နှစ်သစ်နှင့်အတူ ပြန်ပေါ်လာတဲ့ မောင်တောနယ်စပ် အကြမ်းဖက်တိုက်ခိုက်မှု

နှစ်သစ်နှင့်အတူ ပြန်ပေါ်လာတဲ့ မောင်တောနယ်စပ် အကြမ်းဖက်တိုက်ခိုက်မှု
Published 8 January 2018

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါအတိုင်း အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးရေးအပါအဝင် လုံခြုံရေး အပြည့်အဝဆောင်ရွက်ပေးရေး စစ်တွေမြို့တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်က ဆန္ဒထုတ်ဖော်စဉ်

သြဂုတ် ၂၅ ရက်က စတင်ခဲ့တဲ့ မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်း လေးလနဲ့ ၁၁ ရက်အကြာ ၂၀၁၈ ခုနှစ် နှစ်ဆန်း ဇန်နဝါရီ  ၅ ရက်မှာပဲ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ စီးနင်းလာတဲ့ မော်တော်ယာဉ်တစ်စီးကို မိုင်းခွဲပြီး ပစ်ခတ်မှုဖြစ်စဉ် ထပ်မံဖြစ်ပွားလာခဲ့ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာလာတဲ့ မော်တော်ယာဉ်ကို ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီခန့် တောင်ပြိုလက်ဝဲ-ဘူးသီးတောင် ကားလမ်းပေါ်ရှိ ကြိမ်ချောင်းရွာ အနောက်မြောက်ဘက် မီတာ ၅၅၀၀ ခန့် အကွာမှာ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးခန့်က လက်လုပ် မိုင်းတစ်လုံးနဲ့ မော်တော်ယာဉ်ကို ဖောက်ခွဲခဲ့ပြီး လုပ်သေနတ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်နှစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ မိုင်းရှင်းလင်းရေးတွေ ဆက်လုပ်တဲ့အခါ ဓာတ်ဘူးနဲ့ပြုလုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးနဲ့ ခဲပတ်စက္ကူနဲ့ ထုပ်ထားတဲ့ အလျားခြောက်လက်မ၊ အနံ ငါးလက်မခန့်ရှိ လက်လုပ်မိုင်းတစ်လုံး၊ ဘက်ထရီ ပတ်နှစ်ခုတို့ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။ ဒီပစ်ခတ်မှုဖြစ်စဉ်ဟာ မောင်တောဒေသကနေ တပ်မတော်စစ်ကြောင်းတွေ ထုတ်နုတ်ပြီး နှစ်လနဲ့ ၁၁ ရက်အကြာမှာ ထပ်မံဖြစ်လာတာ ဖြစ်ပါတယ်။ မောင်တောအကြမ်းဖက်တိုက်ခိုက်မှု နှစ်လပြည့်တဲ့နေ့ အောက်တိုဘာ ၂၅ ရက်မှာ ဘူးသီးတောင်-မောင်တော ဒေသကနေ တပ်မတော်စစ်ကြောင်းတချို့ကို စတင်ထုတ်နုတ်ခဲ့တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသ၌ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက်မှာ တပ်ဌာနချုပ် တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူမဆန်စွာ အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်ခဲ့တဲ့အတွက် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့ မောင်တောခရိုင်အတွင်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် ဥပဒေပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့ပြီး တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး သြဂုတ် ၂၅ ရက်မှပင် ဥပဒေနဲ့အညီ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၅ ရက်နောက်ပိုင်း ထိတွေ့မှုဖြစ်စဉ်တွေ လျော့နည်းလာပြီး တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးတို့မှာ အထိုက်အလျောက်ရရှိလာတဲ့အတွက်ဆိုပြီး ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့များအနက် တပ်မတော်စစ်ကြောင်းတချို့ကို လက်ရှိ ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်ပြီး စစ်တွေမြို့မှာအရန်အဖြစ် အသင့်စုဖွဲ့ထားရှိခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မတိုင်မီ ဘာတွေဖြစ်ခဲ့သလဲ

