ကိုယ်ချင်းစာနာတတ်ကြပါစေ

ကိုယ်ချင်းစာနာတတ်ကြပါစေ
Published 3 January 2018

ဒီတစ်လအတွင်းမှာ အိမ်အတွက် အကူအဖြစ် အလုပ်လုပ်ဖို့ခေါ်ထားတဲ့ သူနှစ်ယောက် အပြောင်းအလဲ ဖြစ်ခဲ့ရပါတယ်။ သူတို့ကို တောနယ်ဘက်မှာ ဆရာမလုပ်နေတဲ့ ညီမ အလတ်မကတစ်ဆင့် ရှာဖွေခေါ်ထား ရပါတယ်။ ခေါ်ပေးရသူခမျာလည်း လွယ်တော့မလွယ်ပါဘူး။ တောနယ်ဘက်မှာသာ လုပ်ချင်ကြသူများပြီး ရန်ကုန်အထိလိုက်ချင်သူ ရှားပါးပါတယ်။ တောဘက်က လယ်သိမ်း၊ ယာသိမ်း၊ အလုပ်ပါးချိန်ဖြစ်နေမှသာ မြို့တက် အလုပ်လုပ်လေ့ ရှိပါတယ်။ မြို့ကြီးပြကြီးကို ကြောက်တာလည်း ပါပါတယ်။ လက်ထဲမှာ ငွေလိုနေလို့ဖြစ်ဖြစ်၊ အကြွေးဆပ်ဖို့ဖြစ်ဖြစ် လုပ်လေ့ရှိပြီး လခတစ်လစာကိုလည်း ကြိုသုံး ထုတ်ယူတတ်ကြပါတယ်။ တောမှာကျန်ခဲ့တဲ့ မိသားစုကို အသုံးစရိတ်ပေးခဲ့ကြတာ များပါတယ်။

အိမ်ကို ပထမရောက်လာသူက အသက် ၃၅ လောက်ရှိပြီး ကလေးတွေက ကြီးကုန်တော့ သူလည်း ပိုက်ဆံရအောင် မြို့တက် အလုပ်လုပ်မယ်ဆိုပြီး ရောက်လာခဲ့သူပါပဲ။ ချက်ပြုတ် လျှော်ဖွတ် အတွေ့အကြုံတွေနဲ့မို့ ကြာကြာမသင်လိုက်ရဘဲ အဆင်ပြေသွားပါတယ်။ ဟင်းချက်တာကို သူ့ဘာသာသူ ချက်ချင်သလို ချက်တတ်တော့ ကျွန်မတို့က သူ့ကို သင်ပြပေးပါတယ်။

သူ လုပ်ကိုင်နေတုန်းလည်း အနားမှာ ရပ်ပြီး ပြောပြပေမဲ့ သူက တစ်ချက်လှည့် မကြည့်ပါဘူး။ ပြောပြီးလို့ ခဏနေရင် ခုနက ကောင်းကောင်းမကြားလို့ဆိုပြီး လာမေးပြန်ပါတယ်။ အဲဒီတော့ ကျွန်မလည်း နောက်တစ်ခေါက် ထပ်ပြောရင်းနဲ့ စကားပြောရင် လူကြီးမျက်နှာတော့ ကြည့်ပြီး နားထောင်ရမယ်တို့ နည်းနည်းချင်း ပြုပြင်ရေး လုပ်ရပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပြောပြော မရပါဘူး။ စကားပြောရင် မကြည့်ဘဲ သူလုပ်ချင်ရာ လုပ်နေတာပါပဲ။ နောက်တော့ ကျွန်မတို့လည်း သူက ကျပ်မပြည့်ဘူးထင်တယ်လို့ တွေးပေးလိုက်ရပါတယ်။ သူက ဘုရားသွားမယ်ဆိုရင်တော့ တော်တော်တက်ကြွ ပါတယ်။အလှအပ မိတ်ကပ်တွေလူးရင်း အင်္ကျီ၊ ထဘီဝမ်းဆက်တွေ ဝတ်ပြီး ရှေ့က ချီတက်တော့တာပါပဲ။

