တိမ်ပင်လယ်

တိမ်ပင်လယ်
Published 3 January 2018

Photo: law.ox.ac.uk

အဲဒီတိမ်တွေရဲ့အထက်ဆီကို သွားချင်နေတာကတော့ အတော်ကြာပါပြီ။ Facebook မှာ ခရီးသွားကုမ္ပဏီတွေရဲ့ ကြော်ငြာတွေကိုဖတ်ပြီး ဓာတ်ပုံတွေကို မြင်ပြီးကတည်းက စိတ်ထဲမှာ တေးထားတာပါ။ တိမ်ပင်လယ်ဆိုတဲ့ တိမ်တွေကို ပြန်ငုံ့ကြည့်ရတဲ့ ခေါ်နူးသုမ်လို့ခေါ်တဲ့ ဝိတိုရိယတောင်၊ နောက် နတ်မတောင်လို့လည်းခေါ်တဲ့ အမည်သုံးမျိုးနဲ့ အဲဒီတောင်ဟာ ဒီနောက်ပိုင်းမှာတော့ ခရီးသွားတွေ စိတ်ဝင်စားတဲ့နေရာတစ်ခု ဖြစ်လာပါတယ်။ ခရီးသွားကုမ္ပဏီတွေကလည်း ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ အပြိုင်ကြော်ငြာနေကြတာမို့ တဖြည်းဖြည်း လူသိများလာ၊ သွားတဲ့သူတွေ များလာတဲ့ သဘောပါပဲ။

အစကတော့ အိမ်က မိသားစုလိုက် ကားလေးငှားပြီး သွားမယ်လို့ စိတ်ကူးထားတာပါ။ ဒါပေမဲ့ မြိုင်နဲ့ ပခုက္ကူက ကဗျာဆရာတွေက သူတို့လည်းသွားမယ်၊ လိုက်မလားဆိုပြီး ဖုန်းဆက်လာတော့ ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သွားပါတယ်။ အန်စာတုံးလို့ခေါ်တဲ့ ကားကလေးနဲ့ ကျွန်တော်တို့ အဖွဲ့က အားလုံးပေါင်း ၁၀ ယောက်ပါ။ ဖြည်းဖြည်းအေးအေးဆေးဆေး ပျော်ပျော်ပါးပါးပါပဲ။ ကျွန်တော့်အိမ်က မိသားစုတော့မပါတော့ပါဘူး။ သူတို့ချည်း သီးသန့် တစ်ခေါက်သွားကြမှာပါ။

ကျွန်တော်တို့အဖွဲ့ ကန်ပက်လက်မြို့ကိုရောက်တော့ ညနေ ၄ နာရီ ထိုးကာနီးနေပါပြီ။ ကျွန်တော်တို့တည်းမယ့်အိမ်က ကန်ပက်လက်သား ကဗျာဆရာစတီဗင်ရဲ့ အိမ်မှာ ဖြစ်ပါတယ်။ ကဗျာဆရာစတီဗင်တို့ ဇနီးမောင်နှံက မိဘမဲ့ဂေဟာလေးတစ်ခု တည်ထောင်ထားတာ တွေ့ရပါတယ်။ သူတို့ဂေဟာမှာ မိဘမဲ့ကလေး အားလုံးပေါင်း ၅၈ ယောက် ရှိတယ်လို့ဆိုတယ်။ ကျွန်တော်တို့ကား ဂေဟာဝင်းထဲကို ဝင်လိုက်တာနဲ့ ကလေးလေးတွေ ပြေးထွက်လာပြီး မင်္ဂလာပါလို့ ပြောပြီး လက်ဆွဲနှုတ်ဆက်ကြပါတယ်။ တောင်ကမ်းပါးယံကို ဘောလုံးကွင်းတစ်ကွင်းစာလောက် မြေညှိထားကာ ကမ်းပါးစွန်းတွေမှာ အဆောက်အအုံတွေ ဆောက်ထားတာ တွေ့ရတယ်။ ဘောလုံးကွင်းလို ကွက်လပ်ကတော့ ကလေးတွေရဲ့ ကစားကွင်းပေါ့။ ကစားကွင်းဘေး အဆောင်တစ်ခုရှေ့မှာတော့ မီးဖို တစ်ခု ဖိုထားပါတယ်။

