<

ရူးသွပ်ဖွယ်ပေါင်မုန့်

Photo – depositphotos

မီးတောင်တစ်လုံးထဲ ပြုတ်ကျနေတဲ့ နေ့လယ်ခင်းတွေ။ ပွက်ပွက်ဆူနေတဲ့ ငြီးငွေ့ခြင်းတွေနဲ့ ပျော့ခွေနေတဲ့ သီချင်းတွေ။ ညက မအိပ်ထားတော့ ခေါင်းထဲ နွားချေးပိုးထိုးကောင်တွေ လမ်းသလားလို့။ စက်ရုပ်တစ်ရုပ်ဟာ နာရီတစ်လုံးနဲ့ ဆော့ကစားနေတယ်။ အိပ်ရာဘေးက ကြွပ်ကြွပ်အိတ်တွေက ကိုယ်ကို တစ်ဖက်လှည့်လိုက်တိုင်း အသံမြည်တယ်။ ဂီတာကို လှမ်းကြည့်ပြီး မျက်နှာပြန်လွှဲလိုက်မိ။ ပြန့်ကြဲနေတဲ့ စာအုပ်တွေကို သေသေသပ်သပ်စီပြီး ပြန်ဆွဲချမိ။ ခေါင်းရင်းမှာ ကပ်ထားတဲ့ မနေ့က လင်းသက်ငြိမ်စာအုပ် ကြော်ငြာဗွီနိုင်းက အလယ်ကောင်တည့်တည့်မှာ ဟက်တက်ပြဲလို့။ ပင့်ကူမျှင်တွေ ဖုန်မှုန့်တွေ ကပ်ငြိပြီး အရောင်အဆင်း ဖျော့မှိန်နေတယ်။

ပျော်ရွှင်ဖွယ် ပြက်လုံးတစ်ခုလောက် လိုချင်နေမိတာပဲ။ ရေဆာနေပေမယ့် ရေထမသောက်ဖြစ်ဘူး။ ပူလောင်နေတဲ့ ကျောပြင်ဟာ အိပ်ရာထဲ စိတ်ပျက်လက်ပျက် နစ်ဝင်လို့။ အိတ်ကပ်ထဲက ငါးရာတန်အသစ် တစ်ရွက်က လှုပ်ရှားလိုက်တိုင်း တကြွပ်ကြွပ် မြည်တယ်။ ငွေသံဟာ ပျင်းရိစရာပဲ လက်ဝါးတွေကို ဆုပ်လိုက် ဖြန့်လိုက် လုပ်ရင်း လေလွင့်။ စိတ်ကျတယ်ဆိုတာ မယုံလို့ ကိုယ်ကို ဖြုတ်ချလိုက်မယ် တွေးမိတော့ သေဖို့ကိုလည်း သတ္တိနည်းနေမိတယ်။

ထီလက်မှတ် အဟောင်းတစ်ခုကို ကောက်ရသလို နေ့တွေထဲ ကျွန်တော်ရှိနေခဲ့တာ ကြာပါပြီ။ လူတွေနဲ့ စကားပြောတိုင်း လက်ဝှေ့သမားရဲ့ သဲအိတ်ကြီးတစ်လုံးလို ကိုယ့်ကိုယ်ကိုယ် ခံစားနေရတာကြောင့် အပြင်ကို သိပ်မထွက်ဖြစ်တော့တာလည်း ကြာပါပြီ။ အလုပ်တစ်ခုက အမာရွတ်တွေပဲ စုဆောင်းမိပြီး ပြန်လာခဲ့တဲ့ နေ့ရက်တွေရဲ့ နောက်ပိုင်းမှာ ကျွန်တော်ရဲ့ နေထိုင်မှုပုံစံက အခန်းထဲအောင်း ခုတင်ပေါ်မှာ လူးလှိမ့်ပြီး စိတ်ထဲပေါ်လာတဲ့ အရာတိုင်းကို ခုတ်ထစ်ချင်နေမိတာပါပဲ။ စာအုပ်တွေကို ဘေးမှာချပြီး ထိုင်နေမိတဲ့ နေ့တွေ၊ ညတွေနဲ့အသံတွေကို ရွံရှာစက်ဆုပ်မိနေတဲ့ နေ့တွေ၊ ညတွေ။ အသက်ရှင်ခြင်းဟာ သည်းခြေအိတ်ပေါက်သွားတဲ့ အသားလို ခါးသက်လွန်းလှတယ်။

