ရက်ပေါင်း ၆၀ စောင့်ကြည့်ရမယ့် အနည်းဆုံးအခကြေးငွေ အဆုံးအဖြတ်

ရက်ပေါင်း ၆၀ စောင့်ကြည့်ရမယ့် အနည်းဆုံးအခကြေးငွေ အဆုံးအဖြတ်
Published 31 December 2017

အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ကျပ် ၅၆၀၀ ရရှိရေး အလုပ်သမားများ လှိုင်သာယာမြို့နယ်တွင် သြဂုတ်လအတွင်းက လမ်းလျှောက်ဆန္ဒထုတ်ဖော်နေစဉ် ( ဓာတ်ပုံ - ကြည်နိုင်)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှာ ကျင်းပတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီရဲ့ စတုတ္ထအကြိမ် အစည်းအဝေးမှာ အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ အဖြစ် အဆိုပြုဖို့ ကော်မတီက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုနှုန်းထား သတ်မှတ်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ လုပ်ခလစာနှုန်းထား၊ ဂျီဒီပီအခြေအနေ၊ ငွေဖောင်းပွမှုစတဲ့ အချက်တွေ၊ ပညာရှင်တွေရဲ့ အမြင်သဘောထားတွေ၊ အလုပ်ရှင်အလုပ်သမားတွေရဲ့ သဘောထားတွေ၊ တိုင်းဒေသကြီး ပြည်နယ်တာဝန်ရှိသူတွေ၊ ကွင်းဆင်းလေ့လာ စိစစ်ချက်တွေအပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

“ဒီနေ့ အမျိုးသားအစည်းအဝေးကနေမှ အနည်းဆုံးလုပ်ခလစာကို ကျပ် ၄၈၀၀ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အနည်းဆုံး အလုပ်သမားအရေအတွက်ကတော့ ၁၀ ဦးနဲ့ အထက်လို့ သတ်မှတ်လိုက်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်တာ ဖြစ်ပါတယ်။ ယခင်က ကျပ် ၃၆၀၀ ဆိုတဲ့ အခါကျတော့ ကျပ် ၄၈၀၀ ဆိုရင် ကျပ် ၁၂၀၀ လောက် တိုးသွားတဲ့အနေအထား ဖြစ်ပါတယ်။ ဒီလိုသတ်မှတ်လိုက်ခြင်းအားဖြင့် အလုပ်သမားတွေလည်း လက်ခံနိုင်တဲ့အနေအထား ဖြစ်တယ်လို့ ယုံကြည်ပါတယ်”  လို့  ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဒီဇင်ဘာ ၂၉ ရက်က ပြောကြားခဲ့ပါတယ်။

အနည်းဆုံးလုပ်ခလစာ တစ်ရက် ကျပ် ၃၆၀၀ ကနေ ကျပ် ၄၈၀၀ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပေမဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှာ ပါဝင်ကြတဲ့ အလုပ်ရှင် ကိုယ်စားလှယ်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေကတော့ ကျေနပ်မှု မရှိကြပါဘူး။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ ကနေ ကျပ် ၄၈၀၀ ပြောင်းလဲသတ်မှတ်ဖို့ ဆုံးဖြတ်ခြင်းက အလုပ်ရှင်တွေအတွက် ဝန်လေးစေတယ်လို့ ဒီဇင်ဘာ ၂၉ ရက်က ကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ကုန်ထုတ်လုပ်ငန်းအလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်က တရားဝင်ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

“တရားဝင်လည်း ကန့်ကွက်ခဲ့ပါတယ်။ ကျွန်မတို့ မတတ်နိုင်တဲ့ ဈေးပါ။ ဘာကြောင့်လဲဆို မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်ပိတ်ရက်မှာ ထုတ်လုပ်မှုမရှိဘဲ လုပ်ခပေးရတာမျိုး၊ အချိန်ပိုတွက်တဲ့အခါသူများနိုင်ငံ ထက်နှစ်ဆပေးရတာမျိုး၊ သူများနိုင်ငံက ခြောက်ရက်ပြည့်လို့ ကျွန်မတို့က ငါးရက်ခွဲပဲ လုပ်ရတာမျိုး၊ အဲဒါမျိုးတွေကအစ ကျွန်မတို့ ဝန်လေးပါတယ်။ အဲဒါအပြင် အခွန်စရိတ်တွေ သူများနိုင်ငံထက်ယှဉ်ရင်ကြီး ပါတယ်။ ပြည်တွင်းထုတ်လုပ်မှု စရိတ်ကြီးပါတယ်။ လျှပ်စစ်ဓာတ် အားခအပြည့်အဝမရတဲ့အတွက်အပြင် စွမ်းအင်ဝယ်သုံးရတဲ့ စရိတ်လည်း ကြီးပါတယ်။ သယ်ယူပို့ဆောင်မှု စရိတ်လည်းကြီးပါတယ်။ ဘဏ်အတိုးနှုန်းလည်း မြင့်ပါတယ်” လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့ပါတယ်။

