<

ဆွယ်တာလေးတစ်ထည် ထွက်ခွာနေကျ ကျောပြင်များနှင့် အရည်ပျော်လွယ်သော ဖယောင်းမီးရောင်များ

လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အိမ်တံခါးဂျက်ထိုးနေတဲ့ သမီးငယ်ကို သူလှမ်းကြည့်ရင်း အားမလို အားမရဖြစ်နေရဲ့။ တံခါးပတ္တာတွေ လျော့ရဲပြီး ငိုက်စိုက်ကျနေတဲ့ တံခါးကို မ,တင်ရင်း ဂျက်ထိုးနေရတဲ့ သမီးငယ်လေးကိုကြည့်ကာ သူ့စိတ်ထဲ တစ်စုံတစ်ရာကို ခံစားလိုက်ရတယ်။ တံခါးဂျက်ကျသွားတော့မှ သူ့စိတ်ထဲ အနည်းငယ် ပေါ့ပါးသွားတော့တယ်။ အိမ်တံခါးကတော့ ပိတ်သွားပြီ။ အိမ်တစ်အိမ်အတွင်းက မိသားစုတစ်စုရဲ့ ကမ္ဘာဟာ တစ်စုံတစ်ရာကို ကိုယ်စားပြုနေမလား။ ဖယောင်းမီးရောင်အောက်မှာ သူတို့မိသားစုရဲ့ ညမြင်ကွင်းဟာ ဖျော့တော့မှေးမှိန်နေလေရဲ့။

ထမင်းစားကြတော့ ည ခုနစ်နာရီပင် ကျော်နေလေပြီ။ သူကတော့ စောစီးစွာ စားပြီးတာကြောင့် ဇနီးနဲ့ သား ထမင်းစားနေတာကို လှမ်းမျှော်ကြည့်မိတယ်။ သမီးငယ်ကတော့ အ၀တ်တစ်ထည်ကို အပ်နဲ့သီနေလေရဲ့။ ဒီညတော့ သူ့ရဲ့အနွေးထည်ဆွယ်တာလေးဆီက ပေါ်ထွက်လာတဲ့သစ်လွင်တဲ့ ရနံ့ကို သူ ရှူရှိုက်နေရလေပြီ။ သိပ်ပြီး တောက်ပြောင်မှု မရှိလှပေမယ့် သူ့ဘ၀အတွက်တော့ အတောက်ပြောင်ဆုံး ဆွယ်တာလေးဖြစ်နေတယ်။ သူ့ညအတွက်တော့ အနွေးထွေးဆုံး ၀တ်ရုံလေးဖြစ်နေတော့တယ်။

ထမင်းစားပြီးလို့ ပန်းကန်ဆေးဖို့ ထသွားတဲ့ သူ့ဇနီးရဲ့ ကျောပြင်ကို သူ လှမ်းကြည့်မိတယ်။ အတော်ပါးလျနေပြီဖြစ်တဲ့ ဇာအင်္ကျီလေးကိုကြည့်ရင်း သူတို့မင်္ဂလာဆောင်တဲ့နေ့လေးကို မှတ်မိလာပြန်တယ်။ သားသမီး နှစ်ယောက်နဲ့ သူတို့အိမ်ထောင်သက် ကာလအတွင်းမှာ ဒီဇာအင်္ကျီလေးက သူတို့ရဲ့ သံယောဇဉ်လေးလိုပါပဲ။ ဒီဇာအင်္ကျီလေး ပါးလျနေသလို သူ့ရှေ့က ဖယောင်းမီးတိုင်လေးတောင် အတော်လေး လောင်ကျွမ်းခံလိုက်ရပြီးပြီ။

သားဖြစ်သူကတော့ နေ့လယ်က ပင်ပန်းတာကြောင့်ထင်တယ်။ ခြေပစ်လက်ပစ် လဲလျောင်းနေတော့တယ်။ သမီးငယ်လေးက ချူပ်လက်စအင်္ကျီဟောင်းလေးတွေရဲ့ ဘေးမှာတကုပ်ကုပ်နဲ့။ သူ့ဇနီးနဲ့ သူတို့ကတော့ အချိန်အတော်ကြာအောင် စကားအပြန်အလှန် ပြောကြရင်းပေါ့။ ခဏကြာတော့ ဖယောင်းမီးပဲ ကုန်သွားခဲ့လေသလား။ သူတို့ အိမ်လေးမှာ တိတ်ဆိတ်ခြင်းထဲ တိုးဝင်သွားတော့တယ်။