ဒီမိဘမဲ့ဂေဟာလေးကို ဘယ်သူ့အထောက်အပံ့နဲ့မှမဟုတ်ဘဲ ကိုယ့်အားကိုယ်ကိုးပြီး တည်ထောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုတယ်။ အခုဆို တည်ထောင်ခဲ့တာ ၁၅ နှစ်ရှိပါပြီတဲ့။ သူ့ဂေဟာလေးကနေ ဘွဲ့ရတဲ့သူတွေ၊ ၁၀ တန်းအောင်တဲ့သူတွေတောင် ထွက်ပေါ်နေပါပြီ။ အခုတော့ သူတို့ ဂေဟာလေးဟာ လူသိသူသိများလာပြီး အောင်မြင်တဲ့ အနေအထားကို ရောက်နေပါပြီ။

ကျွန်တော်တို့ ရောက်ပြီးတဲ့ အချိန်လေးမှာကိုပဲ ဝိတိုရိယတောင်တက်ကြမယ့် ခရီးသွားအဖွဲ့ သုံးလေးဖွဲ့လောက်က ကလေးတွေဖို့ အဝတ်အစား၊ အစားအစာတွေ ဝင်လှူနေတာ တွေ့ရပါတယ်။ ကလေးတွေကတော့ အရွယ်စုံပါပဲ။ အားလုံးက မိဘမဲ့တွေ ဖြစ်တယ်။ လသားအရွယ်ကလေးတွေတောင် ရောက်လာတာ ရှိတယ်လို့ ဆိုတယ်။ ဂေဟာက သူတို့အားလုံးအတွက် စားဝတ်နေရေး အကုန်တာဝန်ယူထားတယ်။ အစိုးရကျောင်းမှာ ကျောင်းထားပေးတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ၁၅ နှစ်တိုင်အောင် လုပ်ဆောင်လာတဲ့ သူတို့ဇနီးမောင်နှံကို ကျွန်တော်က အံ့သြလေးစားမဆုံး ဖြစ်နေမိတယ်။

ကဗျာဆရာစတီဗင်က ကျွန်တော်တို့အဖွဲ့ကို ချင်းရိုးရာခေါင်ရည်၊ နွားနောက်သား၊ ဆီမပါဘဲ ပြာရည်နဲ့ ချက်တယ်ဆိုတဲ့ ပြာရည်ဟင်းစတဲ့ ချင်းရိုးရာ အစားအစာတွေနဲ့ ဧည့်ခံပါတယ်။ အင်မတန်ပဲ စားလို့ ကောင်းပါတယ်။ ညမှာတော့ အဆောင်ရှေ့က ကွက်လပ်မှာ မီးပုံပွဲနဲ့ ကဗျာရွတ်ပွဲလေး ပြုလုပ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်စကားပြောပြီး ကဗျာတွေ အသီးအသီး ရွတ်ဆိုကြပါတယ်။ အဲဒီမှာ ကဗျာဆရာစတီဗင်ရဲ့ ကဗျာတစ်ပုဒ်ကတော့ ကျွန်တော့်ရင်ထဲ စွဲစွဲထင်ထင်ဖြစ် ကျန်ရစ်ခဲ့ပါတယ်။

