ဒီနှစ်ရခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်

ဒီနှစ်ရခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်
Published 28 December 2017

ရွှေတိဂုံစေတီတော်တွင် လုပ်အားဒါန ပြုကြသူများနှင့် ရေသပ္ပာယ်ကြသူများအား တွေ့ရစဉ်။ (ဓာတ်ပုံ- သီဟအောင်)

(၁)

ခရစ္စမတ်နေ့မှာ ခရီးဝေးတစ်ခုက ပြန်လာခဲ့ပါတယ်။ ခရီးသည်များတဲ့လေဆိပ် ဖြစ်တာကြောင့် တန်းစီရင်း အချိန်ကုန်ပြီး ဒုက္ခမရောက်ရလေအောင် မနက်အစောကြီးထပြီး လေဆိပ်ဆင်းတယ်။ လေကြောင်းလိုင်း ကောင်တာမှာ သတင်းပို့၊ အပ်နှံပစ္စည်းကို ချိန်တွယ်အပ်နှံပြီး လက်ဆွဲအိတ်ငယ်နဲ့ ကွန်ပျူတာအိတ်ကို ဆွဲပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာကို ဆက်သွားပါတယ်။ ဂိတ်ဝမှာ တာဝန်ကျဝန်ထမ်းက ခရီးသည်တစ်ယောက်ကို လက်ဆွဲသယ်ဆောင်ဖို့တစ်ခုသာ ခွင့်ပြုကြောင်း၊ ခွင့်ပြုအလေးချိန်က ခုနစ်ကီလို ဂရမ်သာဖြစ်ကြောင်းပြောပြီး အိတ်တွေကို ချိန်ခိုင်းပါတယ်။ ပြီးတော့ အိတ်တစ်လုံးကို ပြန်လည်အပ်နှံဖို့ ပြောပါတယ်။

အတူတူသတင်းပို့ခဲ့တဲ့ ရိုးရိုးတန်းခရီးသည်တစ်ယောက်ကိုတော့ အသားအရေကြောင့်လား မသိပါဘူး။ ကျောမှာ လွယ်ထားတဲ့ ကျောပိုးအိတ်ကြီးတစ်လုံးရယ်၊ လက်ဆွဲအိတ်ကြီးတစ်လုံးရယ်၊ လက်ဆွဲအိတ်ငယ်တစ်လုံးရယ် ပါတာကို ဘာမှမပြောဘဲ ဝင်ခွင့်ပေးပါတယ်။ ရှေ့မှာ ဝင်သွားသူ သုံးလေးယောက် ရှိနှင့်ပြီးတာကို ခပ်လှမ်းလှမ်းကမို့ အထူးတန်းလား၊ ရိုးရိုးတန်းလား မသဲကွဲလို့ မပြောလိုပါဘူး။ ဒီတစ်ယောက်ကတော့ သိပ်ကို သေချာနေလို့ ပြောတာပါ။ သူ့ လုပ်ပိုင်ခွင့်အတွင်းက ဆုံးဖြတ်တာမို့ ဘာမှ အတွန့်မတက်ခဲ့ပေမယ့် အခုလို ခွဲခြားဆက်ဆံခံရတာကိုတော့ စိတ်ကသိကအောက် ဖြစ်မိတာ အမှန်ပါ။

(၂)

ဘယ်တတ်နိုင်မှာလဲ။ သူ့ကျောင်းနေတော့ သူ့စာအံရတာပ။ အတတ်နိုင်ဆုံး အလှဆုံးပြုံးပြီး အချိုသာဆုံးလေသံနဲ့ ကျေးဇူးတင်ကြောင်းပြောပြီး လေကြောင်းလိုင်း ကောင်တာကို ပြန်လာခဲ့တယ်။ တန်းစီပြီး အားတဲ့ ကောင်တာမှာ ဝင်ရတာဖြစ်ပေမယ့် တိုက်ဆိုင်စွာ စောစောက ကောင်တာကိုပဲ ပြန်ရောက်ခဲ့တယ်။

“ဟေး မင်းစောစောက လာသွားပြီးပြီ မဟုတ်လား။ လေယာဉ်တက်ခွင့်လက်မှတ် တောင် ထုတ်ပြီးပြီ မဟုတ်လား”

အကျိုးအကြောင်းပြောပြတော့ စိတ်မကောင်းဖြစ်ဟန်အရိပ်တွေကို သူ့မျက်နှာမှာ မြင်ရတယ်။ ထပ်ပြီး အပ်နှံတဲ့အိတ်ကို ချိန်တွယ်၊ ခရီးဆုံးလေဆိပ်တံဆိပ် လက်မှတ်ကပ်ပြီး လက်မှတ်တွေ ထုတ်ပေးတယ်။

