ယှဉ်ပြိုင်ကြတယ်ဆိုပေမဲ့ ဒါတွေကိုတော့ သတိပြုရလိမ့်မယ် ...

ယှဉ်ပြိုင်ကြတယ်ဆိုပေမဲ့ ဒါတွေကိုတော့ သတိပြုရလိမ့်မယ် ...
Published 8 January 2018

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အတည်ပြုပြဋ္ဌာန်းခဲ့သည့် ယှဉ်ပြိုင်မှုဥပဒေပါ အချက်များကို တွေ့ရစဉ်

(၁) စီးပွားရေးလုပ်ငန်းရှင်တွေ ကုမ္ပဏီလုပ်ငန်းနဲ့ စီးပွားရေးကဏ္ဍ အသီးသီးမှာ လုပ်ကိုင်နေကြတဲ့သူတွေအနေနဲ့ အချင်းချင်းကြားမှာ ယှဉ်ပြိုင်မှု အမြဲတမ်းရှိနေတတ်ပါတယ်။ တစ်ဆက်တည်းမှာပဲ လုပ်ငန်းတူချင်း၊ ဝင်ငွေ ရပေါက်ရလမ်းတူချင်း အထူးသဖြင့် ဈေးကွက်မှာ ပြိုင်ဘက်အသွင်ဖြစ်နေတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေကြားမှာ ပြိုင်ဆိုင်ကြတဲ့အခါမှာ သတိပြုသင့်တဲ့ အကြောင်းအရာတွေ၊ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေလည်း ရှိနေပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် လုပ်ငန်းတူချင်းကြားမှာ ပြဿနာတွေရှိတတ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းကြရတဲ့အထိ ရှိလာနိုင်ပါတယ်။

ဒီဇင်ဘာလအတွင်းက Mobile Application သုံး အွန်လိုင်း အငှားယာဉ်ဝန်ဆောင်မှုလုပ်ကြတဲ့ ကုမ္ပဏီအချင်းချင်းကြားမှာ ယှဉ်ပြိုင်မှုဥပဒေနဲ့ အမှုဖွင့်ကြတယ်ဆိုတဲ့ သတင်းဟာ စီးပွားရေးလောကအတွင်းမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဒဂုံလော်ဂျစ်စတစ် ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းရဲ့ ပြောကြားချက်အရ Hello Cabs အငှားယာဉ်ကုမ္ပဏီက Grab အငှားယာဉ်လုပ်ငန်းကို ယှဉ်ပြိုင်မှုဥပဒေအရ ပိတောက်ချောင်း နယ်မြေရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်ဆိုပြီး သတင်းမီဒီယာတွေမှာ ပါလာခဲ့ပါတယ်။ ဒီနေရာမှာ တိုင်ကြားခဲ့တဲ့ ‘ယှဉ်ပြိုင်မှုဥပဒေ’ ဟာ စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ ပထမဆုံးအနေနဲ့ သတိပြုစရာဖြစ်လာတဲ့ ဥပဒေတစ်ခုဖြစ်စေပါတယ်။ ဦးအောင်ဝင်းရဲ့ ပြောကြားမှုကို မီဒီယာတွေမှာ ဖော်ပြထားချက်အရ Grab ကုမ္ပဏီက Hello Cabs ရဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ လျှို့ဝှက် အချက်အလက်တွေကို ခွင့်ပြုချက်မရဘဲ အသုံးပြုတဲ့အတွက်လို့ဆိုပြီး အမှုဖွင့် တိုင်ကြားတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ Grab ရဲ့ လုပ်ငန်းစတင်ချိန်မှာ ဈေးကွက်အတွင်း ဆောင်ရွက်မှုတွေဟာ Hello Cabs ရဲ့ ဈေးကွက်တွင်း ဆောင်ရွက်မှု အချက်အလက်ကို မှီငြမ်းပြီး ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် တိုင်ကြားရတာဖြစ်တယ်လို့လည်း ဦးအောင်ဝင်းက မီဒီယာတွေကို ပြောကြားထားပါတယ်။ ကုမ္ပဏီနှစ်ခုကြားက ဥပဒေပိုင်းဆိုင်ရာ နောက်ဆုံးအခြေအနေကိုတော့ မသိရသေးပါဘူး။

ဒီနေရာမှာ စီးပွားရေးလုပ်ငန်းရဲ့ လျှို့ဝှက်ချက်တွေ၊ သတင်းအချက်အလက်တွေကို ပေါက်ကြားစေတာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်မှုကို မပြုလုပ်ရဆိုတဲ့ တားမြစ်ချက်ဟာ ယှဉ်ပြိုင်မှုဥပဒေထဲမှာ အတိအလင်း ပြဋ္ဌာန်းထားတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့်လည်း Hello Cabs အနေနဲ့ ယှဉ်ပြိုင်မှု ဥပဒေအရ အမှုဖွင့်တိုင်ကြားတာလို့ သိရပြီး ဒီဥပဒေထဲမှာ ပါတဲ့အချက်တွေကြောင့် စိတ်ဝင်စားစရာဖြစ်လာရတဲ့ ‘ယှဉ်ပြိုင်မှုဥပဒေ’ ကိုတော့၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင် အတည်ပြု ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