အနည်းဆုံးအခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီအဖွဲ့ဝင် အလုပ်သမားကိုယ်စား လှယ်ဦးနော်အောင် ကတော့ “ကျပ် ၄၈၀၀ က ကျွန်တော်တို့ဘက်က အားမတန်လို့ မာန်လျှော့လိုက်ရတာမျိုး ဖြစ်သွားတာပါ။ အလုပ်ရှင်တွေကလည်း ခါးခါးသီးသီး ငြင်းဆန်တယ်။ အစိုးရအနေနဲ့ကလည်း သူတို့ စဉ်းစားရမယ့်ဟာတွေက အများကြီးလို့ ပြောတာကိုး။ အများကြီး သတ်မှတ်လိုက်လို့ရှိရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကိုလည်း စဉ်းစားရမယ်လို့ ပြောလာတဲ့အပေါ်မှာ နောက်ဆုံး ကျွန်တော်တို့ အလုပ်သမားကိုယ်စားလှယ်တွေက အားမတန်မာန်လျှော့တဲ့ အနေနဲ့ ကျပ် ၄၈၀၀ကို လက်ခံခဲ့ရတဲ့ သဘောမျိုးပေါ့” လို့ ဆိုပါတယ်။

ဒါပေမဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီစတုတ္ထအကြိမ် အစည်းအဝေးမှာ ဦးနော်အောင်အနေနဲ့ အချက်နှစ်ချက်ကို အဆိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

“အမျိုးသားကော်မတီမှာ ကျွန်တော် အဆိုတင်သွင်းထားတာ အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ချက်က နှစ်တိုးကြေးပါ။ လုပ်သက်ကြေးလို့လည်း ခေါ်ပါတယ်။ အဲဒါကို ကျွန်တော်က ကိန်းဂဏန်းနဲ့ ပြောတာ မဟုတ်ဘဲနဲ့ ရာခိုင်နှုန်းနဲ့ပဲ ကျွန်တော်ပြောခဲ့ပါတယ်။ လုပ်ခလစာ ဘယ်လောက်ပဲရရ တစ်နှစ်ပြည့်လို့ရှိရင် တစ်နှစ်လုပ်သက်ရှိတဲ့ လူတစ်ယောက်ကို လစာရဲ့ငါးရာခိုင်နှုန်း တိုးပေးရမယ်ဆိုပြီး ကျွန်တော်အဆို တင်သွင်းထားပါတယ်။ နောက်တစ်ချက်ကတော့ ကျွမ်းကျင်ကြေးပေါ့။ ကျွမ်းကျင်ကြေးကတော့ စက်ရုံတစ်ရုံနဲ့တစ်ရုံ မတူတဲ့အတွက် စက်ရုံအလုပ်ရှင်နဲ့ အလုပ်သမား ညှိနှိုင်းပြီးတော့မှ သတ်မှတ်သင့်တယ်ပေါ့။ အဲဒီနှစ်ချက်ကိုတော့ ကျွန်တော် အဆိုတင်သွင်းထားပါတယ်”လို့ ဦးနော်အောင်က ရှင်းပြပါတယ်။

ဒီကော်မတီအစည်းအဝေးမှာပဲ အလုပ်သမားအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM ) ကလည်း ပြင်ဆင်အဆိုပြု နှုန်းထား ကျပ် ၄၈၀၀ နဲ့အတူ ကြေညာချက်ထဲမှာ ထည့်သွင်းစေလိုတဲ့ အချက်နှစ်ချက်ကို တင်ပြခဲ့တယ်လို့ သိရပါတယ်။  အဲဒီအချက် နှစ်ချက်ကတော့  (၁ ) အလုပ်သမား၏ အခြေခံလစာအပြင် လက်ရှိခံစားရရှိနေသော ငွေကြေးခံစားခွင့်များအား ဖြတ်တောက်ခြင်း မပြုရန်။ (၂ ) ငွေ ကြေးလဲလှယ်နှုန်းပေါ် မူတည်၍ အမျိုးသားကော်မတီ၏ ခြောက်လတစ်ကြိမ်ပြုလုပ်မည့် အစည်းအဝေးတွင် ပြင်ဆင်သတ်မှတ် သင့် မသင့် ဆွေးနွေးသွားမည် ဆိုတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ကနေ ပထမဆုံး သဘောထား ကြေညာချက်တစ်စောင်ထုတ် ပြန်ခဲ့ပါတယ်။

MICS အဖွဲ့ရဲ့ သဘောထား ကြေညာချက်ထဲမှာ “မြန်မာနိုင်ငံရှိ အလုပ်သမားများသည် နည်းပါးသော လုပ်ခလစာဖြင့် အသက်မွေးဝမ်းကျောင်းပြုနေပြီး ယခု သတ်မှတ်လိုက်သော ကျပ် ၄၈၀၀ သည် ကောက်ယူရှိသော ကုန်ကျစရိတ်စစ်တမ်းများအရ အခြေခံအလုပ်သမားတစ်ယောက်၏ တစ်ရက်တာ ကုန်ကျစရိတ်ကိုပင် လောက်ငစေမည်မဟုတ်ပါသဖြင့် အဆိုပါနှုန်းထားအား ကန့်ကွက်ပါသည်” ဆိုတဲ့ အချက်ပါ ဝင်ပါတယ်။

ဒါ့အပြင် အနည်းဆုံးအခကြေး ငွေနည်းဥပဒေအခန်း(၅)၊ ပုဒ်မ (၁၉) အရ “အလုပ်သမား ငါးဦးအထက်လုပ်ငန်းများ အကျုံးဝင်သည်” လို့ အတိအကျ ပြဋ္ဌာန်းထားပေမယ့် အနည်းဆုံးလုပ်ခလစာ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကနေ အလုပ်သမား ၁၀ ဦးအထက် အကျုံးဝင်ကြောင်း ဆုံးဖြတ်တာကို သိရှိရတာကြောင့် ဥပဒေနဲ့အညီ မလုပ်ဆောင်တဲ့ အမျိုးသားကော်မတီကို ကန့်ကွက်တယ်ဆိုတဲ့ အချက်လည်း ပါရှိပါတယ်။