အိမ်မှာ မီးပူတိုက်ရင်း စိတ်လိုလက်ရနဲ့ သူ့အကြောင်းကို ပြောပြလို့  သိခဲ့ပါသေးတယ်။ သူ အရင် ၁၀ နှစ်လောက်မှာ တောနယ်ဘက်က ကြိမ်ထိုးလုပ်ငန်းကို မိသားစုအလုပ်အဖြစ် ကျွမ်းကျွမ်းကျင်ကျင် လုပ်ခဲ့ပါတယ်တဲ့။ ကြိမ်ထည်တွေ နိုင်ငံခြားပို့တဲ့ခေတ်ကြီးမှာ ဈေးကောင်းမိတဲ့အချိန်ပေါ့။

သူလည်း ကျွမ်းကျင်တဲ့ ကြိမ်ထိုးအလုပ်နဲ့ တစ်လကို နှစ်သိန်းလောက်ရတယ်ဆိုပဲ။နောက်ပိုင်းတော့ နိုင်ငံခြားပို့ကုန်တွေ တင်သွင်းခွင့် အပိတ်ခံရတော့ ကြိမ်ထိုးသားတွေ အလုပ်မရှိတော့ဘဲ ကျပန်းအလုပ်တွေ လုပ်ကြရတော့တာပါပဲ။ သူလည်း စုဆောင်းထားတာလေးတွေနဲ့ ဈေးရောင်းတဲ့အလုပ် ပြောင်းပေမယ့် တဖြည်းဖြည်း အရင်းပြုတ်လိုက်လာတော့ အခုလို အိမ်အကူဝင်လုပ်တဲ့အဖြစ် ရောက်ခဲ့ပါသတဲ့။ တစ်လကျော်တော့ သူ့ကလေး နေမကောင်းသလို ဘာလိုလိုနဲ့ ပြန်ချင်တယ်ဆိုတော့ ပို့လိုက်ရပါတယ်။

နောက်တစ်ယောက်ရောက်လာသူက ၁၈ နှစ်လောက် ကလေးမငယ်ငယ်ပါပဲ။ ၁၀ တန်းအထိ ကျောင်းတက်ခဲ့ပေမဲ့ ကျပြီးရင်းကျနေလို့ ညီမဖြစ်သူ ဆရာမနဲ့ ချိတ်ဆက်ပြီး အိမ်မှာ အလုပ်လုပ်ဖို့ ရောက်လာတဲ့သူပါ။ တောမှာ ၁၀ တန်းအထိ ကျောင်းတက်ဖို့ မလွယ်ပါဘူး။

မိဘက အတန်သင့်ပြည့်စုံမှ စက်ဘီးတို့ ဘာတို့နဲ့ မြို့ပေါ်က ကျောင်းကို တက်နိုင်ကြပါတယ်။ ကျွန်မတို့အိမ်ရောက်တော့ ၁၀ တန်းအထိ နေခဲ့တာ ဘာလို့များ ဒီအလုပ်လုပ်သလဲ သမီးရယ်လို့ မေးမိပါတယ်။တောမှာ အလုပ်ရှားနေတယ်တဲ့။ မိဘတွေ လယ်ဝယ်ထားတာ အကြွေး တင်နေလို့ သူက နိုင်သမျှ အကြွေးကူဆပ်ပေးဖို့ လာလုပ်တာပါတဲ့။ နောက်တော့ သူ့အမေလည်း ရန်ကုန်မှာ သူ့လိုပဲ အကြွေးဆပ်နိုင်အောင် အလုပ်လာလုပ်နေတယ်လို့ သိရတယ်။ တစ်မြို့တည်းပေမယ့် သားအမိတွေ တွေ့ဖို့လည်း မလွယ်ကြပါဘူး။ အရင်တစ်ယောက်က ဖုန်းရှိပေမယ့် နောက်ကလေးမက ဖုန်းမရှိတော့ ကျွန်မဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ဖို့ ကူညီပေးလိုက်ပါတယ်။