မျက်နှာကြက်မှာ ရှုပ်ပွနေတဲ့ ပင့်ကူမျှင်တွေ။ ပင့်ကူမျှင်တွေမှာ ကပ်ငြိနေတဲ့ ပိုးဖလံ အသေကောင်တွေ။ အိပ်ရာဘေးက စာအုပ်ပုံကြီးသာ တစ်နေ့တခြား ကြီးထွားလာတယ် အခုထိ ဘာကိုမှသေချာမသိသေးပါ။ အ၀တ်ကြိုးတန်းဆီက အောက်သိုးသိုးအနံ့တွေကို ရတယ်။ စာအုပ်ဆိုတာ ဖတ်ရှုရန်အတွက်ပဲ ဖြစ်ပါတယ်။ အထပ်လိုက် ပုံထားခြင်းက ငြီးငွေ့တဲ့၊ မပျော်ရွှင်တဲ့၊ အရာရာကို မယုံကြည်တဲ့စတဲ့ စိတ်အနေအထားတွေကို သရုပ်ဖော်ထားခြင်းနဲ့ တူနေတယ်။ အမေ့လျော့ခံ ဒိုင်ယာရီ စာအုပ်ကလေးက ငြိမ်သက်လို့။ နေ့တွေကပဲ ကိုယ့်ကို ရေးခြစ်တာခံခဲ့ရပြီး နေ့တွေအကြောင်းကို ကျွန်တော် မရေးဖြစ်တော့ပါ။ အရာရာနဲ့ အကြောင်းကြောင်း ငွေရေးကြေးရေးမှာ ပိုက်ဆံအိတ်အဟောင်းကလေးလည်း သူ့ဘ၀သူ မေ့လျော့လို့။ ဘာမှမရှိတဲ့ နေ့တစ်ခုဟာ ဘာမှမရှိတဲ့ နေ့တစ်ခုအဖြစ် သပ်ရပ်တိကျစွာ တည်ရှိလို့နေတယ်။

သတ္တုတွေတောင် အရည်ပျော်ကျနိုင်တဲ့ အပူနဲ့ ကိုယ်တောက်လောင်နေတဲ့အကြောင်း ဘယ်သူ့ဆီကိုမှ မက်ဆေ့ခ်ျမပို့ချင်တော့ဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခါ ကာယကံရှင်ထက် နံဘေးမှာ ရှိတဲ့လူက ပိုညည်းပြတတ်ရဲ့။ ဘာမှမရှိခြင်းရဲ့ အရသာကို ခံစားနိုင်ဖို့ စွမ်းအင်တွေ ကျွန်တော့်မှာ နည်းပါးနေပုံရပါတယ်။ မပျော်ရွှင်ခြင်းတွေဟာ တရွရွ ကိုယ်ပေါ်တွားတက်နေကြတယ်။ ဗန်ဂိုးရဲ့ အ၀ါရောင်တွေက ကမ္ဘာကြီးကို သူ့လောင်ကျွမ်းမှုတွေအကြောင်း သတင်းပေးပို့ခြင်းပဲလား။ ရော့ခ်သီချင်းတွေကို ပိုကြိုက်လာမိတဲ့ နှစ်ကာလတွေမှာ ဘ၀ဟာ အဆီအငေါ် မတည့်ခြင်းတွေနဲ့ ချစ်ကြိုက်နေပြီး အဆင်မပြေမှုတွေနဲ့ တရားဝင် စပ်ယှက်နေကြတယ်။ ကိုယ့်မျက်နှာကိုယ် မှန်ထဲ ပြန်ကြည့်မိတဲ့အခါတိုင်း စိတ်ပျက်ငြီးငွေ့မှုဟာ ပိုမိုသန်မာလာတယ်။