“ဆောရီးပါကွာ။ အန္တရာယ်ကင်းကွာ ပျော်ရွှင်စွာနဲ့ လိုရာခရီးရောက်ပါစေ”

ကောင်တာဝန်ထမ်းရဲ့နွေးထွေးတဲ့ ဆက်ဆံမှုကြောင့် ခိုးလိုးခုလုစိတ်ကလေးတွေ နည်းနည်းတော့ ပြေခဲ့တယ်။

(၃)

လေယာဉ်ပေါ်ရောက်တော့ တစ်တန်းကို ထိုင်ခုံ ၁၀ ခုံရှိပြီး ဝဲစွန်သုံးခုံ၊ အလယ်လေးခုံ၊ ယာစွန် သုံးခုံရှိရာမှာ ယာအစွန်ဆုံးမှာ နေရာရပါတယ်။ အတူထိုင်ရသူတွေက ဂျာမန်လူမျိုး ကျောင်းဆရာဇနီးမောင်နှံ။ ဒါကလည်း နောက်မှ စကားတွေပြောရင်း သိခဲ့ရတာ။

စပြီး စကားပြောဖြစ်ခဲ့တာက နံဘေးကပ်လျက်ခုံမှာ ထိုင်တဲ့အမျိုးသားနဲ့ပါ။ သူက  ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ မြန်မာနိုင်ငံအကြောင်း လမ်းညွှန်စာအုပ်ကို ထုတ်ဖတ်နေရာက ကိုယ့်ဘက်အလှည့် မျက်လုံးချင်းဆုံရာကနေ စကားပြောဖြစ်ခဲ့ကြတာ။ အဲဒီမှာ ကျောင်းဆရာ ဇနီးမောင်နှံဖြစ်ကြောင်း၊ လစာစုခွင့်ယူပြီး တစ်နှစ်တစ်ခါ ပြည်ပခရီးထွက်ကြောင်း သိခဲ့ရတာ။

(၄)

မြန်မာပြည်ကို ဘယ်နှခါ ရောက်ခဲ့ဖူး လဲမေးတော့ ဒါ ပထမဦးဆုံးအကြိမ်တဲ့။ သူ တို့ သွားလည်မယ့်နေရာတွေကို တန်းစီပြီး ရေရွတ်ပြတယ်။

“နာမည်တွေက ဒီခရီးမစခင်ကတည်းက ရင်းနှီးခဲ့တာတွေ။ သက်ဆိုင်ရာအကြောင်း အချက်အလက်တွေကို အင်တာနက်မှာ ရှာနိုင်ပေမယ့် အခုလို စာအုပ်တွေ ဝယ်ဖတ်ရတာ ပိုသဘောကျတယ်။ ခရီးထွက်တိုင်း လမ်းညွှန်စာအုပ်တွေ ဝယ်ဖြစ်တယ်၊ ဖတ်ဖြစ်တယ်”

(၅)

“ခရီးထွက်ခါနီးတိုင်း ကိုယ်သွားမယ့် နိုင်ငံနဲ့ပတ်သက်တဲ့ လမ်းညွှန်စာအုပ်တွေ ဝယ်တယ်ဆိုတော့ အိမ်မှာ စာအုပ်တွေပုံနေရောပေါ့နော်”

“ဟင့်အင်း”

သူ့အဖြေစကားကြားရတော့ အံ့အား သင့်သွားတယ်။

“ဘာဖြစ်လို့”

“ခရီးကပြန်လာပြီးချိန်မှာ စာကြည့်တိုက်တွေကို လှူတယ်။ အထူးသဖြင့် ကျောင်းတွေအတွက်၊ ကလေးတွေအတွက်ပေါ့။ ဒီစာအုပ်တွေကို သူတို့ဖတ်ရပြီး ကမ္ဘာကြီးမှာ သူတို့မသိတဲ့နေရာတွေ အများကြီးရှိနေတာ၊ သူတို့ ပတ်ဝန်းကျင်နဲ့မတူတဲ့နေရာတွေမှာ သူတို့လိုပဲ ဗိုက်ဆာတတ်တဲ့၊ နာကျင်ခံစား တတ်တဲ့၊ ပျော်ရွှင်တတ်တဲ့သူတွေ ရှိနေတယ်ဆိုတာ သိရတာပေါ့လေ”