သူတစ်ပါးအိမ်မှာ အိမ်အကူလုပ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ စိတ်ထားကောင်းတဲ့ အိမ်ရှင်မိသားစုရှိသလို စိတ်ထားယုတ်မာတဲ့ မိသားစုနဲ့လည်း ကြုံရနိုင်ပါတယ်။

အလုပ်လုပ်ချင်လွန်းလို့သာ ဝင်လုပ်ကြရပေမယ့် စိတ်ထားမကောင်းတဲ့မိသားစုနဲ့ ကြုံရတဲ့အခါ တော်တော်လေး ဒုက္ခရောက်ကြရပါတယ်။ ဟိုတစ်လောက အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူလုပ်တဲ့ ကလေးမလေးတွေ အရိုက်အနှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် အိမ်ရှင်တွေကို တရားစွဲတဲ့အထိ ဖြစ်ခဲ့ပါ တယ်။

အရိုက်အနှက်ခံရလို့ လက်ဆစ်တွေ ကောက်ကွေးကုန်တဲ့အထိပါပဲ။ ရက်စက်တဲ့ အိမ်ရှင်တွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှုကြောင့် ကလေးတွေမှာ သေရာပါ ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

အမှတ်မထင်ဘဲ The Help ဆိုတဲ့ ဇာတ်ကားလေး ကြည့်မိတော့လည်း အာဖရိကန် အမေရိကန်နွယ်ဖွား အိမ်အကူတွေရဲ့ ဒုက္ခကို စာနာနားလည်မိပါတယ်။

Emma Stone နဲ့ Viola Davis တို့ ပါဝင်သရုပ်ဆောင်ကြပြီး အော်စကာဆုလည်း ရခဲ့ပါတယ်။

၁၉၆၃ ခုနှစ် အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ် ဂျက်ဆင်မြို့မှာ အိမ်အကူလုပ်ကြတဲ့ အေဘလင်းနဲ့ မင်နီတို့နှစ်ယောက်ရဲ့ အိမ်ရှင်နဲ့ရင်ဆိုင်ရတဲ့ လူမှုရေးပြဿနာတွေ အကြောင်းပါပဲ။

ဒီမြို့လေးမှာ တက္ကသိုလ်ကနေ ဘွဲ့ရပြီးကာစ လူဂုဏ်တံအသိုင်းအဝိုင်းက မိန်ကလေး ယူဂျီးနီးယားစကီတာဟာ ဒီအိမ်အကူတွေကို လျှို့ဝှက်ဆုံတွေ့ခဲ့ရင်း အေဘလင်းနဲ့ မင်နီတို့ ကြုံတွေ့ရတာတွေကို သတင်းစာမှာ ဆောင်းပါးအဖြစ် ပြန်လည်ရေးသားခဲ့တာပါပဲ။

သူမကိုယ်တိုင်လည်း ငယ်စဉ်မှာ မိခင်ဖြစ်သူက သူမချစ်တဲ့ ကလေးထိန်းအဘွားကို အလုပ်ဖြုတ်လိုက်တော့ အမြဲတမ်းသတိရနေခဲ့ပါတယ်။ စကီတားရဲ့ သူငယ်ချင်းမတစ်ယောက်ကတော့ အဆင့်အတန်း အလွန်ခွဲ ခြားတတ်တဲ့သူပါ။ မြို့မှာလည်း အမျိုးသမီးရေးရာခေါင်းဆောင် တာဝန်ယူထားလေရဲ့။