ဇန်နဝါရီ ၅ ရက် ဖြစ်စဉ်မတိုင်မီ ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းက မောင်တာမြို့နယ် နယ်မြေ (၁) ရဲအောင်စံရဖွေကျေးရွာအုပ်စု၊ မြောက်ဘောင်း (ဘင်္ဂါလီ) ကျေးရွာရှိ လူနေထိုင်ခြင်းမရှိတဲ့ ဘင်္ဂါလီနေအိမ်တစ်လုံးကနေ ဒေသန္တရ လက်လုပ်မိုင်းခြောက်လုံး၊ အဝေးထိန်းရီမုနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်ကလည်း မောင်တော-တောင်ပြို ကားလမ်းပေါ်က သင်္ဘောလှကျေးရွာနေ တိုင်းရင်းသားပိုင် နွားတွေကို ဘင်္ဂါလီနှစ်ဦး ခိုးယူတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၆ ရက်မှာလည်း မောင်တောမြို့နယ် စံကားပင်ရင်းကျေးရွာအုပ်စု တရိန်း (မြို) ကျေးရွာသားတစ်ဦးဟာ မြို့မိချောင်း  (ဘင်္ဂါလီ) ကျေးရွာဘက် ငါးရှာသွားလို့ သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။ အဲဒီလို ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာ ရှိခဲ့ပါတယ်။ ဒေသခံတွေကတော့ တစ်ဖက်နိုင်ငံကနေ ထွက်ပြေးဘင်္ဂါလီတွေ ပြန်ပြီးတော့ ခိုးဝင်နေတာ ရှိနေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေက စတင်ထုတ်နုတ်ပြီး ၁၀ ရက်အကြာ နိုဝင်ဘာ ၅ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၆ နဲ့  ၄၅ ကြားမှာ  မြန်မာ့လုံခြုံရေးရဲတပ်ဖွဲ့ကို တစ်ဖက်နိုင်ငံဘက်ကနေ လက်နက်ကိုင်အဖွဲ့က ချောင်းမြောင်းပစ်ခတ်တာတွေ ဖြစ်ခဲ့ပါသေးတယ်။ အခုပစ်ခတ်တိုက်ခိုက်မှုကတော့ တစ်ဖက်နိုင်ငံက ပြန်လည်ဝင်လာသူတွေကို လက်ခံဖို့ လက်ခံရေးစခန်းတွေ တည်ဆောက်နေတဲ့ တောင်ပြိုလက်ဝဲသွား လမ်းမကြီးပေါ်မှာပဲ တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ဒါကိုကြည့် ခြင်းအားဖြင့် ဘင်္ဂါလီအကြမ်းဖက်သမားတွေ မောင်တောမြို့နယ်ထဲမှာ ရှိနေသေးတယ်ဆိုတာကို သံသယဖြစ်စရာ မလိုတော့ပါဘူး။

အဲဒီဖြစ်စဉ်မတိုင်ခင် အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက တောဝက်ခြေရာခံလိုက်နေတဲ့ အောင်သပြေကျေးရွာသား ဒိုင်းနက်တိုင်းရင်းသားလေးဦးကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၄၆ နဲ့ ၄၇ ကြားမှာ လက်နက်ကိုယ်စီကိုင်ဆောင်ထားတဲ့  ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ကပစ်ခတ်လို့ တိုင်းရင်းသားနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။ မောင်တောဒေသ ဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် ပထမဦးဆုံး ဒေသခံတိုင်းရင်းသားတွေကို အကြမ်းဖက်တိုက်ခိုက်တယ်။ ပြီးမှ လုံခြုံရေးတပ်ဖွဲ့ကို တိုက်ခိုက်တာတွေ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