“အမျိုးသားကော်မတီက ကျပ် ၄၈၀၀ သတ်မှတ်ထားတယ်။ ကျွန်တော်တို့ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အနည်းဆုံးလုပ်ခလစာသည် တစ်ရက်ကို ကျပ် ၅၆၀၀ လောက်ရမှ အလုပ်သမားတွေရဲ့ တစ်ရက်တာ ကုန်ကျစရိတ်ကို ပြေလည်စေမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အမျိုးသားကော်မတီက ထုတ်ပြန်လိုက်တဲ့ ကျပ် ၄၈၀၀ နှုန်းထားကို ကန့်ကွက်တာ ဖြစ်ပါတယ်” လို့ သဘောထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး  မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ဆိုပါတယ်။

ဒီလို အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ကို အဆိုပြုခဲ့ပေမယ့် အတည်မဖြစ်သေးပါဘူး။ ဒီအပေါ်မှာ အလုပ်ရှင်တွေနဲ့ အလုပ်သမား တွေကနေ ရက်ပေါင်း ၆၀ အတွင်းမှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီထံ ကန့်ကွက်လွှာပေးပို့နိုင်ပါတယ်။

ကန့်ကွက်လိုသူတွေအနေနဲ့ အနည်းဆုံး အခကြေးငွေနည်းဥပဒေအရ ကန့်ကွက်ရမှာဖြစ်ပြီး အနည်းဆုံး အခကြေးငွေနည်းဥပဒေ ပုဒ်မ ၃၆ မှာ “ကန့်ကွက်လိုသူ သို့မဟုတ် ကန့်ကွက်လိုသည့် အဖွဲ့အစည်းသို့ မဟုတ် ပြင်ဆင်ရန် အဆိုပြုလိုသူ ပြင်ဆင်ရန် အဆိုပြုလိုသည့် အဖွဲ့အစည်းသည် ရက်သတ္တပတ်နှစ်ပတ် အတွင်း ပြည်ထောင်စုနယ်မြေကော်မတီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မတီသို့ တင်ပြရမည်” လို့ ဖော်ပြထားပါတယ်။

အနည်းဆုံးအခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ အဆိုပြုထားတဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ကို အလုပ်ရှင်နဲ့ အလုပ်သမားတွေက ကန့်ကွက်ဖို့ အရိပ်အယောင်တွေ ရှိနေပါတယ်။

အလုပ်ရှင်တွေဘက်ကနေ ကန့်ကွက်ဖို့ အစီအစဉ် ရှိ မရှိ ဆိုတာကို အလုပ်ရှင်တွေနဲ့ ပြန်လည်ဆွေးနွေး တိုင်ပင်ရဦးမယ်လို့ မြန်မာနိုင်င ံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ကုန်ထုတ်လုပ်ငန်း အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်က ဒီဇင်ဘာ ၂၉ ရက်က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကတော့ အမျိုးသားကော်မတီကနေ အဆိုပြုထားတဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ကို ကန့်ကွက်သွားနိုင်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က ဆိုပါတယ်။

“ကျွန်တော်တို့က အနိမ့်ဆုံး ကျပ် ၅၆၀၀ ကနေ ကျပ် ၆၆၀၀ တောင်းထားတာလေ။ ကျွန်တော်တို့ အမြင်ကတော့ ဒါဟာ ကျပ် ၅၀၀၀ ထက် မလျော့ဘူး။ ကန့်ကွက်ဖို့အတွက် ရက်ပေါင်း ၆၀ ရှိတဲ့အတွက် အလုပ်သမားအဖွဲ့ချုပ်တွေ အကုန်လုံးက ကန့်ကွက်ကြမှာပဲ” လို့ ပျဉ်းမနားမြို့ အလုပ်သမားစည်းရုံးရေး ဥက္ကဋ္ဌ၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီ အလုပ်သမားကိုယ်စားလှယ် ဦးကျော်ဌေးက ပြောပါတယ်။

ဒီအဆိုပြုနှုန်းထားကိုရက် ပေါင်း ၆၀ အတွင်း ကန့်ကွက်သူ မရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အနည်းဆုံး အခကြေးငွေနှုန်းထားကို သတ်မှတ်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အနည်းဆုံး အခကြေးငွေကို ၂၀၁၅ ခုနှစ်က ပထမဆုံး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ တစ်ရက်ကို ကျပ် ၃၆၀၀ နဲ့ တစ်လ ကျပ် ၁၀၈၀၀၀ ဆိုပြီး တစ်နိုင်ငံလုံး တစ်ပြေးညီ သတ်မှတ်ခဲ့တာပါ။ ဒါ့အပြင် အလုပ်သမား ၁၅ ဦးနဲ့ အ ထက်ရှိတဲ့ လုပ်ငန်းတွေသာ အကျုံးဝင်တယ်လို့လည်း သတ်မှတ်ခဲ့ပါတယ်။

အနည်းဆုံး အခကြေးငွေကို တစ်ရက် ကျပ် ၃၆၀၀ လို့ သတ်မှတ်ခဲ့ပေမယ့် အများဆုံးအခကြေးငွေသဘောမျိုး ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရ အလုပ်သင်၊ အစမ်းခန့်နဲ့ အမြဲတမ်းဝန်ထမ်းဆိုပြီး အဆင့်သုံးဆင့် ရှိပါတယ်။

