၂၀၁၇ ခုနှစ်၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်များ

၂၀၁၇ ခုနှစ်၏ သြဇာအကြီးဆုံး ပုဂ္ဂိုလ်များ
Published 25 December 2017

(Photo : AP)

၂၀၁၆ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၁၇ ခုနှစ် တစ်လျှောက်လုံးကိုလည်း ဝရုန်းသုန်းကား ဆက်ဖြစ်စေခဲ့သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ မရေမရာ ဖြစ်နေချိန်တွင်  တရုတ်သမ္မတ ရှီကျင်ပင်းက တည်ငြိမ်မှုအတွက် ရင်းမြစ်ဖြစ်လာခဲ့သည်။ ပြည်တွင်းပြည်ပ သြဇာပိုကြီးမားလာသော ရှီက ဒေသတွင်း၌ နိုင်ငံခြားရေးမူဝါဒ ပါဝါကြွက်သားကို ထုတ်ပြခဲ့ရာ အချို့က သတိနှင့် ကြိုဆိုခဲ့သည်။ တရုတ်က ပိုမိုပါဝင်သော ကမ္ဘာ့ဖြစ်စဉ်သစ် တစ်ရပ်ကို ဖော်ဆောင်ရန် ရှီက ကြိုးပမ်းနေသည်။

- ကမ္ဘာ့ခေါင်းဆောင်အထိ တက်လှမ်းခဲ့သော တရုတ်သမ္မတ ရှီကျင်ပင်း

ယခုနှစ် ကမ္ဘာ့သတင်းခေါင်းစီးများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လွှမ်းမိုးခဲ့ခြင်း ဖြစ်သော်လည်း ကမ္ဘာက လိုအပ်နေသော နိုင်ငံရေးခေါင်းဆောင် အရည်အသွေးကို ပြသခဲ့ပြီး လေးစားမှုကို ရယူခဲ့သူက တရုတ်သမ္မတ ရှီကျင်ပင်းဖြစ်သည်။

အသက် ၆၄ နှစ်အရွယ် ရှီသည် ဒါးဗို့စ်ကမ္ဘာ့စီးပွားရေး ညီလာခံတွင် ပြောကြားခဲ့သော မိန့်ခွန်း၌ ဂလိုဘယ် လိုက်ဇေးရှင်းနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံပြောကြားခဲ့ပြီး နိုင်ငံတကာ၏ ချီးကျူးမှုကို ရယူခဲ့သည်။

အောက်တိုဘာတွင် ကွန်မြူနစ်ပါတီ၏ ငါးနှစ်တစ်ကြိမ် ညီလာခံ၌ ရှီက အာဏာကို ပို၍ခိုင်မာအောင် ဆောင်ရွက်ခဲ့ပြီး ပါတီ၏ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သူ၏အမည်နှင့် အတွေးအမြင်များကို ထည့်သွင်းစေခြင်းဖြင့် ကွန်မြူနစ်ပါတီ တည်ထောင်သူ မော်စီတုန်း၊ တိန့်ရှောင်ဖိန်တို့ကဲ့သို့ ဧရာမပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

လွန်ခဲ့သော ငါးနှစ်က ရှီကျင်ပင်း အာဏာရခဲ့စဉ်က သူသည် ပြည်တွင်းပြည်ပ၌ ယခုကဲ့သို့ သြဇာလျင်လျင်မြန်မြန် ကြီးလာမည်ဟု ထင်မြင်ယူဆသူ အနည်းငယ်သာ ရှိခဲ့သည်။

ရှီသည် ပထမငါးနှစ်သက်တမ်းအတွင်း ကွန်မြူနစ်ပါတီ၏ အဓိကကျမှုကို အလေးထား ဆောင်ရွက်ခဲ့ပြီး ခြစားမှုကို တိုက်ဖျက်ခဲ့သည်။ တရုတ်၏ စီးပွားရေး အင်အားကို ကျယ်ပြန့်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တစ်ရပ်ကို ချမှတ်ခဲ့သည်။ တရုတ်၏ အမျိုးသားရေးဝါဒကို လှုံ့ဆော်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ရှီသည် ကမ္ဘာ့အဆင့်ခေါင်းဆောင် တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံဖော်နေခဲ့သည်။

