အကြောင်းကြားစာ

အကြောင်းကြားစာ
Published 28 December 2017

မန္တလေး - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် ကားများပိတ်ဆို့နေမှုကြောင့် ကားလမ်းပြန်ပွင့်မည့်အချိန်အား စောင့်ဆိုင်းနေသည့် ယာဉ်များအား ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်

သိပ်မကြာလှသေးတဲ့ ရက်က ကျွန်တော့်ညီက ဖုန်းဆက်ပါတယ်။ အဆင်ပြေလား၊ အခုဘယ်မှာနေတာလဲ။ ကျန်းမာရေးရော ကောင်းရဲ့လား၊ အိမ်ကို ဖုန်းမဆက်ဘူးလား။ အမေက သူ့ဆီ ဖုန်းမဆက်လို့တဲ့ ပြောနေတယ်။ အားရင် အမေ့ဆီ ဖုန်းဆက်လိုက်ဦး စသည် ဘာညာပြောပါတယ်။ ကျွန်တော်တို့မှာ မောင်နှမ ငါးယောက်ရှိပါတယ်။ အမှန်ကတော့ ခြောက်ယောက်ပါ။ အစ်မအကြီးဆုံးက ငယ်ငယ်ကတည်းက တောထဲ မျှစ်ချိုး မှိုနုတ်သွားရာကနေ မြွေကိုက်လို့ ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အခု လက်ရှိငါးယောက်ထဲမှာ ကျွန်တော်က အကြီးဆုံးရဲ့ အောက်က ဒုတိယမြောက်ပေါ့။ ကျွန်တော့်အောက်မှာ သုံးယောက် အကုန်လုံး အိမ်ထောင်အသီးသီး ကျကုန်ပါပြီ။

အကိုအကြီးဆုံးက အိမ်ထောင်ကျတာနဲ့ သူ့အမျိုးသမီးရဲ့ရွာကို လိုက်သွားပြီး အခြေချသွားခဲ့တာ ဖြစ်တယ်။ အခု အိမ်မှာက အငယ်ဆုံးရဲ့အထက်က ညီမလေးတို့ လင်မယားနဲ့ အမေနဲ့ အဘွား ဒါပဲရှိတယ်။ ကျွန်တော်ကတော့ ငယ်စဉ်ကတည်းက အိမ်ကနေ ခွဲခွာလာခဲ့တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော့်အောက်က ညီနှစ်ယောက်က မူဆယ်နဲ့ ရန်ကုန်ပြေးဆွဲတဲ့ ဆယ့်နှစ်ဘီး ကုန်တွဲကားကြီးတွေ မောင်းနေကြတာဖြစ်တယ်။ သူတို့ နှစ်ယောက်က ကားပေါ်မှာပဲ အချိန်ကုန်နေကြတာ ဖြစ်ပေမယ့် အိမ်ကို မကြာခဏ ရောက်တတ်သလို ဖုန်းလည်း မကြာခဏ ဆက်တဲ့သူတွေပါ။ ကျွန်တော်ကတော့ အိမ်ကိုမပြန်ဖြစ်ရုံသာမက တစ်လမှာ တစ်ခါလောက်ကိုတောင် ဖုန်းမဆက်ဖြစ်တတ်ပါဘူး။ တကယ်တော့ ကျွန်တော်ဟာ ကျွန်တော့်မိသားစု၊ ညီအစ်ကို၊ မောင်နှမတွေနဲ့ အဆက်အသွယ် မရှိသလောက် ပြတ်တောက်တောက် ဖြစ်နေခဲ့တာပါ။ ဒါကြောင့် သူတို့ဟာ ကျွန်တော် ဘယ်မှာနေနေသလဲ ဆိုတာတောင် မသိဘဲ ဖြစ်နေတာပါ။

