သဘာပတိမိန့်ခွန်းကို ကျောရိုးပြုဖော်ဆောင်နိုင်မည်လား

သဘာပတိမိန့်ခွန်းကို ကျောရိုးပြုဖော်ဆောင်နိုင်မည်လား
Published 3 January 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ အဋ္ဌမအစည်းအဝေးတွင် ဒေါက်တာအေးဇံက အဖွင့်မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-မောင်ထူး)

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မြန်မာပြည်သူလူထု အများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောမဲပေးခဲ့တာဟာ ပြည်သူလူထုကိုယ်စား ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ဖို့ လုပ်ပိုင်ခွင့်အပ်နှင်းခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေဟာ ရွေးကောက်ပွဲမှာ အုံနဲ့ကျင်းနဲ့ တာဝန်ကျေခဲ့ပြီးဖြစ်ပါတယ်။ အာဏာရပါတီဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ဖြောင့်ဖြောင့် မှန်မှန်သွားနိုင်ဖို့ အဓိကကျသလို ပြည်သူက ယုံကြည်အပ်နှင်းတဲ့အာဏာကို အလွဲမသုံးမိဖို့ အရေးကြီးတဲ့အပြင် ပြည်သူက စိတ်မပျက်အောင်လည်း အထူးသတိကြီးကြီးထားရမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ အဋ္ဌမအစည်းအဝေးမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဗဟိုကော်မတီဝင် ဒေါက်တာအေးဇံက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး ပထမနေ့မှာ သဘာပတိဒေါက်တာအေးဇံက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်သဘာပတိ ဒေါက်တာအေးဇံရဲ့မိန့်ခွန်းဟာ လက်ငင်းအခြေအနေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေကို လွှမ်းခြုံ၊ သုံးသပ်ကာ၊ စိန်ခေါ်ချက်တွေ၊ အကျပ်အတည်းတွေကို နည်းမှန်လမ်းမှန်၊ ကျောချင်းကပ် ကျော်လွှားနိုင်ဖို့ ဦးတည်တဲ့ ဆော်သြသံတွေနဲ့ အားကောင်း မောင်းသန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာ ငါနဲ့ ငါ့အုပ်စု နေရာရရေး၊ နာမည်ရရေး၊ ထင်ပေါ်ရေး စတာတွေကို ဦးတည်တဲ့ မည်သည့်လုပ်ရပ်မဆို ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ပစ်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ငါနဲ့ ငါ့အုပ်စုကလွဲလို့ဆိုတဲ့ ရှိနေတဲ့ စိတ်ထားမျိုးရှိနေသရွေ့ တခြားသူတွေကို ပြည်ထောင်စုစိတ်ဓာတ်မွေးဖို့ တိုက်တွန်းရာမှာ အောင်မြင်မှာမဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။ ငါနဲ့ ငါ့အုပ်စုနေရာရရေး၊ နာမည်ရရေး ထင်ပေါ်ကျော်ကြားရေးကို သွားမလား၊ ပြည် သူလူထုရဲ့ နေ့စဉ်ဘ၀ ကျကျနနဖြစ်ရေးကို အဓိကထားမလားဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေအဖွဲ့ဝင်တွေကနေ ဦးဆောင်တဲ့နေရာမှာရှိတဲ့ အဖွဲ့ဝင်တွေပါ မိမိကိုယ်ကိုယ် ပြန်ပြီးမေးရမယ့် မေးခွန်း ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ရာမှာ အသုံးပြုရမယ့်အချက်လည်း ဖြစ်ပါတယ်လို့ အစည်းအဝေးသဘာပတိ၊ ပါတီဗဟိုကော်မတီဝင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားခဲ့ပါတယ်။

