အခွန်ရှောင်သူ အရေးမယူ၊ အခွန်ဆောင်သူ ဖိထောင်းသလိုမဖြစ်ဖို့ ဘယ်လိုပြင်ကြမလဲ

အခွန်ရှောင်သူ အရေးမယူ၊ အခွန်ဆောင်သူ ဖိထောင်းသလိုမဖြစ်ဖို့ ဘယ်လိုပြင်ကြမလဲ
Published 1 January 2018

ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခု၌ ပြည်သူများထံမှ ကောက်ယူထားသော အခွန်အခများဖြင့် ရေမြောင်းတူးဖော်တည်ဆောက်နေသည်ကို တွေ့ရစဉ်

 

ဦးသိန်းစိန်အစိုးရရဲ့ နောက်ဆုံးနှစ်တွေမှာ အခွန် Base ချဲ့မယ်ဆိုပြီးတော့ အခွန်ကြပ်မတ်ကောက်ခံဖို့ ပြင်ဆင်သွားခဲ့တာတွေကို အားတက်သရော ဆက်လက်ကောက်ခံခဲ့တာက သူ့ဆီကဆက်ခံခဲ့တဲ့ NLD အစိုးရပဲ ဖြစ်ပါတယ်။

အစိုးရတစ်ရပ်ဟာ အခွန်နဲ့ပဲ အသက်ဆက်ရမယ်ဆိုပေမယ့် မြန်မာ့အခွန်စနစ်က မရိုးရှင်းသလို အကျင့်ပျက်ခြစားမှုတွေကလည်း အလွန်များပြားတာကြောင့် တိုးချဲ့လာတဲ့ အထူးကုန်စည်ခွန်ဥပဒေအပါ အဝင်ပုံစံမျိုးစုံနဲ့ ကောက်ခံလာတဲ့ အခွန်အခတွေရဲ့ ဖိစီးမှုတွေကြောင့် လက်ရှိအချိန်မှာ အခွန်စည်းကြပ်ကောက်ခံမှုတွေ အရမ်းများလာတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်လာပါတယ်။

တစ်နှစ်ထက်တစ်နှစ် အခွန်တွေ ပိုပြီးတော့ တိုးကောက်လာခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဒီအခွန်တွေက အမှန်တကယ်အခွန်ထမ်းဆောင်နေတဲ့ သူတွေဆီကပဲ ထပ်ထပ်ပြီးတော့ ကောက်နေတာဖြစ်ပြီးတော့ အခွန်မဆောင်ဘဲ ရှောင်နေသူတွေကိုတော့ အရေးယူတာ လုံးဝမမြင်ရသလို လာဘ်ပေးလာဘ်ယူလုပ်တဲ့ ဝန်ထမ်းတွေကို ထုတ်ပယ်နေတယ် ပြောပေမယ့် ပြည်သူသိရှိအောင် ထုတ်ပြန်ပေးမှုတော့ မရှိပါဘူး။

ကုမ္ပဏီကြီးတစ်ခုက လာဘ်ပေးလာဘ်ယူလုပ်ပြီး အခွန်ရှောင်နေတာကို မထိန်းချုပ်နိုင်ခြင်းရဲ့ နစ်နာမှုဟာ သာမန်လခစားပြည်သူတွေ သောင်းနဲ့ချီပြီးတော့ အခွန်ထမ်းလာအောင် ဖိကောက်တာနဲ့ညီမျှ တယ်ဆိုတာတွေကို ဆင်ခြင်သိရှိနိုင်ခြင်းမရှိဘဲ အခွန်ရှောင်နေတဲ့ ကုမ္ပဏီတွေကို မသိဟန်ဆောင်လွှတ်ပေး နေမှုနောက်ကွယ်မှာ မမျှတတဲ့ အခွန်စနစ်ဆိုတဲ့ ဝေဖန်သံတွေ ထွက်လာပါတယ်။

မြန်မာနိုင်ငံက တရားဝင်ရပ်တည်နေတဲ့ ကုမ္ပဏီ ၃၀၀၀၀ လောက်မှာ ကုမ္ပဏီထက်ဝက်လောက်ဆီကပဲ အခွန်ရနေတာဖြစ်သလို မှတ်ပုံတင်အခွန်ထမ်းပြည်သူတွေဆီက အခွန်ရရှိမှုကလည်း နှစ်သိန်း လောက်ပဲရှိနေပြီး နိုင်ငံ့လူဦးရေရဲ့ ၀ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိနေတယ်လို့ အခွန်ကောက်ခံမှုစိစစ်ကြပ်မတ် ရေးဘုတ်အဖွဲ့က ပြောကြားထားမှုရှိနေပြီး လက်ရှိအချိန်မှာလည်း ပမာဏအနည်းစုကပဲ အခွန်ထမ်းနေတာဖြစ်လို့ အခွန်ရှောင်နေတဲ့သူတွေကို အရေးမယူနိုင်သလို စိစစ်နိုင်စွမ်း နည်းနေတယ်ဆိုတာကလည်း ပေါ်လွင်ပါတယ်။

ဒီလိုပမာဏကို ကြည့်မယ်ဆို ရင် များပြားလှတဲ့အခွန်ရှောင်မှု ပမာဏကို တွေ့မြင်ရမှာဖြစ်ပြီးတော့ ဒီလိုအခွန်ရှောင်မှုတွေကို စိစစ်အရေးယူနိုင်ခြင်းမရှိဘဲ အခွန်ထမ်းနေတဲ့သူတွေကိုပဲ မရရအောင် အခွန်ကောက်ခံနေတယ်ဆိုတာက ပေါ်လွင်နေပါတယ်။

ဒီလို ပေါ်လွင်နေတဲ့အပြင် အခွန်ထမ်းနေသူတွေဆီကပဲ မရရအောင်ကောက်ခံပြီး အခွန်ထမ်းနေတဲ့သူတွေကိုပဲ အကြိမ်ကြိမ် ဆွေးနွေးပညာပေး စစ်ဆေးနေတဲ့နောက်မှာ အမှန်တကယ်အခွန်ထမ်းနေတဲ့ သူတွေရဲ့ ရပိုင်ခွင့်တွေကိုပါ လျစ်လျူရှုလာတာက အဆိုးဆုံးဖြစ်နေပြီး အခွန်ထမ်းတွေရရှိသင့်တဲ့ ခံစားခွင့်တွေ တွက်ချက်မပေးတာ၊ အခွန်ဌာနတစ်ခုနဲ့ တစ်ခုအကြားမှာ အခွန်အခတွေ သက်သာခွင့်တွေတွက် ချက်မှုပုံစံ အမျိုးမျိုးဖြစ်နေတာ၊ ထမ်းဆောင်ထားတဲ့ အခွန်အခတွေအတွက် ငွေဖြူဆိုင်ရာအထောက်အထားတွေ တွက်ချက်ထောက်ခံပေး မှုမရှိတာ၊ အခွန်ဆောင်ထားတဲ့သူတွေက ကြိုတင်ခွန်တွေပေးဆောင်ရာမှာ Tax Refund တွေ ပြန်လည်ပေးအပ်ဖို့ နှောင့်နှေးကြန့်ကြာနေတာကြောင့် ကုမ္ပဏီတွေရဲ့ ငွေသားစီးဆင်းမှုပုံစံကို ထိခိုက်စေတာ၊ ကုမ္ပဏီတွေဘက်က ပြန်လည်ရင်းနှီးမြှုပ်နှံတာတွေအတွက် တင်ပြတဲ့ အသုံးစရိတ်တွေကို များပြားတယ်ဆိုပြီး လက်မခံတာ၊ Withholding Tax တွေမှာလည်း ငွေကြေးစီးဆင်းမှုပုံစံအရ မထားရှိသင့်တဲ့ ကဏ္ဍတွေမှာပါ ကောက်ခံနေမှုတွေ ရှိနေတာတွေ တွေ့မြင်နေရပါတယ်။

ခေတ်အဆက်ဆက် အခွန်ရှောင်မှုစနစ်တွေ ကြီးစိုးခဲ့တဲ့ မြန်မာနိုင်ငံမှာ ကုမ္ပဏီတိုင်းက စာရင်းဇယားတွေကို နှစ်မျိုးသုံးမျိုးထားပြီး အခွန်ရှောင်ကြတာဖြစ်လို့ စစ်ဆေးကြပ်မတ်ကောက်ခံမှုတွေကို အပြစ်ပြောရမှာ မဟုတ်ပေမယ့် အခွန်ထမ်းတွေ ပိုမိုချဲ့ထွင်နိုင်ခြင်း မရှိတာကိုတော့ ပြောဆိုရမှာဖြစ်သလို အခွန် ရှောင်နေတဲ့သူတွေက မမှန်ကန်သေးတဲ့ အခွန်စနစ်တွေနဲ့များပြားလှတဲ့ အခွန်ပမာဏတွေကို ပြောဆိုနေတာဖြစ်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွေ ထွက်ပေါ်လာရာမှာ အဝေဖန်ခံနေရတဲ့ အခွန်ကောက်ခံမှုတွေအတွက် စိုင်းပြင်းနေကြပြီဖြစ်ပါတယ်။ ဒီလိုမျိုး စိုင်းပြင်းနေတယ်ဆိုပေမယ့် လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေအကြားမှာ ဒွိဟဖြစ်နေတာက မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးနှစ် အပြောင်းအလဲကြောင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက် ကနေ စက်တင်ဘာ ၂၀ ရက်အကြား လစ်လပ်နေမယ့် ခြောက်လတာကာလကို ဘယ်လိုပုံစံနဲ့အခွန်ထမ်း ဖြတ်သန်းရမယ်ဆိုတာ မသိကြသလို ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဟာ ခြောက်လတာ ဘဏ္ဍာနှစ်တိုအတွက် တစ်ခုနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် တစ်ခုဆိုပြီး နှစ်ခုထွက်လာမှာလား ဆိုတာကို မသိရှိကြတာပါ။ အဲဒီအတွက်လည်း အစိုးရအဖွဲ့နဲ့ ပြည်တွင်း အခွန်များဦးစီးဌာနဆီက တိကျရှင်းလင်းတဲ့ ထုတ်ပြန်မှုမျိုး ရှိမနေသေးဘဲ အထူးကုန်စည်တင်သွင်းသူတွေကိုတော့ ၂၀၁၈ ဧပြီ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်ဘဏ္ဍာနှစ်တိုကာလအတွက် သက်တမ်းတိုးဖို့ ထုတ်ပြန်ခဲ့တာပဲ ရှိပါတယ်။