ကျွန်တော်က မိန်းမရှိတဲ့ နယ်မှာ နေလိုက်၊ ရန်ကုန်သွားလိုက်ပြန်လိုက် လုပ်နေတာမို့ သူတို့ကတော့ ရန်ကုန်မှာပဲ နေနေတယ်လို့ ထင်နေတာ ဖြစ်ပါတယ်။ ကျွန်တော်ကလည်း ကိုယ်အာရုံသန်တဲ့ စာဖတ်လိုက်၊ စာရေးလိုက် လုပ်နေမိတာဆိုတော့ သူတို့ကို မေ့သလိုဖြစ်ပြီး ဖုန်းတောင်မှ မဆက်မိဘဲ ဖြစ်သွားရတာပါ။ ဒါကြောင့် ကျွန်တော့်ညီက ဖုန်းဆက်ပြီး အသိပေး အကြောင်းကြတာ ဖြစ်ပါတယ်။ အမေ့ဆီ ဖုန်းဆက်လိုက်ပါဦးတဲ့။

ကျွန်တော် အမေ့ဆီ ဖုန်းဆက်လိုက်တော့ အမေဟာ အံ့သြဝမ်းသာနေရှာတယ်။ နေရထိုင်ရတာ အဆင်ပြေရဲ့လား။ ဘာတွေလုပ်နေလဲစသည် မေးပါတယ်။ ကျွန်တော်က အမေ့ ကျန်းမာရေး အခြေအနေကို မေးတော့ ဗိုက်အောင့်အောင့်နေလို့ ဆေးခန်းသွားသွားပြီး ပြနေရတယ်ပြောတယ်။ ဘာဖြစ်တာလဲဆိုတော့ အစာအိမ်တဲ့။ ဆေးထိုးလိုက်၊ ဆေးစားလိုက် လုပ်နေရတယ်တဲ့။ မင်း ညီမကလည်း အသက်ရှူရတာ မဝလို့ မောမောနေလို့ ဆေးခန်းပြကြည့်တော့ နှလုံးသွေးကြောကျဉ်းတာတဲ့။ သူလည်း ဆေးစားလိုက်၊ ဆေးထိုးလိုက် လုပ်နေရတယ်။ မင်းလည်း ကျန်းမာရေးကို ဂရုစိုက်၊ အသောက်အစားတွေ လုပ်မနေနဲ့ လိမ်လိမ်မာမာနေလို့ ပြောတယ်။ ကျွန်တော့်စိတ်ထဲ အတော်လေး ဝမ်းနည်းသွားတယ်။

ကျွန်တော်နဲ့ အဆက်အသွယ် ပြတ်သွားတဲ့ ဒီနှစ်တွေအတွင်းမှာ အဖြစ်အပျက်တွေဟာ အများကြီး ပြောင်းလဲသွားတာပဲလို့ တွေးလိုက်မိတယ်။ တစ်ဆက်တည်း အမေပြောလို့ သိလိုက်ရတာက အမေ့ရဲ့ မောင်၊ ကျွန်တော့်ဦးလေးလည်း ဆုံးသွားတာတောင် လေးလလောက် ရှိပြီတဲ့။ ကျွန်တော်ဟာ ဖုန်းထဲက အမေ့ပြောစကားသံတွေကို နားထောင်ပြီး တုန်လှုပ်နေမိတယ်။ ပြတ်စဲနေခဲ့တဲ့ ဒီကာလတွေအတွင်း ရွာမှာ ပြောင်းလဲသွားတဲ့ အရာတွေကို တထိတ်ထိတ်နဲ့ နားထောင်နေမိတယ်။

ကျွန်တော်နဲ့ အတူကျောင်းနေဖက် သူငယ်ချင်းတွေလည်း တချို့လည်း သေတဲ့လူက သေပြီး၊ တချို့က ရွာမှာ၊ တချို့ကတော့ ဘယ်ဆီရောက်လို့ ရောက်မှန်းမသိတဲ့။ ကျွန်တော်က မရှိလောက်တော့ဘူးထင်တဲ့ ရွာက အဘိုး၊ အဘွား အရွယ်တွေကတော့ အခုချိန်ထိ ရှိနေဆဲ။ မသေလောက်သေးဘူးလို့ ထင်ရတဲ့ ငယ်ရွယ်သူတချို့က သေလို့။ ကျွန်တော်ဟာ မရောက်တာကြာတဲ့ ကျွန်တော့်ရွာရဲ့ အပြောင်းအလဲတွေကို အံ့သြမှင်တက်နေမိတယ်။

