<

ရှေးရှေးတုန်းကအဆက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုသားဇော်)

ဆောင်းရာသီဆိုတော့ အေးအေးနဲ့ စာကိုပဲအရသာခံတစိမ့်စိမ့် ဖတ်နေရတာ ဖြစ်ပါတယ်။ အခုရက်ပိုင်း ဆောင်းတွင်းကြီးကိုပဲ မိုးကတစိမ့်စိမ့် ရွာလိုက်သေးတယ်။ ဈေးဆိုင်မှာကလည်း အခုရာသီက အရောင်းအ၀ယ်က ခပ်ပါးပါးပဲဆိုတော့ အချိန်အတော်များများက စာဖတ်နေပြီးတော့ပဲ အချိန်ဖြုန်းနေရတာပါပဲ။ ကိုယ့်ရဲ့ မဖြစ်စလောက် စာအုပ်ဆိုင်ကလေးမှာကလည်း ပုံပြင်စာအုပ်တွေကများတာမို့ ပုံပြင်တွေပဲ လိုက်ဖတ်နေမိတော့တယ်။

ပုံပြင်တွေ လိုက်ဖတ်မိတော့ ပုံပြင်တွေကပေးတဲ့ သင်ခန်းစာတွေ အတော်များများရတာမို့ တချို့ပုံပြင်တွေဟာ မှတ်သားစရာတွေနဲ့ ဖတ်စရာ စိတ်ဝင်စားစရာကောင်းပါတယ်။ အရင်ကတော့ ပုံပြင်လို့ဆိုလိုက်တာနဲ့ ကလေးတွေအတွက်၊ ကလေးတွေပဲဖတ်ရမယ်လို့ ကျွန်တော်ကထင်နေခဲ့မိတာပါ။ အခုဖတ်ကြည့်လိုက်မိတော့ ပုံပြင်တွေဟာ ကလေးတွေသာမကပဲ ကျွန်တော်တို့လူကြီးတွေလည်း ဖတ်သင့်ပြီး ပုံပြင်တွေကနေ သင်ခန်းစာယူစရာတွေ အများကြီးပါလားလို့ သဘောပေါက်လာပါတယ်။ ပုံပြင်လေးတွေကိုဖတ်ပြီး သဘောကျမိတာနဲ့ တခြားသူတွေကိုလည်း ဖတ်စေချင်စိတ်နဲ့ မျှဝေချင်စိတ် ဖြစ်မိသွားတယ်။

အခုရက်ပိုင်းဖတ်မိတဲ့ ပုံပြင်လေးတွေထဲက ကျွန်တော်သဘောကျမိတဲ့ ပုံပြင်လေးကို အကျဉ်းချုပ်ပြီး ပြန်ပြောပြချင်ပါတယ်။ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကျော်လောက် ကဣရလံကျွန်းကြီးရဲ့ အနောက်ဘက်ကမ်းမှာ ကျွန်းငယ်လေးတစ်ကျွန်းရှိပါတယ်။ အဲဒီကျွန်းငယ်လေးမှာ အင်မတန်ချမ်းသာကြွယ်ဝတဲ့ အိမ်နီးချင်းလယ်သမားနှစ်ယောက် ရှိကြပါသတဲ့။ အဲဒီချမ်းသာတဲ့ အိမ်နီးချင်းလယ်သမားနှစ်ယောက်မှာ သူတို့နှစ်ဦးစပ်ပိုင်တဲ့ သိုးအုပ်တစ်အုပ်ရှိပါတယ်။ တစ်နေ့မှာတော့ ဘာမှမဖြစ်လောက်တဲ့ အငြင်းအခုံလေးတစ်ခု ဖြစ်ရာကနေ သူတို့နှစ်ဦးစပ်ပိုင်တဲ့ သိုး ၁၀၁ ကောင်ကို အညီအမျှခွဲယူကြမယ်ဆိုပြီး သဘောတူကြပါတယ်။ အရင်ဆုံးတစ်ယောက်ကို သိုးအကောင်ရေ ၅၀ စီခွဲယူလိုက်ကြပါတယ်။ ကျန်တဲ့တစ်ကောင်ကို သူယူမယ် ငါယူမယ်ဆိုပြီး ငြင်းခုံကာ နောက်ဆုံးဘယ်သူ့ ဘယ်သူမှ မသာမနာရအောင် ဒီသိုးတစ်ကောင်ကို နှစ်ဦးပိုင်ဆိုပြီး ဆုံးဖြတ်သဘောတူလိုက်ကြပြန်ပါတယ်။

