ကာလတရားမျဉ်းသားပေါ်က အစက်အပြောက်များ

ကာလတရားမျဉ်းသားပေါ်က အစက်အပြောက်များ
Published 9 January 2018

မန္တလေးမြို့တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ညက နှစ်သစ်ကူးကာလကို စောင့်ဆိုင်းနေကြစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်၊ ရန်ပိုင်)

“ဟဲ့ ဘုရားပွဲရှိတယ်လေ မသွားဘူးလား”

ဘေးဆိုင်မှ မိန်းမတစ်ဦး၏ အသံတစ်သံက စူးကျင်စွာ ထွက်လာသည်။ ကျွန်တော့်မှာ မျက်လုံးကို မှိတ်ထားလိုက်ရ၏။ စကားသံသည် ထိုနေရာတွင် မရပ်သေး။ မြန်မာအသင်းရှုံးသည့်အကြောင်း၊ မနေ့ညက လှုပ်လှုပ်လှုပ်လှုပ် ဖြစ်သွားသည့် လူတို့ ကြောက်ကြသည့် ကိစ္စတစ်ခုအကြောင်း။ အမျိုးသမီးတစ်အုပ် စကားများကို တရစပ် ပြောနေကြသည်။ အဖြေကို သိချင်လှသည်လည်း မဟုတ်ကြသော မေးခွန်းများ မေးနေကြသည်။ စကားတစ်ခွန်း မဆုံးခင်မှာပင် ဖြတ်၍ နောက်အကြောင်းကိစ္စတစ်ခုကို ဆက်ပြန်သည်။ ဘာအဓိပ္ပာယ်မှ မရှိဘဲ စကားများ လျှောက်ပြောနေရခြင်းသည် နှစ်သက်ဖွယ်လည်းမရှိ။ ဆူညံသံများကို ကျွန်တော်က မကြိုက်။ သို့သော် ကားဂိတ်၊ ဆိုင်ကယ်ဂိတ်တို့ဆိုသည်မှာ အမြဲပွက်လောရိုက်နေတတ်သည့် နေရာ။ ရွာနှင့် မြို့ ပြေးဆွဲသည့် သုံးဘီးကားဂိတ်ဝင်းအတွင်းက ဆိုင်ခန်းတစ်ခန်းထဲရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း ဆူညံမှုကို မနှစ်မသက် ဖြစ်ရသည်မှာ ဖြတ်သန်းနေရသည့်ခေတ်နှင့်ပင် လျော်ညီနေသေးသည်။

ကျွန်တော်က ငြိမ်သက်စွာ လဲလျောင်းကာ ငေးနေရသည်ကို ကြိုက်သည်။ အဓိပ္ပာယ်မရှိ လျှောက်ပြောနေရသည်ကို မကြိုက်သော်လည်း အဓိပ္ပာယ်မရှိ တွေးနေရတာကိုတော့ ကြိုက်သည်။ သို့သော် မရ။ စကားသံများ လူခေါ်အော်ဟစ်သံများကို ကြားနေရသည်။ စကားလမ်းကြောင်းသည်လည်း အခြားတစ်ခုသို့ ပြောင်းသွားပြန်ပြီ။

စကားဝိုင်းအတွင်းသို့ ထပ်ပေါင်း ဝင်ရောက်လာသော အသက် ၈၄ နှစ်ရှိပြီဖြစ်သော အဘွားအိုကြောင့် မူလက ပြောနေခဲ့သော စကားစများ ချုပ်ငြိမ်းသွားသည်။ အဘွားအိုကို ဝိုင်းဝန်း၍ထိုင်ကာ အထူးအဆန်းလိုကြည့်၍ အံ့သြကုန်နိုင်ဖွယ် ပြောဆို မေးမြန်းနေကြသည်ကို ကြားနေရသည်။ အဘွားအိုမှာ သန်တုန်းမြန်တုန်း ရွာမှနေ၍ မြို့သို့ သုံးဘီးစီး၍ ဈေးတက်ဝယ်နိုင်သေးသည်တဲ့။ ဆံပင်မှာလည်း ဆေးမဆိုးပါဘဲ မည်းနက်နေတုန်းတဲ့။ အခုတစ်ခေါက် မြို့ပေါ်တက်ခြင်းသည် ဈေးဝယ်ရန်သက်သက်မဟုတ် လွန်ခဲ့သည့် နှစ်ရက်က ငရုတ်သီး ချွေတာများသွား၍ ဇက်ခိုင်နေသောကြောင့် အနှိပ်ခံရန်လာခြင်းဖြစ်သည်တဲ့။ သူတို့၏ စကားသံများဖြင့်ပင် သူတို့စကားဝိုင်း၏ အဓိပ္ပာယ်ကို သဘောပေါက်လာသည်။ အသက် ၈၄ ရှိပြီဟုဆိုသော အဘွားအိုကို မျက်စိထဲ မြင်ယောင်ကြည့်နေမိသည်။