“အခု ၂၀၁၇ မှာ တရိန်းမှာ ရွာသားတွေ အသတ်ခံရတယ်။ တရိန်းပြီးတော့ ကိုင်းကြီးမြိုရွာက ရွာသားရှစ်ယောက် အသတ်ခံရတယ်။ ရင်ဂါစေတီက ဒိုင်းနက်ရွာသားငါးယောက် အသတ်ခံရတယ်။ ခမောင်းဆိပ် ရဲဘောက်ကျာရွာက ဟိန္ဒူ ၉၀ ကျော် အသတ်ခံရတယ်။ ဒီအဖြစ်အပျက်တွေ ကိုကြည့်လိုက်တဲ့အခါ သူတို့က ဒီဘူးသီးတောင်-မောင်တောဒေသမှာ အစ္စလာမ်ဘာသာကိုးကွယ်သူတွေကလွဲပြီး ကျန်တဲ့တိုင်းရင်းသားတွေ အားလုံးကို ဒီနယ်မြေ ခါထုတ်ပြီး သူတို့ရဲ့ ဘင်္ဂါလီတိုင်းပြည်တည်ဆောက်ဖို့ လုပ်နေတယ်ဆိုတာ ရုပ်လုံးပေါ်လာပါတယ်။ အခု သြဂုတ် ၂၅ ရက် ဖြစ်စဉ်ပြီးနောက်ပိုင်းမှာ မောင်တောမြို့နယ်က မွတ်စလင် ၇၅ ရာခိုင်နှုန်းဟာ တစ်ဖက်နိုင်ငံကို ပြေးသွားတယ်။ မွတ်စလင်မရှိတော့လို့ အေးချမ်းမယ်လို့ ထင်နေတဲ့အချိန်မှာ မြိုတစ်ယောက်ထပ်ပြီး အသတ်ခံရပြီ။ သူတို့က ဌာနေတိုင်းရင်းသားတွေကို ဒုက္ခပေးဖို့အတွက် ၂၄ နာရီ ကြံစည်နေတယ်။ ကြောက်လန့်ပြီး ဒီနယ်မြေကို စွန့်လွှတ်သွားအောင် ခြိမ်းခြောက်နေတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရက ထိထိမိမိ ကူညီစောင့်ရှောက်လို့မပေးဘူးဆိုရင် မကြာခင် ကမ္ဘာက ဖိအားပေးလို့သော်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံအစိုးရ ချစ်ကြည်ရေးအတွက်သော်လည်းကောင်း ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံလာမယ်ဆိုရင် သူတို့ရဲ့နယ်မြေတွေကို ပြန်ချထားမယ်ဆိုရင် သြဂုတ် ၂၅ ရက်မှာ လုပ်သွားတဲ့ပုံစံမျိုး သူတို့အတွက် စခန်းအခိုင်အမာ တည်ဆောက်ပေးတာနဲ့တူသွားပါမယ်။ ဘာဖြစ်လို့လဲဆိုရင် အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်ပုံစံမျိုး မဟုတ်ဘူး။ သူတို့က နိုင်ငံတော်ကိုပုန်ကန်တာဟာ သူတို့လူမျိုးရှိတဲ့ရွာဟာ သူတို့စခန်းပါပဲ။ သူတို့လူမျိုး ရွာတစ်ရွာရှိရင် အကြမ်းဖက်အဖွဲ့ဟာ ရှိပြီးသား။ ဆိုတော့ အကြမ်းဖက်အဖွဲ့ကို ရှာဖို့ဆိုတာ အကျပ်အတည်းမျိုး ကြုံရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတကာဖိအား ဘယ်လိုပဲရှိရှိ အမိမြေမဆုံးရှုံးရေး၊ မေယုဒေသမှာ ငါးရာခိုင်နှုန်းသော ဌာနေတိုင်းရင်းသားများရဲ့ မူလဇာတိမြေ မဆုံးရှုံးဖို့အတွက် တောတောင်ထဲမှာ ၂၅ အိမ်နဲ့တစ်ရွာ၊ အိမ် ၃၀ နဲ့ တစ်ရွာ အဲဒီလိုမရှိစေဘဲ အနည်းဆုံး အိမ်ခြေ ၁၀၀၊ ၃၀၀ နဲ့ ၅၀၀ ကြား၊ အိမ်ခြေထောင်ချီရှိတဲ့ရွာတွေ ခိုင်ခိုင်မာတည်ပြီး လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး ဖန်တီးပေးဖို့လိုပါတယ်။ ဒီမှာ ဒေသခံတိုင်းရင်းသားတွေဟာ ဘင်္ဂါလီတွေနှိပ်စက်တာ ခံရပေါင်းမနည်းတော့ဘူး။ ကျွန်တော်ဟာ အသက် ၆၄ နှစ်ရှိပြီ။ အိုင်ဒီပီ ဘဝနဲ့ ယနေ့အချိန်အထိ ပြေးနေရတယ်” လို့ မောင်တောမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောပါတယ်။