ယုံကြည်မှုတွေ ခန်းခြောက်နေတဲ့အခါ မနက်ဖြန်သစ်ပင်ကလေးဟာ ရှင်သန်နိုင်ပါ့မလား။ တသုန်သုန်မြူးနေတဲ့ ဒဏ်ရာတွေနဲ့ ခြေလှမ်းတိုင်းက လေးလံခြင်းမှာ အသားကျနေတော့တယ်။ ဖီးနစ်ငှက်ဟာ အရင်ဆုံး မီးလောင်ကျွမ်းခြင်းခံရပြီးမှ အသစ်တစ်ဖန် စတင်ရတယ်တဲ့။ ဒဏ္ဍာရီထဲကအတိုင်းဆို အခုလက်ရှိ လောကဓံရဲ့ ကြာပွတ်တွေဟာ နောင်တစ်ချိန် ပွင့်လာမယ့် ပန်းတွေလား။ လူတွေရဲ့ ရယ်သံကို အသွေးထဲအသားထဲကနေ ရွံမုန်းနေမိတယ်။ လူဟာ နိုင်ငံရေး သတ္တ၀ါတဲ့၊ ချစ်မေတ္တာရဲ့ အစေအပါးတဲ့၊ အလိုဆန္ဒတွေရဲ့ ကျေးကျွန်တဲ့။ ဟုတ်ကဲ့၊ ကျွန်တော်က ငြီးငွေ့ခြင်းရဲ့ ထွန်ယက်ခံ လယ်မြေတစ်ခုပါ။ အဖက်မတန်သလို အကြည့်တွေရဲ့ ထိုးစိုက်ရာ ပစ်မှတ်တစ်ခုပါ။ အောင်မြင်သူတွေရဲ့ အောင်ပွဲခံသြ၀ါဒတွေအတွက် အချိန်မရွေး အသင့်ရှိနေတဲ့ ခွက်အလွတ် တစ်လုံးပါ။ ညှိုးငယ်စွာ ရပ်နေတဲ့ လူအနားမှာမှ တချို့တွေရဲ့ ကိုယ်ရောင်ကိုယ်ဝါတွေက ပိုမိုတောက်ပလွန်းကြတယ်လေ။

ကျွန်တော့်ဟာသက ကျွန်တော့်ကျရှုံးခန်းတွေကို ပြန်ပြန်ရစ်ကြည့်ရခြင်းပါပဲ။ အသံတိတ် ရယ်မောရင်း ခဏ ခဏ ညထဲ သေဆုံးနေရတဲ့အကြောင်း ဘယ်သူတွေ သိနိုင်ပါ့မလဲ။ မိတ်ဆွေကနေ ဖြစ်သွားတဲ့ ရန်သူတွေ၊ ချစ်ခင်မှုကနေ အသွင်ပြောင်းသွားတဲ့ နာကြည်းမှုတွေ၊ ယုံကြည်မှုကနေ ရွေ့လျောသွားတဲ့ သံသယတွေ။ အားလုံးဟာ နှလုံးသားနည်းနည်းပဲ ရှိတယ်ဆိုတဲ့ အကြောင်းကို လက်မခံလို့မရတဲ့ နေ့ရက်တွေကို ကျွန်တော် ရရှိခဲ့ဖူးပါတယ်။ တချို့ သစ္စာတရားတွေက ကင်းခြေများတစ်ကောင်ထက် ခြေထောက်တွေ ပိုများပါတယ်။ ဉာဏ်ပညာရော၊ အတွေးအခေါ်ရော၊ ချစ်ခြင်းမေတ္တာရော ကျွန်တော့်ဆီမှာ ဘာမှရှိမနေဘူးလို့ ပြောလာတဲ့လူက အခွံသက်သက်ဖြစ်နေတဲ့ အခါ ကျွန်တော် ဆွံ့အနေရုံကလွဲပြီး ဘာတတ်နိုင်ပါဦးမလဲ။