ဗဟိုကော်မတီဝင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ သဘာပတိ ဒေါက်တာအေးဇံပြောကြားခဲ့တဲ့ အဖွင့်မိန့်ခွန်းမှာ လက်ငင်းစိန်ခေါ်ချက်တွေ၊ အကျပ်အတည်းတွေဟာ တစ်စွန်းတစ်စ ထင်ဟပ်နေခဲ့ပါတယ်။ နိုင်ငံရေးပါတီတွင်း အုပ်စုဖွဲ့ရေး၊ ထင်ပေါ်နာမည်ရရေးတွေကို ရှေ့တန်းတင်လာမယ်ဆိုရင် ပါတီဟာ အချိန်မရွေး ပျက်ကိန်းဆိုက်နိုင်တယ်ဆိုတာ ငြင်းမရတဲ့ အမှန်တရားပါ။ နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်၊ ရှင်သန်ကောင်း ရှင်သန်နိုင်ပေမဲ့ နိုင်ငံရေးအရ သေဆုံးတတ်တဲ့ သာဓကတွေ၊ ပါတီအပေါ် လူထုထောက်ခံတာ၊ ဝန်းရံတာတွေ ကျဆင်းလာတတ်တာတွေကို သင်ခန်းစာယူနိုင်ဖို့ အရေးကြီးမှာဖြစ်ပါတယ်။ ဒေါက်တာအေးဇံ မိန့်ကြားခဲ့သလို ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ ကျကျနနဖြစ်ရေးကို ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ပါတီအတွင်းရေးမှူးအဖွဲ့ဝင်တွေသာမက အောက်ခြေ ပါတီဝင်တွေအနေနဲ့ အလေးအနက်ထားဖို့ သော့ချက်ကျမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေအနေနဲ့ ၂၀၁၈ ခုနှစ်မှာ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကို ဘယ်လိုဘယ်ပုံ ကျကျနနဖြစ်အောင် ဆောင်ရွက်နိုင်မလဲဆိုတာနဲ့ဆက်စပ်ပြီး မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်နိုင်ဖို့ ရှေးရှုသင့်ပါတယ်။ ပါတီခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေဟာ နေ့စဉ် ပြည်သူ့ဘဝကို ကျကျနနဖြစ်အောင် မစွမ်းဆောင်နိုင်သေးရင်တော့ နိုင်ငံရေးစာမေးပွဲမှာ အောင်မှတ်မရ၊ ကျရှုံးနေဆဲလို့ဆို ရမှာဖြစ်တာမို့ ဆက်ကြိုးပမ်း၊ ဆက်အားထုတ် ရဦးမယ်လို့ ခံယူနိုင်ဖို့ ပဓာနကျမှာဖြစ်ပါတယ်။ သဘာပတိမိန့်ခွန်းဟာ အာဏာရ ဒီချုပ်ပါတီအနေနဲ့ မဖြစ်မနေ အလေးအနက်ထားရမယ့် စိန်ခေါ်ချက်တွေ ပါဝင်နေတာမို့ လေထဲမှာ စီးမျောပျောက်ကွယ်သွားတာမျိုး မဖြစ်ဖို့ အလေးအနက်ထားရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ငါနဲ့ ငါ့အုပ်စုကလွဲလို့ဆိုတဲ့၊ ရှိနေတဲ့ စိတ်ထားမျိုးရှိနေသရွေ့ အခြားသူတွေကို ပြည်ထောင်စုစိတ်ဓာတ်မွေးဖို့ တိုက်တွန်းရာမှာ အောင်မြင်မှာမဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်လို့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောခဲ့တာဟာ ပါတီအနေနဲ့ ငါတကော မကောကြဖို့ ဆော်သြခဲ့တာလို့ မြင်မိပါတယ်။ ငါတို့က အပြတ်အသတ် အနိုင်ရတဲ့ပါတီဆိုတဲ့စိတ်နဲ့ လုပ်ချင်တာ လုပ်လို့ရတယ်ဆိုတဲ့သဘောနဲ့ လှမ်းခဲ့တဲ့ နိုင်ငံရေးခြေလှမ်းတွေကို မှန်မှန်ကန်ကန် ပြန်ဆန်းစစ်၊ သုံးသပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒီထက်ပိုချိတ်ဆက်အလုပ်လုပ်ဖို့ လိုအပ်လာမှာဖြစ်ပါတယ်။