“နွေးထွေးလိုက်တာ” လို့ အဲဒီညက အိပ်ရာထဲမှာ ဇနီးသည်ကို သူ ပြောနေခဲ့တယ်။ ဇနီးသည် အလုပ်ကအပြန် ၀ယ်လာခဲ့တဲ့ လက်က အနွေးထည်လေးကို သူ မြင်လိုက်ကတည်းက တစ်စုံတစ်ရာကို ခံစားလိုက်ရတယ်။ အညိုရောင်ဆွယ်တာလေးတစ်ထည်က သူ့အတွက် အသစ်စက်စက် အိပ်မက်တစ်ခုလိုပါပဲ။ ဇနီးသည်ကတော့ သူနဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ဆွယ်တာလေးကိုကြည့်ပြီး ကြည်နူးနေတယ်။ တစ်နေ့တာ အလုပ်ထဲက ပင်ပန်းလာသမျှ ပြေပျောက်သွားသလိုပါပဲ။ အဲဒီခံစားမှုက အခုအချိန်အထိ သူ့ကိုယ်ပေါ်ကို အနွေးဓာတ်တွေ ပေးနေတုန်း။ စိတ်လှုပ်ရှားမှုတွေ ပေးနေတုန်း။

ဇနီးသည်ကတော့ အခုအချိန်ဆို အလုပ်ထဲမှာ ရောက်နေတော့မယ်။ အလုပ်ထဲမရောက်ခင် လမ်းမှာ ဘတ်စ်ကားများ ကျပ်နေခဲ့သလား။ ကားပေါ်မှာ အဆင်ပြေပြေမှ သွားရပါ့မလား။ အလုပ်ချိန်များ နောက်ကျနေခဲ့သလား သူ တွေးပူနေမိတယ်။ သမီးငယ်လေးကတော့ အငွေ့တထောင်းထောင်း ထနေတဲ့ အိုးတစ်လုံးကို မီးဖိုပေါ်မှာ တင်ထားရင်း စာအုပ်လေးတစ်အုပ်ကို ဖတ်နေရဲ့။ သားအကြီးကောင်ကတော့ အလုပ်ဆိုက်ထဲမှာ နှစ်ပတ်လောက်ကြာအောင်တော့ အလုပ်က မြဲနေတယ်လို့ ဆိုရမယ်။ ဒါကိုပဲ သူ ကျေနပ်နေရတယ်။ အခုချိန်ဆို သားအကြီးကောင်တစ်ယောက် ငြမ်းတွေပေါ်မှာ တစ်စုံတစ်ရာကို ပြုလုပ်နေမှာပဲ။ သေချာတယ်။ အုတ်ခဲတွေပဲ သယ်နေလား။ နေက အပြင်မှာ အတော်ပူပြင်းနေတာပဲ။ အကြီးကောင် အတော်များ ပင်ပန်းနေမလားမသိဘူး။ ရေဘူးရော အလွယ်တကူ ရှိနေပါ့မလားလို့ သူ တွေးပူနေလေရဲ့။ ဇနီးသည်ကတော့ သူတို့ အလုပ်သမား အချင်းချင်း စကားတွေပြောရင်း အဆင်ပြေနေနိုင်တယ်။ တစ်နေ့လုပ်ခအတွက်လည်း မကြာခင် တိုးတောင်းဖို့ သူတို့ ပြင်ဆင်နေကြတယ်လို့လည်း ကြားတယ်။ အလွယ်တကူ တိုးတောင်းလို့မရရင် ဆန္ဒထုတ်ဖော်မယ်လို့လည်း ပြောတယ်။ အဆင်ပြေပါ့မလားလို့တော့ စိုးရိမ်သံသယစိတ်တွေက ၀င်ရောက် နှောင့်ယှက်နေတော့တယ်။ သူ့ဇနီးသည်တို့ အရင်တခြားအလုပ်ရုံတွေမှာ တစ်နေ့လုပ်ခအတွက် ဆန္ဒပြပွဲတွေ ပြုလုပ်ကြတာ သိပ်မကြာခင်ရက်က ကြားခဲ့ရသေးတယ်။ ဆန္ဒပြ ရတဲ့အထိ ထုတ်ဖော်တောင်းဆိုပါမှ အနည်းငယ် အဆင်ပြေနိုင်မယ့် အခွင့်အရေးလေးအတွက် သူ့ဇနီးသည်တို့လို စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေရဲ့ ဘ၀ကို သူတွေးရင်း စိတ်တွေ လေးလံလာတော့တယ်။ ဒါလည်း သူ့တို့ဘ၀တွေပါပဲ မဟုတ်လား။