“ကျွန်တော်ကုမ္ပဏီကို အခွန်ဝင်စစ်တယ်။ သူတို့အခွန်လျှော့ပေးမယ်ဆိုပြီး သူတို့အတွက် ကိုးသိန်းတောင်းပြီး ၁၅ သိန်းပဲ အခွန်ဆောင်ဖို့ညှိတယ်။ ကျွန်တော်ကတော့ အခွန်အပြည့်ပဲ ဆောင်လိုက်တာပါ။ ဒါပေမဲ့ ဒါမျိုးတွေ စိစစ်ဖို့လိုတယ်။ နောက်တစ်ခုပေါ့ အစိုးရက အခွန်တွေရဖို့ကောက်တယ်။ ဒါပေမဲ့ အခွန်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ရာခိုင်နှုန်းအလိုက် တိုးဆောင်ဖို့ပဲ ပြောတယ်။ လက်ရှိမှာ စီးပွားရေးကျဆင်းနေတာ။ ဘယ်လိုမှ ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းတက်ပြီးတော့ဆောင် မပေးနိုင်ဘူး။ အဲဒီလို အခွန်တိုးပြီး ဆောင်မပေးနိုင်ရင် စာရင်းစစ်ဝင် မယ်ဆိုပြီးတော့ပဲ ခြိမ်းခြောက်တယ်။ အခွန်ရှောင်နေသူတွေ အရေးမယူဘဲ အခွန်ဆောင်နေသူတွေကိုပဲ ကျပ်နေတာ ဖြစ်နေတယ်။ ဒီလိုအခွန်ရှောင်သူ အရေးမယူသလို အခွန်ထမ်းနေတဲ့သူတွေအတွက် ဝန်ထမ်းတွေကို အရည်အသွေးတိုးလာအောင် လုပ်တာမျိုးတွေမတွေ့ရတော့ ကုမ္ပဏီတစ်ခုဆီကို မြို့နယ်တစ်ခုက ဝန်ထမ်းလာတိုင်းအခွန်တွက်ချက်ပုံ တွေမတူတာ၊ အခွန်ထမ်းဆောင်မှုတွေအတွက် အထောက်အထားတွေ တောင်းတိုင်းအဆင်မပြေတာ အမြဲကြုံနေရတယ်။ အခွန်ထမ်းတွေရဲ့ ခံစားခွင့်တွေကို ရအောင်လုပ်ပေးဖို့ လိုသလို အခွန်ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေ မြှင့်ဖို့လည်းလိုအပ်တယ်” ကုမ္ပဏီပိုင်ရှင်တစ်ဦးက သုံးသပ်ပါတယ်။

 

အခွန်ရှောင်မှုတွေ ဖော်ထုတ်မယ်ဆိုခဲ့တာနဲ့ လုပ်ဆောင်မှုပုံစံ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်တွေမှာဆို ရင်အခွန်တိမ်းရှောင်မှုတွေကို ဖော်ထုတ်ခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးမှုတွေကို စိစစ်ခွင့်ပြုခြင်းတို့ဖြင့် အခွန်အကောက်ရငွေ တိုးတက်လာစေရန် ဆောင်ရွက်သွားမည်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ တကယ်တမ်းလုပ်ဆောင်မှု မြင်ရတာကတော့ တစ်ခုတည်းပဲရှိသေးပြီး ဇွန် ၁၂ ရက်မှာ အခွန်ရှင်းလင်းဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီခြောက်ခုအမည်စာရင်းကို အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးက ထုတ်ပြန်မှုပဲရှိပြီး အဲဒီကုမ္ပဏီတွေကတော့  မဏိဇောတကုမ္ပဏီလီမိတက် (Mani Zaw Ta Co.,Ltd) ၊ အေကေယုံဖူကုမ္ပဏီလီမိတက် (AK Yong Fu Co.,Ltd) ၊ ဆင်စွမ်းအား ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်  (Elephant Power Trading Co.,Ltd) ၊ စည်းလုံးညီညွတ်ခြင်းအုပ်စု၊ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက် (United Group of Trading Co.,Ltd) ၊ ကံကောင်းသော ရွှေလွယ်အိတ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Golden Lucky Bag Trading Co.,Ltd)  နဲ့ ရွှေပျားအပြည်ပြည်ဆိုင်ရာ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက် (Golden Bee International Trading Co.,Ltd )တို့ဖြစ်ပြီးတော့ ဒီလိုအခွန်ရှင်းလင်းဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီခြောက်ခုအနေနဲ့ ဇွန် ၂၅ ရက်နောက်ဆုံးထားပြီး လာရောက်ရှင်းလင်းမှုမပြုရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်ဆိုခဲ့ပါတယ်။

ဒီလို အခွန်ရှင်းလင်းဖို့ ကျန်နေတဲ့ ကုမ္ပဏီခြောက်ခုအပြီး လုပ်ဆောင်ခဲ့တာတစ်ခုက စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတွေကို အခွန်လျှော့ချခဲ့တာပါ။

NLD အစိုးရအာဏာရချိန်မှာ အရင်တုန်းက အစိုးရတွေနဲ့ပေါင်းပြီး အခွန်ရှောင်နေသူတွေကို စစ်ဆေးအရေးယူပြီးတော့ အခွန်ရှောင်မှုတွေကို ဖော်ထုတ်ဖို့ အကြံပြုခဲ့မှုတွေ ရှိပါတယ်။ ဒါပေမဲ့ အဖက်လုပ်မခံ ရပါဘူး။ အခွန်ရှောင်နေတဲ့သူတွေဆီက အခွန်ရအောင် မကောက်ဘဲ အခွန်ထမ်းနေသူကို လည်ပင်းထပ်ညှစ်နေတဲ့ အခြေအနေတွေနဲ့ အခြေခံပြည်သူလူထုကို တိုက်ရိုက်ထိခိုက်စေမယ့် သွယ်ဝိုက်ခွန်တွေတိုးကောက်တာကိုပဲ တစိုက်မတ်မတ်ကြံရွယ် လုပ်ဆောင်ခဲ့တဲ့အခြေအနေပဲ မြင်ရပါတယ်။ ဒါပေမဲ့ တချို့ပညာရှင်တွေကတော့ အားမလျှော့ဘဲ ခေတ်အဆက်ဆက်အစိုးရတွေနဲ့ ပေါင်းပြီး အခွန်ရှောင်နေသူတွေကို စစ်ဆေးအရေးယူဖို့ အားကြိုးမာန် တက်တွန်းအားပေးနေဆဲပါ။

ဒီအချိန်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမှာ ဖော်ပြထားတဲ့ စတော့ဈေးကွက်ဖွံ့ဖြိုးရေးဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးရန်ဆိုတဲ့ အချက်ကို အသုံးချပြီးတော့ အခွန်ရှောင်ကုမ္ပဏီတွေကို မျက်နှာသာပေးတယ်လို့ ယူဆရတဲ့ ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ပါတယ်။

YSX စာရင်းဝင် အများပိုင် ကုမ္ပဏီများအား အခွန်လျှော့ပေါ့ခြင်းခေါင်းစဉ်နဲ့  ထုတ်ပြန်လာတဲ့ ဒီအမိန့်ကြော်ငြာစာဟာ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတွေကို ဝင်ငွေခွန် ငါးရာခိုင်နှုန်း အခွန်လျှော့ပေါ့ပေးလိုက်တဲ့အပြင် ဒီစာရင်းဝင်ကုမ္ပဏီတွေအားလုံးဟာ အရင်က ဝင်ငွေခွန်အပြည့်အ၀ ထမ်းဆောင်ဖို့ ပျက်ကွက်မှုရှိမယ်ဆို  ရန်ကုန်စတော့အိတ်ချိန်းဆီ စာရင်းဝင်တဲ့ ဘဏ္ဍာရေးနှစ် မတိုင်မီ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ် နှစ်နှစ်အတွက် ဝင်ငွေအမှန်ကို ဖော်ထုတ်ပြီးတော့ ကျသင့်ဝင်ငွေခွန်ပေးဆောင်ခွင့်နဲ့ ဝင်ငွေခွန်ဥပဒေအရ ဒဏ်တပ်ရိုက်ခြင်း၊ တရားစွဲဆိုခြင်းတွေကနေ ကင်းလွတ်ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ စတော့ဈေးကွက်ဖွံ့ဖြိုးရေး အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ ဆိုပေမယ့် လက်ရှိရှိနေတဲ့ ကုမ္ပဏီလေးခုစလုံးဟာ အခွန်ပုံမှန်ထမ်းဆောင်တယ်လို့ ဝံ့ကြွားနိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်သလို အစိုးရဖက်စပ်ကုမ္ပဏီကလည်း နှစ်ခုတောင်ပါဝင်ပါတယ်။ ဒါဆိုရင် ၂၀၁၇ ကနေ နောက်ပိုင်းမှာ စာရင်းဝင်ဖြစ်လာမယ့် ကုမ္ပဏီတွေက အခွန်ရှောင်နေတယ်ဆိုတာကို လက်ခံချင်တာလား၊ စတော့အိတ်ချိန်းလာဝင်မှ အခွန်ရှောင်တာ အရေးမယူမှာလားလို့ ပြောချင်တာလား၊ တခြားအခွန်ရှောင်နေတဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်အရေးမယူတော့ ဘူးလားဆိုတဲ့ မေးခွန်းတွေက စီမံ/ ဘဏ္ဍာဝန်ကြီးဌာနအတွက် တစ်သီတတန်း ထွက်လာခဲ့ပါတယ်။