(၂) Mobile Application အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းနှစ်ခုကြား တရားစွဲမှုဖြစ်ခဲ့ရာကနေ ယှဉ်ပြိုင်မှုဥပဒေဟာ ပြိုင်ဘက်ကုမ္ပဏီကြားမှာ သတိပြုစရာဖြစ်လာရတဲ့ ဥပဒေတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့တယ်လို့ ပြောရင်လည်း မမှားပါဘူး။ ဒီဥပဒေထဲမှာ ပြိုင်ဘက်ကုမ္ပဏီတွေကြား မှန်ကန်မှုမရှိတဲ့ ယှဉ်ပြိုင်မှုတွေဟာ ဘာတွေလဲ၊ ကမ္ပဏီ အချင်းချင်းကြား မရိုးဖြောင့်တဲ့ လုပ်ဆောင်မှုတွေဟာ ဘာတွေလဲ။ ယှဉ်ပြိုင်ကြရာမှာ တခြားလုပ်ငန်း အကျိုးစီးပွားအပေါ် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်မှုတွေဟာ ဘာတွေလဲ။ ဒီလို လုပ်ဆောင်မှုတွေကို ဥပဒေပါ အချက်အလက်တွေနဲ့ ကာကွယ်ပြဋ္ဌာန်းထားပြီး ထိရောက်တဲ့ အရေးယူမှုနှင့် ယှဉ်ပြိုင်မှုပိုင်းကို မျှတအောင် ထိန်းကျောင်းပေးထားတာ တွေ့ရပါတယ်။

ကုမ္ပဏီအချင်းချင်းကြားမှာ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုတွေ၊ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုအလို့ ငှာဆောင်ရွက်ချက်တွေကို အသေးစိတ် ဖော်ပြပေးထားတာ တွေ့ရပါတယ်။ ကုမ္ပဏီနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ၊ စီးပွားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ခိုးယူမှုတွေ မရှိအောင် ထိန်းသိမ်းပေးထားတဲ့အပြင် ကုမ္ပဏီတစ်ခု၊ အခြားစီးပွားရေး လုပ်ငန်းတွေမှာရှိတဲ့သူတွေအပေါ် သွေးဆောင်ဖြားယောင်းမှု၊ ဆွဲဆောင်မှု မလုပ်နိုင်အောင်အထိ ဥပဒေနဲ့ ကန့်သတ်ထည့်သွင်း ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

ယှဉ်ပြိုင်မှု ဥပဒေတွေထဲမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေကြား မိမိတို့ရဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြုတဲ့ ဝယ်ယူသူအရေအတွက်၊ ဈေးကွက်ဝေစု၊ ဈေးကွက်လွှမ်းမိုးနိုင်မှုတို့ကို အပြိုင်အဆိုင် ယှဉ်ပြိုင်ဆောင်ရွက်ရာမှာ တားမြစ်ချက်တွေ မူဝါဒနဲ့ ဥပဒေအရ ထိန်းကွပ်ထားမှုတွေ ပါဝင်ပါတယ်။

ဒီဥပဒေရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေမှာ တရားသဖြင့် ယှဉ်ပြိုင်မှုတွေကို ပျက်ပြားစေဖို့ တစ်ဦးတစ်ယောက်၊ အစုအဖွဲ့က လုပ်ကိုင် ဆောင်ရွက်မှုတွေကို တားဆီးကာကွယ်ကာ စီးပွားရေးလုပ်ငန်းများကြားမှာ ကန့်သတ်ထားရှိတဲ့ သဘောတူညီချက်နဲ့ အစီအမံတွေကို ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ အချက်တွေ ပါဝင်တာ တွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ မှန်ကန်တဲ့ယှဉ်ပြိုင်မှုဖြစ်ဖို့အတွက် ယှဉ်ပြိုင်မှု ဥပဒေပါ အချက်တွေဟာ သိထားသင့်တဲ့ အချက်တွေဖြစ်လာပြီး မမှန်မကန် လုပ်ဆောင်တာတွေ၊ မမှန်တဲ့နည်းနဲ့ ယှဉ်ပြိုင်မှုတွေကို လုပ်ငန်းရှင်များကြားမှာ ဥပဒေနဲ့ အပြန်အလှန် ထိန်းကျောင်းဖို့ လုပ်ကြရမှာပဲ ဖြစ်ပါတယ်။