အဲဒါအပြင် တိုင်းပြည်ရဲ့စတုတ္ထမဏ္ဍိုင်လည်းဖြစ်၊ တိုင်းပြည်ရဲ့ နားနဲ့မျက်စိလည်းဖြစ်တဲ့ သတင်းစာတွေ၊ သတင်းမီဒီယာတွေနဲ့ ပိုမိုပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်မယ့် စာမျက်နှာသစ် ဖွင့်လှစ်ဖို့ လိုအပ်နေပါတယ်။ ပါတီခေါင်းဆောင်အဆင့်ဆင့်ဟာ အောက်ခြေပြည်သူလူထုရဲ့ မျက်ဝန်းထဲက မျက်ရည်တွေ၊ ပူပင်သောကတွေ၊ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကို တတ်နိုင်သမျှ အလျဉ်မီမီ သိနိုင်ဖို့ဆိုရင် သတင်းစာတွေ၊ မီဒီယာတွေကိုစောင့် ကြည့်ဖို့ မဖြစ်မနေလိုအပ်မှာပါ။ ဒီမိုကရေစီ အပြောင်းအလဲကို ဦးဆောင်မယ့်ပါတီတစ်ရပ်အနေနဲ့ သတင်းစာတွေ၊ သတင်းမီဒီယာတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံဖို့ လက်တွန့်နေဦးမယ်ဆိုရင်တော့ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒနဲ့ ပိုပိုဝေးသွားမလားလို့ စိုးရိမ်စရာရှိနေပါတယ်။

မိမိတို့ဂုဏ်သိက္ခာ၊ နာမည်ကျော်ကြားဖို့ထက် ပြည်သူလူထုရဲ့ မျက်ဝန်းအိမ်ထဲက မျက်ရည်ကို သုတ်ပေးဖို့ အဓိကစေတနာထားရပါလိမ့်မယ်လို့လည်း ဒေါက်တာအေးဇံက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုသား တိုင်းရင်းသားအချင်းချင်း လက်တွဲဆောင်ရွက်ကြရင်း၊ တစ်ဦးနဲ့တစ်ဦး သည်းခံစိတ် မွေးကြရင်း၊ ရိုင်းပင်းကူညီကြရင်းနဲ့ အောင်မြင်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်နိုင်ငံတော် ထူထောင်ရေးမှာ ပြည်သူလူထုကြီးနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ထုကြီးကလည်း ပါဝင်ရမှာဖြစ်တယ်လို့ ဒေါက်တာအေးဇံက ထပ်မံပြောကြားခဲ့ပါတယ်။ ပြည်သူရဲ့မျက်ရည်ကို သုတ်ပေးနိုင်ဖို့ဆိုရင် ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေဟာ ပြည်သူနဲ့တစ်သားတည်း၊ လက်ရေတစ်ပြင်တည်း၊ နီးနီးကပ်ကပ် ရပ်တည်ရမှာဖြစ်ပါတယ်။

