကို ထိပ်တန်းကအုပ်ချုပ်နေတာက စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ လမ်းစဉ်ပါတီ ဗဟိုကောင်စီဝင်တွေ။ စစ်တပ်အင်အားလည်းရှိတယ်။ ပါတီအင်အားလည်းရှိတယ်။ အာဏာအင်အားလည်းရှိတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကလည်း စိတ်ကြိုက်ရေးဆွဲထားလို့ ဥပဒေအင်အားလည်းရှိတယ်။

တကယ်တော့ ပြည်သူမှာ ဘာအင်အားမှမရှိဘူး။

ဒါပေမဲ့ ၈ ရက်၊ ၈ လ၊ ၁၉၈၈ ခုနှစ် နံနက် ၈ နာရီမှာ နေကမပွင့်တပွင့်၊ မိုးကမဖွဲတဖွဲ။ ရာသီက လွမ်းမောစရာ။ သာမန်ဆို အိပ်ရာထဲကွေးနေရမယ့်အချိန်။ ရုတ်တရက် နေမပွင့်တပွင့် ရောင်နီကို နောက်ခံထားရင်း ဦးခေါင်းမှာ ခေါင်းစည်းအနီစည်းထားတဲ့ ကျောင်းသားတစ်စုနဲ့ လူတစ်စုပေါ်ထွက်လာတယ်။

“ဒို့အရေး၊ ဒို့အရေး” ဆိုတဲ့အသံက တညီတညွတ်တည်းဟိန်းနေတာပဲ။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း နောက်တစ်နေရာက လူတစ်အုပ်၊ နောက်တစ်နေရာက လူတစ်အုပ်၊ တစ်ယောက်စလိုက်တာ။ တစ်ရာမက။ တစ်ထောင်မက။ တစ်သောင်းမက။

မျက်စိမပါတဲ့ ကျည်ဆန်တွေကို မျက်စိပါတဲ့လူတွေက ရဲရဲရင့်ရင့်ရင်ဆိုင်ပြီ။ ဦးနှောက်မပါတဲ့ သေနတ်တွေကို ဦးနှောက်ပါတဲ့လူတွေက တုံ့ပြန်လိုက်ပြီ။ သေနတ်မောင်း ခလုတ်ပေါ်တင်ထားတဲ့ လက်တွေကိုဘာလက်နက်မှ ကိုင်ဆောင်မထားတဲ့ ပြည်သူ့လက်သီးဆုပ်တွေက စိန်ခေါ်လိုက်ပြီ။

မဟာပထဝီမြေကြီးဟာ လူတွေအတွက် အားထားစရာ အခိုင်မာဆုံးနေရာ။ ရုတ်တရက် ငလျင်လှုပ်ရင် လူတွေဘယ်ပြေးရမှန်းမသိ ပြေးစရာမြေမရှိသလိုပဲ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းက နုတ်ထွက်၊ ဦးစိန်လွင် ဥက္ကဋ္ဌဖြစ်။ သိပ်မကြာပါဘူး။ ဦးစိန်လွင်က နုတ်ထွက် ဒေါက်တာမောင်မောင် ဥက္ကဋ္ဌဖြစ်။ ခိုင်ခံ့တဲ့ပါတီကြီး မြေငလျင်လှုပ်နေတော့ ဥက္ကဋ္ဌတွေ ပြေးစရာမြေမရှိဖြစ်ခဲ့ရပြီ။

နောက်ဆုံးစက်တင်ဘာလ ၁၆ ရက်နေ့မှာ အမိန့်ကြေညာချက်နဲ့ ပြည်သူ့တပ်မတော်၊ ပြည်သူ့ရဲ၊ ဝန်ထမ်းများကို ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုလိုက်ရတယ်။ ဒါဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ငလျင်လှုပ်ခတ်မှုပဲ။ တစ်နည်းပြောရရင် ပြည်သူတွေ နိုင်ငံရေး ဒီရေတက်တဲ့အောင်ပွဲပဲ။

■ သူရုန်း၊ ကိုယ်ရုန်း၊ တစ်နိုင်ငံလုံး

သူရုန်း၊ ကိုယ်ရုန်း အသက်တွေဆုံး။ ဘဝတွေပြုန်း။ မြန်မာပြည်သူတိုရဲ့ နှလုံးရည်ကိုပြခဲ့တဲ့၊ ကမ္ဘာက တအံ့တသြဖြစ်ခဲ့ရတဲ့ သမိုင်းတင် သမိုင်းဝင်အောင်ပွဲပဲ။ ဖျောက်လို့မရ ပျောက်လို့မသွားတဲ့ ပြည်သူ့နှလုံးရည်တိုက်ပွဲဟာ နောင်လာနောက်သားတို့ကို သတိပေးထားတယ်။ ဒါကို ဥပမာပြုရင်း မျက်မှောက်ဖြစ်ပျက်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို လုပ်ဆောင်ကြရမယ်။ ခံစားချက်ကိုယ်စီ တူလာရင် တိုင်ပင်စရာမလိုဘဲ ညီညွတ်တတ်ကြတယ်။ လတ်တလော လိုအပ်နေတာက ငြိမ်းချမ်းရေး။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လိုချင်နေတာ ငြိမ်းချမ်းရေး။ ငြိမ်းချမ်းရေးလိုချင်နေတာဟာ ဘယ်သူ့ကိုမှ ရန်မူနေတာမဟုတ်ဘူး။ ငြိမ်းချမ်းရေး မလိုချင်သူတွေကသာ ပြည်သူတွေကို ရန်သူလိုမြင်။ ရန်သူလိုသဘောထား။ ရန်ပြုဖို့လုပ်နေကြတာ။

ဒီတော့ ရှစ်လေးလုံးကိုစံပြုရင်း သူရုန်း၊ ကိုယ်ရုန်း၊ တစ်နိုင်ငံလုံး ရုန်းလိုက်ကြရအောင်။ ခုဆိုအကြောင်းရှိလာပြီ။ ဒီအချိန်၊ ဒီလိုအကြောင်းရှိရင် ရုန်းကြရမယ်၊ တွက်ကပ်နေလို့မရဘူး။ ခံစားချက်တူလာရင် ညီညွတ်မှုဆိုတာ အလိုလိုဖြစ်ပေါ်လာတာ။

သူရုန်း၊ ကိုယ်ရုန်း၊ ရှစ်လေးလုံးသမိုင်းဝင် ပြည်သူ့အောင်ပွဲကို သင်ခန်းစာယူရင်း တစ်နေ့အကြောင်းရှိခဲ့သော် အမှန်တရားအတွက် ညီညွတ်ကြဖို့လိုကြောင်း မှတ်တမ်းတွေက ညွှန်ပြနေပါတယ်။ နာကြည်းဖို့ထက် နာကျင်ဖို့ပါ။ ဝမ်းနည်းနေဖို့ထက် လွမ်းမောသတိရနေဖို့ပါ။ အရှုံးလို့ခံစားနေတာထက် ငြိမ်းချမ်းရေးရဖို့အတွက် သင်ခန်းစာရယူဖို့ပါ။ ရှစ်လေးလုံးမှသည် ငြိမ်းချမ်းရေးသို့။

Most Read

Most Recent