အကျည်းတန်နေသည်ဟု ဆိုနေကြသည့် ရန်ကုန်မြို့၏ နောက်ဖေးဥယျာဉ်

အကျည်းတန်နေသည်ဟု ဆိုနေကြသည့် ရန်ကုန်မြို့၏ နောက်ဖေးဥယျာဉ်
Published 8 January 2018

ပန်းဘဲတန်းမြို့နယ် ၂၇ လမ်း နောက်ဖေးလမ်းကြားတွင် စွန့်ပစ်ထားသော အမှိုက်များ

ရန်ကုန်တိုင်းအတွင်း မြို့တွင်းခြောက်မြို့နယ်၌ အမှိုက်များကို ယခုအစိုးရသစ်လက်ထက်တွင် စတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့် နေရာတွင် နောက်ဖေးဥယျာဉ်များ အလှဆင်ခြင်းကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်ရှိ ၂၇ လမ်း နောက်ဖေးလမ်းကြားတွင် ပထမဦးဆုံးအဖြစ် နောက်ဖေးလမ်းကြားဥယျာဉ်ကို စတင်အကောင်အထည်ဖော်ခဲ့သည်။

အဆိုပါ ၂၇ လမ်းရှိ နောက်ဖေးလမ်းကြားဥယျာဉ် စီမံချက်ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်တွင် စတင်ခဲ့ပြီး အမှိုက်ပစ်နေကြသည့် နေရာအား အပန်းဖြေရန် အစားအစာ စိုက်ပျိုးထုတ်လုပ်ရန်နှင့် လူမူကျွမ်းဝင်ရင်း နှီးပေါင်းစပ်မှု ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့သော်လည်း အမှိုက်များပြန် လည်စွန့်ပစ်မှုများရှိခဲ့သဖြင့် ၂၀၁၇ မတ် ၁၄ ရက်တွင် ပြန်လည်ရှင်းလင်းမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိတွင် အမှိုက်များ ထပ်မံစွန့်ပစ်ထားမှုကြောင့် နောက်ဖေးလမ်းကြားဥယျာဉ် ပြုလုပ်ထားသည့် နေရမှအပ ကျန်သည့်နေရာများတွင် အမှိုက်များဖြင့် ပြည့်နှက်နေပေသည်။

၂၇ လမ်း နောက်ဖေးဥယျာဉ် ဘာကြောင့်ညစ်ပတ်ရသလဲ

အဆိုပါ ၂၇ လမ်း နောက်ဖေးလမ်းကြားဥယျာဉ်သည် ဒို့အိမ်အဖွဲ့မှ နမူနာပုံစံ စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီးနောက် ဖေလမ်းကြားအတွင်းရှိ အမှိုက်များကို ရှင်းလင်းခဲ့ကြောင်း၊ ၂၀၁၆ ဇူ လိုင်လတွင် အကောင်အထည်ဖော်ခဲ့သည့် ယင်းလမ်းအတွင်း အမှိုက်များ ပြန်လည်စွန့်ပစ်မှုများကြောင့် ၂၀၁၇ မတ်လတွင် ထပ်မံရှင်းလင်းမှုများ ပြုခဲ့ရသည်။ သို့သော်လည်း စောင့်ကြပ်ကြည့်ရှုမှုမရှိသည့် အတွက် နောက်ဖေးလမ်းကြားအတွင်းသို့ တိုက်ခန်းအပေါ်ထပ်မှ နေထိုင်သူများက အမှိုက်များ မဆင်မခြင် ပစ်မှုကြောင့် နောက်ဖေးလမ်းကြား ဥယျာဉ်အလှသည် အမြင်မတင့် ရှုပ်ပွနေမြဲဖြစ်နေသည်။