အမေဟာ ဖုန်းထဲကနေ ကျွန်တော့်ကို စကားတွေ မနားတမ်း ပြောနေတော့တာပဲ။ တစ်ခါတစ်ခါမှ ဖုန်းဆက်တတ်တဲ့ ကျွန်တော့်ကို သူ့မှာ ပြောစရာတွေ အများကြီးရှိနေတဲ့ပုံပါပဲ။ ကျွန်တော်နဲ့ စကားတွေပြောရတာ ပြောလို့မဝဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ တစ်နာရီ နီးပါးလောက်ကြာတဲ့အခါမှာတော့ ကဲ အမေ ကျန်းမာရေးကို အထူးဂရုစိုက်၊ အရေးအကြောင်းရှိရင် ဖုန်းဆက်၊ လိုအပ်တာ ရှိရင်လည်းမှာပါလို့ ပြောပြီး ဖုန်းချလိုက်ရတယ်။ ပြောသာ ပြောလိုက်ရပေမယ့်လည်း ကျွန်တော့်မှာလည်း ကိုယ့်ဘ၀ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ဖို့ အသည်းအသန် ကူးခပ်ရုန်းကန်နေရတာမို့ အမေ့ကို ပြောလိုက်ရတာ အားမပါလှပါဘူး။

အမေနဲ့ ဖုန်းပြောပြီး တစ်ယောက်တည်း ငူငူငိုင်ငိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မကျေမနပ် ဖြစ်သွားမိတယ်။ ဘဝရဲ့ အဆင်မပြေမှုတွေ၊ စိတ်ညစ်ညူးစရာတွေဟာ ခေါင်းထဲတိုးဝင်လာတော့တယ်။ ထုံးစံအတိုင်းပဲ ကျွန်တော်ဟာ စိတ်ညစ်ညူးလာတာနဲ့ ပြေရာပြေကြောင်း ဖတ်လက်စ စာအုပ်ထဲက ကဗျာတစ်ပုဒ်ကို အသည်းအသန် ဖတ်လိုက်မိတယ်။

မီးခလုတ်ကို မှိတ်လိုက်တော့
မင်းအကြောင်းက တစ်အိမ်လုံး လင်းလို့
ညီလေး
ငါတို့ ခွေးလေး သေသွားပြီ
အလှမွေးငါးတွေလည်း မရှိတော့ဘူး။

အမေဟာ ကျွန်တော့် ညီတွေ အိမ်ပြန်လာတဲ့အခါမှာ ပြန်မလာတဲ့ ကျွန်တော့်ရဲ့ အကြောင်းတွေကို ပြောမဆုံး ဖြစ်နေမှာ သေချာပါတယ်။ ခပ်ကျဲကျဲ အိမ်ကို ပြန်မိတတ်တဲ့ ကျွန်တော်ဟာ အိမ်ကို တစ်ခေါက်ပြန်တိုင်း တစ်ခေါက် အိမ်ရဲ့ အပြောင်းအလဲကို တွေ့မြင်ရတာ ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က အိမ်မှာ နွားလေးကောင် တွေ့ခဲ့ပေမယ့် နောက်တစ်ခေါက်ပြန်တော့ အိမ်မှာ နွားက သုံးကောင်ပဲ တွေ့ရတော့တာ။

နို့စို့ရင်း
စွန်လွှတ်ရင်း
မင်းထွက်သွားခဲ့တာ
မင်းမရှိတဲ့ နောက်
အဖေဟာ မီးခိုးမထွက်တော့တဲ့ စက်ရုံ
အမေဟာ လက်တစ်ဖက်မရှိတဲ့ ကျောက်ဆစ်ရုပ်
အမေ့မျက်ရည်ကြည်ဟာ မင်းအင်္ကျီလက်မောင်းပေါ်
ပူလောင်လို့
သေပန်းပွင့်လို့
ငါတို့အိမ်လည်း အိမ်မည်တော့ဘူး
မိသားစုလည်း မိသားစုမဟုတ်တော့ဘူး။