အလုပ်သင် သုံးလမှာ အခြေခံလုပ်ခလစာရဲ့ ရာခိုင်နှုန်း ၅၀၊ အ စမ်းခန့် သုံးလမှာ အခြေခံလုပ်ခလစာရဲ့ ၇၅ ရာခိုင်နှုန်းသာ ရရှိတဲ့အတွက် အချိန်ခြောက်လ ဖြတ်သန်းပြီးမှသာ အနည်းဆုံးလုပ်ခလစာ ကျပ် ၃၆၀၀ ကို ရရှိတာကြောင့် အများဆုံး လုပ်ခလစာသဘောမျိုး ဖြစ်နေတာပါ။

ဥပဒေအရ အလုပ်သင်ကာလကို သတ်မှတ်ထားပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ ရာခိုင်နှုန်း ၈၀ ကျော်မှာ အလုပ်သင်ဆိုပေမယ့် လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေရတယ်လို့  ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီမှ အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်းက ဆိုပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံလုပ်ငန်းခွင်အတော်များများမှာ ကျွန်တော့်အတွေ့အကြုံအရဆိုရင် ရာခိုင်နှုန်း ၈၀ ကျော်လောက်က အလုပ်သင်စင်တာရယ်လို့ စက်ရုံ၊ အလုပ်ရုံတွေမှာ မရှိဘူး။ အဲဒါကြောင့် အလုပ်သင်ဆိုတဲ့ အခြေအနေကို ကျွန်တော်တို့က နဂိုကတည်းက လက်မခံခဲ့ဘူး။ ဆွေးနွေးတဲ့အခါမှာလည်း ကျွန်တော်တို့က လက်မခံခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်သင်ဆိုတာက အလုပ်သမားရဲ့ လုပ်အားကို မယူဘဲနဲ့ သက်သက် သင်တန်းပေးရင်း လုပ်ခရာခိုင်နှုန်း ၅၀ ပေးတဲ့ စက်ရုံအလုပ်ရုံကို ကျွန်တော်တို့ ဆိုလိုတာ။  အခုဟာက ဘယ်စက်ရုံကမှ အဲဒီစနစ်ကို မကျင့်သုံးဘူး။ အလုပ်ဝင်တာနဲ့ လုပ်ငန်းခွင်ထဲတန်း ထည့်လိုက်တာ။ အဲဒီလိုဆိုတော့ သူတို့က အစမ်းခန့်ကာလပဲဖြစ်ရမယ်။ ၇၅ ရာခိုင်နှုန်း ရရမယ်။ အဲဒီအခြေအနေကို ကျွန်တော်တို့အဖွဲ့ ချုပ်အနေနဲ့ကတော့ အမြဲတမ်းတွန်းတွန်းတိုက်တိုက်နဲ့ ဆောင်ရွက်နေတယ်။ အလုပ်သင်ဆိုရင်လည်း အလုပ်သင်ပီသတဲ့ အခြေအနေမျိုး၊ အခင်းအကျင်းမျိုး ရှိလာတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ အဲဒီလိုမျိုး ကျွန်တော်တို့နိုင်ငံမှာ တော်တော်ကို ရှားပါးပါတယ်” လို့  ကိုရဲဝင်းထွန်းက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေကို နှစ်နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင် သတ်မှတ်ရမယ်လို့ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေနည်းဥပဒေမှာ ပြဋ္ဌာန်းထားတာကြောင့် လက်ရှိအချိန်မှာတော့ နှစ်နှစ်ကြာပြီဖြစ်တဲ့ အတွက်အခုလို ပြင်ဆင်တဲ့ အဆိုပြု နှုန်းတစ်ခုထွက်လာတာ ဖြစ်ပါတယ်။

တစ်ကျော့ပြန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရအပါအဝင် လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်း၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကျွမ်းကျင်ပညာရှင်တွေ ပါဝင်တဲ့ အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ ပြန်လည်ပြင်ဆင် သတ်မှတ်ရေးကော်မတီကို အစိုးရက ဖွဲ့စည်းခဲ့ပြီး အစည်းအဝေးတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးတွေမှာ အလုပ်သမားကိုယ်စားလှယ်တွေက တစ်ကျော့ပြန် သတ်မှတ်မယ့် အနည်းဆုံးအခကြေးငွေကို တစ်ရက် ကျပ် ၅၆၀၀ ကနေ ကျပ် ၆၆၀၀ ကြား ရရှိလိုတယ်လို့ တင်ပြခဲ့ကြပါတယ်။  ဒါပေမဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေကတော့ လက်ရှိနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေ၊ လျှပ်စစ်မီး မမှန်မှုတွေ၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုတွေကြောင့် တစ်ရက်ကို ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့်လည်း တစ်ကျော့ပြန် အနည်းဆုံးအခကြေးငွေ သတ်မှတ်ဖို့အတွက် ကျင်းပတဲ့ အစည်းအဝေးတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားကိုယ်စားလှယ်တွေရဲ့ အဆိုပြုနှုန်းထားတွေက ကွာဟမှုတွေ ရှိနေခဲ့ပါတယ်။