နောက်သိပ်မကြာလှတဲ့အခါမှာတော့ တစ်ယောက်ကခြေအိတ်ထိုးဖို့ သိုးမွေးလိုတာနဲ့ ညှပ်ယူမယ်ဆိုတော့ တစ်ယောက်က ခွင့်မပြုနိုင်ဘဲ ငြင်းခုံကြပြန်တယ်။ နောက်ဆုံးမင်းပိုင်တဲ့ သိုးရဲ့တစ်ဖက်ခြမ်းက သိုးမွေးကိုပဲညှပ်ယူရမယ်လို့ သဘောတူပြေအေးလိုက်ကြတယ်။ အဲဒီနောက် သိပ်မကြာခင်မှာပဲ အဲဒီသိုးဟာ ရေမြောင်းငယ်တစ်ခုမှာ ကျပြီးသေသွားပါတယ်။ အဲဒီမှာ တစ်ယောက်က ဒီသိုးဟာတစ်ဖက်သတ် အမွေးညှပ်ခံရလို့ ကိုယ်တစ်ခြမ်းအေးပြီး သေရတယ်လို့ဆိုတယ်။ နောက်တစ်ယောက်ကတော့ ဒီသိုးဟာ တစ်ဖက်ခြမ်းက သိုးမွေးမညှပ်လို့ အလေးအပေါ့ ဟန်ချက်မညီဖြစ်ပြီး လေးရာဘက်လဲပြီး မြောင်းထဲကျပြီး သေတယ်ဆိုပြီး ငြင်းခုံကြပြန်ပါတယ်။ အဲဒီလို သိုးကို သူ့ကြောင့်သေတယ်။ ငါ့ကြောင့် သေတယ် အငြင်းအခုံက ဘယ်သူကမှ အလျှော့မပေးနိုင်ဘဲ နောက်ဆုံးမှာ တရားရုံးတက်ပြီး တရားဆင်တရားစွဲတဲ့ အဆင့်အထိ ရောက်သွားပါတော့တယ်။

တရားစရိတ်၊ ရှေ့နေခ၊ ကိုယ်နိုင်ဖို့ လာဘ်ထိုးရနဲ့ သူတို့နှစ်ဦးဟာ သူတို့ပိုင်ဆိုင်သမျှ ငွေကြေးတွေ ကုန်ရုံသာမကဘဲ ရှိသမျှသိုးအားလုံးရောင်းချရတဲ့ အခြေအနေအထိရောက်ကာ ပိုင်ဆိုင်သမျှ ပြုတ်ပြုတ်ပြုန်းကာ အလွန်ဆင်းရဲတဲ့ အခြေအနေအထိ ရောက်ရှိသွားပါတော့တယ်။ အဲဒီဆင်းရဲခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ သူတို့နှစ်ဦးရဲ့ သားစဉ်မြေးဆက်အဆက်ဆက်အထိပဲ ကုန်းကောက်စရာမရှိအောင် အဆင်းရဲကြီးဆင်းရဲသွားပါတော့တယ်။ ပုံပြင်လေးကတော့ ဒီနေရာမှာပဲ ပြီးဆုံးသွားပါတယ်။ ဒါပေမဲ့ဖတ်နေတဲ့ ကျွန်တော့်မှာသာ မပြီးနိုင်မစီးနိုင် တစ်မျှော်တစ်ခေါ်ကြီး စဉ်းစားတွေးတောနေမိပါတော့တယ်။

တစ်ဆက်တည်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသရဲ့ သြ၀ါဒစကားတစ်ခွန်းကိုလည်း သတိရလိုက်မိပါတယ်။ အစိုးရအရာရှိတွေကို မိန့်ကြားခဲ့တဲ့ သြ၀ါဒစကားပါ။ “မင်းတို့နိုင်ငံက ဘယ်တိုးတက်မလဲ။ အချင်းချင်း ငြင်းလိုက်ခုံလိုက် ရန်ဖြစ်လိုက်နဲ့ ဘယ်လိုလုပ်တိုးတက်နိုင်မလဲ။ မင်းတို့ကအချင်းချင်း သူပိုင်တယ် ငါပိုင်တယ် ငြင်းခုံရန်ဖြစ်နေတော့ နိုင်ငံကဆင်းရဲတော့မပေါ့။ နိုင်ငံတိုးတက်ချင်ရင်တော့ မင်းတို့အချင်းချင်းရန်မဖြစ်ကြနဲ့။ အချင်းချင်းညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြရင် မင်းတို့နိုင်ငံတိုးတက်မှာပဲ”