အဲဒီကာလကြီးမှာ အိမ်အကူတွေဟာ ဧည့်သည်ကို ကော်ဖီတို့၊ မုန့်တို့နဲ့ဧည့်ခံရင် လက်ချင်းမထိမိအောင် သတိထားရပါတယ်။ ချက်ပြုတ်တဲ့ဟင်းတွေကို မြည်းတဲ့အခါ အိမ်အကူတွေဟာ ဟင်းမြည်းတဲ့ဇွန်းကို ဟင်းအိုးထဲ ပြန်မထည့်ရပါဘူး။

အိမ်ကြီးရှင်တွေနဲ့ ဧည့်သည်တွေရဲ့ အိမ်သာကို အသုံးပြုခွင့်မရှိပါဘူး။ အိမ်အပြင်မှာ သီးခြားဆောက်ထားတဲ့ အိမ်သာကိုပဲ သုံးကြရပါတယ်။

စကီတာဟာ အေဘလင်းနဲ့တွေ့ဆုံရာကနေ မင်နီ အလုပ်ပြုတ်လာချိန်မှာတော့ မင်နီရဲ့ အတွေ့အကြုံတွေကိုပါ နားထောင်ခွင့်ရခဲ့ပါတယ်။ မင်နီဟာ အိမ်ရှင်အဘွားကို နင်းနှိပ်ပေးရင်းနဲ့ အချိန်ကြာလာတော့ ဆီးသွားချင်လာပါတယ်။ မိုးသက်လေပြင်းကျချိန်မို့ အဘွားဖြစ်သူက ဧည့်သည်သုံးအိမ်သာကို သုံးဖို့ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ လူမျိုးရေး ခွဲခြားမှုပြင်းထန်တဲ့ သမီးက စိတ်ဆိုးမာန်ဆိုးနဲ့ မင်နီကို အလုပ်ထုတ်ပစ်လိုက်ပါတယ်။ ဒါ့အပြင် မင်နီကို အလုပ်ပေးသူမရှိအောင် ပိတ်ပင်ထားတဲ့အတွက် အလုပ်ပြုတ်သူ မင်နီဟာ ၁၄ နှစ်အရွယ် သမီးကို ကျောင်းထုတ်ပြီး အလုပ်လုပ်ခိုင်းရပါတော့တယ်။ ဒီမကျေနပ်ချက်တွေက ိုစကီတာကိုပြောပြပြီး အိမ်အကူ စာအုပ် ရေးခိုင်းခဲ့ပါတယ်။

အေဘလင်းကတော့ သားဖြစ်သူရဲ့စက်ရုံတွင်း ထိခိုက်ဒဏ်ရာရမှုကနေ အသားအရောင် အဆင့်အတန်းခွဲခြားမှုကြောင့် သေဆုံးခဲ့ရတာကို ရင်ဖွင့်ပါတယ်။ သားဖြစ်သူကို နီးရာဆေးရုံမပို့ဘဲ လူမည်းသီးသန့်ဆေးရုံပို့ပေမဲ့ ဆေးရုံရှေ့မှာ ဟွန်းတစ်ချက်သာဆွဲပြီး လူနာကို ကားပေါ်က ချထားခဲ့ပါတယ်။ အေဘလင်းဟာ သားဆီကို ရောက်ချိန်မှာ သေဆုံးနေတဲ့ ခန္ဓာကိုယ်ပဲ တွေ့ခဲ့ရပါတယ်။