အသက် ၈၄ နှစ်ဆိုသည်မှာလည်းသည် ခေတ်ထဲ ဖြစ်ခေါင့်ဖြစ်ခဲဟုပင် ပြောရမည်။ ထိုလောက် အသက်ရှည်လျှင်လည်း အများစုမှာ အိပ်ရာပေါ်တွင် အိပ်ရာပူနာများပေါက်လျက် ဆေးပိုက်တန်းလန်းဖြင့် နေရမည်။ သို့မဟုတ်လျှင်လည်း တစ်နေ့လျှင် လက်သီးတစ်ဆုပ်စာ ဆေးများ ပါးစပ်နှင့် လက်မပြတ်ရအောင် မျိုချနေရပြီး ထိုင်ခုံတစ်ခုပေါ်တွင် ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေရတော့မည် မဟုတ်လား။ နားမထောင်ဘဲ ကြားနေရသည့်နောက်တော့ ကျွန်တော်လည်း ထိုစကားဝိုင်းသို့ လှမ်းနားစွင့်နေမိသည်။ တကယ်တော့ ထိုစကားဝိုင်းကို မြင်ရရန် ကျွန်တော့်အတွက် သိပ်အားထုတ်ရန်မလို ပက်လက်ကုလားထိုင်မှ နည်းနည်းဖြေလျှော့ထ၍ ကြည့်လိုက်ရန်ပင်။ သို့သော် ကျွန်တော် မကြည့်။ သူတို့၏အသံကိုသာ မျက်လုံးမှိတ်၍ နားစွင့်နေလိုက်သည်။ အဘွားအိုသည် သူ့ဘဝဖြတ်သန်းမှု၊ သူ့အဘိဓမ္မာကို ဖြည်းညှင်းစွာ ဆက်လက်ပြောပြနေသည်။

“သားယောကျ်ားလေးတွေများ ဘာမှမကောင်းဘူး။ ငါ့ဘာသာ ငရုတ်သီးချွေတာ သူက လာငေါက်နေသေးတယ်။ ဟဲ့ ငါလုပ်ချင်လို့လုပ်တာပေါ့။ ဘာဖြစ်လဲ သမီးမိန်းကလေးတွေပဲ ကောင်းတယ်။ မိဘကို သိတတ်တယ်။ ပြောသာပြောတာ ဒီနေ့အထိ ကိုယ့်ဟာကိုယ် ချက်စားတယ်။ အလုပ် ကိုယ့်ဘာသာ လုပ်စားတယ်။ ငှားစားတယ်ပဲ ထားပါဦး။ နက်ဖြန်ဆို နှမ်းရောင်းမယ်လေ။ အလုပ်လုပ်လို့ ငါ ဒီလို ကျန်းမာနေတာနဲ့တူတာပဲ။ ပြီးခဲ့တဲ့နှစ်က စစ်ကိုင်းက ဆရာလေးက ဟောသွားတာ။ အရီးဝင့် တော့်မယ် ကျောကုန်းနေပူခံ မဲှ့ပါတယ် နားရမှာကို မဟုတ်ဘူး။ အလုပ်လုပ်ပဲ လုပ်နေရမှာတဲ့။ မှန်တယ်တော်။ ငါက နေလည်းမနေတတ်ဘူးလေ။ ပန်းကန်ဆေးတာတောင် ဟိုမြေးမ ဆေးနေရင် ငါ့ စိတ်တိုင်းမကျဘူး။ ငါကတော့ ယူပြီး ပြန်ဆေးတာပဲ။ အံမယ် ငါ့မှာ တီတောင်ရှိနေပြီလေ။ မြစ်က မွေးတာ။ အံ့သြစရာ မကောင်းဘူးလားအေ့။ အဲဒီ မြေး မြစ် တီတွတ် ဆိုတာတွေ မှတ်ပုံတင်ရုံးက စာရွက်တွေထဲမှာပဲ ရှိမယ်ထင်တာလေ”