ဒေသခံတိုင်းရင်းသားတွေ ဘာပြောခဲ့ကြသလဲ

နိုဝင်ဘာ ၁၀ ရက်က မောင်တောမြို့ မြို့မကျောင်းတိုက်မှာ ပြုလုပ်ခဲ့တဲ့ မောင်တောမြို့ လူထုအစည်းအဝေးကနေ တောင်းဆိုချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ အမေရိကန်၊ ဗြိတိန်တို့ရဲ့ဖိအားပေးမှုဟာ မွတ်စလင်တွေကို အသာပေးပြီး တစ်ဖက်သတ် ဖိနှိပ်ထားခြင်းကို ရှုတ်ချကြောင်းနဲ့ ထွက်ပြေးဘင်္ဂါလီတွေ နေ့စဉ်နဲ့အမျှ ပြန်လည်ခိုးဝင်နေတာတွေကို ကြပ်ကြပ်မတ်မတ်ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၅ ရက်က  မောင်တောတောင်ပိုင်းနေ ဒေသခံတိုင်းရင်းသားတွေကလည်း သူတို့ရဲ့ သဘောထားတောင်းဆိုချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ တောင်းဆိုချက်ထဲမှာ ဘင်္ဂါလီတွေကို မူလကျေးရွာတွေမှာ ပြန်လည်နေရာချထားမယ်ဆိုရင် တစ်ကျော့ပြန် အကြမ်းဖက်မှုဖြစ်လာနိုင်တဲ့အတွက် လုံးဝပြန်လည်နေရာချထားခြင်း မပြုဖို့ ပါဝင်ပါတယ်။ အလားတူ ထွက်ပြေးဘင်္ဂါလီတွေကို အစိုးရအနေဖြင့် မဖြစ်မနေလက်ခံရသော်လည်း ပြန်လည်လက်ခံချိန်တွင် အကြမ်းဖက်သမားတွေ ရောနှောမပါလာစေဖို့ အထပ်ထပ် စိစစ်အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်ပြီး တစ်ဖက်နိုင်ငံကို  ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို အဆောတလျင် လက်ခံခြင်းမပြုဘဲ စနစ်တကျ စိစစ်ပြီးမှလက်ခံဖို့၊ အကြမ်းဖက်ပြီး ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေ မောင်တောမြို့နယ်အတွင်းကို ခိုးဝင်နေထိုင်မှုတွေရှိနေတဲ့အတွက်  သက်ဆိုင်ရာက တင်းကျပ်စွာတား ဆီးပေးဖို့ မောင်တောတစ်မြို့နယ်လုံးရဲ့ သဘောထားကိုလည်း ထုတ်ပြန်ထားတာ ရှိပါတယ်။ တိုင်းရင်းသားတွေပြောသလို တစ်ဖက်နိုင်ငံသားတွေတောင် မြန်မာနိုင်ငံကို ဝင်ထွက်နေတာ ရှိနေတာပါ။ နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီ ၂၅ မိနစ်မှာ  မောင်တောမြို့၊ မောင်နီကျေးရွာအနီး နတ်မြစ်အတွင်းမှာ တစ်ဖက်နိုင်ငံကို  ခုတ်မောင်းနေတဲ့ မသင်္ကာဖွယ်ရာ စက်လှေပေါ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိခဲ့တာ ရှိခဲ့ပါတယ်။

ဒီလိုတောင်းဆိုချက်တွေ ရှိပေမယ့် ဒေသခံ ပြည်သူတွေရဲ့ သဘောထားကို အစိုးရက အရေးတယူလုပ်တာမရှိသလို အစိုးရရဲ့ မောင်တောဒေသနဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာစွာ ချပြတာမရှိဘူးလို့လည်း ဝေဖန်တာတွေ ရှိနေပါတယ်။