ဒီဥပဒေဟာ စီးပွားရေးလုပ်ငန်း အမျိုးမျိုးအပေါ် အကျိုးသက်ရောက်မှုရှိပြီး လုပ်ငန်းအမျိုးမျိုးမှာ ကြုံတွေ့နေရတဲ့ နည်းအမျိုးမျိုးနဲ့ မမျှတတဲ့ လုပ်ဆောင်မှုတွေ အလုပ်သမားခေါ်ယူမှုကအစ ကျင့်ဝတ်ချိုးဖောက်မှုတွေအပေါ် တားဆီးကာကွယ်ဖို့ ဥပဒေပုဒ်မအချို့ကိုလည်း ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

ကျွန်တော်တို့ဆီမှာ အလုပ်ရှင်နဲ့ ဝန်ထမ်းကြားက ကန်ထရိုက်စာချုပ်တွေ သဘောတူညီမှုပိုင်းတွေနဲ့ ပတ်သက်ပြီး ဥပဒေရဲ့ သက်ရောက်မှု အားနည်းတာတွေကြောင့် ကုမ္ပဏီတွေကြားမှာ မမျှတတဲ့ ယှဉ်ပြိုင်မှုတွေ ကျင့်ဝတ်အရ စောင့်စည်းသင့်တာတွေကို မစောင့်စည်းမှုတွေ ရှိနေတာ တွေ့ရပါတယ်။ အချို့ကုမ္ပဏီတွေဆိုရင် Job Hunter ပုံစံမျိုး ဝင်ငွေရပေါက်ရလမ်းတူ ကုမ္ပဏီအချင်းချင်းမှာရှိတဲ့ ဝန်ထမ်းတွေကို နည်းလမ်းတကျမဟုတ်ဘဲ ခေါ်ယူတာတွေ အဲလိုဝန်ထမ်းခေါ်ယူမှုတွေကနေ ပြိုင်ဘက်ကုမ္ပဏီတွေကို လုပ်ငန်းပိုင်းဆိုင်ရာအရပါ ရပ်တန့်သွားအောင် အနှောင့်အယှက် လုပ်ဆောင်တဲ့ ပုံစံမျိုးတွေလည်း ရှိနေပါတယ်။

ဒီလိုပြဿနာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဗဟိုကော်မတီဝင်ဖြစ်တဲ့ ဦးမျိုးမြင့်က “တကယ်တမ်းဆိုရင်တော့ အလုပ်ရှင်တိုင်းက စည်းစောင့်ပြီး တစ်ဖက် ကုမ္ပဏီကဝန်ထမ်းကို မက်လုံးပေးခေါ်တာ မလုပ်သင့်ဘူး။ ကျွန်တော့် ဆောက်လုပ်ရေးကုမ္ပဏီမှာဆိုရင် ကျွန်တော့် Labour၊ ကျွန်တော့် အင်ဂျင်နီယာကို တခြားကုမ္ပဏီက ဆွဲထုတ်သွားတာတွေ အများကြီးပဲ။ အမှန်ဆိုရင်တော့ သူတို့ကိုယ်တိုင် ကျင့်ဝတ်တွေအရ စည်းစောင့်သင့်တယ်။ ဒါကို အလုပ်ရှင်တိုင်း စောင့်ထိန်းရင် ပြဿနာမရှိဘူး။ အခုခေတ်က တချို့ကုမ္ပဏီတွေကလည်း ဘာလဲဆိုရင် Job Hunter ဆိုပြီး နာမည်တွင်တယ်။ ဘယ်ကုမ္ပဏီက ဝန်ထမ်းဆိုရင် အရည်အချင်းရှိတယ်။ အဲဒါဆိုရင် ခုနကပြောတဲ့ Job Hunter ကုမ္ပဏီက လိုက်ပြီပဲ။ အခုအဲဒါတွေ တော်တော်ခေတ်စားနေတယ်။ တကယ်တမ်းဆိုရင် ကုမ္ပဏီတွေက Ethic ရှိဖို့လိုတယ်။ မြန်မာနိုင်ငံမှာတော့ ဝန်ထမ်းကို ကုမ္ပဏီက ခံဝန်ကတိ၊ စာချုပ်တွေနဲ့ လုပ်ထားပေမဲ့ ခုနက ပြောသလို ပြဿနာတွေ ဖြစ်လာပြီဆိုရင်လည်း ဝန်ထမ်းရဲ့ သိက္ခာ၊ ကုမ္ပဏီရဲ့သိက္ခာကို ကြည့်ပြီး ဥပဒေလမ်းကြောင်းအရ မသွားတာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေးဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဒီမှာက ကြန့်ကြာနေတာတွေ ရှိနေတော့ တော်ရုံတန်ရုံမလုပ်ကြဘူး။ ဥပဒေလမ်းကြောင်းအရလည်း ရှုပ်ထွေးတာတွေက အများကြီးရှိနေတော့ မလုပ်တာလည်း ပါတာပေါ့။ ဝန်ထမ်းတွေကို အခွင့်အရေးမပေးဘူး မဟုတ်ဘူး၊ အခွင့်အရေးလည်းပေးတယ်။ ကုမ္ပဏီတွေအနေနဲ့ကလည်း ခုနကပြောတဲ့ Ethic ကို စောင့်ထိန်းမယ်ဆိုရင် ဘာမှမဖြစ်ဘူး။ ကျွန်တော်တို့ဆီမှာက မပြည့်ဝသေးတာကများတော့ ဒီပြဿနာတွေက အများကြီးဖြစ်နေတာပေါ့။ ဥပဒေပိုင်းအရလည်း လွယ်ကူရိုးရှင်းမယ်ဆိုရင် ဒီပြဿနာတွေကို ထိန်းချုပ်နိုင်မှာပေါ့။ ခေါ်တဲ့လူကလည်း ကိုယ့်ရဲ့ ကုမ္ပဏီသိက္ခာ၊ စီးပွားရေးကျင့်ဝတ်တွေကို စောင့်ထိန်းမယ်ဆိုရင်လည်း အကောင်းဆုံးပေါ့။ အဲဒါမျိုးတွေ မရှိသမျှကတော့ လက်ရှိအခြေအနေကနေ ပြောင်းလဲဖို့ဆိုတာ မရှိနိုင်သေးဘူး” လို့ ဆိုပါတယ်။