သဘာပတိ ဒေါက်တာအေးဇံအနေနဲ့ တိုင်းပြည်စီးပွားရေးနဲ့ပတ်သက်လို့လည်း သုံးသပ်၊ ထင်ဟပ်ခဲ့တာတွေကိုလည်း သတိပြုမိပါတယ်။ အစိုးရစီမံကိန်းတွေကို အဆင်ပြေတဲ့၊ နီးစပ်တဲ့သူတွေကို လုပ်ပိုင်ခွင့်ပေးတဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်ဖို့ တိုက်တွန်းခဲ့တဲ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း ဒါမှမဟုတ် (၂၁) ရာစု ပိုးလမ်းမသစ်စီမံကိန်းမှာ ပူးပေါင်း ဆောင်ရွက်ရမှာမို့ ပြင်ဆင်ဖို့ လိုတဲ့အကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံရဲ့ စီးပွားရေးဟာ နှောင့်နှေးနေတဲ့အပြင် ရခိုင်ပြဿနာကြောင့် အခြေအနေဟာ ပိုယိမ်းယိုင်ခဲ့တယ်လို့ ဒေါက်တာအေးဇံက ထည့်ပြောခဲ့ပါတယ်။ လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေကို လုပ်ခွင့် ကိုင်ခွင့်တွေ ပိုပေးဖို့၊ အဲဒီကနေ ပြိုင်ဆိုင်နိုင်တဲ့ အနေအထားရောက်အောင် အားပေးကူညီကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့စီးပွားရေး ပတ်ဝန်းကျင်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို သူတင်ကိုယ်တင် ဆွဲဆောင်နိုင်လောက်တဲ့အထိ အားမကောင်းသေးတာကတော့ အရှိတရားပဲဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်လောက်တဲ့ အဆင်တန်ဆာတွေကတော့ ချို့တဲ့နေဆဲပဲလို့ ဆိုရမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်တာဟာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်တာနဲ့ အတော်များများ ဆက်စပ်နေတာမို့ သုံးသပ်၊ ဆန်းစစ်နိုင်ရင် ကောင်းမယ်လို့ ထင်မြင်မိပါတယ်။ စိုက်ပျိုးရေးအဓိကထားတဲ့ မြန်မာနိုင်ငံဟာ စိုက်ပျိုး ရေးကဏ္ဍမှာကို စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေနဲ့ လုံးလည်ချာလည်လိုက်နေဆဲ ဖြစ်နေတာကတော့ အတော့်ကို စိုးရိမ်ပူပန်စရာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၃၁ ရက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ အဋ္ဌမအစည်းအဝေးကို ရန်ကုန်မြို့ ပါတီဌာနချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကို အကိုးအကားပြုရရင် ပထမအကြိမ် ဗဟိုကော်မတီ၊ အဋ္ဌမအစည်းအဝေးကို ဖိတ်ကြားခံရတဲ့ ဗဟိုကော်မတီဝင် ၁၀၈ ဦးနဲ့ လေ့လာသူ ၃၉ ဦး ရှိပါတယ်။ အရန် ဗဟိုကော်မတီဝင် ၁၇ ဦးအပြင် ပါတီဗဟို ကော်မတီဝင်နဲ့ အရန်ဗဟိုကော်မတီဝင်မဟုတ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ် ခြောက်ဦး၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ကိုးဦးတို့ကို လေ့လာသူတွေအဖြစ် ဖိတ်ကြားခဲ့ပါတယ်။

အချုပ်အနေနဲ့ပြောရရင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဗဟိုကော်မတီအစည်းအဝေး၊ သဘာပတိမိန့်ခွန်းကို ကျောရိုးသဖွယ် သတ်မှတ်ဖော်ဆောင်နိုင်ဖို့ အရေးကြီးမှာဖြစ်ပါတယ်။ ပြည်သူ လူထုက အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်တွေ၊ ယုံကြည်မှုတွေ၊ ထောက်ခံမှုတွေကို ထိထိရောက်ရောက်၊ အကျိုးရှိရှိ အသုံးပြုပြီး ပြည်သူလူထုအများစုကြီး ထမ်းပိုးထားရတဲ့ ဆင်းရဲမွဲတေမှု ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချကာ လွတ်လပ်မှု၊ တန်းတူရည်တူရှိမှု၊ တရားမျှတမှုတို့စိုးမိုးတဲ့ လူ့ဘောင်သစ်တစ်ရပ် ထူထောင်နိုင်ဖို့ အခြေခံအုတ်မြစ်ကောင်းတွေ ချမှတ်နိုင်ရေး မျက်မှောက်ပြုသင့်တဲ့အကြောင်း တိုက်တွန်း ဆော်သြလိုက်ရပါတယ်။

Most Read

Most Recent