အဘွားအိုစကားများသည် တောင်ရောက်မြောက်ရောက် ဖြစ်နေသည်။ အစီအစဉ်က မကျ။ (အင်းလေ ထိုင်ပြီး စကားတွေ လျှောက်ပြောနေနိုင်တာပဲ တော်လှပြီ။) ကျွန်တော်ဆိုလျှင် ဘယ်အသက်အရွယ်လောက် အထိ အသက်ရှင်နေနိုင်မလဲ စဉ်းစားကြည့်မိသည်။ သေရမည့်ကိစ္စမှာ စဉ်းစားချင်စရာမကောင်း။ အသက်မှကြီးပါဦးမလား မပြောနိုင်။ ကျွန်တော်သာ အသက်ကြီးလာရင် အဘိုးကြီးဖြစ်၊ တစ်ယောက်တည်း အခုလို ပက်လက်ကုလား ထိုင်ပေါ်ထိုင်နေရင်း တစ်ယောက်တည်း ခပ်တိုးတိုးစကားများ ပြောနေမည်ထင်မိသည်။ တစ်ယောက်တည်း စကားပြောတတ်သည့်အကျင့် ကျွန်တော့်တွင် ရှိနေသည်ကို ယခင်က သတိမထားမိ။ သတိထားမိသည့်အချိန်တွင် ကျွန်တော့်မှာ ထိုအကျင့်က စွဲနေပြီ။ ထိုသို့ အကျင့်စွဲနေသည်ကိုသိပါမှ တစ်ယောက်ယောက်များ ကြည့်နေမလားဟူ၍ ရှက်စိတ်က ဖြစ်မိသေးသည်။ နောက်ပိုင်းတွင် မဖြစ်တော့။ အလိုလိုနေရင်း စိတ်ကူးထဲမှ အကြောင်းများကို စကားများ ပြောပြောတတ်လာသည်။ လူတစ်ယောက်နှင့် စကားပြောနေပုံမျိုးတော့ မဟုတ်ပါ။ ဒဏ်ရာက နာကျင်လှ၍ တစ်ယောက်တည်း ညည်းနေသည့် လေမျိုးလောက်သာ။ ခပ်တိုးတိုး။ ယခု အဘွားအိုပြောနေသည့် အကြောင်းအရာမျိုးတို့နှင့် ခပ်ဆင်ဆင် ဖြစ်ချင်ဖြစ်မည်။

လူ့ဘဝသည် ကုန်လွယ်လွန်းလှ၏။ ဘာဆို ဘာကိုမှကောင်းကောင်း မဖြတ်သန်းရ သေးမီမှာပင် အိုမင်းတွင်းဆုံးသို့ ရောက်ရတော့မည်ဟု ခဏ ခဏ တွေးမိနေသည်။ ခေတ်ကလည်း လူတို့ကို စိတ်ဒဏ်ရာ ကိုယ်ဒဏ်ရာ ကိုယ်စီဖြင့် အိုမင်းရင့်ရော်သွားစေရန် တွန်းပို့ပေးနေသည်။ တစ်ဖက်အခန်းမှ အဘွားအိုကတော့ စကားများပြောကောင်းနေဆဲ။ သက်ကြီးသက်ငယ်ကြား အမျိုးသမီး တစ်စုကလည်း စပ်စုမေးမြန်းဆဲ။

“ရွာကို ဓားပြတိုက်တာလား။ အဲဒါလည်း ရွာထဲကပဲ လက်ထောက်ချတာပေါ့အေ။ အဲဒီတုန်းက သုံးအိမ် တိုက်သွားတယ်။ ဘီးတွေ၊ ခြေကျင်းတွေကို အများကြီးပဲ ပါသွားတာ။ ငါတို့က စိန်တွေ မရှိပါဘူး။ ရှိတာက မသန်းကြည်တို့၊ မသန်းကြည်ဆိုရင် သူ့နားထင်ကို ဒီလိုကြီး သေနတ်နဲ့ ထောက်ထားတော့ ဟိုးအိုးထဲမှာ ဒီအိုးထဲမှာ ဟော့ဟိုက အိုးထဲမှာ အိုရှိသမျှအကုန် လက်ညှိုးထိုးပြလိုက်ရတော့တာပဲ။ သူ့ယောကျ်ား ကိုထွန်းကိုကျတော့ အိမ်အောက်မှာ လက်ကို နောက်ပစ် ကြိုးချည်ပြီး ရင်ဘတ်ကို နွားထမ်းပိုးတုတ်နဲ့ ရိုက်ထားတာ ရင်ဘတ်ကြီးကို ညိုမည်းစွဲလို့ သေတော့မသေပါဘူး။ နောက်တော့ မိတော့ မိတာပေါ့အေ။ တစ်ဖက်ရွာကလူပဲ သိတာပေါ့။ ဒါပေမဲ့ ရုံးတက်တော့ သူတို့က တိုက်ရာပါ ပစ္စည်းနဲ့ လာဘ်ထိုးနိုင်တယ်လေ။ ဒီမှာက အကုန်ပါသွားပြီ။ ဘယ်လိုပေးနိုင်တော့မှာလဲ။ အဲဒီတော့ ရှုံးတာပေါ့အေ့။ သနားပါတယ်။ မသန်းကြည်တို့ ကိုထွန်းတို့ သေလည်းသေ ကုန်ကြပါပြီ”