ရုပ်ပြသက်သက်လောကမှာ လှေကားထစ်တွေရဲ့ မရိုးဖြောင့်မှုကို တွေ့ခဲ့ရတယ်။ အမြင့်က လူတွေရဲ့ အောက်စိုက်ကျနေတဲ့ စိတ်ဓာတ်တွေကို မြင်ခဲ့ရတယ်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့တွေ အောင်သေ အောင်သား စားနေကြတဲ့အခါ လောကကြီး မှောင်မသွားတာ မထူးဆန်းဘူးလား။ ရုပ်ရှင်ထဲကအတိုင်းဆို ဇာတ်လိုက်က ပြန်ထလာရမှာပေါ့။ တကယ့်ဘ၀မှာကျ ဘယ်သူမှ လူကြမ်းမဟုတ်ကြဘူး။ လူတွေနဲ့ လူအဖြစ်က လျှောကျသွားတဲ့ လူတွေပဲရှိတယ်။ အသံကျယ်မှ ပဲ့တင်ပိုထပ်တတ်တဲ့ လောကပါပဲ။ အမှန်တရားဆိုတာ မှတ်ပုံတင်ကတ်ပြားလို လူတိုင်း ကိုင်ဆောင်ထားတဲ့ အရာပါပဲ။ တစ်ယောက်အမှန်တရားနဲ့ တစ်ယောက်ကို ထိုးခုတ်ရတာ ချိုမြိန်လွန်းပါသလား။ တရားကို အလွတ်ကျက်ထားတဲ့ ပါးစပ်တွေထဲက ပုပ်အဲ့နေတဲ့ အနံ့အသက်တွေကို ကွယ်ရာမှာ ထိုးအန်ခဲ့ဖူးပါတယ်။

လက်နက်ကိုင်တွေက မေတ္တာတရားအကြောင်း ဟောပြောနေတော့ သေသွားတဲ့ လူတွေက သာဓုခေါ်ကြရမယ့် အနေအထားမျိုးလား။ အသံထွက်ကောင်းတဲ့ လော်စပီကာတွေ အများအပြားနဲ့ ကမ္ဘာ။ မပြေလည်မှုဟာ အရိပ်လို လိုက်ပါနေတတ်တော့ အရာရာကို မြည်းစမ်းရုံထက်ပိုပြီး မလေးနက်ချင်တော့ဘူး။ လူလူချင်း အရသာမဲ့လာတဲ့အခါ အခန်းကလေးဟာ ကျွန်တော့်ရဲ့ ကမ္ဘာဖြစ်လာတယ်။ ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားခြင်းက ခဏ ခဏ အရောင်ပြောင်းရတာထက် လိပ်ပြာကို ပိုလှစေလိမ့်မယ်လို့ ကျွန်တော် ထင်မှတ်နေမိပါတယ်။ အခန်းထဲမှာ ကိုယ့်အကြောင်းတွေကို ထိန်လင်းနေအောင် ထွန်းထားမယ်။ ကိုယ်ကြည့်မရတဲ့ လူတွေရဲ့ နာမည်ကို ဈေးပေါတဲ့စက္ကူပေါ်မှာ ချရေးပြီး သကြားတွေ ပုံထားလိုက်မယ်။ သူတို့ရဲ့ နာမည်တွေပေါ် အုံခဲလာကြမယ့် ပုရွက်ဆိတ်တွေကို ထိုင်ကြည့်မယ်။ ရူးသွပ်ဖွယ် အရသာရှိတဲ့ ပေါင်မုန့်ကို ကျွန်တော် စားသုံးနေတဲ့အခါ အခန်းတံခါးကို လာမခေါက်ကြဖို့တော့ ကြိုတင်တောင်းပန်ပါတယ်။














Copy Protected by Chetan's WP-Copyprotect.