ယှဉ်ပြိုင်မှုဥပဒေတွေထဲမှာ စီးပွားရေးလုပ်ငန်းတစ်ခု၊ ကုမ္ပဏီလုပ်ငန်းတစ်ခုမှာရှိတဲ့ အလုပ်သမားတွေ အပေါ် မှန်ကန်မျှတတဲ့ ဥပဒေကို ပြဋ္ဌာန်းထားသလို ကုမ္ပဏီတစ်ခုမှာရှိတဲ့ အလုပ်သမားတွေအပေါ် မမှန်မကန်တဲ့ စည်းရုံးသိမ်းသွင်းမှုတွေ၊ သွေးဆောင်ဖြားယောင်းမှုတွေ လုပ်ဆောင်ပြီး အဲဒီကုမ္ပဏီ အကျိုးပျက်စီးအောင် လုပ်ဆောင်တာမျိုးတွေကလည်း ပြစ်မှုကြောင်းအရ အရေးယူလို့ ရနေပါတယ်။ ဝင်ငွေရပေါက်ရ လမ်းချင်းတူတဲ့ လုပ်ငန်းအချင်းချင်းကြားမှာ ယှဉ်ပြိုင်မှု ဥပဒေအရ ဒီလို ပြဿနာတွေကိုပါ ကာကွယ်ပေးထားတာ တွေ့ရပါတယ်။

(၃) ကျွန်တော်တို့ မီဒီယာလုပ်ငန်း အနေနဲ့ပဲ ဥပမာပေးပြီးပြောရမယ်ဆို ရင် Eleven နဲ့ 7 Day ဆိုတာ မီဒီယာလုပ်ငန်း လုပ်နေကြတာချင်းတူတယ်။ ဝင်ငွေရပေါက်ရလမ်းလည်း တူတယ်။ ယှဉ်ပြိုင်ဘက်ပုံစံမျိုးဖြစ်နေတဲ့ လုပ်ငန်းတူချင်းကြားမှာ တစ်ဖက်နဲ့တစ်ဖက် အကျိုးပျက်စီးရာ ပျက်စီးကြောင်းဖြစ်စေမယ့် ပုံစံတွေ လုပ်လို့မရပါဘူး။

ဥပမာ ပြောရရင် 7 Day မှာ လုပ်နေတဲ့ Homegrown ဝန်ထမ်းတစ်ဦးကို Eleven က ခေါ်လိုက်တယ်။ ဒါမှမဟုတ် ဒီဝန်ထမ်းဟာ အလုပ်လျှောက်ပြီး ပြောင်းတယ်။ ပြီးရင် သူကနေတစ်ဆင့် 7 Day က နှစ်ရှည်လများ သင်ကြားပေးထားတဲ့ Homegrown ဝန်ထမ်းတွေကို ထပ်ခေါ်မယ်။ ဒီလိုခေါ်တဲ့နေရာမှာ ကျွန်တော်တို့ Eleven က တရားဝင် အလုပ်ခေါ်ကြော်ငြာတွေလည်း မထည့်ဘူး။ လုပ်ငန်းအတွက် Structure အရ ပွင့်လင်းမြင်သာစွာ ဝန်ထမ်းခေါ်ယူမှု မလုပ်ခဲ့ဘူး။ ပြိုင်ဘက်ရဲ့ နည်းပညာပိုင်း လုပ်ငန်းပိုင်းဆိုင်ရာတွေကို ဝန်ထမ်းလက်သိပ်ထိုး ခေါ်ယူမှုတွေကနေ ရယူဖို့ ကြိုးစားမယ်။ 7 Day ဆီက တစ်ယောက်ကနေ၊ နှစ်ယောက် ဝန်ထမ်းတွေကို လက်သိပ်ထိုးခေါ်မယ်။ တိတ်တိတ်လေး အင်တာဗျူးလုပ်ပြီး နည်းလမ်းမကျတဲ့ မက်လုံးပေးမှုတွေနဲ့ ခေါ်ယူမှုမျိုးတွေ လုပ်မယ်ဆိုရင် ဒါဟာပြိုင်ဘက် လုပ်ငန်းတူချင်းကြားမှာ မဖြစ်သင့်ပါဘူး။ မီဒီယာ ကုမ္ပဏီတစ်ခုပြီးတစ်ခု ပြောင်းနေတတ်တဲ့ ဝန်ထမ်းမျိုးကို ခေါ်ယူကြရာမှာ ပြဿနာသိပ်မရှိပေမဲ့ ပြိုင်ဘက် ကုမ္ပဏီက Homegrown ပုံစံမျိုးဖြစ်တဲ့ ဝန်ထမ်းတွေကို လက်သိပ်ထိုး ခေါ်ယူမှုမျိုးဆိုရင်တော့ ပြဿနာ ရှိလာပါတယ်။