“၂၇ လမ်း နောက်ဖေးလမ်းကြားက အိုးအိမ်အဖွဲ့က နမူနာလေး လုပ်ထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရပ်မိရပ်ဖတွေ၊ ဒို့ အိမ်အဖွဲ့တွေ ပူးပေါင်းပြီးလုပ်တာ မဟုတ်တော့ ရပ်ကွက်ကိုပြောပြီးတော့ စီမံခန့်ခွဲလို့မရဘူး။ အစ်ကိုတို့ ဒီဘက်မှာ လုပ်နေတဲ့ဟာတွေကျတော့ သေချာစီမံချက်ချပြီး လုပ်တာ၊ အမှိုက်တွေရှင်းတယ်။ ရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်တယ်။ အစည်းအဝေး လေးငါးခြောက်ကြိမ်လောက် ခေါ်ပြီးလုပ်တာ။ လုံးလုံးပြီးသွားတဲ့ ၃၁ လမ်းနဲ့ ၃၂ လမ်းကြားက နောက်ဖေးလမ်းကြား ဥယျာဉ်မှာဆို လုံးဝအမှိုက်မပစ်တော့ဘူး။ သူများသန့်ရှင်းရေး လုပ်ထားတာကိုတော့ အပေါ်မှာ နေတဲ့သူတွေက အမှိုက်တွေပစ်တာတော့ မလုပ်သင့်ဘူး” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

ယခုကဲ့သို့ အမှိုက်များ ပြန်လည်ပစ်ချမှုကြောင့် တိုက်ခန်းအောက်တွင် နေထိုင်သူများအနေဖြင့် အနံ့အသက် ဆိုးရွားမှု၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများကို ခံစားနေကြရသည်။

“စလုပ်တဲ့အချိန်တုန်းက အကုန်လုံးကို ရှင်းထားတယ်။ သန့်ရှင်းရေး အကုန်လုပ်ပေးသွားတယ်။ သေသေချာချာကို လုပ်သွားကြတယ်။ မြို့တော်ဝန်ကိုယ်တိုင်လာသွားတယ်။ အကုန်လုံး သေချာကြီးကြပ်ပြီး လုပ်ကြတယ်။ ဦးတို့ကိုယ်တိုင် ကြီးကြပ်ပြီး လုပ်ခဲ့ကြတယ်။ အဲ့ဒါလုပ်ပြီး လေးငါးလလောက်ဘဲ ကြာလိုက်တယ်။ အကုန်ပျက်စီးသွားတယ်။ အမှိုက်ပစ်တဲ့သူတွေကို ဖမ်းဖို့ဆိုတာလည်း မလွယ်ဘူး။ တချို့ဆိုရင် ဦးတို့လုပ်နေရင်းတန်းလန်းကို အမှိုက်တွေပစ်ချတယ်။ အသည်းအသန် အော်ရတယ်။ ဒီနောက်ဖေးဥယျာဉ် အကောင်အထည်ကြီးက ကျွန်တော်တို့လမ်းမှာ မဖြစ်လာဘူး။ အောက်ထပ်မှာနေတဲ့သူတွေက အနံ့အသက် ဆိုးရွားတာတွေ ခံစားရတယ်။ ကြွက်တွေလည်းဝင်တယ်။ အခုဆို အမှိုက်တွေက တော်တော်ကို မြုပ်နေပြီ။ စလုပ်တဲ့အချိန်မှာ တကယ်စိတ်ချမ်းသာစရာ ကောင်းတယ်။ ကလေးတွေလည်း ပျော်ကြတယ်။ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အခါ ပျက်စီးသွားရတယ်။ ဒီနေရာလေးကို နမူနာယူပြီး ကျန်တဲ့နေရာတွေမှာ လုပ်ဖို့ လုပ်ခဲ့ကြတာ။ ၃၁ လမ်း ၁၀ ရပ်ကွက်မှာဆို လမ်းသူလမ်းသားတွေနဲ့ ကော်မတီဖွဲ့ပြီး လုပ်ကြတော့ အမှိုက်တွေ မပစ်ကြတော့ဘူး။ ဒီနေရာက ပထမဆုံးခြေလှမ်းစတဲ့ နေရာပေါ့။ အမှိုက်တွေ ရှင်းမယ်ဆို ကားခြောက်စီးခုနစ်စီးလောက်ကို ထွက်တာ။ အစိုးရကလုပ်ပေးတယ်။ ဦးတို့က ကြီးကြပ်ပေးတယ်။ သုံးလတစ်ခါလောက်ကို ဖြစ်တယ်။ လုပ်ပေးလိုက် ပြန်ဖြစ်လိုက်နဲ့ဆိုတော့ မနိုင်တော့ဘူး” ဟု ပန်းဘဲတန်းမြို့နယ် အမှတ် ၃ ရပ်ကွက် ၂၇ လမ်း လမ်းမှူးဦးဖိုးအေးက ပြောကြားသည်။