ကဗျာခေါင်းစဉ်က ခေါ်နူးသုမ်တဲ့။

ကိုယ့်အား ကိုယ်ကိုးတဲ့ တောင်ဟာ

သူ့ကို အားကိုးတဲ့သူတွေ များလာပြီ။

သက်ကြီးသက်ပု

တောင်ဇလပ်ပင်အိုပေါ်မှာ

ရေညှိတွေ စားသောက်တဲ့

မှော်၊ သဇင်၊ သစ်ခွတွေ ပြည့်ညပ်ခဲ့ဖူး။

စိုစွတ်စွတ် မြက်ခင်းနုလေးတွေက

အမြင့်ပေ တစ်သောင်းတစ်ဆယ့်ရှစ်ပေ

ရှိခဲ့ဖူး။ မြက်ခင်းစိုစိုတွေကြားမှာ

အမည်မသိ ကြယ်ပြာရောင်

ပန်းကလေးတွေ

ဝေဆာထိုးထွက် ပွင့်ဝေခဲ့ဖူး။

မျက်နှာဖြူ ဥရောပသား

မကွေးတိုင်းမင်းကြီးရဲ့

နွေရာသီ အပန်းဖြေရန် အစပြုခဲ့ရင်း

နယ်ချဲ့တွေရဲ့

အချက်ပြစခန်းလည်း ဖြစ်ခဲ့ဖူး။

နွားလပို့တောင်တွေ ကျော်တိုင်း

တောင်ပူစာလှုံနေတဲ့

ရွာကလေးတွေ ပတ်လည်ဝိုင်းလို့။

ခဏတဖြုတ်မှီခိုပြတဲ့ သူတွေက

ဒေသခံ ဒေသခံနဲ့ လေချွန်ပြကြတော့

ကိုယ့်ထောင်ချောက် ပြန်မိတဲ့

ချင်းရိုးရာပုံပြင်လိုပဲ

ရယ်စရာတွေ ဖြစ်ခဲ့ပြီ။

အကြောင်းရင်းတွေကို တွေး

ဈေးကောင်းနဲ့ ဝယ်ပြကြတာ

တောင်မဲ့ ပန်းမဲ့ပြီး မြို့နဲ့ဝေးနေတာ

မဟုတ်ဘူး။

အလုပ်မရှိ ခပ်နွမ်းနွမ်းကောင်တွေက

ဇွဲကြီးကြီး ဆိုက်ကျကျနဲ့

သဘာဝချစ်သူတွေဆိုပဲ။

ပြေးခွပ်မဲ့ကြက်တွေလိုပဲ

နှုတ်သီးတွေမှာ အမြင်နဲ့ကာကွယ်ပြကြတာ

မြို့ရဲ့ ပိုးကောင်တွေဖြစ်မှန်း ပြန်မသိရှာကြ။

အမျိုးတွေလည်း သွေးဆူရပြီ

ငွေနဲ့ လောင်ကျွမ်းပြကြတော့

အထိုင်ခက် အထခက်နဲ့

ငါးတွေကြောင့် လှေတွေ ပုပ်ခဲ့ရပြီ။

ခေါ်နူးရေ အဘိုးတွေရဲ့

ခပ်ကြမ်းကြမ်းခြေဗလာ

အစပြုခဲ့ရာ သင့်ရဲ့ နူးညံ့တဲ့

တောင်ကျောပေါ် ငါတို့တွေ

အလကားလျှောက်လို့ မရတော့ဘူး။

ဒါဟာ ကန်ပက်လက်သား ချင်းလူမျိုး ကဗျာဆရာရဲ့ သူ ချစ်တဲ့ ခေါ်နူးသုမ်တောင် အပေါ်မှာထားတဲ့ ခံစားချက်တွေဆိုတာ ထင်သာမြင်သာ ရှိလှပါတယ်။ ခင်ဗျားတို့ မနက်ဖြန်တောင်ပေါ်ရောက်ရင် တွေ့မြင် ခံစားမိပါလိမ့်မယ်လို့လည်း ကဗျာဆရာက ပြောပါတယ်။ တစ်ယောက်ကို ကဗျာနှစ်ပုဒ် စီ ရွတ်ပြီးတဲ့အခါမှာတော့ ကျွန်တော်တို့ မီးပုံဝိုင်းလေးကို သိမ်းလိုက်ကြပါတယ်။ မနက်ကျ စောစောထသွားကြရမှာကိုး။

နံနက် ၄ နာရီလောက်ထပြီး တောင်ခြေစခန်းကို ကားနဲ့သွားကြပါတယ်။ စခန်းကိုရောက်တော့ ၅ နာရီထိုးပါပြီ။ ကျွန်တော်တို့ထက် စောရောက်နေတဲ့ ကားတွေ သုံးလေးစီးလောက် တွေ့ရပါတယ်။ တချို့က နံနက် ၂ နာရီလောက်ကတည်းက ဒီစခန်းကို ရောက်နေကြတာတဲ့။ ဆိုင်ကယ်ကယ်ရီက ၅ နာရီ လောက်မှ ရှိတာပါ။ ကျွန်တော်တို့အဖွဲ့က တချို့တစ်ဝက်က ခြေကျင်တက်သွားကြတယ်။ ကျွန်တော်အပါအဝင် သုံးယောက်ကတော့ ဆိုင်ကယ်နဲ့ တက်ဖို့ ဆုံးဖြတ်ပြီး ဆိုင်ကယ်စောင့်ကျန်ရစ်ပါတယ်။ ဆိုင်ကယ်စောင့်နေတဲ့အချိန်မှာပဲ လူတွေ တဖွဲဖွဲ ရောက်လာကြတယ်။ ဆိုင်ကယ်က တစ်စီးရောက် လာလိုက် လုငှားလိုက်ကြနဲ့ပေါ့။ ဆိုင်ကယ်ကယ်ရီက အားလုံးပေါင်းမှ ၃၀ ကျော်ပဲ ရှိတာတဲ့ ။ လူက ၁၀၀ ကျော်လောက် ရှိနေတယ်။ တချို့လည်း မစောင့်နိုင်လို့ ခြေကျင် တက်သွားကြတယ်။