ရှီကျင်ပင်းသည် တရုတ်စရိုက်လက္ခဏာများဖြင့် ဆိုရှယ်လစ်ဝါဒကို တင်ပို့မည်ဟု ကြွေးကြော်ပြီး လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ဖိနှိပ်ခဲ့သည်။ ရှီက အရပ်ဘက် လူ့အဖွဲ့စည်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကိုလည်း တင်းကျပ်စွာ ဖိနှိပ်ခဲ့သည်။ တရုတ်သည် အရင်းရှင်စနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီသို့ ရှေးရှုလာလိမ့်မည်ဟု အနောက်တိုင်း အစိုးရများက ယုံကြည်မျှော်လင့်ခဲ့သည်များကို ရှီကျင်ပင်း၏ ဆောင်ရွက်ချက်များက ထိုးနှက်ခဲ့သည်။

- သမ္မတခေါင်းဆောင်မှု စည်းမျဉ်းများကို ပြောင်းလဲခဲ့သည့် ထရန့်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော်လည်း အမေရိကန် ၄၅ ဦးမြောက် သမ္မတသည် ပထမသက်တမ်းမှာပင် ဦးဆောင်မှု စည်းမျဉ်းများကို ပြောင်းလဲပစ်ခဲ့သည်။ ရန်စခြင်း၊ ရိုင်းပျသော အသုံးအနှုန်းများကို သုံးစွဲခြင်းနှင့်အတူ ထရန့်သည် အခြားအမေရိကန် သမ္မတတို့နှင့် မတူဘဲ ပြုမူဆောင်ရွက်ခဲ့သည်။ ကုန်သွယ်ရေး သဘောတူညီချက် အမြောက်အမြားကို ဖျက်သိမ်းခဲ့ပြီး မြောက်ကိုရီးယားနှင့် နျူကလီးယား ထိပ်တိုက်တွေ့မှု ဖြစ်လုနီးပါး သူက လုပ်ဆောင်ခဲ့သည်။

ထရန့်သည် အစဉ်အလာ မဟာမိတ်တို့ကို ပစ်ပယ်ခဲ့ပြီး ပြည်ပတွင် ဒီမိုကရက်တစ် တန်ဖိုးများကိုလည်း ငြင်းပယ်ခဲ့သည်။

မီဒီယာများနှင့် ပျော်ရွှင်စွာပင် စစ်ပွဲဆင်နွှဲခဲ့ပြီး သူ၏ ရီပက်ဘလီကင်ပါတီမှ ခေါင်းဆောင်များနှင့်ပင် စစ်ထိုးခဲ့သည်။ ထရန့်၏ သမ္မတသက်တမ်းသည် နိုင်ငံရေး စည်းမျဉ်း စည်းကမ်းများကို အသစ်ပြန်လည် ရေးသားမှုဖြစ်ခဲ့သည်။ ထရန့်က Twitter တွင် ဘာရေးမည်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြရသည်။ ထရန့်သည် ယခင်သမ္မတအိုဘားမား၏ ကျန်းမာရေးပြုပြင် စောင့်ရှောက်မှု (Obamacare) ကို ရုပ်သိမ်းရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့သော်လည်း အမေရိကန် အခွန်ဥပဒေအား အလုံးစုံ ပြင်ဆင်ရေးဆွဲမှုကိုမူ အောင်မြင်ခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက်တွင် ကွန်ဂရက်က အခွန်ပြုပြင်ပြောင်းလဲမှု ဥပဒေအား သဘောတူ ခွင့်ပြုပေးခဲ့သည်။ အသက် ၇၂ နှစ်အရွယ် ထရန့်က အခွန်လျှော့ချမှုများကြောင့် အမေရိကန် စီးပွားရေးအတွက် အားတက်မှု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

- မြောက်ကိုရီးယား၏ လူငယ်အာဏာရှင် ကင်ဂျုံအွန်

(Photo : AFP)

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ကင်ဂျုံအွန်ကို “စက်ဆုပ်စရာကောင်းတဲ့ ခွေးကလေး” ဟု ခေါ်လေ့ရှိသလို ၎င်း၏အကြိုက်ဆုံး အသုံးအနှုန်းဖြစ်သည့် “ဒုံးကျည်လူသား” ဟုလည်း ခေါ်လေ့ရှိသည်။