ခဏကြာတော့ သမီးငယ်လေးက သူ့ ရှေ့ကိုထမင်းရယ် ဟင်းချိုတစ်ခွက်ရယ် အကြော်ဟင်းရယ် လာချပေးတယ်။ သူ ဟင်းချိုခွက်ကို အရင်ဆုံး မွှေခတ်ပြီး သောက်ကြည့်လိုက်တယ်။ သူ့သမီးရဲ့လက်ရာနဲ့ သူ ရင်းနှီးနေခဲ့တာ နှစ်နှစ်ကျော်ခဲ့ပြီပဲ။ ဒါပေမဲ့ ဟင်းချိုခွက်ထဲက ပုစွန်အဖတ်လေးတွေကို သူဖမ်းမရခဲ့တာလည်း အဲဒီသက္ကရာဇ်အတိုင်းပဲဆိုတာ သူ သဘောပေါက်နေခဲ့တယ်။ အဲဒီ သက္ကရာဇ်တွေထဲက သူ့ရဲ့ချို့တဲ့မှုဟာ မိသားစုတစ်စုရဲ့ ပုံရိပ်ထဲ အခုထိ မွှေနှောက်နေတုန်းပါပဲ။ သူ့သမီးငယ်ကတော့ ဖခင်ကို နေ့စဉ်ဝတ္တရားအတိုင်း ပြုလုပ်ပေးပြီး အိမ်ကနေ ထွက်ခွာသွားရတော့တယ်။ သမီးငယ် ထွက်သွားတဲ့ ကျောပြင်ကို သူ ငေးကြည့်နေမိတယ်။ ဒီလိုပဲ အားလုံးဟာ မနက်စောစောကတည်းကစပြီး တစ်ယောက်စီ ထွက်သွားခဲ့ကြတာပဲလေ။ ပထမဆုံး သူ့ဇနီးသည်က ထမင်းချိုင့်လေးယူပြီး ထွက်ခွာသွားတယ်။ နောက် သားအကြီးကောင်က လွယ်အိတ်တစ်လုံးလွယ်ပြီး ဆက်လက်ထွက်ခွာတယ်။ အခု သမီးငယ်လေးလည်း ဈေးဗန်းလေးကို ကိုင်ပြီး အိမ်အပေါက်ဝဆီကနေ ထွက်ခွာသွားပြီ။

အားလုံးရဲ့ ကျောပြင်ကိုသာ ငေးကြည့်နေရတဲ့ သူ့သက္ကရာဇ်တွေကို သူ ပြန်တွေးနေမိတယ်။ အဲဒီသက္ကရာဇ်တွေက သူနဲ့ သူစိမ်းဆန်လွန်းတဲ့ သက္ကရာဇ်တွေပါပဲ။ အဲဒီသူစိမ်းဆန်တဲ့ သက္ကရာဇ်တွေထဲမှာ နေ့လယ်ခင်းတစ်ခုလုံး သူ တစ်ယောက်တည်းပါပဲ။ ဒါပေမဲ့ အတွေးသုံးမျိုးကို တစ်လှည့်စီ တွေးတောနေရတဲ့ သူ့အတွက်တော့ အထီးကျန်ခြင်းကို အလိုလို အနိုင်ယူလိုက်ခြင်းပေလား မပြောတတ်ဘူး။ ဒါမှမဟုတ် အထီးကျန်ခြင်းကို မသိသလိုနေပြီး အတွေးသုံးမျိုးနဲ့ ဖုံးအုပ်နေခြင်းလည်း ဖြစ်နိုင်ပြန်တယ်။

ပထမအတွေးက ဇနီးသည်ရဲ့ အကြောင်းပဲ။ သူတို့အိမ်ထောင်သက် ၂၂ နှစ်မှာ အပြောင်းအလဲတွေ၊ အနိမ့်အမြင့်တွေနဲ့ အခု သူအိပ်ရာပေါ်လဲနေတဲ့အထိ။ ခြေထောက်တွေ မလှုပ်ရှားနိုင်တဲ့အထိ။ သူနဲ့ ဇနီးသည်နဲ့ ပတ်သက်ပြီး ‘သစ္စာတရား’ ဆိုတာကိုတော့ စိတ်ဝင်တစား သူ အမြဲလိုက်ရှာနေခဲ့တယ်။ သစ္စာတရားဟာ ဘာလဲ။ ချစ်ခြင်းမေတ္တာကြောင့်လား။ သံယောဇဉ်ကြောင့်လား။ သားနဲ့ သမီးကြောင့်လား။ တကယ်ဆို ဇနီးသည်မှာ သူ့ကို အချိန်မရွေး ပစ်ခွာသွားလို့ရတယ်ဆိုတာ သူသိနေခဲ့တယ်။ ဖွံ့ဖြိုးနေသေးတဲ့ သူမရဲ့အလှ၊ အသားအရေ၊ ဆံနွယ်တွေ ပခုံးသားပေါ်မှာ လိမ်ယှက်နေပုံတွေပေါ့။ နောက်အလုပ်ထဲမှာ ဇနီးသည်ရဲ့ သွက်လက်စွာ လှုပ်ရှားနေနိုင်ပုံ၊ ဘတ်စ်ကားကျပ်ကျပ်ထဲ တိုးဝင်စီးနင်းလိုက်ပါနိုင်ပုံတွေမှာ တစ်ခါတစ်ရံ သူ့ကို ခြောက်လှန့်နေခဲ့သေးတယ်။ အရာရာဟာ ဖောက်လွဲဖောက်ပြန် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ အဲဒီသံသယစိတ်တွေက သူ တွေးတောမိတိုင်း အချည်းနှီးဖြစ်ခဲ့ရမြဲ။ လွဲချော်ခဲ့မြဲပါပဲ။