(၆)

အို လှလိုက်တဲ့အတွေးလေးတွေ၊ လုပ်ဆောင်မှုလေးတွေပါလား။ မကြွားမဝါ သူတို့ ခံယူလုပ်ကိုင်တာကို ရိုးရိုးလေးပြောနေတာ နားထောင်ရင်း ကိုယ့်ဘာသာ မလုံမလဲဖြစ်မိတယ်။ အဲဒီမလုံမလဲမှုဟာ အပြုံးတစ်ခုဖြစ်သွားခဲ့ပြီး မျက်နှာပေါ်ရောက်ခဲ့တယ်။

“ဘာဖြစ်လို့ ပြုံးတာလဲ”

မင်းပြောတာ သဘောကျလို့ပါ၊ နောက်ပြီး ကိုယ့်ဘာသာ မလုံမလဲ ဖြစ်မိတာရယ်လို့ အစပြုပြီး စုထားတဲ့စာအုပ်တွေနဲ့ မည်သူ့ကိုမျှ မငှားပါရေးထားတဲ့ဆိုင်းဘုတ်ကလေးအကြောင်း ပြောပြဖြစ်တယ်။

“ဒါ မကောင်းတာလုပ်တာမှ မဟုတ်တာ”

ပွင့်လင်းစွာ ရယ်မောရင်းပြန်ဖြေတဲ့ စကားက စိတ်သက်သာရာရစေခဲ့တယ်။

(၇)

“ခဏနော်”

ရှေ့ကနေ ဖြတ်ကျော်ပြီး လူသွားလမ်း ပေါ်ထွက်တယ်။ ကျောပိုးအိတ်ကလေးလှမ်းယူပြီး အဖုံးဖွင့်တယ်။ တစ်သျှူးစနဲ့ပတ်ပြီး ပလတ်စတစ်အိတ်ထဲထည့်ထားတဲ့ ငှက်ပျောသီးတစ်လုံး ထုတ်စားတယ်။ သူ့ဇနီးက ရယ်မောပြီး ကြည့်နေရင်းကနေ ပြောတယ်။

“လေယာဉ်ပေါ်က ကျွေးတာလောက်နဲ့ မဝဘူး၊ မရဘူးလေ။ အဲဒီတော့ ဒီလိုပဲ ဝယ်ပြီး ဆောင်ထားတာ”

“နောက်ပြီးတော့ စားတာသောက်တာ တည်းတာခိုတာအတွက် ပိုက်ဆံသိပ်မသုံးချင်တာလည်း ပါတယ်။ ချမ်းသာလို့ အပျော်ခရီးထွက်နေကြတာ မဟုတ်ဘူးလေ”

ပြောရင်းနဲ့ ကျောပိုးအိတ်ထဲက ဗလာစာအုပ်လှလှလေးတစ်အုပ် ထုတ်လိုက်တယ်။

“ငါတို့ အိတ်တွေမှာ အဝတ်အစားဆို တာ လိုသလောက်လေးပဲပါတာ။ ကျန်တာ က ဗလာစာအုပ်လေးတွေ”

(၈)

သူ့စာအုပ်လေးကိုကြည့်ရင်း သူ့စကားနားထောင်ရင်းနဲ့ ငယ်ဘဝကို ပြန်ရောက်သွားတယ်။ စာရွက်သား မကောင်းလှတဲ့ စာအုပ်တွေနဲ့ နေသားကျနေချိန်မှာ တစ်ခါတလေ အဖေလက်ဆောင်ရလို့ ပြန်ပေးတဲ့ မှတ်စုစာအုပ်လှလှလေးတွေကို သတိရမိတယ်။ အဲဒီစာအုပ်လေးတွေကို ရိုရိုသေသေသိမ်းပြီး မှတ်ချင်တာလေးတွေကို မှတ်ခဲ့တာ သတိရမိတယ်။ ရှားရှားပါးပါးရတာလေးတွေမို့ တယုတယ ရှိခဲ့တယ်။

“ဒီစာအုပ်ကလေးတွေက ကလေးတွေကို ပေးဖို့။ ကိုယ်တိုင်ကိုယ်ကျပေးလို့ရတာတွေကို ကိုယ်တိုင်ပေးသလို တချို့ကျတော့လည်း ကျောင်းတွေ၊ ဂေဟာတွေ၊ အသင်းအဖွဲ့တွေကနေတစ်ဆင့်  ပေးတာတွေလည်းရှိတယ်။ အများအားဖြင့်တော့ အဆင်ပြေတဲ့ တစ်နေရာက ကျောင်းတစ်ခုခုမှာ၊ အထူးသ ဖြင့် မူလတန်းကျောင်းလေးတွေမှာ ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်ပေးတာ။ ဒါကတော့ ဆရာ၊ ဆရာမတွေအတွက်”

