တက်ကျမ်း

တက်ကျမ်း
Published 9 January 2018

ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ဖွင့်လှစ်ရောင်းချသော စာအုပ်ဈေးပွဲတော်တွင် ဝယ်ယူဖတ်ရှု လေ့လာနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဇော်အောင်)

လွန်ခဲ့တဲ့ရက်က ကျွန်တော့်ဆီ မိတ်ဆွေတစ်ယောက် ဖုန်းဆက်လာတယ်။ ကျွန်တော်ရေးတဲ့ ‘အောင်မြင်မှုဆီသို့’ ဆိုတဲ့ စာအုပ်ကို သူ့သား ဖတ်ချင်လို့တဲ့။

ဒီစာအုပ်ကို လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကျော်က ရေးသားထုတ်ဝေခဲ့တာ ဖြစ်တယ်။

ကျွန်တော်ဖုန်းဆက်တာကိုကြားတဲ့ ဘေးက သူငယ်ချင်းက “အဲဒီတက်ကျမ်းကို ဖတ်ဖူးတယ်” လို့ ပြောပါတယ်။

သူ ဝယ်ထားပါတယ်တဲ့။

ကျွန်တော့်ကိုလည်း တက်ကျမ်းတစ်အုပ်တည်းရေးသူလို့ ကင်ပွန်းတပ်တယ်။

တိုးတက်အောင်မြင်ရေးနဲ့ ပတ်သက်ပြီး တွန်းတွန်းထိုးထိုးရေးတဲ့ စာစောင်တွေ စာအုပ်တွေကို တက်ကျမ်းလို့ ခေါ်ကြပါတယ်။

အောင်မြင်တဲ့ စာရေးဆရာတချို့ဟာ တက်ကျမ်းကို ရေးပြီး လူသိများကြပါတယ်။

ဥပမာ ဒီနေ့ပြန်ကြားရေးဝန်ကြီး ဖြစ်နေတဲ့ ဆရာဖေမြင့်ဆိုရင် သူ့ရဲ့တက်ကျမ်းတွေကြောင့် နာမည်ကြီးတာကို တွေ့ရပေမယ်။

ဆရာကောင်းသန့်ဆိုရင်လည်း သူ့ရဲ့ သမီးလေးဖတ်ဖို့ဆိုတဲ့ စာအုပ်တွေကြောင့် နာမည်ကြီးတာပါပဲ။

သူတို့နှစ်ယောက်လုံးဟာ အမျိုးသား စာပေဆုရကြပေမယ့် ဘယ်စာအုပ်နဲ့ ရတယ်ဆိုတာ လူသိမများပါဘူး။

တကယ်တမ်း တက်ကျမ်းဟာ လူအများ (အထူးသဖြင့် တက်ကြွတဲ့လူငယ်တွေ) ကို တွန်းအားပေးတာပါပဲ။

တက်ကျမ်းတွေဟာ လောကမှာ အောင်မြင်အောင် နေထိုင်တဲ့ပုံစံတွေကို ရေးပြတယ်။ အတွေးအခေါ်တွေကို တင်ပြတယ်။ တက်ကျမ်းတွေဟာ တိုက်ရိုက်လမ်းညွှန်တာတွေလည်း ဖြစ်တယ်။

ကျွန်တော်က တက်ကျမ်းတွေကို ဖတ်ပေမယ့် သိပ်တော့ ဘာသာမပြန်ဖြစ်ပါဘူး။

ကျွန်တော်ကြိုက်တဲ့ တက်ကျမ်းတွေကတော့ ဒေးကာနက်ဂျီရဲ့ မိတ္တဗလဋီကာ (ဦးနု ဘာသာပြန်) နဲ့ သောကကင်းဝေးနေနိုင်ရေး (တက်တိုးဘာသာပြန်) တို့ပါပဲ။

တက်ကျမ်းတွေကို သဘောပေါက်စေဖို့ ခု ကျွန်တော် ဘာသာပြန်ထားတဲ့ ‘အောင်မြင်မှုဆီသို့’ စာအုပ်ဆီက အတွေးတချို့ကို တင်ပြပါမယ်။