နောက်တစ်ခါ 7 Day ရုပ်သံက အသားကျနေပြီးသား အစီအစဉ်တွေ၊ လုပ်ဆောင်မှုတွေကို Eleven ရုပ်သံအနေနဲ့ အချက်အလက်၊ နည်းပညာရယူဖို့ ကြိုးစားမယ်။ ဒီလိုရည်ရွယ်ချက်နဲ့ 7 Day က Homegrown ပုံစံသင်ကြားပေးပြီး လုပ်ငန်းအတွက် ရင်းနှီးထားရတဲ့ ဝန်ထမ်းကို Eleven ရုပ်သံက လက်သိပ်ထိုးခေါ်မယ်။ ဒါ့အပြင် အဲဒီလိုရောက်လာတဲ့ ဝန်ထမ်းကနေတစ်ဆင့် 7 Day ရုပ်သံမှာကျန်နေတဲ့ အခြားဝန်ထမ်းတွေကိုပါ မက်လုံးပေးပြီး သွေးဆောင်မယ်။ လုပ်ငန်းအတွက် အဆင်သင့်ဖြစ်အောင် Crew အလိုက် ခေါ်ယူနိုင်ဖို့အတွက် မှန်ကန်တဲ့ Procedure တွေ မရှိ။ တရားဝင်အလုပ်ခေါ် ကြော်ငြာမျိုးတွေမရှိဘဲ တိတ်တဆိတ် ပြိုင်ဘက်ကုမ္ပဏီကနေ လိုက်ခေါ်တာကလည်း အခြားကုမ္ပဏီရဲ့ ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်သလို ဖြစ်နေပါတယ်။

အချို့ဘဏ်လုပ်ငန်းတွေဆိုရင် ဝန်ထမ်းတစ်ဦးခေါ်တာနဲ့ အရင်အလုပ်ကမန်နေဂျာတွေ တာဝန်ရှိသူတွေဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး ဝန်ထမ်းရဲ့ ကိုယ်ကျင့်သိက္ခာပိုင်း၊ စည်းကမ်းပိုင်း၊ လုပ်ငန်းဆောင်ရွက်မှုပိုင်း ပြစ်ချက်ရှိမရှိ မိမိလုပ်ခဲ့တဲ့ ကုမ္ပဏီနဲ့အလုပ်အပေါ် ကောင်းမွန်ဖြောင့်မတ်တဲ့ စိတ်ဓာတ်ပိုင်း ရှိ မရှိတွေကအစ မေးမြန်စုံစမ်းလေ့ရှိတာ တွေ့ရပါတယ်။ ဒါတွေဟာ လုပ်ငန်း အချင်းချင်းကြားမှာ ကောင်းမွန်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေပဲ ဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ခုနကပြောသလို ကျင့်ဝတ်ပိုင်းစောင့်ထိန်းမှုမရှိတဲ့ လုပ်ဆောင်မှုတွေဟာ ယှဉ်ပြိုင်မှု ဥပဒေအရ ငြိမယ်ဆိုရင် ပြစ်မှုကြောင်းရော၊ တရားမကြောင်းအရပါ အရေးယူနိုင်တဲ့ ပုဒ်မတွေအရ ပြဋ္ဌာန်းထားတဲ့အတိုင်း အရေးယူခံရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ကုမ္ပဏီအချင်းချင်း မမျှတတဲ့ ယှဉ်ပြိုင်မှုပုံစံ ဖြစ်စေမယ်ဆိုရင် လုပ်ဆောင်တဲ့သူတွေရော အဲဒီလိုလုပ်တဲ့ကုမ္ပဏီကိုပါ ယှဉ်ပြိုင်မှုဥပဒေအရ တရားစွဲနိုင်ပါတယ်။ ပြိုင်ဘက် လုပ်ငန်းအချင်းချင်း Eleven ကလုပ်ရင် 7 Day က တရားစွဲတာ ခံရနိုင်ပါတယ်။