သေချာစဉ်းစားကြည့်လိုက်တော့ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားအချင်းချင်းနဲ့ ငြင်းခုံပြီး ရန်ဖြစ်စစ်ဖြစ်နေခဲ့သော နှစ်တွေဟာ မနည်းမနောပါပဲ။ အခုချိန်ထိ ငြင်းလို့ခုံလို့ ကောင်းနေတုန်း၊ ရန်ဖြစ်လို့ ကောင်းနေတုန်းပဲရှိပါသေးတယ်။ ဘယ်သူကမှ အလျှော့မပေးချင်ကြ။ ဘယ်သူကမှ အနာမခံချင်ကြ။ ကိုယ်ကပဲ ရချင် ယူချင်ကြပြီးကိုယ်ရဖို့ကိုပဲ လုံးပန်းနေကြတော့ နိုင်ငံကနှစ်ပေါင်းများစွာ ဆင်းရဲတွင်းထဲ နစ်နေခဲ့တာဟာ သိပ်တော့လည်း မထူးဆန်းလှပါဘူး။

အိမ်တစ်အိမ်၊ မိသားစုတစ်စုမှာပဲ အချင်းချင်းမညီမညွတ်နဲ့ စိတ်ဝမ်းကွဲပြီး ငြင်းခုံရန်ဖြစ်နေရင်တောင် အိမ်ရဲ့စီးပွားရေးကျဆင်းပြီး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ပြီး မချမ်းမသာနေနေကြတဲ့ မိသားစုတွေလည်းရှိပါတယ်။ ပုံပြင်ကနေတစ်ဆင့် ကျွန်တော်တစ်မျှော်တစ်ခေါ် တွေးတောနေမိတာ ဖြစ်ပါတယ်။

ပုံပြင်ထဲက ချမ်းသာတဲ့သူနှစ်ယောက်ဟာ သိုးလေးတစ်ကောင်ကို အဆုံးအရှုံးမခံနိုင်တာကနေ သူတို့ဟာစည်းစိမ်ဥစ္စာတွေ ဆုံးရှုံးပြီး ဘ၀ပျက်သွားတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သူတို့ဟာ သိုးတစ်ကောင်ကို လိုချင်မှုလောဘ အတောမသတ်နိုင်ခဲ့တဲ့အတွက် အခုလို ဖြစ်သွားတာဖြစ်ပါတယ်။

ပုထုဇဉ်လူသားမှန်သမျှဟာ လောဘသားကောင်တွေချည်းပါပဲ။ လူအမျိုးမျိုးအထွေထွေမှာ လောဘနည်းနည်းရှိတာနဲ့ များများရှိတာပဲကွာမှာပါ။ လူတိုင်းကတော့ လောဘရှိကြတာပါပဲ။ လောဘကကြီးလွန်းမက ကြီးလာပြီဆိုရင်တော့ နောက်ကနေ မောဟကလည်း လိုက်ပါလာတတ်သလို စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ဒေါသကလည်း ကပ်ပါလာတတ်ပြန်ပါတယ်။ လောဘရဲ့နောက်က မောဟပါလာရင် လူတွေဟာရလိုမှုတစ်ခုနဲ့ပဲ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ တရားတာ မတရားတာ၊ သင့်တာမသင့်တာစတဲ့ ဥာဏ်ပညာနဲ့ မတွေးခေါ်နိုင်တော့ဘဲ မကောင်းမှုအတော်များများကို ပြုလုပ်မိသွားတတ်ပါတယ်။

လူ့လောက စီးပွားရေးနယ်ပယ်ထဲကို ကြည့်လိုက်ရင် ဒီသဘောတရားတွေ တွေ့မြင်နိုင်ပါတယ်။ ကျွန်တော့်ဆိုင်ဖွင့်ထားတဲ့ ဒီဈေးပေါက်စကလေးထဲမှာကိုပဲ ဒီသဘောတရားကို တွေ့မြင်ကြားသိနေရတာပဲ ဖြစ်ပါတယ်။ ကျွန်တော့်ဆိုင် ဘေးကပ်လျက်က ဖိနပ်ဆိုင်နဲ့ အထည်ဆိုင်ပါ။ ကျွန်တော့်ဆိုင်က အလှကုန်စတဲ့ ပစ္စည်းတွေ အသင့်အတင့်ရောင်းကောင်းလေတော့ ဘေးဆိုင်ကလည်း ကျွန်တော့်ဆိုင်က အမျိုးတူပစ္စည်းတွေတင်ပြီး အပြိုင်သဘောရောင်းချနေတာ တွေ့ရပါတယ်။ ဒီလိုမျိုးတွေကို တခြားနေရာတွေမှာလည်း မကြာခဏတွေ့မြင် ကြားသိနေရတာပါပဲ။