အခြေအနေကို ဖြစ်အောင်ဖန်တီးတတ်ဖို့ လေ့လာသင်ယူခြင်း

အခြေအနေတစ်ခုကို သူ့ဘာသာသူ မဟုတ်ဘဲ မိမိကိုယ်တိုင်ဖြစ်လာအောင် ဖန်တီးခြင်းကို Proactive လို့ သုံးကြတယ်။ ဒီစကားကို လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကစပြီး မိမိကိုယ်ကိုယ် တိုးတက်အောင် တည်ဆောက်ခြင်းဆိုတဲ့ (ကိုယ့်ထူးကိုယ်ချွန်) တက်ကျမ်းတွေထဲမှာ တွေ့ကြရတယ်။ Proactive ဖြစ်တယ်ဆိုတာဟာ မိမိကိုယ်တိုင် စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိခြင်းနဲ့ အခြေအနေတစ်ရပ်မှာ ပြဿနာကို ဖြေရှင်းနိုင်ခြင်းတွေကို ဖော်ပြတယ်။

Proactive: Taking Initiative Taking The Initiative By Acting Rather Than Reacting To Events

လူတွေမှာ ဒီလို ဆောင်ရွက်နိုင်တဲ့ စွမ်းရည်တွေရှိတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက လူအများဟာ ဒီသဘာဝစွမ်းရည်ကို အသုံးမချကြဘူး။ သူတို့ဟာ မိမိတို့ ကိုယ်တွင်းမှာ ရှိနေတဲ့ အဲဒီအရည်အချင်းကိုလည်း သတိမပြုမိကြဘူး။

Proactive ဖြစ်စဉ်ဟာ ဉာဏ်ရည်တစ်မျိုးအနေနဲ့ တည်နေတာဖြစ်တယ်။ သူ့ကို ကြီးထွားအောင် လုပ်လို့ရတယ်။ တိုးပွားအောင်လည်း လုပ်လို့ရတယ်။ ဒါပေမဲ့ မသိနားမလည်သူတွေကတော့ Proactive ဖြစ်ခြင်း သဘာဝကိုလည်း ကြီးထွားအောင် လုပ်နိုင်စွမ်း မရှိကြဘူး။

ကျွန်တော်တို့ကို တစ်စုံတစ်ခုက သက်ရောက်စေရင် ကျွန်တော်တို့က ဒါကို ခုခံကာကွယ်ဖို့ ဆောင်ရွက်တတ်ကြတယ်။

ရုတ်တရက် တုံ့ပြန်တာမျိုးကို သတိပြုမိမှာပါပဲ။

ဒီနေရာမှာ အပေါင်းမြင်ကာ ဆောင်ရွက်ခြင်းနဲ့ အနုတ်အမြင် ဆောင်ရွက်ခြင်းဆိုပြီး နှစ်မျိုးနှစ်စား ခွဲထားလို့ရတယ်။ ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ။

မစဉ်းစားဘဲ တုံ့ပြန်မှာလား။ စဉ်းစားပြီးမှ တုံ့ပြန်မှာလား။

မစဉ်းစားဘဲ တုံ့ပြန်တာကို React လို့ ဆိုတယ်။

စဉ်းစားတုံ့ပြန်တာကိုတော့ Respond ပြုတယ်လို့ဆိုတယ်။

တကယ်တော့ စဉ်းစားပြီး တုံ့ပြန်မှု (Respond) ဟာ ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ပေးတယ်။

မစဉ်းစားဘဲတုံ့ပြန်မှု (React) ပြုရင်တော့ တစ်ခါတစ်ခါ ကောင်းမွန်တဲ့ ရလဒ်ကို မပေးဘူးပေါ့။