နောက်ဖေးလမ်းကြားဥယျာဉ်တွင် ၈၈ ငြိမ်းပွင့်မှ ကိုမင်းကိုနိုင် ပန်းချီရေးဆွဲနေစဉ် (Photo: ဒို့အိမ်)

သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းထားသည့် နောက်ဖေးလမ်းကြားဥယျာဉ်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး နမှုနာအဖြစ် ၂၇ လမ်းတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီးနောက် ၂၉ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ နောက်ဖေးလမ်းဥယျာဉ်များသည် လမ်းကော်မတီများ စနစ်တကျ ဖွဲ့စည်းခဲ့ပြီး တိုက်ခန်းပေါ်မှ အမှိုက်ပစ်ချသူများကို စောင့်ကြည့်ပြီး အမှိုက်ပစ်ချခဲ့သူများကို လူမှုရေး ပြစ်ဒဏ်များပေးခြင်းများ၊ ဒဏ်ငွေ ကောက်ခံခြင်းများ၊ အမှိုက်ပစ်ချသည့် တိုက်ခန်းကို ရေဖြတ်၊ မီးဖြတ်မှုများ ပြုလုပ်ခြင်းနှင့် လမ်းကော်မတီအဖွဲ့မှလည်း အပတ်စဉ် အမှိုက်များ ရှင်းလင်းခြင်းတို့ကို ပြုလုပ်မှုကြောင့် အဆိုပါလမ်းများ အမှိုက်စွန့်ပစ်မှုများမရှိဘဲ နောက်ဖေးဥယျာဉ်များသည် သန့်ရှင်းသပ်ရပ်မှုများ ရှိနေပေသည်။

“အခုဆို ကလေးတွေလည်း လာကစားကြတယ်။ လာအိပ်ကြတဲ့သူတွေလည်း ရှိတယ်။ ဒါဒီလမ်းရဲ့ ကောင်းတဲ့ပြယုဂ်ပေါ့။ ဒီလမ်းထဲမှာဆို လက်ဖက်ရည်ဆိုင်ရှိတယ်။ စာကြည့်တိုက်ရှိတယ်။ အားကစား လေ့ကျင့်တဲ့နေရာရှိတယ်။ ကျွန်တော်တို့လမ်းက တခြားလမ်းတွေနဲ့ မတူဘူး။ စနေနေ့တိုင်း တံမြတ်စည်းလှည်းဖြစ်အောင် လှည်းတယ်။ အမှိုက်ပုံးတွေရှိတယ်။ အမှိုက်ပုံးတွေထဲကိုပဲ အမှိုက်တွေ ထည့်ကြတယ်။ သစ်ပင်တွေကိုလည်း ရေမှန်မှန်လောင်းတယ်။ ကလေးတွေကို အလှည့်ကျ လောင်းခိုင်းပါတယ်။ အဲဒီလို ပြုပြင်ထိန်းသိမ်းထားပါတယ်” ဟု ၃၁ လမ်းနှင့် ၃၂ လမ်း လမ်းသာယာရေးကော်မတီဝင် ဦးစိုးလှိုင်ထွန်းက ပြောကြားသည်။

အဆိုပါ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ နောက်ဖေးဥယျာဉ် စတင် အကောင်အထည်ဖော်ချိန်ကာလများတွင် အပေါ်ထပ်များမှ အမှိုက်များ ပစ်ချခြင်းများ ရှိခဲ့သော်လည်း စီမံကိန်း ပြီးစီးပြီးနောက်ပိုင်းတွင် ပစ်ချမှုများမရှိတော့ကြောင်း သိရသည်။