“အလုပ်သမားတွေ တင်ပြထားတဲ့ တောင်းဆိုမှု နှုန်းထားတွေဟာ လိုချင်လို့ တောင်းတာမဟုတ်ဘူး။ တကယ်ကို အသက်ရှင်နေထိုင်ဖို့အတွက် အနည်းဆုံးအခကြေးငွေဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ လိုအပ်နေတဲ့အခြေအနေကို တင်ပြတောင်းဆိုခြင်းသာ ဖြစ်ပါတယ်”  လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီမှ အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်းက ဆိုပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၂ ရက်က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီထံ ပြည်ထောင်စုနယ်မြေကော်မတီ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မတီ အတွင်းရေးမှူးတွေကနေ အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်လို့ တစ်ရက်နှုန်းထားတွေကို တင်ပြကြရာမှာ ရှမ်းပြည်နယ်က ကျပ် ၄၀၀၀၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့က ကျပ် ၄၅၀၀၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့က ကျပ် ၄၈၀၀၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်တို့က ကျပ် ၅၀၀၀ ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့က ကျပ် ၅၂၀၀ ၊ ချင်းပြည်နယ်က ကျပ်  ၆၀၀၀၊ မန္တလေးတိုင်းဒေသကြီးက ကျပ် ၄၃၀၀ ကနေ ကျပ် ၆၃၀၀ နဲ့ ရန်ကုန်တိုင်းဒေသကြီးကတော့ ကျပ် ၄၄၀၀ ကနေ ကျပ် ၆၄၀၀  အသီးသီး တင်ပြခဲ့တယ်လို့ သိရပါတယ်။

အလုပ်သမားတွေဘက်ကလည်း တစ်ကျော့ပြန် အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့အတွက် တိုင်းနဲ့ပြည်နယ်အလိုက် အလုပ်သမားတွေရဲ့ အခြေခံလူနေမှုကုန်ကျစရိတ်ကို ကောက်ယူခဲ့ပြီး တောင်းဆိုခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က ဆိုပါတယ်။

“ကျွန်တော်တို့ အဖွဲ့ချုပ်က ၅၆၀၀ တောင်းထားတယ်ဆိုတာ လက်လွတ်စပယ်တောင်းထားတာ မဟုတ်ဘူး။ အလုပ်သမားတွေရဲ့ အခြေခံလူနေမှုကုန်ကျစရိတ်နဲ့ တွက်ချက်ပြီးတော့မှ ကျွန်တော်တို့က တောင်းဆိုထားတာပါ။ ကျပ် ၄၈၀၀ သတ်မှတ်လိုက်မှုက ကျွန်တော်တို့ တောင်းဆိုထားတာနဲ့ ကွာဟမှု ရှိနေတာပေါ့။ ဒီလိုကွာဟမှု ရှိနေတဲ့အတွက်ကြောင့် တကယ်လို့သာ ကျပ် ၄၈၀၀ ကို ကျင့်သုံးရင်တောင်မှ ကျွန်တော်တို့ တောင်းဆိုထားတာကို ပြည့်မီအောင် ဘယ်လိုပေးမလဲဆိုတာကို အလုပ်ရှင်ရော၊ အစိုးရရော စဉ်းစားထားဖို့ လိုပါတယ်။ ကျွန်တော်တို့ တောင်းဆိုထားတာပြည့်မီမှ အလုပ်သမားတွေကလည်း တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းနဲ့ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်နိုင်မှာပေါ့” လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ကနေ ကောက်ယူခဲ့တဲ့ စစ်တမ်းထဲကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ ကုန်ဈေးနှုန်းတွေကတော့ ဆန်တစ်ပြည်ကို ပျမ်းမျှ ကျပ် ၁၅၀၀ လောက်ရှိပြီး ဆီတစ် ပိဿာကို ကျပ် ၂၀၀၀ လောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ကြက်သား တစ်ပိဿာကို ကျပ် ၆၀၀၀ နဲ့ ငါးတစ်ပိဿာကို ကျပ်၂၅၀၀ လို့ ဖော်ပြထားပါတယ်။ အဲဒီစစ်တမ်းထဲမှာ လူတစ်ယောက် နေ့စဉ် ရှင်သန်နေထိုင်စားသောက်ဖို့အတွက် ကုန်ကျမယ့်ငွေကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ အဆိုပြုထားတဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ကို အလုပ်ရှင်တွေကြားမှာလည်း သဘောထား ကွဲလွဲမူတွေလည်း ရှိလာပါတယ်။

“ဒါ (တစ်ရက် ၄၈၀၀) က မများပါဘူး။ ကျွမ်းကျင်လုပ်သားတွေအတွက် ပေးရတာကတော့ မများပါဘူး။ လုပ်ငန်းမကျွမ်းကျင်တဲ့ လူတွေကို ပေးရရင်တော့ ရှုံးတာပေါ့။ ကျွမ်းကျင်တဲ့လုပ်သားများတဲ့ စက်ရုံကတော့ ပေးနိုင်တာပေါ့။ ကျွမ်းကျင်တဲ့လုပ်သား မများဘူး။ အလုပ်သင်များတဲ့ စက်ရုံဆိုရင်တော့ အခက်အခဲရှိတာပေါ့” လို့ ရွှေပြည်သာစက်မှုဇုန် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ် ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက “ကျွန်တော့်တစ်ဦးတည်းအမြင်နဲ့ ပြောရရင် ဒီကျပ် ၄၈၀၀ က ပေးသင့်ပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းတွေက တက်တဲ့အချိန်ပေါ့။ ဒီထက်တောင် ပိုပေးနိုင်ရင် ကျွန်တော်က ပေးချင်တာပါ”လို့ ဆိုပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းကတော့ အမျိုးသားကော်မတီကနေ အဆိုပြုထားတဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ဟာ မျှတတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