လက်ရှိအခြေအနေမှာ စတော့အိတ်ချိန်းကုမ္ပဏီတွေနည်း တူကျန်တဲ့ ကုမ္ပဏီတွေကလည်း ဝင်ငွေခွန်လျှော့ ချပေးဖို့တောင်းဆိုလာ ကြပြီဖြစ်ပါတယ်။နောက်ထပ်လုပ်ဆောင်ချက်တစ်ခုက ဆောက်လုပ်ရေး လုပ်ငန်းတွေအပေါ် တင်းကျပ်ခဲ့တာပါ။ ဝင်အချို့လုပ်ငန်းရှင်တွေ အခွန်ပေးဆောင်မှုမရှိတာကြောင့် တိုက်ခန်းတွေနဲ့နေအိမ်တွေရဲ့ လူနေထိုင်ခွင့်၊ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အသစ်တွေနဲ့ သက်တမ်းတိုး ခြင်းအပါအဝင် လိုင်စင်တွေအားလုံးကို ထုတ်ပေးတဲ့အခါမှာ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်တင်ပြနိုင်မှပဲ ထုတ်ပေးဖို့အတွက်  နိုင်ငံတော်သမ္မတရုံးက တိုင်းနဲ့ပြည်နယ်စည်ပင်ရုံးတွေကို ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

တိုင်းနဲ့ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့တွေဆီ နိုင်ငံတော်သမ္မတရုံးက စာအမှတ် ၁၅၈ (၂) နဲ့ ထုတ်ပြန်ခဲ့တဲ့ ဒီညွှန်ကြားချက်မှာ အချို့လုပ်ငန်းရှင်တွေက တည်ဆဲအခွန်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အခွန်ပေးဆောင်ခြင်းမရှိလို့ နေရာအနှံ့မှာ အခွန်လွတ်ကင်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုထားပါတယ်။

ဒီအပြင် ကန်ထရိုက်စနစ်နဲ့ အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ပြီး ရောင်းချခြင်းတွေ ဆောင်ရွက်နေရာမှာလည်း လုပ်ငန်းလုပ်တဲ့သူ၊ ကန်ထရိုက်တာတွေက တိုက်ခန်းတည်ဆောက်မှုနဲ့ တိုက်ခန်းရောင်းချမှုတွေအတွက် ငွေကြေးရရှိနေပေမယ့် အခွန်စည်းကြပ်ခြင်းက လွတ်ကင်းနေတဲ့အပြင် နေအိမ်၊ အဆောက်အအုံသစ်တွေ တည်ဆောက်မှုအတွက် အသုံးပြုနေတဲ့ ဝင်ငွေတွေအပေါ် ဝင်ငွေရလမ်းစိစစ်နိုင်မှု မရှိတာတွေလည်း ဖြစ်နေပြန်ပါတယ်။ ဒါ့ကြောင့် ဒီလိုအခွန်လွတ်ကင်းမှုတွေ မရှိစေဖို့ လုပ်ငန်းရှင်တွေက လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အသစ် လျှောက်ထားတာ၊ သက်တမ်းတိုးတာ၊ နှစ်အလိုက်ခွင့်ပြုချထားပေးတဲ့ အရပ်ရပ်လိုင်စင်တွေ၊ တိုက်ခန်းတွေ၊ နေအိမ်တွေအတွက် လူနေထိုင်ခွင့်လျှောက်ထားခြင်း ပြုလုပ်ချိန်မှာ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးတဲ့ အခွန်ကင်းရှင်းကြောင်း သက်သေခံလက်မှတ်တင်ပြနိုင်မှပဲ လိုင်စင်ထုတ်ပေးရမယ်လို့ ဆိုထားပါတယ်။

အခွန်ရှောင်နေတဲ့ လုပ်ငန်းရှင် အကြီးကြီးတွေကို စစ်ဆေးမယ်အသံမကြားရဘဲ တိုင်ကွန်းအဖြစ် နေရာပြောင်းလိုက်ပေမယ့် လက်ရှိလုပ်ဆောင်မှုကတော့ ကြိုဆိုရမှာပါ။ ဒီနေရာမှာ တစ်ခုရှိတာက ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေလက်အောက်က တစ်ခုတည်းသောအစိုးရဌာန စည်ပင်သာယာရေးကော်မတီတွေဟာ ပြည်သူလူထုနေ့စဉ် ထိတွေ့နေရသလို လာဘ်ပေးလာဘ်ယူတွေ များတာကြောင့်လည်း နာမည်ပျက်နေရတဲ့ ဌာနတွေပါ။

ရန်ကုန်စည်ပင်ဆိုရင် လက်ရှိအစိုးရတစ်နှစ်သက်တမ်းအထိ အောက်ခြေ၊ အလယ်ပိုင်း၊ အထက် ပိုင်းအကုန်လုံးက လာဘ်စားနေဆဲ ပြောင်းလဲမှုမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဝေဖန်ထားသလို စစ်တမ်းတွေမှာလည်း စည်ပင်က နာမည်ပျက်ဌာနပါ။ ဒီလိုနာမည်ပျက်နေပေမယ့်လည်း သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူဖို့ အထက်လူကြီးတွေက ပျက်ကွက်နေတယ်လို့လည်း ဝေဖန်ခံထားရပြန်ပါတယ်။ လက်ရှိမှာ အခွန်ရဖို့ ကြပ်မတ်တာဆိုပေမယ့် စည်ပင်ဝန်ထမ်းတွေအတွက်တော့ လာဘ်စားဖို့ခွင်တစ်ခု ထပ်ဖြစ်မလာအောင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရတွေက ထိန်းကွပ်ဖို့လိုအပ်မှာပါ။

တကယ်ဆိုရင် ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့ အခွန်ထမ်းဆောင်သူတွေကို ထုတ်ပြန်ပေးဖို့လို အပ်ပါတယ်။ ဘယ်လိုပုံစံလိုအပ်နေသလဲဆိုရင် အခွန်ရရှိသင့်တဲ့ပမာဏ ထက်နည်းပြီး အခွန်ဆောင်ထားတဲ့ ကဏ္ဍတွေကိုပါ။ ဥပမာပြောရရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အခွန်ထမ်းဆောင်ထားတဲ့ အနုပညာရှင်တွေစာရင်းနဲ့ အခွန်ထမ်းဆောင်ထားတဲ့ ပမာဏတွေကို ပြည်တွင်း အခွန်များဦးစီးဌာနက ထုတ်ပြန်ခဲ့ရာမှာ ရုပ်ရှင်အနုပညာရှင် ၁၉ ဦးပဲ အခွန်ထမ်းဆောင်ထားပြီး အခွန်ထမ်းဆောင်ထားတဲ့ ပမာဏကလည်း အနုပညာရှင်တွေရဲ့ ဝင်ငွေအချိုး အစားနဲ့နှိုင်းယှဉ်မယ်ဆို လွန်စွာနည်းပါးနေတဲ့အတွက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ရုပ်ရှင်အနုပညာရှင်တွေရဲ့ အခွန်ထမ်းစာရင်း ထုတ်ပြန်ခဲ့ရာမှာ ကျပ်သိန်း ၂၀ ကနေ ကျပ်သိန်း ၅၀ အထိအခွန်ထမ်းသူတွေအဖြစ် သရုပ်ဆောင်အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ ဖွေးဖွေးနဲ့ အကယ်ဒမီခန့်စည်သူတို့ပါဝင်ပြီး ကျပ် ၁၀ သိန်းကနေ သိန်း ၂၀ အထိ ထမ်းဆောင်ထားသူတွေမှာ သရုပ်ဆောင်စိုင်းစိုင်းခမ်းလှိုင်နဲ့ ဇေရဲထက်၊ ကျပ်သုံးသိန်းကနေ ၁၀ သိန်း အထိ အခွန်ထမ်းဆောင်ထားသူတွေမှာ အကယ်ဒမီခိုင်သင်းကြည်၊ အကယ်ဒမီသက်မွန်မြင့်၊ ချစ်သုဝေ၊ အကယ်ဒမီမေသန်းနု၊ နေမင်း၊ ကျပ်တစ်သိန်းကနေ သုံးသိန်းအထိ အခွန်ထမ်းဆောင်ခဲ့သူတွေမှာ သရုပ်ဆောင် နေမျိုးအောင်၊ အကယ်ဒမီ ချစ်စနိုးဦး၊ အကယ်ဒမီရန်အောင်၊ အကယ်ဒမီဝါဝါအောင်၊ နေထူးနိုင်တို့ဖြစ်ပြီး ကျပ်တစ်သိန်းအောက် အခွန်ဆောင်ထားသူတွေက ဂွမ်းပုံကြီး၊ အရိုင်း၊ ဦးဝင်းမြိုင်တို့ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

ဒီနေရာမှာ ဘာ့ကြောင့် နည်းတယ်ဆိုရင် ကျပ်သိန်း ၂၀ ကနေ သိန်း ၅၀ အကြားပဲ အခွန်ပေးဆောင်ထားတဲ့ အကယ်ဒမီနေတိုးဟာ တစ်နှစ်တာလုံးမှာ ဝင်ငွေကျပ်သိန်း တစ်သောင်းဝန်းကျင်ရှိမှာဖြစ်ပြီး ဝင်ငွေခွန်ပေးဆောင်မယ်ဆိုရင် ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ခန့်ပေးဆောင်ရမှာဖြစ်လို့ အမှန်တကယ်ပေးဆောင်ရမယ့် ပမာဏထက် အဆ ၅၀ နီးပါး နည်းခဲ့တာကြောင့် အဝေဖန်ခံခဲ့ရတာဖြစ်ပြီး ဒီလိုဝင်ငွေတွေကို မစိစစ်ခဲ့ဘူးလားလို့ ပြည်တွင်းအခွန်များ ဦးစီးဌာနကိုပါ မေးငေါ့ခဲ့တာပါ။