သူ သတင်းစာတချို့ ဖတ်ဖြစ်တိုင်း နိုင်ငံရပ်ခြားက အနုပညာရှင်တွေရဲ့ သတင်းတွေကလည်း သူ့ကို ခြောက်လှန့်နေခဲ့တယ်။ အဆိုကျော်၊ သရုပ်ဆောင် အကျော်အမော်တွေရဲ့ သတင်းတွေပါပဲ။ စည်းစိမ်တွေ ကြွယ်ဝနေခိုက်၊ အလှတရားတွေ ရွှန်းစိုနေခိုက် တစ်ခုမဟုတ်တစ်ခု ဖောက်ပြန်ကြ၊ ပြောင်းလဲနေကြတဲ့ သတင်းတွေက သတင်းစာဖတ်မိတိုင်း သူ့ကို အမြဲခြောက်လှန့်နေခဲ့တယ်။ ဒါပေမဲ့ ဓနအင်အားကောင်းခြင်းရဲ့ ဟိုးအဝေးအစွန်မှာ ရှင်သန်ရပ်တည်နေရတဲ့ သူတို့ဘ၀တွေနဲ့ ကွဲပြားနေတာကိုတော့ သူ သတိထားမိတယ်။ ဒါလည်း သိပ်တော့မဆိုင်ဘူးဆိုတာ သူ တွေးမိပါတယ်။ သားနဲ့ သမီးလည်း အတူတူရှိနေတာပဲ မဟုတ်လား။ ဇနီးသည် အလုပ်ကနေ အိမ်ပြန်ရောက်လာတဲ့အခါ သူ့အပေါ်နွေးထွေးမှုတွေနဲ့ ဂရုစိုက်ချိန်၊ တစ်ခါတစ်ရံ သူ့အတွက် လက်ဆောင်လေးတွေပါလာတဲ့ အကြောင်းလေးတွေကလည်း သူ့ရဲ့စိတ်အားတွေကို ပြန်လည်တိုးပွားစေခဲ့တယ်။ သူရဲ့ယုံကြည်မှုတွေကို ပိုမိုခိုင်မြဲစေခဲ့တယ်။ အဲဒီလို တွေးမိတိုင်း သူ့ဇနီးသည်အပေါ် သူထားမိတဲ့ သံသယတွေကို သူရှက်နေခဲ့ပြန်တယ်။

ဒုတိယအတွေးက သားနဲ့သမီးပါပဲ။ တစ်နေကုန် အလုပ်ဆိုက်ထဲမှာ ပူလိုက် အေးလိုက်နဲ့ တစ်စုံတစ်ရာအတွက် သူ့သားလေး သူ့ဘ၀ကို မိသားစုရဲ့ ၀မ်းစာရေးထဲ ထည့်ဝင်ထားရတယ်။ ပင်ပန်းလာတဲ့ သူ့သားလေးရဲ့ ခြေလှမ်းတွေ၊ ဟန်ပန်တွေ၊ ညနေဘက် အိမ်တံခါးပေါက်ဆီ လှမ်းဝင်လာတဲ့ မြင်ကွင်းတွေကို သူအားငယ်စွာနဲ့ ရေတွက်နေမိတယ်။ အဲဒီမြင်ကွင်းတွေထဲ နွမ်းနယ်နေတဲ့ ဟန်ပန်တွေ ဘယ်တော့မှများ အဆုံးသတ်နိုင်မလဲ သူ တွေးနေမိတယ်။ သမီးငယ်လေးရဲ့ ဈေးဗန်းကိုင်ပြီး အိမ်ပြန်လာတဲ့ ပုံရိပ်တွေကလည်း သူ့အတွက် ကြေကွဲအားငယ်ဖွယ်ရာတွေပါပဲ။ နံနက်ပိုင်း သူ့ကို ပြုစုလုပ်ကိုင်ပေးပြီး ဈေးရောင်းထွက်ရတယ်။ မိုးချူပ်ခါနီးမှ အိမ်ပြန်ရောက်လာရ အိမ်အလုပ်လုပ်ရနဲ့ ရုန်းကန်နေရတဲ့သမီးလေး။ မိသားစုအတွက် သူတို့ ဘ၀အနာဂတ်တွေကို ထည့်ဝင်ထားကြတဲ့ သားနဲ့ သမီးအတွက် သူ့အတွေးတွေ နေ့စဉ်ဆိုသလို ဘယ်လိုမှ အဆုံးသတ်လို့မရနိုင်အောင် ဖြစ်နေခဲ့တယ်။