ကျွန်တော်တို့ရဲ့ နေ့စဉ်တုံ့ပြန်မှုတွေဟာ အခြေအနေအရ စဉ်းစားပြီး တုံ့ပြန်မှု (Respond) သို့မဟုတ် မစဉ်းစားဘဲ တုံ့ပြန်မှု (React) တစ်ခုခုဖြစ်နေမှာပဲ။ ကျွန်တော်တို့ဟာ မိမိ ရွေးချယ်တဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး တန်ပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်လာတယ်။ ဥပမာ။ တစ်စုံတစ်ယောက်က သင့်ကို ဆဲရေးတိုင်းထွာတဲ့အခါ သင်က ဒေါသနဲ့ တုံ့ပြန်မယ်ဆိုပါစို့။ သင်တို့ နှစ်ယောက်အကြား ထိုးကြိတ်မှုတွေ ဖြစ်ပွားမှာပေါ့။ ဒီလိုမလုပ်ဘဲ ပြုံးပြီး တစ်ဖက်လှည့် ထွက်သွားလို့လည်း ရပါတယ် (တကယ်တော့ ဒါဟာ လူတစ်ယောက်အတွက် မလွယ်ပါဘူး)။

စဉ်းစားကြည့်ပါ။ သူ့ကို လက်တုံ့ပြန်တယ်ဆိုတာ ဘာမှအကျိုးရှိတာမှ မဟုတ်ပဲ။ သင်ဟာ ဒီလိုမျိုးတွေမှာ ပါဝင်ပတ်သက်တယ် ဆိုရင်တော့ အလဟဿ အချိန်နဲ့ စွမ်းအင် ကုန်ဆုံးတာပဲ။ ထိခိုက်အနာတရလည်း ဖြစ်နိုင်သေးတယ်။

ဒီလို ထိခိုက်ဒဏ်ရာရမှုတွေ အများကြီးပဲ။ ဘဝမှာ ဒီပြဿနာမျိုးတွေ အများကြီး တွေ့ရ ကြုံရတတ်ပါတယ်။

ဒီအခါ အပေါင်း (Positive Way) နဲ့ သာ စဉ်းစားတုံ့ပြန်ပါ။ မစဉ်းမစားဘဲ တုံ့ပြန်မှုဟာ အကျိုးမရှိပါဘူး။

မှတ်သားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုကတော့ ဗစ်တာဖရင်ကယ်ရဲ့ အကြောင်းပါပဲ။ ဖရင်ကယ်ဟာ နာဇီစစ်စခန်းမှာ ဖြစ်ပျက်ခဲ့တဲ့ သူရဲ့ အတွေ့အကြုံကို (Man's Search for Meaning) ဆိုတဲ့ စာအုပ်ထဲမှာ ရေးသားထားတာဖြစ်တယ်။

အဲဒီစာအုပ်မှာ သူက လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ဘယ်သူမှ ယူသွားလို့ မရဘူးလို့ ဆိုတယ်။

လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်။ သူက လွတ်လပ်ခွင့်ဆိုတာဟာ “လူတစ်ယောက်ရဲ့ သဘောထားကို အခြေအနေ တစ်ခုမှာ ရွေးချယ်ထားရှိခြင်းပါပဲ။ လူဟာ သူရဲ့သဘောအလျောက် သူရွေးချယ်တာပဲ” လို့ ပြောသွားတယ်။

သူ့ကို ထောင်ထဲမှာ ဆန့်ကျင်ကြတယ်။ ဒါပေမဲ့ သူတို့ကို ကောင်းမွန်တဲ့ သဘောထားနဲ့ တုံ့ပြန်တယ်။ သူဟာ ထောင်ထဲမှာ အသုံးဝင်သူဖြစ်လာတယ်။ သူ့ကို အများက ရိုသေကြတယ်။ သူ လုပ်ချင်တာတွေ လုပ်နိုင်လာတယ်။ ဒါကြောင့် အကျဉ်းထောင် အရာရှိတွေက သူ့ကို ကောင်းကောင်း ဂရုတစိုက် ထားရှိခဲ့တယ်။

ဒီဥပမာကို ကြည့်ရင် သင်ရဲ့ဘဝမှာ Proactive ဖြစ်အောင်လုပ်ဖို့အတွက် များစွာ အရေးကြီးတယ်ဆိုတာကို သိနိုင်တယ်။

ဒီလို Proactive ဖြစ်လို့ရှိရင် နေ့စဉ် ဘဝဟာလည်း ပြောင်းလဲလာပြီး ဘဝရဲ့ အရည်အသွေးဟာလည်း မြင့်မားလာမှာဖြစ်တယ်။