အစိုးရ ဘာတွေလုပ်နေသလဲ

ရခိုင်ပြည်နယ်ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်နဲ့ ပြည်နယ်ဝန်ကြီးတွေဟာ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးခန်းမှာ နိုဝင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

အစိုးရအသစ် စတင်တာဝန်ယူပြီးနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကိုဖွဲ့စည်းပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းကော်မတီ လေးခုဖွဲ့စည်းခဲ့ရာ ဒေသတွင်း ပြန်လည်နေရာချထားရေးနဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နဲ့ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက် အကြမ်းဖက်ဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမယ့်ကိစ္စတွေ ပိုမိုများပြားလာကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် တစ်နိုင်ငံလုံးရဲ့ အရေးဖြစ်သကဲ့သို့ နိုင်ငံတကာကလည်း အာရုံစိုက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်မှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး ပြည်ထောင်စုစီမံကိန်း UEHRD ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ UEHRD တွင် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လျင်မြန်ထိရောက်စွာဆောင်ရွက်ရန် လုပ်ငန်းအဖွဲ့ ကိုးဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်းနဲ့ မိတ်ဆွေနိုင်ငံများ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင် ၁၇ ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံနှင့် အပ်စပ်သော နိုင်ငံတကာလုပ်ထုံးလုပ်နည်းများကိုလည်း ပြစ်ပယ်ထား၍မရကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်း ပြန်လည်ထူထောင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေများနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ တိုက်ရိုက်အကျိုးရှိသော လုပ်ငန်းများသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ လွှတ်တော်နှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမှာ ဖြစ်တဲ့အကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ မောင်တောဒေသ တည်ငြိမ်အေးချမ်းဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ဒေသခံဖွံ့ဖြိုးဖို့ ဆောင်ရွက်ချက်တွေကို ဘာတစ်ခုမှ မသိရှိရဘူးလို့ မောင်တောမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောပါတယ်။

“အစိုးရက လုပ်နေတယ်ဆိုတာကို သတင်းစာ ဂျာနယ်တွေကတစ်ဆင့်သာ မြင်တွေ့နေရပါတယ်။ ဘာတွေဆက်လုပ်မလဲဆိုတာကို မသိရပါဘူး။ ကျွန်တော်ဟာ မောင်တောဒေသက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေ မေးလာတဲ့အခါ ဘာတစ်ခုမှ ပြောဖို့မရှိ ဖြစ်နေပါတယ်။ အစိုးရက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း လုပ်သင့်ပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “အစိုးရက ဒီဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော ပြန်လည်တည်ဆောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ ရခိုင်လူထုကို ပွင့်လင်းမြင်သာစွာချပြတာ တစ်ခုမှမရှိဘူး။ ဗဟိုက ကော်မတီတစ်ခုဖွဲ့ပြီးတော့ သူတို့လုပ်ချင်သလို လုပ်နေတယ်။ အခု ပွင့်လင်းမြင်သာစွာမရှိဘဲ လုပ်နေတဲ့အတွက်ကြောင့် လွှတ်တော်မှာ အဆိုတစ်ခု တင်ထားတာ ရှိတယ်။ ပြောလိုတာက ဒီဘက်မှာ ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ဆိုရင်ဌာနေ တိုင်းရင်းသားတွေဖြစ်တဲ့ နိုင်ငံသားတွေဖြစ်တဲ့ လူတွေအတွက် အခွင့်အရေးမပါဘဲ ဘင်္ဂလားကိုပြေးသွားတဲ့ နိုင်ငံသားမဟုတ်တဲ့ ဘင်္ဂါလီကို လက်ခံဖို့ကိစ္စကိုပဲ ပြောနေတယ်။ နိုင်ငံတကာဖိအား လျော့သွားအောင် ပြောနေတာသာရှိတယ်။ အဲဒီအတွက်ကြောင့် ဒေသခံတွေစိတ်ထဲမှာ ကျေနပ်မှုမရှိဘူး။ ဒီအစိုးရ လုပ်နေတာဟာ ပွင့်လင်းမြင်သာမှုမရှိ” လို့ ပြောပါတယ်။