(၄) ဒီလိုလုပ်ဆောင်မှုတွေဟာ ယှဉ်ပြိုင်မှုဥပဒေမှာ တရားမျှတမှု မရှိသော ယှဉ်ပြိုင်မှုမြောက်တဲ့ အချက်များစွာနဲ့ အကျုံးဝင်နေပါတယ်။ ဥပဒေရဲ့ ပုဒ်မ ၁၇ မှာ “စီးပွားရေး လုပ်ငန်းလျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း၊ အခြားစီးပွားရေးလုပ်ငန်း၏ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေခြင်း၊ အခြားစီးပွားရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ခြင်း၊ မိမိလုပ်ငန်း၏ အရှိန်အဝါသြဇာကို အလွဲသုံးစားပြုခြင်း၊ အခြားလုပ်ငန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသူအား စာချုပ်ဖောက်ဖျက်ရန် ဆွဲဆောင်ခြင်း၊ လှုံ့ဆော်ခြင်း” ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ဒီအချက်တွေဟာ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုတွေအဖြစ် ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းပေးထားပါတယ်။

ဒီမှာဆိုရင် Eleven အနေနဲ့ 7 Day က ဝန်ထမ်းတွေကို လက်သိပ်ထိုးခေါ်မယ်။ ရောက်လာတဲ့ ဝန်ထမ်းတွေကနေတစ်ဆင့် စည်းရုံးမယ်။ 7 Day ရဲ့ လုပ်ငန်း အစီအစဉ်တွေ၊ လျှို့ဝှက်ချက်တွေကို ပြောမယ်။ နာမည်ဂုဏ်သတင်းပျက်အောင်၊ မတည်မငြိမ်ဖြစ်အောင် မမှန်သတင်းတွေ ဖြန့်မယ်ဆိုရင် အရေးယူလို့ရပါတယ်။

နောက်တစ်ခါ လုပ်ငန်းဆက်လက်လည်ပတ်လို့ မရအောင်အထိ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်လို့ မရဘူးဆိုတဲ့ အချက်ကိုလည်း ဒီဥပဒေမှာ အတိအလင်း ထည့်သွင်းထားပါတယ်။

ယှဉ်ပြိုင်မှုဥပဒေရဲ့ ပုဒ်မ ၂၁ မှာ “မည်သည့်စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူမျှ အခြားစီးပွားရေးလုပ်ငန်းများ၏ နာမည်ဂုဏ်သတင်း၊ ငွေကြေးဆိုင်ရာ အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ပျက်ပြားစေရန် မမှန်ကန်သောသတင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထုတ်လွှင့်ခြင်းမပြုရ” ဆိုတဲ့ အချက်ကို ထည့်သွင်းပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

“ဒီဥပဒေပြဋ္ဌာန်းထားတဲ့ ရည်ရွယ်ချက်က အရမ်းကောင်းပါတယ်။ ဒီဥပဒေကိုလည်း စီးပွားရေးလုပ်ငန်းရှင်များကြားမှာလည်း လိုက်နာကျင့်သုံးသင့်ပါတယ်။ ဒါမှလည်း နိုင်ငံအမျိုးသား အကျိုးစီးပွားလည်း ရေရှည်မှာ အောင်မြင်တိုးတက်ပြီး ခိုင်မာလာမှာ ဖြစ်ပါတယ်။
ဥပမာ ပုဒ်မ ၂၈ မှာဆိုရင် ကုမ္ပဏီမှာ ကာလတို ကာလရှည် စာချုပ်ချုပ်ဆို လုပ်ကိုင်နေတဲ့ ဝန်ထမ်းကောင်းတွေ ဒါမှမဟုတ် လုပ်သက်ရင့် ကျွမ်းကျင်ဝန်ထမ်းတွေကို လက်သင့်ရာ ဝန်ထမ်းအချင်းချင်းက ဖြစ်စေ၊ ခင်မင်းရင်းနှီးသူ အချင်းချင်းကဖြစ်စေ စာချုပ်သက်တမ်း မကုန်ဆုံးခင် ဒါမှမဟုတ် စာချုပ်ဖောက်ဖျက် လျော်ကြေးပေးပြီး သွေးဆောင်ဖြားယောင်း ဆွဲဆောင်ပြီး ဝန်ထမ်း ခေါ်ယူတာတွေ မလုပ်ရပါဘူး။ ဒီလိုလုပ်ခြင်းဟာ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုမျိုးဖြစ်ပါတယ်။ စာချုပ်သက်တမ်းမကုန်ခင်မှာ ဝန်ထမ်းတွေ ခေါ်ယူချင်ရင် ငွေပိုပေးပြီး ခေါ်ယူချင်ရင်လည်း ရပါတယ်။ သတင်းစာ၊ ရုပ်သံ၊ ဂျာနယ်၊ အစရှိတဲ့ နေရာတွေမှာ ဘယ်လိုအရည်အချင်း၊ ဘယ်လိုလုပ်သက်၊ ဘယ်လိုရာထူးကို ဘယ်လောက်လုပ်ခလစာနဲ့ အကျိုးခံစားခွင့်ပေးမယ်ဆိုပြီး တရားဝင် ခေါ်လို့ရပါတယ်။ ဒီလိုခေါ်ယူမယ်ဆိုရင် ဝန်ထမ်းနဲ့ အလုပ်ရှင်တို့အတွက် မျှတတဲ့ ဆောင်ရွက်ချက် တစ်ခုဖြစ်လာမှာ သေချာပါတယ်။ နိုင်ငံတကာမှာလည်း ဒီလို မျှတတဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုပါတယ်။