အခွန်ဆောင်စာရင်းထုတ်ပြန်ချိန်မှာ မပါဝင်တဲ့ သရုပ်ဆောင်လူ မင်းဟာဝင်ငွေအရ ကျပ်သိန်း ၃၀၀၀ အောက် အခွန်ဆောင်ရနိုင်တဲ့ အနေအထားမှာ အခွန်မဆောင်ခဲ့တာ၊ သက်မွေးအနုပညာရှင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် ဂီတ၊ ရုပ်ရှင်၊ အဆိုတော်၊ ထုတ်လုပ်ရေး အားလုံးခွဲမယ်ဆိုရင် အနည်းဆုံးလူနဲ့ လုပ်ငန်း ၃၀၀၀ လောက် အခွန်ဆောင်ရမှာပါ။ ဒါပေမဲ့ တကယ်အခွန်ထမ်းသူက ၁၉ ဦးပဲရှိပြီး အဆိုတော်တွေ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေ စာရင်းက ပျောက်နေခဲ့တာကို စိစစ်ဖို့ အရေးယူဖို့ ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့လည်း လုပ်ဆောင်ဖို့လိုအပ်မှာဖြစ်သလို အခြေခံပြည်သူလူထုကို တိုက်ရိုက်ထိခိုက်တဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေကိုပဲ အခွန်ထမ်းအရေအတွက်များလာအောင် Base ကို ချဲ့နေတာပါဆို တာမျိုးမလုပ်ဘဲ အခွန်ရှောင်သူအရေးယူ၊ အခွန်မဆောင်သူ အရေးယူဆိုတာမျိုး စံပြလုပ်ဆောင်လာမယ်ဆိုရင် သာမန်ပြည်သူဦးရေ ၅၀၀၀ လောက်ထမ်းရမယ့် အခွန်နဲ့ ညီမျှတဲ့ပမာဏကို အနုပညာရှင်တစ်ယောက်ဆီက ရနိုင်ပါတယ်။ နိုင်ငံတော် ဇာတ်ကားတွေရိုက်နေရလို့ လှူနေရလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အခွန်ရှောင်မှုတွေ လျစ်လျူရှုနေသရွေ့တော့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ အခွန်ရငွေဟာ ဂျီဒီပီမှာ ပါဝင်မှုအချိုးနိမ့်နေဆဲဖြစ်နေဦးမှာ ဖြစ်သလို မမျှတတဲ့အခွန်စနစ်လို့လည်း မေးငေါ့ခံနေရဦးမှာပါ။

ဒီလောက်ပြည်သူတွေ ဆင်းရဲမွဲတေနေတဲ့အချိန်မှာ ဇာတ်ကားတစ်ကား သုံးလေးရက်နဲ့ ရိုက်ရင်တောင် သိန်းရာနဲ့ချီရနေတဲ့ အနုပညာရှင်တွေက ဒီလောက်အခွန် နည်းတဲ့နှုန်းထားနဲ့ ဆောင်နေတာ မဖြစ်သင့်ဘူးပေါ့ဗျာ။ အခွန်ကောက်တဲ့ နိုင်ငံတော်အစိုးရကလည်း ဆင်းရဲသားပြည်သူတွေဆီက နည်းမျိုးစုံနဲ့ အခွန်ကောက်နေတဲ့အချိန်မှာ ဒီလိုအနုပညာရှင်တွေက အခွန်လွတ်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပြည်သူတွေဆီမှာက စားသုံးခွန်၊ ဖုန်းခွန်တွေကအစ မျိုးစုံရှောင်လွှဲလို့မရ၊ ပေးဆောင်နေရတဲ့အချိန်မှာ ဇာတ်ကားတစ်ကားရိုက်ရင် သိန်းရာချီနေတဲ့သူတွေက အခွန်ရှောင်နေတယ်ဆိုတာ တော်တော်ရုပ်ပျက်တယ်။ သူတို့တွေမှမဟုတ်ဘူး။ တခြားသူတွေမှာလည်း အခွန်လွတ်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ဆောင်သင့် ဆောင်ထိုက်တဲ့သူတွေဆီမှာ အခွန်ရအောင် ဆောင်ခိုင်းသင့်တယ်လို့ ထင်ပါတယ်။ အခွန်ကောက်မယ်ဆို တိုင်းခေတ်အဆက်ဆက်အစိုးရတွေက ဆင်းရဲသားပြည်သူတွေရဲ့ အိတ်ထောင်ထဲကနေ နှိုက်ထုတ်ဖို့ ကြိုးစားရမယ့်အစား တန်းတူညီမျှဖြစ်အောင် ကြိုးစားသင့်တယ်။ ဆင်းရဲသားတွေက ဒီလောက်ဆင်းရဲတဲ့အချိန်မှာ အနုပညာရှင်တွေက သူတို့စီးတဲ့ ဖိနပ်တစ်ရန်ဖိုးလောက်တောင် အခွန်မဆောင်ချင်ကြဘူးလားလို့ မေးချင်ပါတယ်” လို့ ဝေဖန်ရေးဆောင်းပါးများရေးသားသူ ကျော်ကြီး (MDY) က ပြောပါတယ်။

 

NLD အစိုးရကိုင်တွယ်ခဲ့တဲ့ ဘဏ္ဍာနှစ် နှစ်နှစ်က သင်ခန်းစာတွေကို ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ဘယ်လိုအသုံးချမလဲ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကို ဦးသိန်းစိန်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအတိုင်း ကောက်ခံခဲ့ရတာဖြစ်ပြီးတော့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကိုပဲ လက်ရှိအစိုးရက ကိုယ့်ခြေကိုယ့်လက်ရေးဆွဲတဲ့ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအတိုင်း ကောက်ခံနေတာ ဖြစ်ပါတယ်။ ဒီလိုကောက်ခံခဲ့ရာမှာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေနှစ်ခုကို ယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၇- ၂၀၁၈ ခုနှစ်မှာ စည်းကြပ်ကောက်ခံမယ့် စီးကရက်၊ အရက်၊ ဘီယာနဲ့ ဝိုင်တွေရဲ့ အခွန်စည်းကြပ်မှုနှုန်းထားတွေကို အရင်နှစ်ကထက် တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။ အထူးကုန်စည်တွေကို အခွန်ကောက်ခံရာမှာဆိုရင် ကျွန်းနှင့် သစ်မာသစ်လုံးများ ၁၀ လက်မ ပတ်လည်နှင့်အထက် ကျွန်းနှင့် သစ်မာသစ်ခွဲသားများကို အခွန် ၂၅ ရာခိုင်နှုန်းဆိုပြီး ကောက်ခံခဲ့ရာက ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ သစ်လုံး၊ သစ်ခွဲသားဆိုပြီး အခွန်ငါးရာခိုင်နှုန်းသာ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ကျွန်းနဲ့ သစ်မာအတွက် အခွန်၂၅ ရာခိုင်နှုန်းကောက်ခံခဲ့ရာက ပယ်ဖျက်လိုက်ပါတယ်။ ဒါ့အပြင် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များကို အခွန်နှုန်း ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာက ကျောက်စိမ်းအရိုင်းထည်ကို အခွန် ၁၅ ရာခိုင်နှုန်းနဲ့ ပတ္တမြား၊ နီလာ၊ မြအရိုင်းထည်တွေကို အခွန် ၁၀ ရာခိုင်နှုန်းလို့ ပြင်ဆင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာအချောထည်များဆိုတဲ့ ဖွင့်ဆိုချက်ကိုလည်း ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြအချောထည်များ၊ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ အချောထည်များဆိုပြီး ထပ်မံဖွင့်ဆိုခဲ့တာတွေ့ရပြီး အခွန်နှုန်းကတော့ ငါးရာခိုင်နှုန်းပဲ သတ်မှတ်ခဲ့တာတွေ့ရပြီး မော်တော်ယာဉ်တွေအတွက် အထူးကုန်စည်ခွန်သတ်မှတ်မှုကိုလည်း ပြင်ဆင်မှုတွေလုပ်ခဲ့ပြီး တိုးမြှင့်ခဲ့ပါတယ်။

အခြားအချက်တွေကို ပြောင်းလဲမှုတွေရှိပေမယ့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ဝေဖန်ခဲ့ကြတာက အခေါက်ရွှေကို အခွန်ငါးရာခိုင်နှုန်းကောက်ဖို့ သတ်မှတ်ချက်၊ ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူသူတွေကို အခွန်ကောက်ခံမှုတွေ ဖြစ်ပါတယ်။ အခေါက်ရွှေကနေ အခွန်ငါးရာခိုင်နှုန်း ကောက်ခံဖို့ ပြင်ဆင်ခဲ့ပြီး တကယ်တမ်းကောက်ခံဖို့ အဆင်မပြေတာကြောင့် သုညရာခိုင်နှုန်းပြင်ဖို့ အစိုးရက သဘောတူပေးခဲ့ရသလို ရွှေထည်လက်ဝတ်ရတနာတွေအပေါ် အခွန်ကောက်ခံမှုကိုလည်း ငါးရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်းစသဖြင့် ညှိနှိုင်းပြီးတော့ နောက်ဆုံးမှာတစ်ရာခိုင်နှုန်း သတ်မှတ်ပေးခဲ့ပါတယ်။

ဒါ့အပြင် စိန်နဲ့ မြအပေါ် အထူးကုန်စည်ခွန်ကောက်ခံခြင်းနဲ့ ရွှေစင်ရွှေတုံးတွေ အပေါ်ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကင်းလွတ်ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော်မှာ သြဂုတ် ၈ ရက်က အတည်ပြုခဲ့ရပါတယ်။ ဒီလို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ပဲ ကင်းလွတ်ခွင့်ပြုခဲ့တာဖြစ်လို့ ၂၀၁၈ ဘဏ္ဍာနှစ်တိုနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွေမှာ စိန်နဲ့ မြအပေါ် အထူးကုန်စည်ခွန်ကောက်ခံခြင်းနဲ့ ရွှေစင်ရွှေတုံးတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမှုတွေ ပြန်လည်ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ လယ်သမားတွေဆီက ဝင်ငွေခွန်ကောက်ခံဖို့ ပြင်ဆင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် နှစ်နှစ်ဆက် မိုးကြီးရေလျှံပြဿနာကြောင့် ရေတိမ်နစ်နေရတဲ့ တောင်သူဦးကြီးတွေဆီက လယ်ယာဝင်ငွေခွန်ကောက်ခံရေးဟာ ခဏတာ ရပ်ဆိုင်းသွားခဲ့ပါတယ်။