လွှတ်တော်အခန်းကဏ္ဍ

အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာစွာ ချပြရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က အတည်ပြုခဲ့ပါတယ်။

နိုဝင်ဘာ ၂၁ ရက်ကကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး (ပထမနေ့) မှာ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ဒီကနေ့ မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော ပြဿနာမှာ ဘင်္ဂါလီပြဿနာ ဖြစ်ပါတယ်။ ဒီပြဿနာဟာ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့အတွက် ကျွန်တော်တို့ ရခိုင်လူမျိုးတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ကို တည်ငြိမ်အေးချမ်းဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ရဟန်းရှင်လူ၊ ပြည်သူတွေရဲ့ သဘောထားနဲ့ မဆန့်ကျင်ဖို့လိုအပ်သလို ရခိုင်ပြည်နယ်လွှတ်တော်လည်း အရေးကြီးတဲ့ ကဏ္ဍက ပါဝင်တယ်ဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်။ ပြောချင်တာက အားလုံးပူးပေါင်းဖို့ လိုပါတယ်။ ပါဝင်လာဖို့အတွက်လည်း အစိုးရအနေနဲ့ ပွင့်လင်းမြင်သာအောင်ချပြဖို့ လိုပါလိမ့်မယ်။ အစိုးရနဲ့ လွှတ်တော်ဆိုတာ အမြဲတမ်း သဟဇာတဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သို့သော် တစ်မျိုးသားလုံးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ရခိုင်ပြည်နယ် တည်တံ့ဖို့ ကိစ္စနဲ့ ရခိုင်လူမျိုးနဲ့ ရခိုင်မျိုးနွယ်စုတွေ အဓွန့်ရှည်ဖို့ကိစ္စတွေမှာ အားလုံးပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အစိုးရ ဘာလုပ်တယ်ဆိုတာ လွှတ်တော်ကိုချပြတာ၊ ပြောကြားတာ တစ်ခုမှမရှိသေးဘူးလို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။

တစ်ဖက်နိုင်ငံက ဝင်လာတဲ့သူတွေကို ဘယ်လိုစိစစ်မလဲ

တစ်ဖက်နိုင်ငံမှ ပြန်ဝင်လာသူတွေကို သေသေချာချာစစ်ဆေးနိုင်ဖို့ လုံခြုံရေး၊ စစ်ဆေးရေးဂိတ်တွေကို တည်ဆောက်သွားဖို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ညွှန်ကြားထားပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုဟာ ပြည်ထောင်စုဝန်ကြီးတွေနဲ့အတူ တောင်ပြိုနယ်စပ်ရှိ ပြန်လည်လက်ခံရေးစခန်းတွေ တည်ဆောက်မှုအခြေအနေကို ဒီဇင်ဘာ ၂၁ ရက်က ကွင်းဆင်းကြည့်ရှုစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ဝင်လာတဲ့လူတွေကို စစ်ရမယ်။ ဘာပါလဲဆိုတာ စစ်ရမယ်။ လုံခြုံရေးစခန်းတွေ ရှိရမယ်။ ဂိတ်တွေလုပ်ရမယ်။ လူတစ်ယောက်ချင်းစီကို တစ်ကိုယ်လုံးစစ်ဆေးရမယ်။ အမျိုးသမီးဆိုရင် အမျိုးသမီးစစ်ရမယ်။ ယောကျ်ားဆိုရင် ယောကျ်ားစစ်ရမယ်။ လက်နက်တွေ ပါ မပါ စစ်ရမယ်။ ဒါကြောင့် စစ်ဆေးရေးဂိတ်တွေ အသေအချာလုပ်ရမယ်” လို့ ဆိုပါတယ်။