“၃၁ လမ်းမှာ နောက်ဖေးလမ်းကြား လုပ်နေတယ်။ လုပ်နေရင်းကို အမှိုက်ပစ်ချတယ်။ လူတွေက အကျင့်မရှိသေးဘူး။ အခုလမ်းကြားလုပ်ဆဲ ကာလမှာလည်း ပစ်ကြတယ်။ မသိတဲ့အတွက် ပစ်ကြတာပါ။ နောက်ပိုင်းကျတော့မှ အခုလို လုပ်ထားတာကို သိတဲ့အတွက် မပစ်ကြတော့ဘူး။ အဲဒီတော့ လမ်းကြားကလည်း တော်တော်သန့်ရှင်းသွားတာ။ အရင်တုန်းကဆို လမ်းကြားတစ်ခါရှင်းရင် လေးငါးသိန်းလောက်ကုန်တယ်” ဟု ဦးစိုးလှိုင်ထွန်းက ဆိုသည်။

ထပ်မံဆောင်ရွက်မည့် နောက်ဖေးလမ်းကြားဥယျာဉ်

နောက်ဖေးလမ်းကြားဥယျာဉ်များသည် လက်ရှိအချိန်ထိ သုံးခုရှိပြီဖြစ်ပြီး ၂၉ လမ်းနှင့် ရွှေဘုံသာလမ်း၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပတ်လမ်းတို့တွင်လည်း ထပ်မံအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ အဆိုပါနေရာများတွင် ပန်းချီဆွဲထားခြင်း၊ ကလေးကစားရန်အတွက် နေရာများ၊ စာဖတ်ရန် နေရာများကို ထည့်သွင်းထားကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်မှုအတွက် ကုန်ကျစရိတ်များကို ဒို့အိမ်အဖွဲ့မှ ရာခိုင်နှုန်း ၈၀ နှင့် စီမံကိန်းအကောင်အထည်ဖော်သည့် လမ်းရှိသူများမှ ရာခိုင်နှုန်း ၂၀ ထည့်ဝင်မှုဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ဖေးလမ်းကြားက ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၃၉ လမ်းတို့က နောက်ဖေးလမ်းကြားဥယျာဉ် လုပ်ပြီးသွားပြီ။ ၂၉ လမ်းနှင့် ရွှေဘုံသာလမ်း၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း၊ ၂၇ လမ်းမှာ လုပ်ထားတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်နေရာလေးကိုတော့ အမြဲရှင်းလင်းပါတယ်။ ဒါပေမဲ့ တဖက်အခြမ်းမှာကျတော့ အမှိုက်တွေပစ်ထားတယ်။ အဲ့နေရာက အမှိုက်တွေပြန်ရှင်းပြီမှလုပ်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ ပြန်လုပ်သွားမှာပါ” ဟု နောက်ဖေးလမ်းကြားဥယျာဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ဒို့အိမ်အဖွဲ့မှ ကိုလှတင်က ပြောကြားသည်။

“နောက်ဖေးလမ်းကြား ဥယျာဉ်လုပ်တာက ရည်ရွယ်ချက်ပါတယ်။ တစ်လမ်းလုံးကွန်ကရစ်ခင်း ရေဆိုးပိုက်တွေပေါက်တယ်ဆိုရင်လည်း လဲပေးပြင်ပေး ပူးပေါင်းဆောင်ရွက်မှုကို ဦးတည်တာ၊ ကိုယ်လုပ်ချင်တာ လုပ်မယ်ဆိုတာ မဟုတ်ဘူး။ ကိုယ်လုပ်ချင်တိုင်းလုပ်ပြီး ပစ်ထားမယ်ဆိုရင် ခုလိုဖြစ်မယ် ဆိုတာကို သင်ခန်းစာရတာပေါ့။ နောက်ထပ် ၂၉ လမ်းနဲ့ ရွှေဘုံသာလမ်းရယ် ၃၂ လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်းတွေကို ဆက်လုပ်နေတယ်။ ဒီနှစ်ထဲမှာ နောက်ထပ်သုံးလမ်းလောက် ဆက်လုပ်တယ်။ စည်ပင်က ကွန်ကရစ်ခင်းတာကို ကူညီတယ်။ ကျန်တာကိုတော့ ဒို့အိမ်အဖွဲ့နဲ့ ရပ်မိရပ်ဖတွေ ပေါင်းလုပ်တာဖြစ်တယ်” ဟု ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