ဒီလိုမျှတမှုမရှိလို့ နစ်နာသူဖြစ်စေ၊ ကျေနပ်မှုမရှိသူကဖြစ်စေ တိုင်ကြားလာခဲ့ရင် ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ သိန်းငါးဆယ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ်ရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေ အနေနဲ့လည်း မိမိလုပ်ကိုင်ခဲ့တဲ့ နေရာရာထူးအလိုက် စောင့်စည်းရမယ့် တာဝန်တွေ ဝတ္တရားတွေ ရှိပါတယ်။ ယခင်လုပ်ကိုင်ခဲ့တဲ့ ဒါမှမဟုတ် လက်ရှိလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်း အသီးသီးမှာ လုပ်ငန်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ သတင်းလျှို့ဝှက်ချက်တွေ၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ရယူစုဆောင်းမယ် နောက်ပြီးတော့ တခြားသူတွေထံ ပေးပို့မယ်။ သိစေအပ်မယ်ဆိုရင်တော့ ဥပဒေပုဒ်မ ၁၉ အရ ထောင်ဒဏ်နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သိန်း ၁၅၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမှာ ဖြစ်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတွက် သတိပြုရမှာ ဖြစ်ပါတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးမိုးဟိန်းကလည်း ယှဉ်ပြိုင်မှု ဥပဒေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

(၅) ယှဉ်ပြိုင်မှုဥပဒေရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်များဆိုတဲ့ အပိုင်းမှာတော့ ပြစ်ဒဏ်တွေကို ပုဒ်မငါးခုနဲ့ ပိုင်းခြားထားတာ တွေ့ရပါတယ်။ အနိမ့်ဆုံး ပြစ်ဒဏ်အနေနဲ့ ပုဒ်မ (၄၃) မှာ ဖော်ပြထားချက်အရ “မည်သူမဆို စုံစမ်းစစ်ဆေးရေးကော်မတီက ဤဥပဒေအရ စုံစမ်းစစ်ဆေးမှုပြုရန် သက်သေခံ အထောက်အထား စာရွက်စာတမ်း သို့မဟုတ် ငွေရေးကြေးရေး အထောက်အထားတစ်ခုခုကို တောင်းယူရာတွင်ဖြစ်စေ၊ သက်သေအဖြစ် ခေါ်ယူမေးမြန်းရာတွင်ဖြစ်စေ၊ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်” လို့ ပါရှိပါတယ်။

ဒီဥပဒေပါ အမြင့်ဆုံးပြစ်ဒဏ် ဖော်ပြချက်မှာတော့ “သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း ၁၅၀ ထက်မပိုသော ဒဏ်ငွေ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ သတ်မှတ်ရမယ်” လို့ ပါရှိပါတယ်။

တကယ်လို့ ဥပဒေပါပြဋ္ဌာန်းချက်တွေကို ကျူးလွန်ခဲ့မယ်ဆိုရင် ဖောက်ဖျက်ကျူးလွန်တဲ့ပုဂ္ဂိုလ်၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူကို ပြစ်မှုကြောင်း၊ တရားမကြောင်းနှစ်မျိုးစလုံးနဲ့ တရားစွဲဆို အရေးယူလို့ရတဲ့အချက်လည်း ပါဝင်ပါတယ်။

ဒါကြောင့် လုပ်ငန်းတူ၊ ဝင်ငွေရပုံချင်းတူတဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေကြားမှာ အချင်းချင်း ယှဉ်ပြိုင်ကြမယ်ဆိုရင် ‘ယှဉ်ပြိုင်မှုဥပဒေ’ ပါ အချက်တွေကို သတိပြုဖို့လိုပါလိမ့်မယ်။ အထက်ကပြောခဲ့သလို ပြိုင်ဘက်လုပ်ငန်းတူချင်းကြားမှာ ဝန်ထမ်းခေါ်ယူမှုကအစ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ဖို့ လိုတယ်ဆိုတာ ဂရုပြုသင့်ပါတယ်။ စီးပွားရေးလုပ်နေတဲ့သူတွေအနေနဲ့ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကို တိတိကျကျ သတိထားဖို့လည်းလိုမှာ ဖြစ်ပါတယ်။ တကယ်လို့ ‘ယှဉ်ပြိုင်မှုဥပဒေ’ အခန်း (၉) ပုဒ်မ ၁၇ မှာ ဖော်ပြထားတဲ့ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုဆိုတဲ့အချက်နဲ့ ငြိမယ်ဆိုရင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း တရားစွဲဆို အရေးယူခံလာရနိုင်ပါတယ်။