သြဂုတ် ၂၅ ရက်က မောင်တောနယ်စပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် တစ်ဖက်နိုင်ငံသို့ ဟိန္ဒူဘာသာဝင်တွေ၊ ဘင်္ဂါလီတွေ ထွက်ခွာသွားခဲ့တာ ရှိပါတယ်။ သူတို့ ပြန်ဝင်လာခဲ့ရင် ပြန်လည်လက်ခံဖို့အတွက် ယာယီလက်ခံရေးစခန်းတွေကို တည်ဆောက်နေပါပြီ။ ကုန်းလမ်းဖြင့် ဝင်ရောက်လာသူတွေအတွက် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နှင့် ရေလမ်းဖြင့် ဝင်ရောက်လာသူတွေအတွက် ငါးခူရကျေးရွာတွေကို ရွေးချယ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရွှေ့ပြောင်းသွားသူတွေ ပြန်လည်ဝင်ရောက်လာပါက တစ်ပတ်လျှင် ငါးကြိမ်စီ လက်ခံသွားမှာဖြစ်ပြီး တစ်ကြိမ်လျှင် စခန်းတစ်ခု၌ ၁၀၀ မှ ၁၅၀ ခန့်အထိ လက်ခံပေးနိုင်မယ်လို့ ခန့်မှန်းထားကြောင်း၊ ပြန်လည်လက်ခံပါက လူဝင်မှုဆိုင်ရာ လုပ်ငန်းများ (National Verification Card ထုတ်ပေးခြင်း၊ Biomertic မှတ်တမ်း ပြုလုပ်ခြင်းစသည်) နှင့် အခြားလိုအပ်သည်များကို သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

တောင်ပြိုလက်ဝဲနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွေမှာ လက်ခံထားသူတွေကို တစ်ညနေထိုင်ရန် စီစဉ်ပေးပြီး နေထိုင်ရေးနှင့် စားသောက်ရေးများ စီစဉ်ပေးထားမည်ဖြစ်ကြောင်းနှင့် နေရာချထားပေးမည့်နေရာသို့ ပို့ဆောင်ပေးမယ်လို့လည်း သိရပါတယ်။

နောက်ဆုံးသတင်းအရဆိုရင် ပြန်လာသူတွေကို စိစစ်လက်ခံပြီး မောင်တောမြို့နယ်မြောက်ပိုင်း မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနဲ့ ပွင့်ဖြူချောင်းကျေးရွာတွေမှာ ပြန်လည်နေရာချထားဖို့ လျာထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြန်လည်ဝင်ရောက်လာတဲ့အခါ ယာယီနေထိုင်ဖို့ ကြားစခန်းကို လှဖိုးခေါင်ကျေးရွာမှာ သတ်မှတ်မြေထားတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နှစ်နိုင်ငံသဘောတူ စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်သွားသူတွေကို စိစစ်ပြန်လည်လက်ခံရေး၊ နေရာချထားရေး လုပ်ငန်းစဉ်တွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်မှ စတင်ဆောင်ရွက်တော့မယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ ပြန်လည်လက်ခံရာမှာ  ဟိန္ဒူဘာသာဝင် ၅၀၀ ကျော်ကို ပထမဦးဆုံး လက်ခံသွားမယ်လို့လည်း သိရပါတယ်။