နောက်ဖေးလမ်းကြားရှင်းလင်းမှုကို ဘယ်လိုပုံစံမျိုး စတင်ဆောင်ရွက်ခဲ့လဲ

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို သန့်ရှင်းရေးအနေဖြင့် အမှိုက်များ ရှင်းလင်းခြင်း၊ ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖယ်ရှားရှင်းလင်းသည့် စီမံချက်ကို ယခုအစိုးရသစ်လက်ထက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့တွင်းခြောက်မြို့နယ် (Downtown) ဖြစ်သည့် ပန်းဘဲတန်း၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်များတွင် နောက်ဖေးလမ်းကြားများ ရှင်းလင်းပြီးနောက် အလုံ၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်းမြို့နယ်၊ စမ်းချောင်းမြို့နယ်များတွင် နောက်ဖေးလမ်းကြား ရှင်းလင်းမှုများ ဆက်လက် ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

သို့သော် နောက်ဖေးလမ်းကြား အမှိုက်ကတော့ ထိန်းချုပ်ရန် ခက်ခဲလှသည့် အခြေအနေတစ်ခုဖြစ်သည်။ အမှိုက်ပစ်သည့် သူအချို့၏ ပြုပြင်ပြောင်းလဲမှု အပိုင်းများနှင့်လည်း သက်ဆိုင်နေသည်။

သို့သော် ယခင်အစိုးရလက်ထက်များက နောက်ဖေးလမ်းကြား၊ အထူးသဖြင့် ရန်ကုန်မြို့တွင်း မြို့နယ်များရှိ တိုက်နောက်ဖေးလမ်းကြားများတွင် အမှိုက်များရှင်းလင်းခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်ပေးခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါ လုပ်ငန်းသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဝန်ဆောင်မှုလုပ်ငန်းတွင် မပါဝင်ခြင်းကြောင့်ဟုဆိုကာ ရန်ကုန်မြို့တော်စည်ပင်က အခြားနေရာများမှ အမှိုက်များကိုသိမ်းသော်လည်း နောက်ဖေးလမ်းကြား အမှိုက်ကိုမူ ယင်းနေရာတွင် နေထိုင်သူများ၏ တာဝန်သာဖြစ်သည်ဟု ဆိုခဲ့သည်။ သိမ်းဆည်းလိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်းကား ကူညီပေးမည်ဖြစ်ကြောင်း ယခင် ထုတ်ပြန်ထားခဲ့သည်။

သို့ဖြစ်ရာ အဆိုပါနေရာများတွင် နေထိုင်သူများကလည်း ယင်းအမှိုက်များကို ရှင်းလင်းမှုမရှိခဲ့ကြခြင်းကြောင့် နှစ်ကာလကြာရှည်ခဲ့ချိန်တွင် နောက်ဖေးလမ်းကြားများ၌ လူမြင်မကောင်းအောင်ပင် ရှုပ်ပွ ညစ်ပတ်နေခဲ့သည်။

ရန်ကုန်မြို့တွင်း နောက်ဖေးလမ်းကြားများသည် ပြည်သူများ အပန်းဖြေသည့် နေရာများသာဖြစ်သင့်ကြောင်း ယင်းနေရာများသည် အမှိုက်ပစ်ရမည့် နေရာမဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်မြောက်မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ၂၀၁၇ ဇွန် ၁၇ ရက် ပြုလုပ်ခဲ့သည့် ကျောက်တံတားမြို့နယ် ၃၉ လမ်း ပန်းဥယျာဉ်နှင့် ကလေးကစားကွင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အရေးယူမှု အားနည်းခြင်း