လယ်သမားတွေဆီက ဝင်ငွေခွန်ကို ကောက်ခံမယ့်ပုံစံက ကျပ်ငါးသိန်းဝင်ငွေကျော်ရင် အခွန်နှစ်ရာခိုင်နှုန်း ကြိုတင်ပေးသွင်းရမယ်ဆိုတဲ့ပုံစံနဲ့ ကောက်ခံမှာဖြစ်ပြီး ဒီလိုအခွန်ကောက်ခံမှုဟာ လက်ရှိဘဏ္ဍာနှစ်မှာ ဖြေလျှော့ပေးခဲ့တယ်ဆိုပေမယ့် လာမယ့်ဘဏ္ဍာနှစ်တွေမှာ ကြုံလာနိုင်မှာပါ။ အစိုးရအနေနဲ့ ကြွေးနွံထဲက လယ်သမားတွေဆီက အခွန်ကောက်ခံတော့မယ်ဆိုရင် စနစ်တကျ ပြင်ဆင်ဆွေးနွေးဖို့လိုအပ်မှာ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ ကြိုတင်ပြင်ဆင်တဲ့ မူဝါဒမရှိ၊ ဆန်းစစ်လေ့လာမှုမရှိဘဲ စီမံကိန်းလေးချပြလိုက်၊ ပြည်သူက လက်မခံနိုင်လို့ မသိဟန်ဆောင် ပြန်ဖျက်လိုက်ဆိုတာတွေကို ရှောင်ကြဉ်နိုင်ဖို့ လိုအပ်ပါမယ်။ အခွန်အခ တစ်ခုကို တိုးမြှင့်မယ်။ စတင်ကောက်ခံမယ်ဆိုတာ အခြေအနေနဲ့ အချိန်အခါလည်းပေးမှ၊ တိုင်းပြည်စီးပွားရေးလည်းကောင်းမှ၊ အခွန်မက်လုံးလည်းရှိမှ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွန်အခလည်းရှိမှ အခွန်ရရှိတာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ငြိမ်းချမ်းရေးရော၊ စီးပွားရေးပါ မှေးမှိန်နေချိန်မျိုးမှာ မဖြစ်သင့် မဖြစ်ထိုက်သူတွေဆီက အခွန်ရအောင် ကောက်မယ်ဆိုတာက ကျောမွဲပြည်သူတွေအတွက် ရုပ်ဆိုးလွန်းလှပါတယ်။ အခွန်မက်လုံးဆိုရာမှာလည်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ခွဲခြားထုတ်ပေးတဲ့ အခွန်ထမ်းအသိ အမှတ်ပြုစာရွက်တွေက သာမန်ဝန်ထမ်းဆိုရင် လအလိုက်အခွန်ထမ်းတာက သာမန်ဖြတ်ပိုင်းစာရွက်လေးနဲ့ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တို့ အသက်မွေးဝမ်းကျောင်း ခေါင်းစဉ်အောက်က လူတွေဆိုရင်အသိအ မှတ်ပြုမှတ်တမ်းစာအုပ်နဲ့ ထုတ်ပေးတာမျိုးအထိ ခွဲခြားထားတာ တွေ့ရပါတယ်။ ဒါမျိုးတွေက မဖြစ်သင့်တော့ပါဘူး။ နောက်တစ်ခုက ပြည်တွင်းအခွန်များ ဦးစီးဌာနအနေနဲ့ လက်ရှိမှာ ပြည်သူတွေဆီက ကောက်ခံနေတဲ့ ကုန်သွယ်လုပ်ငန်းခွန်ငါးရာခိုင်နှုန်းကို စားသောက်ဆိုင်တွေ စူပါမားကက်တွေ အခွန်မရှောင်အောင် ဘယ်လိုလုပ်မလဲ စိစစ်စဉ်းစားဖို့ လိုပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာ ပြင်ဆင်ကောက်ခံခဲ့တဲ့ စာရင်းမှာ အကောက်ခွန်နှုန်းတွေ တိုးမြှင့်မှုလည်း ပါဝင်ခဲ့ပြီး အရင်တုန်းက သွင်းကုန်တွေအပေါ် အကောက်ခွန်ကောက်ခံရာမှာ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂နဲ့ ကောက်ခံခဲ့ရာက ကမ္ဘာ့အကောက်ခွန်အဖွဲ့ရဲ့ အမျိုးတူ ကုန်ပစ္စည်းခွဲခြားဖော်ပြတဲ့ သတ်မှတ်စနစ်အရ ပြင်ဆင်ခဲ့တဲ့ မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ နဲ့အောက်တိုဘာ ၁ ရက်က စပြီး တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

ပြင်ဆင်တိုးမြှင့်လိုက်တဲ့ အကောက်ခွန်နှုန်းမှာ ဘိလပ်မြေကို တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်း၊ အိမ်သုံးဆားကို အရင် ၁၀ ရာခိုင် နှုန်းကနေ ရာခိုင်နှုန်း ၂၀၊ အသင့် သောက်သုံးနိုင်တဲ့ ကော်ဖီ (Instant Coffee) ကို  ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀၊ ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ အသီးအနှံတွေကို ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀၊ ကြက်သွန်နီ/ ကြက်သွန်ဖြူကို အရင် ၀ ဒသမ ၅/ ၁ ရာခိုင်နှုန်းကနေ ၁၀  ရာခိုင်နှုန်း၊ ပန်းမျိုးစုံကို အရင် ၅ ရာခိုင်နှုန်းကနေ  ၁၅ ရာခိုင်နှုန်း၊ ပရိဘောဂတွေကို ယခင် ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၂၀ တိုးမြှင့် ကောက်ခံတော့မှာ ဖြစ်ပါတယ်။ လွယ်လွယ် ပြောရရင် အရင် ၁၀၀ တန် ကော်ဖီမစ်ဟာ ၁၂၀ ဖြစ်လာမှာဖြစ်ပြီး သတ်မှတ်ရာခိုင်နှုန်းတိုးမြှင့်မှုအလိုက် ကုန်ဈေးနှုန်းမြင့်တက်မယ့်ဒဏ်ကို ပြည်သူတွေခံရဦးမှာပါ။

အကောက်ခွန်နှုန်း ပြင်ဆင်မှုမှာ မော်တော်ယာဉ်တွေလည်း မလွတ်ခဲ့ပါဘူး။ ဘတ်စ်ကားနဲ့ ကုန်တင်ယာဉ် တွေကို အရင်သုံးရာခိုင်နှုန်း ကောက်ခံနေရာက ၁၀ ရာခိုင်နှုန်း၊ CKD စနစ်နဲ့ တင်သွင်းထုတ်လုပ်မယ့် ဘတ်စ်ကားနဲ့ ကုန်တင်ယာဉ်တွေကို အရင်သုံးရာခိုင်နှုန်း ကောက်ခံနေရာက ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးကောက်မှာပါ။

အိမ်သုံးလူစီး မော်တော်ယာဉ်တွေကိုတော့ အရင်အတိုင်း မပြောင်းလဲဘဲ အင်ဂျင်ပါဝါ ၂၀၀၀ စီစီနဲ့အောက် မော်တော်ယာဉ်တွေကို ရာခိုင်နှုန်း ၃၀၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီ အထက်မော်တော်ယာဉ်တွေကို အရင်အတိုင်း ရာခိုင်နှုန်း ၄၀ နဲ့ပဲ ဆက်လက်ကောက်ခံမှာပါ။

ဒါပေမဲ့ CKD (Complete Knocked Down) စနစ်နဲ့ တင်သွင်း တပ်ဆင်ထုတ်လုပ်ရောင်းချမယ့် လူစီးအိမ်သုံးကားတွေကို အရင်ကထက် အကောက်ခွန်နှုန်း လျှော့ချကောက်ခံမှာပါ။ အရင်က CKD စနစ်နဲ့ တင်သွင်းတဲ့ လူစီးအိမ်သုံးကားတွေကိုကောက်ခံတဲ့ အကောက်ခွန်နှုန်းက လက်ရှိ လူစီးကား တင်သွင်းနေတဲ့နှုန်းဖြစ်တဲ့ ၂၀၀၀ စီစီ အထက်ဆိုရင် ရာခိုင်နှုန်း ၄၀၊ ၂၀၀၀ စီစီအောက်ဆို ရာခိုင်နှုန်း ၃၀ နဲ့ ကောက်ခံခဲ့ရာက  CKD စနစ်နဲ့တင်သွင်းမယ့် လူစီးကားတွေကိုတော့ ၂၀၀၀ စီစီအောက်ဆို ၁၀ ရာခိုင်နှုန်း၊ ၂၀၀၀ စီစီအထက်ဆို ရာခိုင်နှုန်း၂၀ နဲ့လျှော့ချကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီနေရာမှာ မေးခွန်းထုတ်မှု ရှိလာတာက သတင်းစာစက္ကူကို သုံးရာခိုင်နှုန်းတိုးမြှင့်ပြီး စက္ကူကုန်ကြမ်းတွေအပေါ် အခွန်နှုန်းသုံးရာခိုင်နှုန်း သတ်မှတ်မှုပါ။ ပြည်ပကတင်သွင်းလာတဲ့ ဗလာစာအုပ်အပါအဝင် စက္ကူကုန်ချောတွေကို အခွန်ကောက်ခံမှုမရှိချိန်မှာ စက္ကူကုန်ကြမ်းတွေကို အခွန်နှုန်းသုံးရာခိုင်နှုန်း ကောက်ခံနေတာဟာ ပြည်တွင်းကုန်ထုတ်လုပ်ငန်းတွေကို သတ်တာနဲ့ မခြားနားပါဘူး။

“ကျွန်တော်တို့ စက္ကူစက်ရုံတွေ ပြည်ပကနေ ကုန်ကြမ်းတင်သွင်းလာချိန်မှာ Custom Duty သုံးရာခိုင်နှုန်း ကောက်ခံပြီးတော့ ပြည်ပက ဗလာစာအုပ်တွေ ကုန်ချောတွေကျတော့ အခွန်သုညပဲရှိပါတယ်။ ကျွန်တော်တို့ စာအုပ်ထုတ်လုပ်သူတွေ စက္ကူစက်ရုံတွေမှာလည်း ခက်ခဲတာတွေ အများကြီးပါ” လို့ စက္ကူစက်ရုံ လုပ်ငန်းရှင်တစ်ဦးက  ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပခဲ့တဲ့ UM-FCCICFO Conference 2017 မှာ ပြောပါတယ်။