သင့်ရဲ့ ဇနီး (ခင်ပွန်း) ကို မကျေမနပ်ဖြစ်ပြီး ပြောင်းဖို့ ကြိုးစားမယ့်အစား ဘာလို့ မိမိကိုယ်ကိုယ် မပြောင်းနိုင်ရတာလဲ။ ကိုယ်တိုင်ပြောင်းလဲမှုကို ဘာကြောင့်မလုပ်နိုင်တာလဲ။

ပြဿနာတွေ့လာတဲ့အခါ စိတ်ဆင်းရဲပါသလား။ ဒါမှမဟုတ် စိန်ခေါ်မှုကို လက်ခံပါသလား။

အခြေအနေက သင့်ကို အနိုင်ရသွားတာကို ခုခံနေမှာလား ဒါမှမဟုတ် တစ်ဖက်ကနေ အဖြေရှာသွားမှာလား။

ကားတွေ ပိတ်မိနေတဲ့အကြား ရောက်သွားလို့ရှိရင် ဆဲနေမလား၊ ကျိန်ဆဲနေမှာလား၊ ဒါမှမဟုတ် အနားရတယ်ဆိုပြီး စိတ်လက်ပေါ့ပါးစွာနဲ့ သီချင်းလေးနားထောင်မလား။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ဘယ်အခြေအနေမှာဖြစ်ဖြစ်၊ သင်ဟာ (အကောင်းဖက်ကနေ) စဉ်းစားပြီး တုံ့ပြန်မှာလား ဒါမှမဟုတ် မစဉ်းစားဘဲ တုံ့ပြန်မှာလား။

ဒီနေရာမှာ စဉ်းစားရမှာက ကျွန်တော်တို့ရဲ့ သဘာဝပဲ။ ကျွန်တော်တို့ဟာ အလေ့အထကို ‘အထုံစွဲ’ တဲ့ သတ္တဝါတွေဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ အလေ့အထဟောင်းတွေဟာ မစဉ်းစားဘဲ တုံ့ပြန်တတ်တဲ့ သဘောရှိကြတယ်။

ဒါကြောင့် အလေ့အထသစ်ကို အလေ့အကျင့် လုပ်ဖို့အတွက် မလွယ်လှဘူး။ တကယ်တော့ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေဟာ တစ်ခါတရံ အန္တရာယ်ကို ကာကွယ်ဖို့ဖြစ်ပြီး အရိုးထဲစွဲနေတဲ့ အလေ့အကျင့်ဖြစ်လို့ပါပဲ။ ဒီလို လျင်မြန်စွာ တုံ့ပြန်ဖို့လိုတာက ဒါဟာ သဘာဝကပေးထားတဲ့ ဘေးအန္တရာယ်ကို တုံ့ပြန်ဖို့ပဲ ဖြစ်တယ်။ ဒါကြောင့် တုံ့ပြန်တယ် ဆိုတာဟာ ကျွန်တော်တို့အနေနဲ့ စဉ်းစားဖို့ အချိန်မရှိတဲ့ ကာလတိုလေးမှာ ဖြစ်ပျက်သွားတာပါပဲ။
ကျွန်တော်တို့ တုံ့ပြန်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ မသိစိတ်ထဲမှာရှိတဲ့ ပရိုဂရမ်အတိုင်း တုံ့ပြန်တာပဲဖြစ်တယ်။ ဒါကြောင့် တုံ့ပြန်ခြင်း (Reaction) ဆိုတာဟာ မသိစိတ်ကနေ ဖြစ်ပေါ်လာပြီး အခြေအနေကို စဉ်းစားတုံ့ပြန်တဲ့ Proactive ဖြစ်ခြင်းဆိုတာဟာ သိစိတ်ကနေလာတာဖြစ်တယ်။