သို့သော် ထိုစော်ကား ပြောဆိုမှုများသည် မြောက်ကိုရီးယား ခေါင်းဆောင်အား ရဲဆေးတင်ပေးနေ သကဲ့သို့သာ ဖြစ်ခဲ့သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးကြောင့် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်များ၊ နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင် စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

- သမ္မတစတုတ္ထ သက်တမ်းအတွက် ယှဉ်ပြိုင်မည့် ရုရှားသမ္မတ ဗလာဒီမာပူတင်

(Photo : AFP)

ဒီဇင်ဘာလ အစောပိုင်းတွင် စတုတ္ထသမ္မတ သက်တမ်းအတွက် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည့် ပူတင်၏ အရေးပါသော နေ့စွဲများ -

-၁၉၅၂ ခုနှစ် အောက်တိုဘာ ၇ ရက်

လီနင်ဂရက်မြို့ (ယခုအခါ စိန့်ပီတာစဘတ်) တွင် ဆင်းရဲသား အလုပ်သမားမိသားစု တစ်ခုမှ မွေးဖွားခဲ့သည်။

- ၁၉၉၈ ခုနှစ်

FSB ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ယင်းအေဂျင်စီသည် ၁၉၇၅ ခုနှစ်တွင် ပူတင် ဝင်ရောက်ခဲ့သည့် KGB လုံခြုံရေးအေဂျင်စီ၏ နောက်တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။

- ၁၉၉၉ ခုနှစ်

သမ္မတဘောရစ်ယဲ့လ်ဆင်၏ ဝန်ကြီးချုပ်အဖြစ် ချေချင်းညာတွင် သူပုန်များကို နှိမ်နင်းသည့် ဒုတိယမြောက် စစ်ပွဲကို ကြီးကြပ်ခဲ့သည်။ နှစ်သစ်ကူးမတိုင်မီ ယဲ့လ်ဆင်ရာထူးမှ နုတ်ထွက်ချိန်တွင် ပူတင်က သမ္မတအဖြစ် တာဝန်လွှဲပြောင်း ယူခဲ့သည်။

- ၂၀၀၄ ခုနှစ်

သမ္မတအဖြစ် ထပ်မံရွေးချယ် ခံခဲ့ရသည်။

-  ၂၀၀၈ ခုနှစ်

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပူတင်က သမ္မတဒုတိယ သက်တမ်းကို အဆုံးသတ်ကာ လက်သပ်မွေး တပည့်ဖြစ်သည့် ဒီမီထရီမက်ဒီဗက်ကို အာဏာလွှဲပြောင်း ပေးခဲ့ပြီး ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သည်။

- ၂၀၁၂ ခုနှစ်

မကြုံစဖူး ဆန္ဒပြမှုများကို နှိမ်နင်းပြီးနောက် သမ္မတအဖြစ် ပြန်လည်ထမ်းဆောင်ခဲ့ပြီး သမ္မတသက်တမ်းကို ခြောက်နှစ်အထိ တိုးချဲ့ခဲ့သည်။

- ၂၀၁၄ ခုနှစ်

ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းပိုက်မှုကြောင့်  စစ်အေးခေတ်ပြီးနောက် ရုရှားနှင့် အနောက်နိုင်ငံများအကြား ဆိုးရွားသည့် သံတမန် အကျပ်အတည်း ဖြစ်ပေါ်ခဲ့သည်။

- ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်

၂၀၁၈ ခုနှစ် မတ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် နောက်ထပ်ခြောက်နှစ် သက်တမ်းအတွက် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။

- တောင်ကိုရီးယားတွင် သိက္ခာရှိသော ဒီမိုကရေစီခေါင်းဆောင်မှုကို တည်ဆောက်ရန် ကြိုးပမ်းနေသည့် မွန်းဂျေအင်း

(Photo : AFP)