֧လူကြီးတွေက ကောင်းဖို့လုပ်တယ်လို့ပဲ ယူဆပါတယ်။ သူတို့က လက်လွတ်စပယ်လုပ်တာတော့ မတွေ့ရပါဘူး။ အကုန်လုံး နှစ်ဖက်ကြား နာစစ်ဆေးလုပ်ကြပေါ့။ CMP တွေကတော့ ကျပ် ၄၀၀၀ နှုန်းကို သတ်မှတ်ချင်ကြတယ်။ ဒါပေမဲ့လည်း လက်ရှိအခြေအနေမှာ ကျပ် ၅၆၀၀ လည်းမဟုတ် ကျပ် ၄၀၀၀လည်း မဟုတ်ဘဲနဲ့ ကြားတစ်ခုဖြစ်သွားတာကတော့ ကျွန်တော်က မျှတယ်လို့ မြင်ပါတယ်။ လက်ရှိ ကုန်ဈေးနှုန်းအခြေအနေနဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ကတော့ ဒီဈေးလေးရတော့ ဖြစ်သင့်တယ်လို့ ကျွန်တော်ကယူဆပါတယ်” လို့ ဦးအေးသောင်းက ဆိုပါတယ်။

ဒါပေမဲ့ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ သတ်မှတ်ချက်ကြောင့် အထည်ချုပ်လုပ်ငန်းတွေမှာ အနည်းငယ်အခက်အခဲ ရှိသွားနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

“CMP ဘက်ကကြည့်မယ်ဆို သူတို့အတွက် အခက်အခဲ နည်းနည်းရှိသွားမယ်။ ဘာလို့လဲဆိုတော့ CMP ဆိုတာ နိုင်ငံတကာမှာ သူ့ဈေးနှုန်းသူ ရှိပြီးသား။ ဗမာချုပ်လည်း ဒီဈေး၊ တရုတ်ချုပ်လည်း ဒီဈေးပဲ။ ဘယ်မှာချုပ်ချူပ် ဒီဈေးပဲလေ။ သူတို့မှာက ဈေးနှုန်းသတ်မှတ် ချက်လေးရှိနေတယ်။ နောက်တစ်ချက်က CMP အတွက် ဒီအချိန်က အော်ဒါနည်းနည်း နည်းတဲ့အချိန် ဖြစ်နေတယ်။ အော်ဒါနည်းချိန်မှာ သူတို့အတွက် အကျပ်အတည်း နည်းနည်းလေး ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ Band တွေကို ချုပ်နေရတဲ့ သူတွေကတော့ အရင်ကတည်းက ဒီထက်မကနှုန်းကို ပေးနေကြတာပါ။ တချို့လည်း ၅၀၀၀၊ ၆၀၀၀ နှုန်းတွေ ရကုန်ကြပြီ။ CMP အားလုံးတော့ မဟုတ်ဘူး။ ဥရောပမှာ ပေါပေါလောလောရောင်းတဲ့ အထည်တွေကိုချုပ်တဲ့ စက်ရုံတွေကတော့ မပေးနိုင်ဘူး” လို့ ဦးအေးသောင်းက ပြောပါတယ်။

ဒါကြောင့်လည်း ဒီဇင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားကော် မတီအစည်းအဝေးမှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ကုန်ထုတ်လုပ်ငန်းအလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်က တရားဝင် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်ခိုင်ခိုင်နွယ်ရဲ့  မီဒီယာတွေကို ဖြေကြားမှုမှာ ပါဝင်တဲ့ အခွန်ကိစ္စ၊ ပြည်တွင်းထုတ်လုပ်မှု စရိတ်၊ လျှပ်စစ်နဲ့ သယ်ယူပို့ဆောင်ရေး စရိတ်တွေက အစိုးရနဲ့ ဆွေးနွေးပြီးတော့ ရှေ့ဆက်သွားရမယ့်အပိုင်းတွေ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီမှ အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်းက ထောက်ပြပါတယ်။

အလုပ်သမားတွေဘက်က ကြည့်ရင်လည်း အမျိုးသားကော်မတီက အဆိုပြုထားတဲ့ ၄၈၀၀ ဟာ ပမာဏအရ တက်လာပေမဲ့ ငွေကြေးတန်ဖိုးအရတော့ ဘာမှထူးခြားလာတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ခုနှစ်တုန်းက အနည်းဆုံးအခကြေးငွေ ၃၆၀၀ သတ်မှတ်ခဲ့ပေမဲ့ ဒေါ်လာလဲလှယ်နှုန်း က ၁၁၀၀ ဝန်းကျင်သာရှိတဲ့အတွက် အလုပ်သမားတစ်ဦးရဲ့ တစ်ရက်အနည်းဆုံးလုပ်ခက ၃ ဒသမ ၂ ဒေါ်လာရှိပါတယ်။ လက်ရှိ အဆိုပြုထားတဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ ဆိုပေမဲ့ ဒေါ်လာလဲလှယ်နှုန်းက ၁၃၆၀ ဝန်းကျင်ဖြစ်နေတဲ့အတွက် အတည်ဖြစ်သွားရင်တောင် အလုပ်သမားတစ်ဦးရဲ့ တစ်ရက်အနည်းဆုံးလုပ်ခက ၃ ဒသမ ၅ ရာ ခိုင်နှုန်းသာရှိတာကြောင့် ငွေကြေးတန်ဖိုးအရ သိပ်မကွာတာကို တွေ့ရမှာပါ။