တောင်ခြေစခန်းကနေ ဆိုင်ကယ်က မိနစ် ၂၀ လောက် စီးရပါတယ်။ နေထွက်ထွက်ချင်းပဲ တောင်ထိပ်ကို ရောက်သွားပါတယ်။ တောင်ရဲ့ ဘယ်ဘက်ကိုပဲကြည့်ကြည့် တိမ်ပင်လယ်ပါပဲ။ တိမ်တွေကို အပေါ်စီးကနေ ရေပြင်ကြီးတစ်ခုလို မြင်နေရတာပါ။ အဲဒီတောင်ပေါ် ရောက်နေတုန်းက မြင်ရတဲ့ အလှတရားတွေ၊ စိတ်ထဲမှာ ခံစားရတဲ့ ကြည်နူးမှု စိတ်အစဉ်တွေကို ကျွန်တော် ပြန်ပြီး အသေးစိတ်ရေးမပြတတ်တော့ပါဘူး။ ဘယ်ကိုကြည့်ကြည့် တစ်တောင်လုံးက တောင်ဇလပ်ပင်တွေချည်းပါပဲ။ နီရဲနေတဲ့ တောင်ဇလပ်ပန်းတွေကို ကြည့်ရတာ တကယ့်ကို အရသာရှိပါတယ်။ တောင်ဇလပ်တွေက ပင်လုံးကျွတ်တော့ မပွင့်ကြသေးပါဘူး။ တချို့တစ်ဝက်ပဲ ပွင့်နေတာ တွေ့ရပါတယ်။ နောက်လပိုင်းထဲဆိုရင်တော့ ပင်လုံးကျွတ် ပွင့်မယ်ထင်ပါတယ်။ ပွင့်လုလု အဖူးတွေတွေ့နေရလို့ပါ။

တောင်ပေါ်မှာက ဘုရားဆင်းတုတော် တစ်ဆူနဲ့ မြေစိုက်ဘုရားတစ်ဆူ ဖူးတွေ့ရပါတယ်။ ဘုရားရဲ့ ဘေးမှာ ဇရပ်လေး တစ်လုံးပဲရှိပါတယ်။ နောက် ခေါ်နူးသုမ် အမျိုးသားဥယျာဉ်၊ အာဆီယံအမွေအနှစ်ဥယျာဉ်  လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုလည်း တွေ့ ရပါတယ်။ ဇရပ်လေးထဲမှာ ညကတည်းက လာအိပ်တဲ့သူတွေတောင် ရှိတယ်လို့ဆိုတယ်။ မိုးကာဖျင်တဲလေးနှစ်လုံးကိုလည်း တွေ့ရတယ်။ တောင်ပေါ်မှာ နာရီဝက်လောက်ပဲနေပြီး ပြန်ဆင်းကြပါတယ်။ အဆင်းမှာတော့ ခြေကျင်ဆင်းခဲ့ကြတယ်။ လမ်းတစ်လျှောက်လုံး တောင်ဇလပ်ပင်တွေမှာ အနီရောင်ဆိုင်းဘုတ်လေးတွေ ရေးထားတာ တွေ့ရပါတယ်။ တောင်ဇလပ်ပန်းတွေကို လုံး၀ လုံး၀ မခူးရတဲ့။

အပြန်လမ်းတစ်လျှောက်လုံး ရေညှိ တွေတက်နေတဲ့ တောင်ဇလပ်ပင်အိုတွေကို ကြည့်ရတာကိုက အရသာတစ်မျိုးပဲ။ တောင်ရဲ့အဝေးအောက်ထဲကို ကြည့်လိုက်တော့ တိမ်တွေဟာ ဝါဂွမ်းအလိပ်အလိပ်တွေ လိုပါပဲ။ အပြန်လမ်းတစ်လျှောက်မှာ တက်လာကြတဲ့ ဆိုင်ကယ်တွေ တဝေါဝေါနဲ့ပါပဲ။ ဆိုင်ကယ်ခက အတက် ၅၀၀၀၊ အဆင်း ၅၀၀၀ ပါ။ အဆင်းဆိုပေမဲ့လည်း အဆင်းချည်းတော့ မဟုတ်ပါဘူး။ တက်လိုက် ဆင်းလိုက်ပါပဲ။ ကျွန်တော်တို့က နားလိုက်၊ လျှောက်လိုက်၊ ရှုခင်းတွေ ကြည့်လိုက်နဲ့ ဆင်းလာလိုက်တာ နှစ်နာရီကျော်ကြာမှ တောင်ခြေစခန်းကို ရောက်ပါတော့တယ်။ တောင်ခြေစခန်းမှာ လူတွေ ကျိတ်ကျိတ်တိုးလို့ပါပဲ။ ဆိုင်ကယ်ရဖို့ စောင့်နေကြတာပါ။