တကယ်ဆိုရင် အခွန်ဆိုင်ရာလွဲမှားမှု အခက်အခဲတွေကို အစိုးရအဖွဲ့ဆီ တင်ပြပြီးသားတွေပါ။ ဘယ်တော့မှ မပြင်ဆင်ဘဲ အစိုးရတစ်ဖွဲ့ ပြောင်းတိုင်း၊ တာဝန်ယူတဲ့အဖွဲ့သစ် တစ်ဖွဲ့ဖွဲ့တိုင်း အခွန်ဆိုင်ရာမူဝါဒ မှားယွင်းမှုတွေကို ထပ်ချည်းတလဲလဲ တင်ပြရ၊ ပြန်သုံးသပ်နေပါတယ်ဆိုပြီး ချွေးသိပ်ခံရနဲ့ တိုင်းပြည်က ရှေ့မဆက်နိုင်ဘဲ ဆွေးနွေးပွဲပြီး ဆွေးနွေးပွဲ အထပ်ထပ်လုပ်ရင်းနဲ့ပဲ ချာလပတ်လည်နေတာ ဖြစ်ပါတယ်။

ပြည်တွင်းက စက္ကူစက်ရုံတွေ အနေနဲ့ ကုန်ကြမ်းမလုံလောက်မှု အခက်အခဲတွေ ကြုံတွေ့နေရပြီး ကုန်ကြမ်းဝယ်ယူရာမှာ ဝယ်ဈေးနှုန်းထက် ရာခိုင်နှုန်း ၅၀ ကနေ ၁၀၀ ရာခိုင်နှုန်းအထိ ရာနှုန်းပြည့် ဈေးမြင့်တက် ဝယ်ယူနေရတဲ့အပြင် လက်ရှိမှာ စက္ကူစက်ရုံငယ် ၂၀ ခန့်က လုပ်ငန်းရပ်ဆိုင်းသွားပြီလို့ မြန်မာနိုင်ငံ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်းအသင်းက ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်းက ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီလို စက္ကူစက်ရုံတွေ အခက်ကြုံနေရလို့ မှီခိုလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ စားဝတ်နေရေးပြဿနာတွေ ရင်ဆိုင်နေရတာကြောင့် Old Newssprint  အပါအဝင် စက္ကူဟောင်းတွေကို နိုင်ငံခြား တရားဝင်တင်ပို့မှု စိစစ်ပေးဖို့၊ နယ်စပ်ဒေသတွေကတစ်ဆင့် စက္ကူဟောင်းတွေကို တစ်ဖက်နိုင်ငံတွေဆီ ပေးပို့နေမှုတွေ တင်းကျပ်စွာတားဆီးပေးဖို့၊ Writing Printing Paper တွေတင်သွင်းတဲ့အတွက် Commercial Tax ငါးရာခိုင်နှုန်း ပေးဆောင်ခဲ့တဲ့ ငွေတွေကို ဘတ်ဂျက်နှစ်ကုန်ဆုံးပြီဆိုရင် ပြန်လည်ထုတ်ယူဖို့ လျှောက်ထားရတာနဲ့ ထုတ်ယူဖို့ အချိန်ကြာမြင့်နေတာတွေကို ဖြေလျှော့ပေးဖို့နဲ့ ကုန်သွယ်ခွန်ကို သီးခြားကောက်ယူ၊ ဖြေလျှော့ပေးဖို့ တောင်းဆိုထားပြီးသားပါ။ ဒါပေမဲ့ ဒီနေ့အထိတော့ ထူးခြားတဲ့ တုံ့ပြန်မှုမရှိဘဲ စက္ကူစက်ရုံတွေနဲ့ သတင်းစာထုတ်ဝေတဲ့ လုပ်ငန်းရှင်တွေဟာ အခက်အခဲမျိုးစုံနဲ့ ရုန်းကန်နေရဆဲပါ။

 

UMFCCI CFO Conference 2017 နဲ့ အစိုးရ ဘာတွေလုပ်မလဲ

ဒီဇင်ဘာ ၂၁ ရက်က ကုန်သည်စက်မှုအသင်းချုပ်မှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေနဲ့ပတ်သက်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေမှာ ဘဏ္ဍာရေးနဲ့ အခွန်ဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူ ဆောင်ရွက်နေတဲ့  CFO တွေ တွေ့ဆုံဆွေးနွေးပွဲ UMFCCI CFO Conference 2017ကို ကျင်းပခဲ့ပါတယ်။ ဆွေးနွေးပွဲရလဒ်တွေကို အစိုးရဆီ စာတမ်းတင်ပြမှာဖြစ်ပြီး လုပ်ငန်းရှင်တွေရဲ့ အခွန်လျှော့ချဖို့ တင်ပြမှုကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ချက်ချင်းတင်ပြပြီး ညှိနှိုင်းပေးမယ့် ဆွေးနွေးပွဲတစ်ခုလည်း လုပ်ဖို့ရှိနေသေးတယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောကြားပါတယ်။

ဆွေးနွေးပွဲရဲ့ ရလဒ်က ပြည်တွင်းအခွန်များဦးစီးဌာနဟာ အခွန်ကြပ်မတ်ကောက်ခံရာမှာ အခွန်စည်းဝိုင်းအတွင်းက အခွန်ထမ်းဆောင်နေသူတွေကိုပဲ ဆင့်ကဲ Awareness နဲ့ Compliance ဆွေးနွေးမှု လုပ်ဆောင်နေပြီး အခွန်စည်းဝိုင်းအပြင်က အခွန်ရှောင်နေသူတွေကို စည်းရုံးခြင်းနဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်ခြင်းမရှိတာ လုပ်ဆောင်ဖို့၊ လက်ရှိအခွန်ရှောင်နေမှုတွေမှာ အခွန်စနစ်မပြည့်စုံတာနဲ့ ဖြစ်သင့်တဲ့ ပမာဏထက်များပြားနေတာတွေ ရှိနေတာ၊ ဝင်ငွေခွန် ၂၅ ရာခိုင်နှုန်းကို လျှော့ချပြီး စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီတွေလို ထားရှိဖို့ဆွေးနွေးခဲ့ပါတယ်။

“အရေးအကြီးဆုံးတစ်ချက်က သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ အခွန်ရဲ့ စည်းဝိုင်းအတွင်းမှာ ရောက်နေတဲ့ သူတွေကို ပိုပြီးတော့ Awareness တွေ Compliance တွေပိုပြီးတော့ ဆောင်ရွက်နေသလိုပဲ။ အခွန်ရဲ့ စည်းဝိုင်းအပြင်ဘက်မှာ လွတ်နေတဲ့သူတွေ ရှိပါတယ်။ ဒါလည်း တော်တော်များများက ပြောပါတယ်။ ကျောင်းတက်တဲ့ကလေးက ပိုပြီးတော့ အဆူခံရတယ်။ ကျောင်းပျက်တဲ့သူကတော့ ဘာမှမဖြစ်ဘူး ဆိုတာမျိုးလို ဖြစ်နေပါတယ်။ ကုန်သည် စက်မှုအသင်းချုပ်အနေနဲ့ကတော့ အမြဲတမ်း Level Playing Field ဆောင်ရွက်နေတာဖြစ်တဲ့အတွက် Awareness တို့ Compliance တို့သည် အခွန်စည်းဝိုင်းအတွင်းမှာ ရှိနေတဲ့သူတွေအတွက်ပဲ ဖြစ်နေပြီးတော့ အခွန်စနစ်အပြင်မှာ ရောက်နေတဲ့သူတွေကို ဘယ်လိုပုံစံနဲ့စည်းရုံးမလဲဆိုတာ လုပ်ဆောင်ရမှာတွေ ရှိပါတယ်။ Law Enforcement တွေ လုပ်ဆောင်ဖို့ လိုပါတယ်” လို့  ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအခွန်ကောက်ခံမှုစနစ်မှာ အမှန်တကယ် အခွန်ထမ်းဆောင်နေသူတွေက အခွန်ထမ်းတွေရရှိသင့်တဲ့ ငွေဖြူ ခံစားခွင့်တွေ အခွန်ကင်းလွတ်ခွင့်တွေ တွက်ချက်မပေးတာ၊ အခွန်ဌာန တစ်ခုနဲ့တစ်ခုအကြား အခွန်အခတွေနဲ့ သက်သာခွင့်တွေ တွက်ချက်မှုအပေါ် နားလည်မှုကွာဟနေတာ၊ ထမ်းဆောင်ထားတဲ့အခွန်တွေ အတွက် ငွေဖြူဆိုင်ရာ အထောက်အထား တွက်ချက်ထောက်ခံပေးမှုမရှိ တာ၊ Tax Refund တွေ ပြန်လည်ပေးအပ်ဖို့ နှောင့်နှေးကြန့်ကြာနေတာကြောင့် ကုမ္ပဏီရဲ့ ငွေသားလည်ပတ်စီးဆင်းမှုထိခိုက်ပြီး အကျပ်အတည်းကြုံရတာ၊ ကုမ္ပဏီတွေက ပြန်လည် ရင်းနှီးမြှုပ်နှံဖို့အတွက် တင်ပြတဲ့ အသုံးစရိတ်တွေကို များပြားတယ်ဆိုပြီး လက်မခံတာ၊ Withholding Tax မှာလည်း မထားရှိသင့်တဲ့ ကဏ္ဍတွေမှာပါ ကောက်ခံနေတာကြောင့် ကောက်ခံသင့်တဲ့ ကဏ္ဍနဲ့ မကောက်ခံသင့်တဲ့ကဏ္ဍ ခွဲခြားဖို့ လိုအပ်တာတွေကို အဓိက ဆွေးနွေးခဲ့ပါတယ်။