(၉)

သူ့ဆီကခွင့်တောင်းပြီး စာအုပ်လေးတွေကို လှန်လှောကြည့်မိတယ်။ ရှေ့ဆုံးစာမျက်နှာမှာ သပ်သပ်ရပ်ရပ်နဲ့ ရော်ဘာတံဆိပ်ခတ်နှိပ်ထားပြီး သူတို့နှစ်ယောက် လက်မှတ်ထိုးထားတယ်။

ဂျာမနီမှ အညတရကျောင်းဆရာ ဇနီးမောင်နှံ၏လက်ဆောင်တဲ့။ မေတ္တာဖြင့်တဲ့။

“ဒါလေးတွေ ရေးထိုးထားတာက အမှတ်တရအတွက် သက်သက်ပါ။ ထင်ပေါ်ကျော်ကြား လူသိများဖို့ ဘာဘာညာညာ မဟုတ်ပါဘူး။ လက်ဆောင်ရတဲ့ကလေးတွေရဲ့စိတ်မှာ  အဝေးကြီးကလာပြီး စာအုပ်လေးတွေ အမှတ်တရ ပေးသွားသူတွေရှိခဲ့ဖူးတယ်ဆိုတာ သတိရမယ်။ စာအုပ်လေးတွေထဲမှာ ရေးကြ မှတ်ကြမယ်။ အဲဒီကနေဆက်ပြီး စာဖတ်တဲ့ ဓလေ့၊ စာရေးတဲ့အကျင့်၊ မှတ်သားတတ်တဲ့ ဝါသနာ တိုးတက်လာမယ်ဆို ကလေး ဘယ်နှယောက်ပဲ ကောင်းတဲ့အမွေရရ ငါတို့ ပျော်ပါတယ်”

(၁၀)

ရန်ကုန်လေဆိပ်ရောက်တော့ အပ်နှံ ပစ္စည်းရွေးရာမှာလည်း အတူတူပါပဲ။ ခရီးဆောင်အိတ်ကြီးနှစ်လုံး ရွေးချယ်ပြီး လက်တွန်းလှည်းပေါ်တင်တယ်။ စာအုပ်တွေလေတဲ့။ လိပ်စာကတ်ပြားလေး ထုတ်ပေးပြီး အချိန်ပေးနိုင်တဲ့ တစ်ညနေမှာ ညစာကျွေးပါရစေလို့ တိုင်းရင်းသားစားသောက်ဆိုင်ကို ရည်ညွှန်းပြီး ဖိတ်ကြားခဲ့တယ်။

“ငါတို့မှာတော့ ကတ်ပြားမပါဘူးကွာ။ အခုလိုဖိတ်တာ ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ်မှာ အစီအစဉ်တွေက ကျပ်နေလို့ မင်း ညစာ ဖိတ်ကျွေးတာ မစားနိုင်တာ ခွင့်လွှတ်ပါ။ နောက်ထပ် ဆုံကြဦးမှာပါ”

ခရီးတွေသွားချိန်မှာ အဆင်ပြေတာလည်းရှိ အဆင်မပြေတာလည်း ရှိမှာပါ။ ဒီ ခရီးတစ်ခေါက်မှာ ခရီးဖော် ဒီနှစ်ယောက်နဲ့ ခဏတာဆုံခဲ့ရတဲ့ အတွေ့အကြုံဟာ ဒီနှစ်ကုန်မှာရတဲ့ နှစ်သစ်ကူးလက်ဆောင်လို့ ဆို ရမယ်ထင်ရဲ့။

(၁၁)

ဖြူစင်တဲ့ စိတ်ထားအရင်းခံပြီး စေတနာမှန်မှန်နဲ့ တတ်နိုင်သမျှလောကကို ပြန်လည် အကျိုးပြုနေသူတွေနဲ့ တွေ့ကြုံဆုံစည်းရတာ စိတ်နှလုံး ငြိမ်းချမ်းရပါတယ်။ မေတ္တာရနံ့တွေ ထုံပျံ့နေတဲ့ ကမ္ဘာမြေ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းရခဲ့တဲ့ နှစ်သစ်ကူးလက်ဆောင်ကို ပြန်လည် မျှဝေလိုက်ပါတယ်။

Most Read

Most Recent