“နောက်ဖေးလမ်းကြားက စတုန်းကတော့ အောင်မြင်တယ်။ အခုတော့ စံချိန်တွေ လျော့နေပြီ။ အမှိုက်က ပြန်ပစ်တာပဲ။ အရေးယူမှုအပိုင်း အားနည်းနေတယ်။ စည်းကမ်းပိုင်းထိန်းသိမ်းမှုက တော်တော်လေးကို အားနည်းနေတယ်” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ် (၁) ရပ်ကွက်တွင် နောက်ဖေးလမ်းကြားများ ရှင်းလင်းရေး စီမံချက်ကာလအတွင်း ရှင်းလင်းပြီး နောက်ဖေးလမ်းကြားများတွင် အမှိုက်များထပ်မပစ်ရန်နှင့် ကျူးကျော်မှုများ ထပ်မံမလုပ်ဆောင်ရန် သတိပေးပြီးချိန်တွင် လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်ဖွင့်သူတွေအား တစ်ဦးကို ဒဏ်ငွေကျပ် ငါးသောင်းစီနှင့် ပန်းဘဲတန်းမြို့နယ် ၂၆ လမ်းတွင် နောက်ဖေးလမ်းကြား၌ ကြက်ခြင်းထားရှိသူတစ်ဦးကို ဒဏ်ငွေကျပ်သုံးသောင်းဖြင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“၂၇ လမ်းရော ၂၈ လမ်းကိုရော အကုန်ရှင်းခဲ့တယ်။ သုံးလေးလလောက်ပဲ ကြာလိုက်တယ်။ အကုန်ပြန်ပွလာတယ်။ အောက်ထပ်မှာနေတဲ့လူတွေဆို တော်တော်ဆိုးရွားစွာ ခံစားရတယ်။ ကျန်းမာရေးတွေလည်း တော်တော်ထိခိုက်ကြရတယ်။ မလုပ်နိုင်ကြဘူးပေါ့။ နောက်ပိုင်းမှာ ရှင်းလင်းမှုတွေ ထပ်လုပ်ဖို့ကို မနိုင်တော့ဘူး။ အမှိုက်ပစ်အားက များတယ်” ဟု ရန်ကုန်မြို့ ၂၈လမ်းတွင် နေထိုင်သူတစ်ဦးက ဆိုခဲ့သည်။

မြို့တွင်းခြောက်မြို့နယ်ရှိ နောက်ဖေးလမ်းကြားများကို ခြောက်လက်မထုရှိ ကွန်ကရစ်လမ်းများခင်းရန် အစိုးရအဖွဲ့က ဘတ်ဂျက်များ ချပေးထားကြောင်းလည်း သိရသည်။