“အခု ကြားနေရတယ်။ အခွန် မပေးဘူးဆိုတာ။ အခွန်ရှောင်တယ် ဆိုတာကလည်း ရှောင်ချင်လို့ ရှောင်တာ မဟုတ်ဘူး။ တချို့မှာ System က မပြည့်စုံတဲ့အပိုင်းတွေကြောင့် ရှိသလို ပေးသင့်ပေးထိုက်တဲ့ နှုန်းထားမဖြစ်တဲ့အခါကျတော့ ပေးဖို့အခက်အခဲဖြစ်လို့ ရှောင်တယ်လို့တော့ ပြောကြတယ်။ နိုင်ငံတော်သည် အခွန်အခနဲ့ တိုင်းပြည်ထူထောင်ရမယ်ဆိုတော့ ကျွန်တော်တို့ အားလုံးက အခွန်ပေးရမယ့် တာဝန်ရှိတယ်။ ပေးချင်ကြတဲ့သူတွေချည်းပဲလို့ ကျွန်တော်ယူဆပါတယ်” လို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ အခွန်ရှောင်နေမှုတွေကို ကြည့်မယ်ဆိုရင် အများစုက အခွန်ရှောင်နေသလို အခွန်ရှောင်ရခြင်းကများ ပြားတဲ့အခွန်ကြောင့်ဖြစ်နေပြီး ပြန်ချိန်ညှိဖို့နဲ့ ပြည်တွင်းကို တရားဝင် တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေဟာ တင်သွင်းသူက အခွန်ဆောင်ပြီးတာတောင် နာမည်ပေါက်ရဖို့ အခွန်အခများစွာပေးနေရတာကြောင့် ကားဝယ်စီးသူအများစုက ပိုင်ရှင်အမည်ပေါက် မပြောင်းကြလို့ နစ်နာနေရမှုတွေကို ကုစားဖို့ လိုတယ်လို့လည်း လုပ်ငန်းရှင်တွေက ဆွေးနွေးပါတယ်။

“အခွန်ထမ်းနေတဲ့ ကုမ္ပဏီတွေရှိသလို အခွန်ရဲ့အပြင်မှာ ရောက်နေတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်တော်က ခရီးသွားလုပ်ငန်းလုပ်တယ်။ ပြောစရာနှစ်ချက် ရှိပါတယ်။ ခရီးသွားလုပ်ငန်းတွေ အပေါ်မှာ ကောက်ခံတဲ့အခွန်နှုန်းက မြင့်နေပါတယ်။ အဲဒီလိုမြင့်နေတဲ့အခါကျတော့ ခရီးသွားလုပ်ငန်းတော်တော်များများက နိုင်ငံခြားက ငွေသွင်းမလာပါဘူး။ သွင်းမလာတဲ့အတွက် နိုင်ငံတော်မှာလည်း အခွန်နစ်နာပါတယ်။ ဘာ့ကြောင့်ခရီးသွား လုပ်ငန်းတွေက မသွင်းလာသလဲဆို ဥပမာ ဒေါ်လာ ၁၀၀ ရတယ်ပေါ့။ ဒေါ်လာ ၁၀၀ ကို ဟိုတယ်ခရီး ခရီးစဉ်အတွက် ဝင်လာတဲ့ဧည့်သည်အတွက်ကို၊ ဟိုတယ်ကိုလည်း ပေးဆောင်ရတယ်။ ကားပိုင်ရှင်ကိုလည်း ပေးဆောင်ရတယ်။ စားသောက်ဆိုင်တွေကိုလည်း ပေးဆောင်ရတဲ့ အခါကျတော့ ရလိုက်တဲ့ငွေက နည်းနည်းပဲရှိပြီး ပေးမယ့်အခွန်က မြင့်နေတဲ့အခါကျတော့ တော်တော်များများက မသွင်းလာတော့ဘူး။ ဒါကတစ်ချက်ပေါ့။ ခရီးသွားလုပ်ငန်းအပေါ် ပြန်လည်သုံးသပ်ပြီးတော့ ဖြေလျှော့ပေးစေချင်တယ်။ နောက်ပြီး ကျွန်တော်က ကားလုပ်ငန်းလုပ်ပါတယ်။ ကားတင်သွင်းလာပြီဆိုရင် ကနဦးကားရဲ့ တန်ဖိုးအပေါ်မှာ အခွန်ထမ်းဆောင်ရပါတယ်။ အထူးကုန်စည်ခွန်ဆိုပြီး ၁၅ ရာခိုင်နှုန်း ကောက်တာကိုလည်း ထမ်းဆောင်ရပါတယ်။ အဲဒီမှာ ကျွန်တော့်နာမည်ဖြစ်မယ်။ ကျွန်တော်က ဒီကားကို ရောင်းလိုက်တဲ့အခါမှာ ဝယ်သူက အခွန်ထပ်ဆောင်ရတယ်။ ယာဉ်လက်ဝယ်ရှိတဲ့သူကို အခွန်ကောက်ခံတဲ့ နှုန်းထားတွေက မြင့်နေတဲ့အခါကျတော့ နာမည်မပြောင်းဘဲစီးနေကြတယ်။ ဒါလည်း နိုင်ငံတော်နစ်နာရသလို အမှုအခင်း ဖြစ်တဲ့အခါမှာလည်း တကယ့် ကားလက်ဝယ်ရှိသူကို လိုက်ရခက်တယ်။ ကျွန်တော့်အမြင်က ကားတစ်စီး နိုင်ငံတွင်းရောက်လာပြီ။ အခွန်ထမ်းဆောင်ပြီးသွားပြီဆိုရင် နှစ်စဉ်ကျ ဆင်းလာတဲ့ကားတန်ဖိုးအပေါ်မှာ လိုက်ပြီးတော့ လျှော့ချကောက်ခံသင့်တယ်။ ဥပမာ သိန်း ၁၀၀ တန် ကားကို တစ်သိန်းနှစ်သိန်းပဲ အခွန်ပေးရမယ်ဆိုရင် လူတိုင်းကိုယ့် နာမည်ကိုယ်ပြောင်းကြမှာပဲ” လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

ဒီလိုအချက်တွေအပြင် အစိုးရက ကုန်ကြမ်းအပေါ်မှာ ကောက်ခံတဲ့အခွန်နဲ့ ကုန်ချောအပေါ်မှာ ကောက်ခံတဲ့အခွန်ကိုတန်းတူ ကောက်ခံနေမှုကြောင့် ပြည်တွင်းမှာ စက်မှုကုန်ထုတ်လုပ်ငန်းတွေ အခက်ကြုံနေရပြီး အသေးစားအလတ် စားလုပ်ငန်းတွေ မတိုးတက်ဘဲ သွင်းကုန်တွေပဲ များနေတဲ့အပေါ်မှာ ဆွေးနွေးမှုရှိသလို အစိုးရက ကြပ်မတ်နိုင်မှုအားနည်းတာကြောင့် ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဝင်လာတဲ့ လုပ်ငန်းတွေစက်ရုံ တည်ဆောက်ဖို့လိုအပ်တဲ့ သံနဲ့သံမဏိတွေကို လိုအပ်ချက်ရဲ့ သုံးဆလောက် အထိကို အခွန်သုညရာခိုင်နှုန်းနဲ့ တင်သွင်းပြီး ပြည်တွင်းမှာ ပြန်ရောင်းနေလို့ တရားဝင်အခွန် ဆောင်ပြီးရောင်းချနေရတဲ့ ပြည်တွင်းလုပ်ငန်းတွေအခက်ကြုံနေရတာနဲ့ အစိုးရတင်ဒါလုပ်ငန်းစဉ်တွေမှာ ထုတ်ကုန်အရည်အသွေးတူရင် ပြည်တွင်းထုတ်ကုန်ဦးစားပေးမူဝါဒ ချမှတ်ပေးဖို့လည်း ဆွေးနွေးခဲ့ပါတယ်။