ဆိုင်တစ်ဆိုင် ရောင်းကောင်းနေတာမြင်ပြီး မနာလိုစိတ်နဲ့ သူ့စီးပွားကျပါစေတော့ စိတ်နဲ့ဘေးမှာလာပြီး အမျိုးတူပစ္စည်း ရောင်းချမယ်ဆိုတဲ့ စိတ်ဟာ တကယ်တော့ကောင်းမွန်တဲ့ စိတ်သဘောထားတော့ မဟုတ်ပါဘူး။ မွန်မြတ်တဲ့ စိတ်ထားရှိသူတွေဆိုရင် ဒီလိုမျိုးမလုပ်ဘဲ သူ့စည်း ကိုယ့်စည်း သင့် မသင့် ဆုံးဖြတ်သွားပါလိမ့်မယ်။ ဒါဟာ ကြီးမားတဲ့ ဒုစရိုက်ကျူးလွန်တာမဟုတ်ပေမယ့်လည်းပဲ သူတစ်ပါးအကျိုး ယိုယွင်းသွားနိုင်တာမို့ ရှောင်ကြဉ်သင့်တယ်လို့ ထင်မိပါတယ်။ ဒီနေရာမှာ တခြားလူရဲ့ ခြေထောက်ကို ရိုက်ချိုးတိုင်း ကိုယ်ကပိုပြီးခရီးတွင်မယ် မထင်ပါနဲ့လို့ဆိုတဲ့ ဆိုရိုးစကားလေးကို သတိရမိပါတယ်။ မှန်ပါတယ်။ ကိုယ်ရိုက်ချိုးလိုက်တဲ့ ခြေထောက်အကျိုးတွေကို သယ်ပိုးသွားနေရတာမို့ ခရီးမပေါက်ဘူးဆိုတာ သဘောပေါက်ထားဖို့ လိုပါတယ်။ ကိုယ်လျှောက်မယ့်လမ်းကို ကိုယ်တိုင်ဖောက်ပြီး ကိုယ်တိုင်ပဲ လိပ်ပြာသန့်သန့်လေးနဲ့ လျှောက်လှမ်းပါမှ ဘ၀ခရီးဟာ ဖြောင့်ဖြူးသာယာစရာဖြစ်ပါမယ်။ ပုံပြင်လေးဖတ်ပြီး စဉ်းစားနေမိတာဖြစ်ပါတယ်။

ပုံပြင်လေးဖတ်ရာကနေတစ်ဆင့် လိုချင်မှုလောဘရဲ့ အကျိုးဆက်တွေ၊ ရလိုမှုတစ်ခုနဲ့ ကျူးလွန်မိတဲ့ မကောင်းမှုတွေ၊ မမှန်ကန်တဲ့ အသက်မွေးမှုတွေ၊ တရားမ၀င် ကုန်ရောင်းကုန်ဝယ်ပြုလုပ်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေစတဲ့ လူ့လောကအထွေထွေအထိ တစ်မျှော်ကြီး စဉ်းစားနေမိတော့တယ်။

အခုလိုစဉ်းစားနေမိတာဟာ ပုံပြင်လေးတွေဖတ်မိလို့ တစ်နည်းအားဖြင့် စာတွေဖတ်ဖြစ်နေမိလို့ပါ။ ဒီလိုစဉ်းစားနေနိုင်တာဟာ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးလို့ပဲဆိုရမှာ ဖြစ်ပါတယ်။ အခုရက်ပိုင်းဆိုင်က အပြိုင်အဆိုင်တွေနဲ့မို့ ရောင်းအားကျနေတာနဲ့ စာတွေအဖတ်များနေတာဖြစ်ပါတယ်။ စာတွေဖတ်နေတဲ့အချိန်ဟာ စိတ်အစဉ်က ငြိမ်းအေးနေတဲ့အချိန်လို့ဆိုရမှာပါပဲ။ စာဖတ်နေတဲ့ အချိန်မှာဆို လိုချင်မှုလောဘ၊ အလိုမကျမှုဒေါသ၊ တွေဝေထိုင်းမှိုင်းတဲ့ မောဟဆိုတဲ့ စိတ်တွေလည်းမရှိပါဘူး။ စာဖတ်နေမိတဲ့အချိန်ဟာ ကျွန်တော့်ကိုယ်ကျွန်တော် ထွက်ပြေးလွတ်မြောက်နေတယ်လို့ ခံစားနေမိတာ ဖြစ်ပါတယ်။