အခန်း (၉) တရားမျှတမှုမရှိသော ယှဉ်ပြိုင်မှုခေါင်းစဉ်အောက်မှာ ပုဒ်မ ၁၇ အရ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုအလို့ငှာ ဆောင်ရွက်ချက်တွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

(က) စားသုံးသူများ အထင်အမြင် လွဲမှားစေရန် ဆောင်ရွက်ခြင်း၊
(ခ) စီးပွားရေးလုပ်ငန်း လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း၊
(ဂ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူအချင်းချင်း အနိုင်အထက် ပြုလုပ်ခြင်း၊
(ဃ) အခြားစီးပွားရေးလုပ်ငန်း၏ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေခြင်း၊
(င) အခြားစီးပွားရေးလုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်မှုကို နှောင့်ယှက်ခြင်း၊
(စ) မျှတမှုမရှိသော ယှဉ်ပြိုင်မှု အလို့ငှာ ကြော်ငြာခြင်းနှင့် အရောင်းမြှင့်တင်ခြင်း၊
(ဆ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအကြား ခွဲခြားဆက်ဆံခြင်း၊
(ဇ) ထုတ်လုပ်မှုကုန်ကျစရိတ်အောက် လျော့နည်းသော ဈေးနှုန်းဖြင့်ဖြစ်စေ၊ ဆိပ်ကမ်းရောက် တန်ဖိုးအောက်လျော့နည်းသော ဈေးနှုန်းဖြင့်ဖြစ်စေ ဈေးကွက်အတွင်း ရောင်းချခြင်း၊
(ဈ) မိမိလုပ်ငန်း၏ အရှိန်အဝါ သြဇာကို အလွဲသုံးစားပြုခြင်း၊ အခြားလုပ်ငန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသူအား စာချုပ်ဖောက်ဖျက်ရန် ဆွဲဆောင်ခြင်း၊ လှုံ့ဆော်ခြင်း၊
(ည) ကော်မရှင်က စားသုံးသူများ၏ အကျိုးအတွက် လိုအပ်သည့် အခါတွင် သတ်မှတ်သည့် ယှဉ်ပြိုင်မှုတွင် မျှတမှုမရှိသော ဆောင်ရွက်ချက်ကို ပြုလုပ်ခြင်းတို့ ဖြစ်ပါတယ်။

ဒီဥပဒေမှာ အထက်က ပုဒ်မ ၁၇ ပါအချက်တွေကို ငြိစွန်းမယ်ဆိုရင် လုပ်ငန်းအချင်းချင်းကြားမှာ တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုမြောက်ပါလိမ့်မယ်။ ကုမ္ပဏီတစ်ခုကနေ တစ်ခုပြောင်းတဲ့ ဝန်ထမ်းရော၊ အဲဒီဝန်ထမ်းကို လက်ခံတဲ့ ကုမ္ပဏီအနေနဲ့ပါ သတိပြုသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီထဲမှာ စီးပွားရေး လုပ်ငန်းလျှို့ဝှက်ချက်တွေ ပေါက်ကြားစေတာ၊ အခြားစီးပွားရေးလုပ်ငန်းရဲ့ နာမည်ဂုဏ်သတင်းကို ပျက်ပြားစေတာ၊ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် နှောင့်ယှက်တာ၊ အခြားကုမ္ပဏီကဝန်ထမ်းကို စာချုပ်ဖောက်ဖျက်ဖို့ ဆွဲဆောင်တာ၊ လှုံ့ဆော်တာတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လုပ်ဆောင်လို့ မရဘူးဆိုတာ ပါရှိပါတယ်။

ဒီအချက်တွေကို ဂရုမစိုက်ဘူး ဆိုရင်တော့ လုပ်ငန်းကျင့်ဝတ်ပိုင်းအရ သိက္ခာကျစရာဖြစ်တဲ့အပြင် ယှဉ်ပြိုင်မှုဥပဒေနဲ့လည်း ငြိစွန်းလို့ တရားစွဲဆို ခံရနိုင်ပါတယ်။ ဒါကြောင့် ဝင်ငွေရပုံချင်းတူတဲ့ လုပ်ငန်းတွေကြားမှာ ဈေးကွက်စီးပွားရေးအရ ယှဉ်ပြိုင်နေကြတယ်ဆိုပေမဲ့ ၂၀၁၅ ကတည်းက ပြဋ္ဌာန်းလိုက်ပြီးဖြစ်တဲ့ ‘Competition Law’ ‘ယှဉ်ပြိုင်မှုဥပဒေ’ ထဲက တရားမျှတမှုမရှိတဲ့ ယှဉ်ပြိုင်မှုဖြစ်စေတဲ့အချက်တွေဟာ ဘာတွေလည်းဆိုတာကိုတော့ သတိချပ်ဖို့လိုပါတယ်။

Most Read

Most Recent