မင်နီကို အလုပ်ဖြုတ်လိုက်တဲ့ အိမ်ရှင်မဟာ နောက်ထပ် အိမ်အကူအသစ်ကို ရှာဖွေခန့်ထားခဲ့ပါတယ်။ အိမ်အကူရဲ့သား အမြွှာနှစ်ဦးက ကောလိပ်တက်ဖို့  ငွေလိုနေတုန်းမှာ အိမ်ရှင်ဆီက ငွေခေတ္တချေးပါတယ်။ အိမ်ရှင်က မချေးငှားတဲ့အပြင် သူတို့အိမ်က ပစ္စည်းတွေ ရှာမတွေ့တိုင်း အိမ်အကူကိုပါ စောင်းပြောတော့တာပါပဲ။ နောက်ဆုံး စကားများကြရင်းနဲ့ အိမ်ရှင်က ငွေထည်ပစ္စည်းတွေ ပျောက်တယ်လို့ တိုင်ချက်ဖွင့်တော့ ရဲအဖမ်းခံရပါတယ်။

မကျေနပ်မှုတွေပြည့်နေတဲ့ အိမ်အကူတွေဟာ စကီတာတို့ အေဘလင်းတို့နဲ့အတူ လာရောက်ပူးပေါင်းပြီး အဖြစ်မှန်တွေကို ရင်ဖွင့်ကြပါတယ်။ စကီတာကိုလည်း အမျိုးသမီးရေးရာခေါင်းဆောင်လုပ်နေတဲ့ သူငယ်ချင်းမက အမျိုးမျိုး ပြဿနာရှာပါတယ်။ ဒါပေမဲ့ စကီတာရဲ့ ကြိုးပမ်းမှုဟာ အောင်မြင်ခဲ့ပြီး စာအုပ်အဖြစ် ထွက်လာခဲ့ပါတယ်။ စကီတာကိုလည်း ရာထူးတိုးပေးခဲ့ပါတယ်။ မင်နီကတော့ သူမကို ငှားရမ်းတဲ့ အိမ်ရှင်အသစ်ကို စေတနာမေတ္တာအပြည့်နဲ့ လုပ်ပေးခဲ့တော့ အလုပ်မြဲသွားပါတယ်။ အေဘလင်းကတော့ သူမရဲ့အလုပ်ရှင်နဲ့ အမျိုးသမီးခေါင်းဆောင်နဲ့က ရင်းနှီးနေတော့ အလုပ်ထုတ်ပစ်ဖို့ ဖိအားပေးခံရပါတယ်။

အေဘလင်းဟာ ကလေးကို  သံယောဇဉ်ဖြစ်နေပြီမို့ မထွက်ချင်ပါဘူး။ ဒါပေမဲ့ အလုပ်ကို မထွက်ချင်ရင် ငွေဇွန်းတွေပျောက်မှုနဲ့ တိုင်မယ်ဆိုတော့ ကလေးငိုသံကို ဥပေက္ခာပြုပြီး အလုပ်ထွက်ခဲ့ပါတော့တယ်။

အိမ်အကူတွေဟာ နောက်ဖေးမီးဖိုချောင်မှာနေပြီး အိမ်ရှင်အတွက် ချက်ပြုတ်လုပ်ကိုင်ရင်း အဝတ်လျှော်၊ မီးပူတိုက်နဲ့ပဲ တစ်နေ့တာ ကုန်ဆုံးကြရပါတယ်။ သူတို့ရဲ့ မိသားစုဘဝတွေအတွက် စားစရိတ်ရှာဖွေ ပေးရင်း သူတို့ဘဝတွေကို မြှုပ်နှံထားရသူတွေ ဖြစ်ပါတယ်။

မကောင်းတဲ့အိမ်ရှင်နဲ့တွေ့ရင် စိတ်ဆင်းရဲကြရပြီး ဆွေမျိုးစိတ်ရှိတဲ့ အိမ်ရှင်ကောင်းနဲ့တွေ့ရင်တော့ အမောပြေကြရပါတယ်။ ဒါ့ကြောင့် အိမ်အကူလာလုပ်သူတွေကို တွေ့ကြုံတဲ့အခါမှာ ကိုယ်ချင်းစာတရား လက်ကိုင်ထားပြီးတော့ ချစ်ခင်ပြောဆိုပေးကြဖို့ လိုပါတယ်။

Most Read

Most Recent