စာဖတ်ခြင်းရဲ့အကျိုးက ခုနစ်မျိုးရှိတယ်လို့ ဆိုပါတယ်။ ၁-ဦးနှောက်ယိုယွင်းမှုကို ကာကွယ်ပေးနိုင်တယ်။ ၂- စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တယ်။ ၃- မှတ်ဥာဏ်ကို တိုးမြှင့်ပေးနိုင်တယ်။ ၄- ဘ၀နေထိုင်နည်းကို ပိုကျန်းမာပြီး အောင်မြင်စေတယ်။ ၅- အာရုံစူးစိုက်စေတယ်၊ တွေးတောနိုင်စေတယ်။ ၆- မသက်မသာ ခန္ဓာကိုယ်ကို ခဏတာအာရုံလွှဲစေနိုင်တယ်။ နာကျင်မှုကို ဖြေဖျောက်နိုင်တယ်။ ၇- စိတ်ဓာတ်ကျအားငယ်မှုတွေကို ကုစားပေးနိုင်တယ်တဲ့။

တကယ်လည်း ကျွန်တော်ဟာ စာဖတ်ခြင်းကနေ အဲဒီအကျိုးတရားတွေ ရပါတယ်။ ကျွန်တော်ကတော့ စိတ်ကျဉ်းကျပ် မလွတ်မလပ်ဖြစ်တဲ့အခါမျိုးမှာ စာကိုပိုဖတ်ဖြစ်ပါတယ်။ စိတ်ညစ်တဲ့အခါ၊ တစ်ယောက်တည်း အလိုမကျတဲ့အခါမျိုးတွေမှာ စာဖတ်နေလိုက်ရင် အဲဒါတွေအကုန် မေ့ပျောက်သွားတော့တာပါပဲ။

နောက်အကျိုးတရားတစ်ခုကတော့ စာတွေဖတ်မိတော့ ဖတ်မိတဲ့စာကတစ်ဆင့် ဆင့်ပွားအတွေးရပြီး ရေးစရာစာတစ်ပုဒ် ရလာတတ်တာဖြစ်ပါတယ်။ အဲဒီစာလေးတစ်ပုဒ်ဟာ လူတွေဖတ်ဖို့ စာမျက်နှာပေါ် ရောက်သွားသည်ဖြစ်စေ၊ မရောက်သည်ပဲဖြစ်စေ ရေးလိုက်ရတဲ့ ကျွန်တော်ကိုယ်တိုင်ကတော့ ၀မ်းသာတဲ့စိတ်၊ ကျေနပ်ကြည်နူးတဲ့ စိတ်ဖြစ်မိသွားတာပါပဲ။ ဒါဟာ ကျွန်တော်စာတစ်ပုဒ်ရေးပြီးတဲ့နေ့မှာ တစိမ့်စိမ့်ကြည်နူးမှုနဲ့ ခံစားမိတဲ့အရသာပဲ ဖြစ်ပါတယ်။

အခုဆိုရင် ကျွန်တော် ပုံပြင်လေးတစ်ပုဒ် ဖတ်မိရာကနေ တစ်မျှော်တစ်ခေါ် စဉ်းစားမိပြီး အခုလို စာလေးတစ်ပုဒ် ရေးလိုက်မိတာပဲ ဖြစ်ပါတယ်။ ဒီစာလေးတစ်ပုဒ်ဟာ လူတွေဖတ်ရမလား၊ မဖတ်ရဘူးလားဆိုတာ အာမမခံနိုင်ပေမယ့် ရေးလိုက်မိတဲ့ ကျွန်တော်ကတော့ ရေးပြီးပြီးချင်းမှာပဲ လုပ်ငန်းတစ်ခု ပြီးဆုံးသွားသလို ကျေနပ်ဝမ်းသာတဲ့ ခံစားမှုအရသာကိုတော့ ခံလိုက်ရပြီး ဖြစ်ပါတယ်။

January 11, 2018














Copy Protected by Chetan's WP-Copyprotect.