ညီမလေး အိမ်ထောင်ကျတုန်းကလည်း ကျွန်တော်ဟာ အဝေးမှာ၊ အိမ်ကို ပြန်မရောက်နိုင်ခဲ့ဘူး။ ကျွန်တော် အိမ်ကိုပြန်ရောက်တော့ ညီမလေးမှာ ကလေးနှစ်ယောက် ရှိနေပြီ။ တစ်ယောက်က နို့စို့အရွယ်၊ တစ်ယောက်က ပြေးလွှားဆော့ကစားတဲ့အရွယ်။ အမြဲတမ်း တိတ်ဆိတ်နေခဲ့တဲ့ အိမ်ဟာ ကလေးငိုသံ၊ ကလေးဆော့သံတွေနဲ့ ဆူညံလို့၊ အဘွားဟာ တောင်ဝှေးတစ်ချောင်းနဲ့ မာန်မဲအော်ဟစ်လို့။

ညီလေး
မိသားစု ပြန်ဆုံဖို့ဆိုတာ
တကယ့်ဘဝထဲက ရှားဖဲပဲ
တစ်ယောက်ပခုံး တစ်ယောက်ဖက်ရင်း
ငါတို့ တစ်ယောက်ကိုတစ်ယောက် မမြင်နိုင်
တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ရင်း
ငါတို့ စာမလာသတင်းမကြား။

မှတ်မှတ်ရရ မိသားစု စုံစုံညီညီ အိမ်မှာဆုံတွေ့ခဲ့ဖူးတာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အစ်ကိုကြီး အလှူပေးခဲ့တုန်းကပဲ တစ်ခါပဲ စုံခဲ့ဖူးသည်။ ကျွန်တော့်ညီနှစ်ယောက်ကလည်း သူတို့ကား သူတို့မောင်းရင်း လမ်းပေါ်မှာပဲ အချိန်ကုန်သည်။ သူတို့ကလည်း အိမ်ကိုမကြာခဏ ပြန်တတ်ပေမယ့် အတူတူ မဟုတ်ကြ၊ တစ်ယောက်ပြန်တော့ တစ်ယောက်က လမ်းပေါ်မှာ။ ကျွန်တော် အိမ်ပြန်တော့လည်း သူတို့က ရောက်မလာ။ ညီတွေနဲ့က မကြာခဏ ဖုန်းပြောဖြစ်ပေမယ့်လည်း အစ်ကိုကြီးနဲ့ကတော့ စာမလာ သတင်းမကြား၊ ဖုန်းပင် မဆက်ဖြစ်သည်မှာ ကြာပြီ။

ညီလေး
မိသားစုဆိုတာ စာရွက်ပေါ်မှာ ရှိတာမဟုတ်ဘူး
တကယ့်လက်တွေ့ဘဝမှာ
မင်းရောက်ရာ အရပ်မှာ
မင်း ညစာကို ဘယ်သူဆီးကြိုနေမလဲ
မင်း ဖဲကို ဘယ်သူချိုးပေးမလဲ
မင်း ထွက်သွားကတည်းက
အဖေဟာ
ဆေးလိပ်ငွေ့တွေကြားမှာ မင်းကိုရှာလို့
အိပ်ရာဝင်ပုံပြင်တွေမှာ
အမေဟာ မင်းနာမည်ကို တဖွဖွရွတ်ဆိုလို့။

ကျွန်တော့်ညီလေး အိမ်ထောင်ကျတယ်။ သူဟာ ကားသမားဆိုတော့ လမ်းပေါ်မှာပဲ။ သားတကွဲ မယားတကွဲပါပဲ။ ညီလေး ရွာပြန်တဲ့အခါ အမေက သူစားဖို့ အကြော်အလှော်လေးတွေ ပုလင်းနဲ့ ထည့်ပေးတတ်တယ်။ ညီလေးက အမြဲတမ်း လမ်းဘေးက ထမင်းဆိုင်တွေမှာ စားနေရတာ ငြီးငွေ့ပြီး စားမကောင်းတာ ကြာပြီလို့ ကျွန်တော့်ကို တစ်ခါပြောပြဖူးတယ်။