အဘွားအို၏ စကားမှာ နားထောင်ရင်း နားထောင်၍ ကောင်းလာသည်။ စိတ်ဝင်စားစရာ ဖြစ်လာသည်။ အစောပိုင်းက ထိုအဘွားအိုကို ဘေးက ဝိုင်းထိုင်နေကြသူများက တစ်ယောက် တစ်ခွန်း တစ်ယောက် တစ်ပေါက် မေးမြန်းနေရာမှ ယခုတော့ အဘွားအိုက သူပြောချင်ရာကို စိတ်လိုလက်ရရှိသလို ပြောပြနေတော့သည်။

“ဗိုလ်ချုပ်ကိုလား မြင်တော့ မမြင်လိုက်ရပါဘူး။ ဟိုခေတ်က ဒီလိုမလွယ်ဘူးအေ့။ ရွာကနေ မြို့တက်ဖို့ နွားမရှိတော့လို့ မရောက်လိုက်ဘူး။ ဗိုလ်ချုပ်သေတော့ ငါက အပျိုပေါက် ၁၄၊ ၁၅ နှစ်လောက်တော့ ရှိမယ် ထင်တာပဲ။ ကောင်းကောင်းတော့ မမှတ်မိပါဘူး။ ဒီဘက်ခေတ်ကလေးတွေ ညည်းတို့ ကံကောင်းကြပါတယ်အေ။ ဟော မော်တော်ကားတွေ မော်တော်ဆိုင်ကယ်တွေနဲ့ လွယ်နေပြီ။ တယ်လီဖုန်းတွေနဲ့ အဝေးကြီးကိုတောင် လှမ်းပြောလို့ရနေပြီပဲ။ အို ငါတို့တုန်းကတော့ ဘာမှမလွယ်။ ကလေးဆိုလည်း ဒီလိုပဲ ဝမ်းဆွဲသည်နဲ့ တပြွတ်ပြွတ်မွေးရတာပဲ။ အကြီးဆုံးသားက သေတာကြာပြီလေ။ အခုနေရှိရင် ၆၀ ကျော်လောက်တော့ ရှိမှာပေါ့။ မတွက်တတ်တော့ပါဘူး”

ဂိတ်အတွင်း ဝင်လာသော ဆူညံလွန်းလှသည့် စက်သံနှင့် သုံးဘီးဆိုင်ကယ်ကြောင့် သက်ကြီးစကား သက်ငယ်ကြားအစီအစဉ် ကလေး ပျက်စီးသွားသည်ထင်သည်။

“အရီးဝင့် အရီးဝင့်ဗျို့ အရီးဝင့် ခင်ဗျား မလဲ ခေါ်လိုက်ရတာဗျာ။ ကြားရဲ့သားနဲ့။ လာတက်တော့ သွားကြမယ်” သုံးဘီးသမားက အဘွားအိုကို အော်ဟစ်မာန်မဲ၍ ခေါ်နေသည်။ မျက်နှာက အလိုမကျ စိတ်မရှည်သည့် ဟန်က လိုအပ်သည်ထက်ပင် ပေါ်လွင်နေသေးသည်။ အဘွားအိုက “အေးပါ အေးပါ လာပါပြီဟယ်” ဟု မျက်နှာငယ်ငယ်နှင့်ဆိုကာ သုံးဘီးပေါ်သို့ တက်ရန် ခက်ခက်ခဲခဲ ကြိုးစားနေ၏။ အမျိုးသမီးငယ်တစ်ယောက်က နောက်မှ ကူတွန်းပေးလိုက်မှ နေရာကျလေသည်။ ထို့နောက် ဝင်လာတုန်းကကဲ့သို့ပင် ဆူညံလှသော အသံဗလံအစုံဖြင့် သုံးဘီးဆိုင်ကယ်ကား ပြန်လည်ထွက်ခွာသွားလေတော့သည်။ ဤမျှ ကြမ်းတမ်းလှသော အမောင်းသမားနှင့် ရွာလမ်းကြမ်းများပေါ် အဘွားအို ဘယ်လိုများ စီးနင်းလိုက်ပါခဲ့ရပါလိမ့်။ တကယ့် ဘဝမှာရောပေါ့။

ပြီးတော့ ကားဂိတ်ကလေးမှာ အနည်းငယ် ငြိမ်ကျသွားသည်။ သို့သော် ခေတ္တ ကလေးမျှသာ ဖုန်မှုန့်တို့ ဝေ့လည်ကျန်ရစ်ခဲ့သည့် ညနေစောင်းနေရောင်ခြည်တွင်းသို့ ကလေးငယ်တစ်အုပ် ပြုံးရွှင်စွာ အော်ဟစ်၍ တိုးဝင်လာကြသည်။ ကာလတရားမျဉ်းသားပေါ်က မထင်ရှားသော အစက်အပြောက်လေးတွေများလား ဒါမှမဟုတ် ဘယ်က ကလေးငယ်တွေများပါလိမ့်။

Most Read

Most Recent