နောက်ပြီး ၂၀၁၇ ခုနှစ် စက် တင်ဘာ ၂၉ ရက်က  Philippines' National Wage and Productivity  Commission ကနေ ထုတ်ပြန်ခဲ့တဲ့ အာဆီယံနိုင်ငံတွေရဲ့ တစ်ရက်အနည်းဆုံးလုပ်ခလစာမှာ မြန်မာနိုင်ငံက ၂ ဒသမ ၆၈ ဒေါ်လာနဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။ လစဉ် အနည်းဆုံးလုပ်ခလစာမှာလည်း ၈၀ ဒသမ ၂၈ ဒေါ်လာနဲ့ အောက်ဆုံးမှာ ရပ်တည်နေတာပါ။ ၂၀၁၆ ခုနှစ်မှာ အာဆီယံနိုင်ငံတွေထဲက GDP သိပ်မကွာလှတဲ့ ကမ္ဘောဒီးယားနိုင်ငံကတောင် လစဉ်အနည်းဆုံး လုပ်ခလစာ ဒေါ်လာ ၁၄၀ ရှိ နေပါတယ်။

ဒီလို အာဆီယံနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အလုပ်သမားတွေက အနည်းဆုံးလုပ်ခလစာကို အနိမ့်ဆုံး ရရှိနေပေမဲ့ ပြည်တွင်းမှာ ကုန်ဈေးနှုန်း၊ အဆောင်စရိတ်၊ အိမ်ငှားခတွေက နေ့စဉ်နဲ့အမျှ တရိပ်ရိပ်တက်နေတဲ့အတွက် လက်ရှိရနေတဲ့ တစ်ရက် ၃၆၀၀ က လောက်ငမှု မရှိတော့ပါဘူး။

ဒါကြောင့်လည်း ရန်ကုန်က အဓိက စက်မှုဇုန်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဒဂုံစတဲ့ စက်မှုဇုန်တွေက အလုပ်သမားတွေစုပြီးတော့ အနည်းဆုံးလုပ်ခလစာ တစ်ရက် ၅၆၀၀ သတ်မှတ်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေ လုပ်ခဲ့တာပါ။

လက်ရှိအချိန်မှာတော့ အမျိုးသားကော်မတီကနေ အနည်းဆုံး အခကြေးငွေ တစ်ရက် ၄၈၀၀ လို့ အဆိုပြုထားရုံသာ ရှိနေသေးပေမဲ့ အဆောင်ပိုင်ရှင်တွေနဲ့ အိမ်ရှင်တွေက ဈေးတက်ဖို့ လာနေကြပြီလို့ အလုပ်သမားကိုယ်စားလှယ် ကိုရဲဝင်းထွန်းက ဆိုပါတယ်။

“အနည်းဆုံးအခကြေးငွေ ဒီလိုတက်သွားတယ်ဆိုကတည်းက အလုပ်သမားတွေ ငှားရမ်းနေထိုင်နေရတဲ့ အိမ်ခန်းငှားခတွေကို ဈေးတက်ဖို့ အိမ်ရှင်တွေဘက်က လာနေပြီ။  နောက်ပြီး အလုပ်သမားအများစု စားသောက်နေရတဲ့ အခြေခံစားသောက်ကုန်တွေက ဈေးတက်လာနိုင်တယ်။ ဒါတွေက ကျွန်တော်တို့ မလွဲမသွေ ရင်ဆိုင်ရတော့မယ့် အခြေအနေပါ” လို့ ကိုရဲဝင်းထွန်းက ပြောပါတယ်။

လက်ရှိအခြေအနေမှာ အမျိုးသားကော်မတီကနေ အနည်းဆုံး အခကြေးငွေ ၄၈၀၀ လို့ အဆိုပြု ချိန်တုန်းက အလုပ်ရှင်ဘက်က ကုန်ထုတ်လုပ်မှုစရိတ်တွေ မြင့်မားနေတဲ့အတွက် တရားဝင်ကန့်ကွက်ခဲ့သလို အလုပ်သမားတွေဘက်ကလည်း ကောက်ယူထားတဲ့ စစ်တမ်းတွေအ ရ ၅၆၀၀ မရရှိတဲ့အတွက် ကန့်ကွက်မှုတွေ လုပ်ဆောင်လာနိုင်တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

တကယ်တော့ အနည်းဆုံးအခကြေးငွေနဲ့ ပတ်သက်လို့ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားနေရတဲ့ အခြေအနေကိုကြည့်ရင် အဓိက,က အစိုးရကနေ လုပ်ဆောင်ပေးရမယ့် အရာတွေကို မလုပ်ဆောင်နိုင်သေးတာကြောင့် ဖြစ်နေတာပါ။