ပထမဟာက မစဉ်းစားဘဲ အလိုအလျောက် ဖြစ်လာတယ်။ ဒုတိယဟာကတော့ စဉ်းစားပြီးနောက် ဆင်ခြင်မှုကနေ လောဂျစ်နဲ့ ဖြစ်လာတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ တစ်ခါတစ်ခါ လိုအပ်တဲ့ တုံ့ပြန်မှုတွေကို ကျွန်တော်တို့အတွက် အလုပ်လုပ်ပေးစေချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ မသိစိတ်မှာရှိတဲ့ ပရိုဂရမ်ကို မိမိတို့ လိုအပ်တဲ့ စံပြပရိုဂရမ်အဖြစ်ကို ပြောင်းကြရမှာဖြစ်တယ်။ ဒီတော့ ဘာပြဿနာပဲ ပေါ်လာပေါ်လာ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်ပြီး အကျိုးကျေးဇူးရှိမှာဖြစ်တယ်။ ဒီအတွက် ကျွန်တော်တို့ဟာ ပြဿနာဖြစ်လာတိုင်းမှာ Proactive ဦးထုပ်ကိုဆောင်းပြီး ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ စဉ်းစားဖို့မလိုတော့ဘူးပေါ့၊ မသိစိတ်ဟာ ပရိုဂရမ်အသစ်နဲ့ ကျွန်တော်တို့ လိုအပ်တဲ့ပုံစံနဲ့ တုံ့ပြန်မှာဖြစ်တဲ့အတွက် အသိစိတ်က တုံ့ပြန်တာထက် လွယ်ကူပြီး ပိုအကျိုးပြုတဲ့ ရလဒ်တွေကို ရရှိမှာဖြစ်တယ်။

တကယ်တော့ ဒါဟာ သူရဲကောင်း အစစ်အမှန်အတွက် ဖြစ်လာတာပါပဲ။ သူရဲကောင်းတွေဟာ မိမိတို့ရဲ့ အန္တရာယ်ကို မစဉ်းစားဘဲ လူတစ်ယောက်ကို ကယ်ဖို့ ခုန်ချဝံ့တယ်။ ဒီလို ပရိုဂရမ်တွေဟာ သူရဲကောင်းတွေအတွက်ဖြစ်ပြီး သူရဲကောင်း အတုအယောင်တွေနဲ့တော့ ခြားနားတယ်။ သူရဲကောင်း အတုအယောင်တွေဟာ ကိုယ်ကျိုးကိုသာ ကြည့်ကြပြီး သူတို့ရဲ့ လုံခြုံရေးကိုသာ စိတ်ပူတတ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူရဲကောင်းဆိုတဲ့ နှစ်ဦးလုံးဟာ ‘တုံ့ပြန်’ ကြတာပါပဲ။ ပထမတစ်ဦးကတော့ သူရဲကောင်း စိတ်ဓာတ်ပရိုဂရမ်ကို ပြုလုပ်ထားတယ်။ နောက်တစ်ယောက်ကတော့ မိမိကိုယ်ကျိုးကိုသာကြည့်တဲ့ ပရိုဂရမ်ကို လုပ်ထားတယ်။ သင်ရဲ့ မသိစိတ်မှာ ပရိုဂရမ်အသစ် စတင်ဖို့ အလေ့အကျင့်လေးတွေ ပြုလုပ်ပါ။

သင်ရဲ့ မသိစိတ်မှာ ပရိုဂရမ်အသစ် စတင်သက်ရောက်မှုရှိတဲ့အခါ သင်ဟာ ဘယ်အခြေအနေမှာမဆို မှန်ကန်တဲ့ တုံ့ပြန်မှုကနေ အကျိုးရှိမှာဖြစ်တယ်။

သင့်အနေနဲ့ မှန်ကန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာတာကရတဲ့ အကျိုးကတော့ သင့်ကို အောင်မြင်မှုဆီ တွန်းပို့မှာပါပဲ။ ဒီအဆင့်ကို ရောက်ဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိရမယ်၊ မိမိ ဆောင်ရွက်နေတာကို သက်ဝင် ယုံကြည်မှုရှိရမယ်၊ ပြီးတော့ အကောင်းမြင်ရမယ်။ သင်ရဲ့ အခိုင်အမာတည်ဆောက်မှုဟာ ဘဝအတွက် လိုအပ်တာတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်။

× × ×

တက်ကျမ်းက အပိုင်းအစတစ်ခုကို အမြည်းပေးလိုက်တာပါ။ အောင်မြင်မှု သရဖူ ဆောင်းနိုင်ကြပါစေ။

Most Read

Most Recent