သေဆုံး ပျောက်ဆုံး

မောင်တောဒေသက မောင်တောဒေသအတွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် မှစတင်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက် အထိ ARSA အစွန်းရောက ်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၆၃ ဦး၊ ပျောက်ဆုံးနေသူ ၉၁ ဦး စုစုပေါင်း ဆုံးရှုံးမှု (သေဆုံး/ ပျောက်ဆုံး) ၂၅၄ ဦး ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လူဦးရေနည်းပါးတဲ့ တိုင်းရင်းသားကျေးရွာတွေကို  အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း၊ ကျေးရွာဝင်လမ်း၊ ထွက်လမ်းတွေမှာ မိုင်းထောင်ခြင်း၊ နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခြင်းတွေကို ဆက်တိုက်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေဟာ ပုန်းအောင်းခြင်း၊ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြန်ပါတယ်။ ဒေသတည်ငြိမ်ပြီဆိုတာကြောင့် ထွက်ပြေးခဲ့ရတဲ့ တိုင်းရင်းသားတွေ ပြန်လာခဲ့ပေမယ့် ရွာပြင်မထွက်ရဲ၊ ရွာပြင်ထွက်ရင် သတ်ဖြတ်ခံနေရဆဲလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ရပါတယ်။ အလားတူ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသား ၁၄ ဦးအထိ သေဆုံးခဲ့ရပါတယ်။ ARSA အစွန်းရောက်အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ်-တပ်မတော်) အသေရရှိကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း သုံးဦး၊ ဒေသခံတိုင်းရင်းသား လေးဦး စုစုပေါင်း ၂၂ ဦးထိ ခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ်အလုံးရေ ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတားရှစ်စင်း မိုင်းထောင်ဖျက်ဆီးခြင်း ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အခုတစ်ဖန် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံဖို့စီစဉ်နေချိန်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ ဒေသခံဌာနေတိုင်းရင်းသားတွေ ထပ်မံပြီး တိုက်ခိုက်သတ်ဖြတ်ခံလာရတာ ဖြစ်လာပါတယ်။

ဒီလိုအနေအထားမှာပဲ အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။

အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်းက “သြဂုတ် ၂၅ ရက်အလွန် ကိစ္စရပ်နဲ့ပတ်သက်လို့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဒေသခံရခိုင်လူထုအနေနဲ့ ကောင်းတယ် မကောင်းဘူး၊ လက်ခံနိုင်တယ် လက်မခံနိုင်ဘူးလို့ ဝေဖန်လို့မရနိုင်လောက်အောင်ကို အစိုးရက အနာဂတ်စီမံကိန်း ဘယ်လိုရှိလဲဆိုတာကို မသိနိုင်တော့ဘူး။ ဘင်္ဂါလီတွေကို နေရာချထားရေးကိုလည်း မသိရဘူး။ ရခိုင်သားတွေရဲ့ လုံခြုံမှု၊ အသက်မွေးဝမ်းကျောင်းကိုလည်း မသိဖြစ်နိုင်တယ်။ စစ်တပ်က လုံခြုံရေးကို ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း ဘင်္ဂါလီတွေ ဝင်ထွက်နေတာကို သတင်းတွေအရ သိရတယ်။ ဒီလိုအခြေအနေမှာ လုံခြုံရေးအပိုင်းကလည်း ဘယ်လိုဆောင်ရွက်နေလဲဆိုတာ မသိရတော့ အခုဆိုရင် ဘင်္ဂါလီအကြမ်းဖက်တွေရဲ့ သွေးတိုးစမ်းတိုက်ခိုက်မှုတွေ ထပ်မံပေါ်လာပါတယ်” လို့ ပြောပါတယ်။

မောင်တောဒေသဟာ လက်ရှိအနေအထားထိ မတည်ငြိမ်သေးဘူးဆိုတာ ပေါ်လွင်လာပါတယ်။ အကြမ်းဖက်သမားတွေ အမြစ်တွယ် ရှိနေသေးတယ်ဆိုတာလည်း ငြင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မောင်တောဒေသ တည်ငြိမ်အေးချမ်းဖို့၊ ဒေသဖွံ့ဖြိုးတိုးတက်ဖို့နဲ့  ဌာနေတိုင်းရင်းသားတွေ လုံခြုံမှု အာမခံချက်အတွက်ဆိုရင် မောင်တောဒေသခံတွေရဲ့ လိုလားချက်တွေ၊ တောင်းဆိုချက်တွေကို လျစ်လျူမရှုဘဲ ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ အကြံဉာဏ်၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မောင်တောဒေသမှာ ထပ်မံအကြမ်းဖက် တိုက်ခိုက်ခံရတာတွေ ထပ်မံမဖြစ်ပေါ်အောင် ဥပဒေနဲ့အညီ အားလုံးဝိုင်းဝန်း ဆောင်ရွက်ဖို့လိုတဲ့အကြောင်း တိုက်တွန်းလိုက်ပါရစေ။

Most Read

Most Recent