တတိယအတွေးက သူပါပဲ။ သူ့အကြောင်းပါပဲ။ သူ့ဘ၀အတွက်ပါပဲ။ နှစ်များစွာကြာခဲ့ပြီဖြစ်တဲ့ မသန်စွမ်းတဲ့၊ လမ်းမလျှောက်နိုင်တဲ့၊ မိသားစုအတွက် ဘာမှမပြုလုပ်ပေးနိုင်တဲ့ သူ့အဖြစ်။ သူ့အကြောင်း တွေးမိတိုင်း အားမလို အားမရ အားငယ်နေရတဲ့ သူ့အတွေးတွေ။ အဲဒီအတွေးတွေမှာလည်း ဘယ်လိုမှ အဆုံးသတ်မရတဲ့ အတွေးတွေ။ သစ္စာတရားကို လောကဓံထက် သူ့အပေါ်ထည့်ဝင်ထားတဲ့ ဇနီးသည်ရဲ့ လူသားဆန်မှု။ မိမိဘ၀အနာဂတ်တွေကို မိသားစုဘ၀ထဲ ထည့်ဝင်ထားတဲ့ သားနဲ့သမီးရဲ့ လူသားဆန်မှု။ အဲဒီအရာတွေ အားလုံးဟာ သူ့အတွက် အနာဂတ်ဖြစ်နေခဲ့တာကို သူ သိနေခဲ့တယ်။ သူ့ရဲ့ အနာဂတ်ဟာလည်း ဒီမိသားစုဝင်တွေပဲ မဟုတ်ပါလား။ မစွမ်းတဲ့ အနာဂတ်အတွက် စွမ်းသူတွေ ထည့်ဝင်ရတဲ့ လောကဓံရဲ့ ဖိတ်စင်မှုတွေများလား။

အမှောင်က သူတို့အိမ်လေးကို လွှမ်းခြုံလာခဲ့ပြီ။ သမီးငယ်လေးက ငိုက်စိုက်ကျနေတဲ့ တံခါးကို မ,တင်ပြီး ဂျက်ထိုးလိုက်တယ်။ နောက် ဖယောင်းတိုင်မီးကို သူ့ရှေ့မှာ ထွန်းထားလိုက်တယ်။ သူကတော့ ဆွယ်တာလေးကိုသာ သဘောကျစွာ ပြန်ကြည့်နေလေတယ်။ ဒီနေ့ညမှာတော့ ဇနီး၊ သားနဲ့ သမီးတို့ အားလုံး တိတ်ဆိတ်နေကြတယ်။ သူ ဘယ်သူ့ကိုမျှ မမေးပါ။ ဘာလို့ငြိမ်သက်နေရတာလဲ ဆိုတာကို သူဘာသာ တွေးကြည့်မိလိုက်တယ်။ သမီးငယ်လေး ဈေးရောင်းမကောင်းတာပဲ ဖြစ်နေမလား။ သားအကြီးကောင် အလုပ်ဆိုက်က ခဏနားရတာများ ဖြစ်နေမလား။ ဇနီးသည်ကလည်း ဟိုနေ့က ပြောသလို တစ်နေ့လုပ်ခအတွက် ဆန္ဒပြကြလို့များ အလုပ်ခဏနားလိုက်ရလို့လား။ ဟုတ်တယ်။ အားလုံးဖြစ်နိုင်တယ်။ ဒီဖယောင်းမီးရောင်အောက်မှာ အားလုံးဖြစ်နိုင်တယ်လို့ သူ တွေးတောနေတော့တယ်။














Copy Protected by Chetan's WP-Copyprotect.