“မြို့တွင်း ခြောက်မြို့နယ်အတွက်ဆိုပြီး နောက်ဖေးလမ်းကြားခင်းဖို့ ခြောက်လက်မထုနဲ့ ခင်းမယ်ဆိုပြီးပြောတယ်။ ဘတ်ဂျက်က နှမြောဖို့တောင် ကောင်းနေပြီ။ ကားလမ်းမတွေကိုတောင် ခြောက်လက်မ ထုလောက်ခင်းတာ၊ လေးလက်မထုလောက်ထားလို့ မရဘူးလားဆိုပြီး ပြောတယ်။ လူပဲသွားမှာကို အဲဒီလောက်မှ မလိုတာ” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ရန်ကုန်မြို့မှာ တစ်နေ့အမှိုက်တန်ချိန် ဘယ်လောက်ထွက်လဲ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ ၂၀၁၂ ခုနှစ် လေ့လာဆန်းစစ်ချက်အရ ရန်ကုန်မြို့နေ လူတစ်ဦးသည် တစ်ရက်လျှင် အမှိုက်သုည ဒသမ ၄ ကီလိုဂရမ် စွန့်ပစ်ကြသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရန်ကုန်တစ်မြို့လုံး လူဦးရေအားလုံး၏ တစ်ရက် စွန့်ပစ်အမှိုက်တန် ၁၆၉၀ ရှိခဲ့ပြီး ယခုလက်ရှိတွင် ရန်ကုန်မြို့တစ်မြို့လုံး၏ တစ်ရက်စွန့်ပစ် အမှိုက်တန်ချိန်သည် ၂၈၀၀ ဝန်းကျင်ကို ရောက်ရှိလာပြီဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက စည်ပင်နယ်နိမိတ် ၃၃ မြို့နယ် ထွက်ရှိသည့် ပြည်သူလူထု စွန့်ပစ်အမှိုက်များ၊ စက်မှုဇုန်ထွက် အမှိုက်များကို နေ့စဉ်သိမ်းဆည်းသည့် တန်ချိန် ၂၈၀၀ ဝန်းကျင်ကို လှိုင်သာယာမြို့နယ်ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံ၊ ဒဂုံမြောက်မြို့နယ် ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံ၊ ရွှေပြည်သာမြို့နယ် ကျူချောင်မြို့နယ် အမှိုက်ပုံ၊ ဒလမြို့နယ် အမှိုက်ပုံ၊ ဆိပ်ကြီးခနောင်တို အမှိုက်ပုံတို့သို့ စွန့်ပစ်လျက်ရှိသည်။

အဆင့်မြှင့်တင်မည်ဟု

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃၀ ရှိ ရပ်ကွက်ပေါင်း ၇၁ ရပ်ကွက်တွင် အမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ်ကို ဆောင်ရွက်နေပြီး ခေတ်မီအမှိုက်သိမ်းစနစ် ပြောင်းလဲသွားရန် ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (သတ္တမနေ့)တွင် ပြောကြားထားသည်။