ညီလေး
ပင်လယ်ရေတောင် မခန်းသေးတာကွာ
အမေ့နို့ရည်ကြည်ဟာ ဘယ်မှာခန်းပါ့မလဲ
မင်းသွားလေရာ
မင်းသံသရာမှာ အမျှင်တန်းနေမှာပဲ
မင်းတံခါးကို လာခေါက်နေမှာပဲ
ငါယုံတယ်
ငါစဉ်းစားတယ် ညီလေး
လူဆိုတာ
ရေလို အရောင်ပြောင်းနိုင်သလား
လူအဖြစ်ဆိုတာ တော်လည်းသံမှာ
နာကျင်ဖွယ်ရာလား။

ကျွန်တော်ဟာ သတင်းစာတွေထဲက လားရှိုး-မူဆယ် ကားလမ်းမှာ ကုန်ကားကြီး တစ်စီးမှောက်တယ်လို့ ဖတ်မိတိုင်း ကျွန်တော့်ညီတွေ မဖြစ်ပါစေနဲ့လို့ တထိတ်ထိတ် ဆုတောင်းရတယ်။ အဲဒီဘက်က ပစ်သံခတ်သံတွေ ကြားရပြန်ရင်လည်း ကျွန်တော့်မှာ စိတ်ပူရတာပါပဲ။ ဒါပေမဲ့လည်း ကျွန်တော်က ဆက်မိတဲ့အခါတိုင်း ဆက်သွယ်မှုဧရိယာ ပြင်ပရောက်ရောက်နေတတ်လို့ ဖုန်းတော့လည်း မဆက်ဖြစ်ပြန်ဘူး။

ငါတို့အတွက်
မိသားစုဆိုတာ သတ်လို့မသေတဲ့ သစ်ပင်
အိပ်ရာဝင်ပုံပြင်တွေဟာ မသေပန်း
တစ်နေ့ပြီးတစ်နေ့
အသက်ဟာ ဓားသွားကိုဆွဲယူလို့
ရထားသံကြားတိုင်း
အမေ့စိတ္တဇဟာ မင်းဆီမှာ ဆေးစက်ကျလို့။

ရွာမှာ တခြားမိသားစုတွေလည်း တစ်နှစ်တစ်ခါတော့ ရွာက ဘုန်းကြီးကျောင်းမှာ အလှူအတန်းလေးတွေ လာလုပ်ကြတယ်။ မင်းလည်း မိသားစုနဲ့အတူ တစ်ခါလောက် ရွာမှာလာပြီး အလှူအတန်းလေး လုပ်ပါလားတဲ့။ အမေက တစ်ခါက ပြောဖူးတယ်။ ကျွန်တော်လည်း အမေပြောသလိုလုပ်ဖို့ တကယ်ဆန္ဒ ရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော့်ဆန္ဒတွေဟာ တကယ့်လက်တွေ့ဘဝမှာတော့ ဝေးဝေးနေခဲ့ပြန်ပါတယ်။

တစ်နေ့ မင်းပြန်လာမှာပါ
ပြန်လာခဲ့ပါ
တစ်နယ်တစ်ကျေးက မင်းရဲ့လက်ကို
မိသားစုမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားစမ်းပါကွာ
ညီလေး။

ကျွန်တော်ဟာ ကဗျာဆရာ ဘုန်းနေသွန်းရဲ့ ‘အကြောင်းကြားစာ’ ဆိုတဲ့ ကဗျာကိုဖတ်ရင်း ကြေကွဲမဆုံး ခံစားနေမိတယ်။ ကျွန်တော်တို့ မိသားစုလေးမှာ အဖေဟာ မရှိတော့ဘူး။ အစ်မကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထွက်ခွာသွားတယ်။ ကျန်ခဲ့တဲ့ ကျွန်တော်တို့ ညီအကိုတစ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် လက်တွေကို ကျစ်ကျစ်ဆုပ်ထားဖို့လိုတယ်။ တစ်နေ့ ငါတို့အားလုံး အမေ့အိမ်လေးမှာ ဆုံတွေ့ကြတာပေါ့ ညီလေးရာ။ ဒီအကြောင်းကြားစာကို ညီလေး ဖတ်မိပါစေလို့ ဆုတောင်းမိတယ်။

Most Read

Most Recent