“နိုင်ငံရဲ့ မူဝါဒကလက်ရှိ SME ကဏ္ဍဖွံ့ဖြိုးရေးကို သွားနေတယ်။ ကျွန်တော်က အသင်းကိုယ်စားပြုဆိုတော့ အသင်းကို တင်ပြထားတဲ့ ကုမ္ပဏီ ၁၅ ခုလောက်ရှိပါတယ်။ ပြည်ပကနေ စက်မှုကုန်ကြမ်းတွေ တင်သွင်းတဲ့အခါမှာ Custom Duty သုံးရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းအခွန်ဆောင် ရပါတယ်။ ကုန်ကြမ်းသွင်းလာတဲ့လူ တစ်ယောက်က ပြည်တွင်းမှာ ဝန်ထမ်းကုန်ကျစရိတ် ထုတ်လုပ်စရိတ် အခွန်အခက်အခဲတွေအများကြီးကို ရင်ဆိုင်ဖြေရှင်းပြီး ကုန်ချောထုတ်ပြီး ဖြန့်ဖြူးရပါတယ်။ သို့သော် ကုန်ချောတင်သွင်းသူကျတော့လည်း ကုန်ကြမ်းတင်သွင်းသလို Custom Duty သုံးရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းနဲ့ ရှစ်ရာခိုင်နှုန်းပဲ ဆောင်ရပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ ကုန်ထုတ်လုပ်သူတွေရဲ့ ကဏ္ဍက အင်မတန်မှေးမှိန်တဲ့ ကဏ္ဍရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းမှာလည်း ထုတ်လုပ်မယ်။ သွင်းကုန်အစားထိုးလုပ်ငန်းတွေလည်း ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ကို Custom Duty လျှော့ချပေးဖို့၊ ကုန်သွယ်လုပ်ငန်းခွန်လျှော့ချပေးဖို့ လိုအပ်ပါတယ်။ အနီးစပ်ဆုံး ထိုင်းတို့ မလေးရှားတို့ဆိုရင် ပြည်တွင်းလုပ်ငန်းရှင်တွေကို ကာကွယ်တဲ့အနေနဲ့ တရုတ်ကနေ သွင်းလာတဲ့ကုန်တွေနဲ့ တခြားအာရှနိုင်ငံက သွင်းလာတဲ့ ထုတ်ကုန်တွေအပေါ်မှာ  Counter Value Tax နဲ့ Antidumping Tax လို ထပ်မံပြဋ္ဌာန်းပြီး ပြည်တွင်းလုပ်ငန်းရှင်တွေ အကျိုးစီးပွားကို ကာကွယ်ရတဲ့အနေအထား ရှိပါတယ်။ လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ သံနဲ့သံမဏိအပေါ် Antidumping tax အပြင်ကို နောက်ထပ် အခွန်ထမ်းခိုင်းဖို့ ထိုင်းမှာ ဆွေးနွေးနေတဲ့ အဆင့်ပါ။ ဒီလို အခွန်တွေ ဖြေလျှော့ပြီး ပြည်ပက သွင်းကုန်တွေအပေါ် ကြပ်မတ်စေလိုပါတယ်။ ကုန်ကြမ်းသွင်းလည်း ဒီအခွန်နှုန်းထား၊ ကုန်ချောသွင်းလည်း ဒီအခွန်နှုန်းထားဆိုရင် ကျွန်တော်တို့ရဲ့ SMEs နဲ့ စက်မှုကုန်ထုတ် ကဏ္ဍက ဘယ်လိုမှ ဖွံ့ဖြိုးတိုးတက်လာစရာ မရှိပါဘူး။ အခုဆိုရင် တရုတ်က ကျွန်တော်တို့ နေ့စဉ်ဝတ်နေတဲ့ ပုဆိုးတွေ၊ လုံချည်တွေ၊ စောင်တွေ အတားအဆီးမဲ့တင်သွင်းလာပါပြီ။ အတားအဆီးမဲ့ဆိုတာ တချို့က အခွန်ဆောင်တာရှိသလို တရားမဝင်လည်း ရှိပါတယ်။ အဲဒါကြောင့် ပြည်တွင်းက ပုဆိုး၊ စောင်စက်ထုတ်လုပ်တဲ့လုပ်ငန်းတွေ တော်တော်ဒုက္ခရောက်သွားပါပြီ။ နောက်တစ်ခုက ဘီစကစ်။ မလေးက သွင်းတယ်။ ထိုင်းက သွင်းတယ်။ အင်ဒိုနီးရှားက သွင်းတယ်။ ဗီယက်နမ်က သွင်းတယ်။ အခုပြည်တွင်းမှာ ထုတ်လုပ်တဲ့ စက်မှု (၁) ဝန်ကြီးဌာနက အာဆီယံမှာ လက်မထောင်ခဲ့တဲ့ ဘီစကစ်စက်ရုံဟာ ယနေ့ပုဂ္ဂလိက လက်ထဲမှာ ပိုမိုရုန်းကန်လှုပ်ရှားနေရပါပြီ။ သူ့အတွက် သွင်းလာရမယ့် သကြားကုန်ကြမ်း၊ ဂျုံကုန်ကြမ်း၊ သူရဲ့ ထုပ်ပိုးမှုအတွက်သုံးရမယ့် စက္ကူ၊ ပလတ်စတစ်၊ ပုံးခွံမှာရိုက်ရမယ့် ဆေးကအစ အများကြီး အခွန်ဆောင်ရပါတယ်။ ပြည်တွင်းထုတ်လုပ်သူတွေအတွက် SMEs ကဏ္ဍဖွံ့ဖြိုးဖို့အတွက် Custom Duty ၊ ကုန်သွယ်လုပ်ငန်းခွန်အများကြီး ဖြေလျှော့ပေးဖို့ လိုပါတယ်။ နောက်ပြီး အစိုးရတင်ဒါတွေမှာ ပြည်တွင်း ထုတ်ကုန်နဲ့ ပြည်ပသွင်းကုန် အရည်အသွေးတူမယ်ဆိုရင် ပြည်တွင်း ထုတ်လုပ်သူတပန်းသာစေမယ့် မူဝါဒမျိုး နိုင်ငံတော်က ချမှတ်ပေးစေ လိုပါတယ်။ FDI တွေ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုနဲ့ဝင်လာပြီး သူတို့ စက်ရုံတည်ဆောက်ရေးကာလမှာ သံနဲ့သံမဏိတွေကို အမှန်တကယ်သုံးမယ့် တန်ချိန်ထက် နှစ်ဆ သုံးဆ တင်ပါတယ်။ တန် ၂၀၀၀ ပဲ သုံးမယ်ဆို တန် ၇၀၀၀၊ ၈၀၀၀ အခွန်ကင်းလွတ်ခွင့် အခွန်သုညရာခိုင်နှုန်းနဲ့ တင်သွင်းပြီးတော့ ပြန်လည်ရောင်းချမှုတွေရှိနေလို့ ပြည်တွင်းထုတ်လုပ်သူတွေအတွက် အင်မတန်ခက်ခဲပါတယ်။ ဒီလိုဖြစ်နေတာ ၂၀၁၅ ခုနှစ် လောက်ကစပြီး လက်ရှိအထိ တင်ပြလာတဲ့ ကုမ္ပဏီတွေများနေပါပြီ” လို့ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်လှိုင်က ဆိုပါတယ်။

တကယ်ဆိုရင် လက်ရှိအခွန် နှစ်ထပ်ပြဿနာတွေ၊ အခွန်နှုန်းထားမြင့်နေတာတွေ၊ ကုန်ကြမ်းနဲ့ ကုန်ချောကို နှုန်းထားအတူတူကောက်လို့ ပြည်တွင်းကုန်ထုတ် လုပ်မှုလုပ်ငန်းတွေ လဲပြိုနေတာတွေစတဲ့ အခွန်ဆိုင်ရာလွဲမှားမှုတွေက အစိုးရဆီမှာ အချက်အလက်ရှိနေပြီးဖြစ်ပြီး လုပ်မပေးဘဲ ကြန့်ကြာနေတာတွေပါ။ အခွန်ရှောင်သူတွေကို အရေးမယူဘဲ အခွန်ပေးနေ သူတွေဆီက အခွန်မရရအောင် ကောက်နေတဲ့ လုပ်ဆောင်မှုတွေကြောင့်လည်း အခွန်ဆောင်နေသူတွေက အခွန်ရှောင်နေတဲ့သူတွေနဲ့ ဈေးကွက် မယှဉ်ပြိုင်နိုင်တာကြောင့် ပြိုလဲမှုတွေဖြစ်နေတာလည်း ကြာနေပါပြီ။ တိုင်းပြည်ရဲ့ လက်ရှိအနေ အထားမှာဆိုရင်လည်း အခွန်ရရှိမှု နှစ်စဉ်မြင့်တက်နေတယ်ဆိုပေမယ့် ဘတ်ဂျက်လို ငွေမြင့်တက်နေတာကြောင့် အခွန်နဲ့ ဂျီဒီပီအချိုးကလည်း နှစ်စဉ်လျော့ကျနေပါတယ်။ အစိုးရရဲ့ အခွန်ကောက်ခံမှုကို ကြည့်မယ်ဆိုရင် ပြည်တွင်းထုတ်ကုန်နဲ့ ပြည်သူပြည်သားတွေအပေါ် ကောက်ခံတဲ့အခွန်တစ်ခုပဲ နှစ်စဉ်မြင့်တက်နေပြီး ပြုပြင်ပြဋ္ဌာန်းရမယ့် ပိုင်ဆိုင်မှုအခွန် (Porpety Tax) ကို ပြဋ္ဌာန်းနိုင်မှုမရှိတာကြောင့် ဝင်ငွေနဲ့ ပိုင်ဆိုင်မှုအပေါ် ကောက်ခံတဲ့ အခွန်တွေကလည်း တိုးတက်မှု နည်းပါးပါတယ်။ အကောက်ခွန်နှုန်းတွေ တိုးမြှင့်သလို အခွန်စစ်ဆေး ကြပ်မတ်မှုတွေပါ ပြင်လိုက်ပေမယ့် တိုးတက်မှုနည်းလာတဲ့ အကောက်ခွန်ကဏ္ဍဟာ အခွန်ရှောင်နေတာလား၊ လာဘ်စားနေတာလား စိစစ်ဖို့ လိုအပ်နေပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်ပစ္စည်းတွေကို လက်ဝါးချင်းရိုက်ပြီး တန်ဖိုးနည်းနည်းနဲ့ ရယူထားမှုတွေကိုလည်း စိစစ်ပြီး စာချုပ်ပြင်ဆင်ချုပ်ဆိုနိုင်စွမ်း မရှိတာကြောင့်လည်း နိုင်ငံပိုင်ပစ္စည်း အသုံးပြုတဲ့အပေါ် ကောက်ခံတဲ့ အခွန်ကလည်း နှစ်စဉ်လျော့ကျနေပါတယ်။

လက်ရှိအခြေအနေမှာ အစိုးရ အနေနဲ့ အခွန် Base ချဲ့မယ်ဆိုပြီး အခွန်ဆောင်နေသူတွေကိုပဲ ကြပ်မတ်နေမယ့်အစား အခွန်ရှောင်နေတဲ့သူတွေ၊ လာဘ်စားနေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပြီး အခွန်ထမ်းဆောင်ချင်စိတ် ဖြစ်လာအောင် တစ်ဖက်မှာလည်း ခံစားခွင့်တွေနဲ့ ကြိုးပမ်းရမှာပါ။ လုပ်ငန်းရှင်တွေဘက်ကလည်း အခွန်မဆောင်ချင်လို့ များတယ်ပြောနေတာ သူတို့ မြတ်နေတာပဲဆိုတဲ့ အမြင်၊ အခွန်နှုန်းတွေ လျှော့ချပေမယ့် အခွန်ထမ်းဆောင်တဲ့သူ တက်မလာရင်ငါတို့ အခွန်ရမှုနည်းသွားမှာပါဆိုတဲ့ ကြောက်စိတ်တွေနဲ့ လုပ်သာကိုင်သာရှိတဲ့ အခွန်ပတ်ဝန်းကျင်ဖြစ်အောင် မလုပ်နိုင်သရွေ့တော့ အခွန်ဆောင်သူဖိထောင်း၊ အခွန်မရှောင်သူ မသိကျိုးကျွန်ပြုရင်းနဲ့ မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း၊ မြန်မာ့စီးပွားရေးနဲ့ မြန်မာ့အခွန် စနစ်ဟာ အဆင့်မြင့်မလာဘဲ အစည်းအဝေးပြီး အစည်းအဝေးနဲ့ပဲ အချိန်ကုန်နေဦးမှာပါ။

Most Read

Most Recent