“လူနေထူထပ်ပြီးတော့ အမှိုက်စွန့်ပစ်မှုများတဲ့ မြို့နယ်ရပ်ကွက် အချို့မှာ အမှိုက်ပုံးတွေချထားပြီးတော့ သတ်မှတ်ရက်အတိုင်း အချိန်တိကျစွာ ဆောင်ရွက်ပေးတဲ့ အမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ်ကို ၁-၆-၂၀၁၆ ရက်ကစပြီးတော့ အကောင်အထည်ဖော်ခဲ့တာ မြို့နယ် ၃၀၊ ရပ်ကွက်ပေါင်း ၇၁ ရပ်ကွက်ရှိပြီ ဖြစ်ပါတယ်။ အဲဒီအမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ်က ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကျင့်သုံးတဲ့အတွက်ကြောင့် ခေတ်မီအမှိုက်သိမ်းစနစ်ကို ပြောင်းလဲသွားဖို့ ရည်ရွယ်ထားပါတယ်။ နောက်ကားတိုင်းမှာ အလေအလွင့်နည်းအောင် ဒီကားက ဘယ်ရောက်သွားတယ်။ ဘယ်သွားတယ်။ သွားတဲ့လမ်းကြောင်းကို ထိန်းသိမ်းထားတဲ့အတွက်ကြောင့် ဒီကားက ဘယ်အချိန်မှာ ဘယ်သွားတယ်ဆိုတာ သိပါတယ်။ သို့သော်လည်း တချို့လူမှုကွန်ရက် စာမျက်နှာမှာ အမှိုက်မသိမ်းဘူး ဆိုတာတွေက အမှိုက်သိမ်းကားပျက်လို့ ခေတ္တပြင်ရတဲ့ အချိန်လောက်ပဲ ဖြစ်ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်း ထွက်ရှိသည့် အမှိုက်များကို စနစ်တကျ သိမ်းဆည်းနိုင်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် အမှိုက်သိမ်းယာဉ်များကို တိုးမြှင့်ဝယ်ယူခဲ့ကြောင်း မြို့နယ်တစ်ခုချင်း အလိုက်ထွက်ရှိသည့် အမှိုက်ပမာဏပေါ်မူတည်ပြီး လိုအပ်သော ယာဉ်အမျိုးအစားကို ဖြည့်တင်းဆောင်ရွက်နေကြောင်း၊ ယာဉ်အမျိုးအစားများ ဖြည့်တင်း ဆောင်ရွက်မှုနှင့်အတူ လူအင်အား၊ စက်အင်အား၊ ပစ္စည်းအင်အားတို့ကို တစ်ပြိုင်တည်း တိုးမြှင့်ရန်လိုကြောင်း၊ အမှိုက်သိမ်းလုပ်ငန်းအတွက် ယာဉ်၊ ယန္တရားဝယ်ယူမှုအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ အမှိုက်သိမ်းယာဉ် စုစုပေါင်း ၁၁၅ စီး ဝယ်ယူဖြည့်ဆည်းခဲ့ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၅၀၀ ခန့် နေ့စဉ်သိမ်းဆည်းနေရကြောင်း၊ အဆိုပါနှုန်းအတိုင်း သွားမည်ဆိုပါက ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တစ်ရက်ကို အမှိုက်တန်ချိန် ၃၃၀၀ ခန့် သိမ်းဆည်းရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လာမယ့်ဘဏ္ဍာရေးနှစ်အတွင်းမှာလည်း လိုအပ်တဲ့ အမှိုက်သိမ်းယာဉ်တွေ ဖြည့်ဆည်းနိုင်ရေး ရေးဆွဲထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်သိမ်းယာဉ်များကို ဘဏ္ဍာရေးနှစ်အလိုက် တိုးမြှင့်ဝယ်ယူခဲ့သလို အသုံးပြုလို့မသင့်တော့တဲ့ မြို့ပြအင်္ဂါရပ်နဲ့ မကိုက်ညီတဲ့ အမှိုက်သိမ်းယာဉ်များကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေပြီးတော့ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း အမှိုက်သိမ်းယာဉ် ၁၉၁ စီးကို ဖျက်သိမ်းခဲ့ပြီးတော့ အခုအမှိုက်သိမ်းဆည်းနေတဲ့ လုပ်ငန်းအတွက် အမှိုက်သိမ်းယာဉ် စုစုပေါင်း ၄၁၁ စီး ရှိပါတယ်။ ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူဖြည့်ဆည်းခဲ့တဲ့ အမှိုက်သိမ်းယာဉ်တွေကို မြို့နယ်အလိုက် တိုးမြှင့်ပြီးတော့ အမှိုက်ထွက်ရှိမှု ပမာဏနောက် မြို့နယ်အကျယ်အဝန်း၊ ရှိနေတဲ့ လူဦးရေတိုးတက်လာတဲ့ လူဦးရေနဲ့ လူဦးရေသိပ်သည်းဆပေါ် မူတည်ပြီးတော့ တိုးမြှင့်ချထားပြီး ဖြစ်ပါတယ်” ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆောင်ရွက်ခဲ့သည့် ၂၇ လမ်း နောက်ဖေးလမ်းကြား ဥယျာဉ်နေရာသည် ပြည်သူအချို့၏ စည်းကမ်းမဲ့ အမှိုက်ပစ်မှုများကြောင့် ညစ်ပတ်နေရပြီး ဥယျာဉ်စီမံကိန်း ဆောင်ရွက်ထားခြင်းမရှိသည့် နောက်ဖေးလမ်းကြား အချို့သည်လည်း ရှင်းလင်းမှုများ ပြုလုပ်ပြီး သုံးလေးလခန့်အကြာတွင် အမှိုက်များပြန်လည် ပြည့်နှက်ကာ အကျည်းတန်နေသဖြင့် ပြည်သူများ အနေဖြင့် ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် အမှိုက်ကင်းစင်လှပသော ရန်ကုန်မြို့ဖြစ်ရန် ကူညီဆောင်ရွက်ရေး ဖော်ပြအပ်ပါသည်။

Most Read

Most Recent