နတ်မတောင်လို့လည်းခေါ်တဲ့ ဝိတိုရိယတောင်ကို တောင်ပိုင်း ချင်းလူမျိုးတွေက 'ခေါ်နူးစုမ်' လို့ ခေါ်ပြီး မြောက်ပိုင်း ချင်းလူမျိုးတွေက 'ခေါ်နူးသုမ်' လို့ ခေါ်ကြပါသတဲ့။ 'ခေါ်' ဆိုတာ ချင်းဘာသာအရ 'ကြီးမြတ်သော' အဓိပ္ပာယ် ရှိပါသတဲ့။ 'နူး'ကတော့  'အမေ' လို့ ဆိုလိုပါသတဲ့။ 'စုမ်' သို့မဟုတ် 'သုမ်' က တော့ တောင်တန်းကြီးပါတဲ့။ ချင်းတို့ရဲ့ ကြီးမြတ်သော အမေတောင်တန်းကြီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၂၀၀ ရှိတယ်လို့ ဆိုတယ်။

တောင်ခြေစခန်းကနေ အပြန်လမ်းမှာ ကျွန်တော်တို့ကား ဘရိတ်ပျက်လို့ ပြင်လိုက်ရတာ နှစ်နာရီ ပြင်လိုက်ရတာကတော့ ကျွန်တော်တို့ခရီးရဲ့ အမှတ်တရတစ်ခုပါပဲ။ ကန်ပက်လက်မြို့ကို ပြန်ရောက်တော့ နေ့လယ် ၁ နာရီခွဲ ကျော်ပါပြီ။ နေ့လယ်စာကိုလည်း ကဗျာဆရာစတီဗင်ကပဲ ချင်းရိုးရာ အစားအစာတွေနဲ့ ကျွေးမွေးဧည့်ခံပါတယ်။ ညနေ ၄ နာရီ ထိုးချိန်မှာတော့ ကျွန်တော်တို့ တတ်နိုင်တာလေး လှူဒါန်းပြီးတော့ မိဘမဲ့ဂေဟာလေးမှာ စုပေါင်းဓာတ်ပုံရိုက်ကြပြီး နှုတ်ဆက်ပြန်ခဲ့ကြပါတယ်။ သဘာဝရဲ့ အလှတရားကို ပြည့်ပြည့်၀၀ ခံစားရတဲ့ ခရီးစဉ်လေးတစ်ခုရဲ့ အပြန်လမ်းမှာ ကဗျာတစ်ပုဒ်က ရင်ထဲကို အလိုလို စီးဝင်လာတယ်။

တိမ်

နှင်းတွေက ကောင်းကင်နဲ့မဆံ့အောင်ဘဲ

အအေးဓာတ်က အိပ်မက်ထဲအထိ

ကျူးကျော်လာ အလန့်တကြား

ငုံ့ကြည့်လိုက်တော့ ပန်းတွေဟာ

သွေးထွက်အောင် ပွင့်လို့

အလှတရားကို လက်ဆုပ်လက်ကိုင်ပြမရ

ချစ်မိတဲ့အကြောင်း ကျိန်ပြောလို့လည်း မယုံ

အထောက်အထားနဲ့ လှပါဆိုတော့

လေထုထဲ ခုန်ဆင်းပြသွားတယ်

နာကျင်မှုအလှတရားဟာ

နူးညံ့မှုတွေ သွေးရောင်လွှမ်းသွားတဲ့အထိ

နက်ရှိုင်းမြင့်မားလွန်းတာ သိလိုက်ရ

ဖြူစင်ပေါ့ပါးခြင်းမှာ မတင်းတိမ်နိုင်တဲ့

တိမ်တွေ။

Most Read

Most Recent