“အစိုးရအနေနဲ့ သူလုပ်ပေးရမယ့် အခန်းကဏ္ဍတွေကို ဝင်လုပ်ပေးရင်ဒါက ပြေလည်သွားလိမ့်မယ်။ အလုပ်ရှင်ဘက်ကလည်း သူတိုးပေးဖို့ကလည်း ကျန်တဲ့တိုင်းပြည်တွေနဲ့ ပြိုင်ဆိုင်ရမှာတွေ ရှိနေသေးတယ်။ တခြားကုန်ကျစရိတ်တွေကလည်း များနေသေးတယ်။ အဲဒါတွေကို အစိုးရက လျှော့ချပေးနိုင်မလား။ အစိုးရအနေနဲ့ကလည်း အလုပ်သမားတွေအတွက် တစ်လတစ်သိန်းခွဲရနေတဲ့သူက အဆောင်ငှားနေကြေးက လေးငါးသောင်းပေးနေရတာကို တစ်လ လေးငါးထောင်ဖြစ်အောင် လုပ်ပေးနိုင်မလား။ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း စောင့်ရှောက်မှုပေးနိုင်တဲ့ ဟာမျိုးပေါ့။ နောက်ပြီး အလုပ်သမားတွေ အရည်အသွေးတက်လာအောင် ထရိန်နင်ပေးတဲ့ ကိစ္စမျိုးပေါ့။ ပါဖောမန့် ကောင်းလာရင် အလုပ်ရှင်ကလည်း တိုးပေးနိုင်တာပေါ့။ အဲဒီဟာတွေကိုပါ ထည့်စဉ်းစားဖို့လိုတယ်။ အခုဟာက အစိုးရက ဘေးကနေထိုင်ပြီး ညှိပေးတာပဲရှိတယ်။ သူကိုယ်တိုင်က ဘာမှမလုပ်ပေးတာမျိုး ဖြစ်နေတယ်။ အစိုးရကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်ပေးရင်တော့ အလုပ်ရှင်အတွက်ရော၊ အလုပ်သမားအတွက်ရော အဆင်ပြေမယ်လို့ မြင်ပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါက်တာစိုးထွန်းက သုံးသပ်ပြောကြားပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာတော့ အမျိုးသားကော်မတီကနေ အနည်းဆုံးအခကြေးငွေကို တစ်ရက် ၄၈၀၀ နှုန်း ပြောင်းလဲအဆိုပြုထားပြီ ဖြစ်ပါတယ်။ ဒီသတ်မှတ်နှုန်းထားကို မကျေနပ်ကြတဲ့ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေက ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်ရတော့မှာပါ။ ဒီလို ကန့်ကွက်တဲ့သူတွေရှိလာခဲ့ရင် သတ်မှတ်ထားတဲ့ ၄၈၀၀ နှုန်းထားက အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

အနည်းဆုံးအခကြေးငွေ တစ်ရက်လျှင် ၅၆၀၀ ကျပ်ရရှိရေး အလုပ်သမားများ လှိုင်သာယာမြို့နယ်တွင် ဒီဇင်ဘာလအတွင်းက လမ်းလျှောက်ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ဒါကြောင့် လက်ရှိ အမျိုးသားကော်မတီကနေ ပြင်ဆင်သတ်မှတ်အဆိုပြုထားတဲ့ အနည်းဆုံးအခကြေးငွေ တစ်ရက် ၄၈၀၀ ကို လာမယ့် ရက်ပေါင်း ၆၀ အတွင်းမှာ မကန့်ကွက်ဘဲ အလုပ်ရှင်နဲ့ အလုပ်သမားတွေက သဘောတူကြမလား။ ဒါမှမဟုတ် နှစ်ဖက်လုံးက ကန့်ကွက်မှုတွေ လုပ်ခဲ့မယ်ဆိုရင်တော့ ထပ်မံပြောင်းလဲလာမယ့် အနည်းဆုံး အခကြေးငွေနှုန်းက ၄၈၀၀ အောက် ရောက်သွားမလား၊ တက်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရွှေလင်ဗန်း စက်မှုဇုန်စီမံခန့်ခွဲရေးကော် မတီဥက္ကဋ္ဌ ဦးအေးသောင်းက “ဒီ ကိစ္စက အရှည်သွားမယ်ဆို နောက်နှစ်ခါ တန်ဆောင်မုန်း ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်ဖြစ်စေချင်တာက အလုပ်ရှင်တွေဘက်ကလည်း တတ်နိုင်ရင် လိုက်လျောပါ။ အလုပ်သမားတွေဘက်ကလည်း တတ်နိုင်ရင် အလုပ်ကလေးနဲ့ ကြိုးစားပြီးတော့ ပိုရအောင် ကြိုးစားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်ကတည်းက စထားတဲ့ကိစ္စ အခုထက်ထိ လိပ်ခဲတည်းလည်းဖြစ်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် ရန်သူသဖွယ် ဆက်ဆံနေတာတော့ မကောင်းဘူး။ အဲဒါကြောင့်မို့လို့ အလုပ်ရှင်ဘက် လိုအပ်ချက်ကလေးတွေ နိုင်ငံတော်အစိုးရကို ထောက်ပြတဲ့အခါမှာ နိုင်ငံတော်ကလည်း ဒါကို အရေးတယူ ဖြည့်ဆည်းပေးလိုက်ရင် အလုပ်ရှင်ဘက်ကလည်း အလုပ်သမားတွေ တောင်းသလောက်  ပေးချင်ပေးသွားမှာပေါ့။ ဒီဘက်က ကုန်ကျစရိတ်လျော့သွားရင် ဟိုဘက်ကို ပေးလို့ရပြီလေ။ နှစ်ဖက်စလုံးက သိပ်တင်းနေရင် ဒီအရွေ့မှာ စက်ရုံရဲ့ အော်ဒါတွေက နိုင်ငံတကာကို ရောက်သွားနိုင်တယ်။ ရောက်သွားလို့ စက်ရုံတွေ ပိတ်ရရင် ဘယ်သူတွေ နစ်နာမလဲ။ အလုပ်ရှင်ရော၊ အလုပ်သမားရော၊ အစိုးရရော အားလုံးနာမယ်။ ကျွန်တာ်ကတော့ ဒီလိုမဖြစ်စေချင်ဘူး” လို့ ဆိုပါတယ်။

Most Read

Most Recent