ပြီးခဲ့သောမေတွင် တောင်ကိုရီးယားသမ္မတ ဖြစ်လာခဲ့သည့် မွန်းဂျေအင်းသည် သမ္မတဟောင်း ပက်ကွမ်ဟီး အစိုးရ လက်ထက်က အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် လူထုယုံကြည်မှု ကျဆင်းမှုကို ပြန်လည်ရရှိစေရန် ဦးစွာ ကြိုးပမ်းခဲ့ရသည်။ အမေရိကန်၏ အဆင့်မြင့် ဒုံးခွင်းစနစ် THAAD ကို ချထားရန် ဆုံးဖြတ်ခဲ့မှုကြောင့် အိမ်နီးချင်းအင်အားကြီး တရုတ်၏ စီးပွားရေးနှင့် သံတမန်ရေးရာ အရေးယူမှုများ ကြုံခဲ့ရသည်။ ယင်းနှင့် မလုံလောက်ဘဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အစိုးရက နျူကလီးယား လက်နက်များ ရရှိနိုင်ရန် မဆင်မခြင် ကြိုးပမ်းမှုကို ရင်ဆိုင်ခဲ့ရသည်။ ရွေးကောက်ပွဲတွင် ထောက်ခံမဲ ရာခိုင်နှုန်း ၄၀ ကျော်သာ ရခဲ့သော်လည်း မွန်းသည် ညီညွတ်ရေးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး ထောက်ခံမှု ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ဖူးသည်။ ညင်သာစွာ ပြောဆိုမှုနှင့် ပွင့်လင်းမှုက ပက်အစိုးရ၏ လျှို့ဝှက်မှု၊ ခြစားမှု၊ အာဏာရှင်ဆန်မှုတို့နှင့် ကွဲပြားနေခဲ့သည်။ ပိုမိုပွင့်လင်း မြင်သာမှုနှင့် ဘဏ္ဍာရေး ပြစ်မှုများအား ပြင်းထန်စွာ အပြစ်ပေးမှုများမှတစ်ဆင့် မိသားစုပိုင် ကော်ပိုရေးရှင်းများ၏ သြဇာကို အလွန်အမင်း လျှော့ချမည်ဟု ကတိပြုထားသည်။ ပြုံယမ်း၏ ရန်လိုမှုများ ရှိနေသော်လည်း မြောက်ကိုရီးယားနှင့် ဆွေးနွေးမှုသည် အလွန်အရေးပါသည့် အနေအထားကို ကိုင်စွဲထားဆဲဖြစ်သည်။ ကိုရီးယား ကျွန်းဆွယ်တွင် နောက်ထပ်စစ်ပွဲကို လုံးဝဆန့်ကျင်ပြီး အမေရိကန်၏ ဝင်ရောက်စွက်ဖက်မည့် မည်သည့် အလားအလာကိုမဆို ပယ်ချမည်ဟု ဆိုခဲ့သည်။

- နှုတ်ဆက်ထွက်ခွာရမည့် အရေးမှ အခြေအနေ ပြန်ကောင်းလာခဲ့သော မာဒူရို

(Photo : AFP)

ပြီးခဲ့သောလ အနည်းငယ်ကမူ အာဏာရှင်၊ လူသတ်သမားဟု ခိုင်းနှိုင်းခံရလျက် ရာထူးမှ နုတ်ထွက်ရန် လမ်းပေါ်ထွက် ဆန္ဒပြလူအုပ်ကြီး၏ တောင်းဆိုခံခဲ့ရသော ဗင်နီဇွဲလားသမ္မတ နီကိုလတ်မာဒူရို၏ အခန်းကဏ္ဍသည် အဆုံးသတ်တော့မည်ဟု ထင်မြင်ခံခဲ့ရသည်။ ခေတ်သစ်လက်တင် အမေရိကသမိုင်းတွင် အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်း ကြုံနေရစဉ် အာဏာသိမ်းမည်ဟု ကောလာဟလများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့သည်။ သို့သော် ဟူဂိုချားဗတ်ဇ်အား ဆက်ခံသူ လူကြိုက်နည်းသည့် မာဒူရိုသည် ပြီးခဲ့သောလက ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲများ၌ အံ့အားသင့်ဖွယ်အနိုင်ရခဲ့ပြီး သဘောထား ကွဲပြားနေသော အတိုက်အခံများကြောင့် လာမည့်နှစ် သမ္မတရွေးကောက်ပွဲ၌ ဆိုရှယ်လစ်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်၍ အနိုင်ရရန်ပင် တစ်ပြေးနေခဲ့သည်။

- ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်မန်

(Photo : AFP)

မိုဟာမက်ဘင်ဆယ်မန်သည် ဖခင်ဖြစ်သူ ဆော်ဒီဘုရင်ဆယ်မန်ကြောင့် ပြီးခဲ့သည့်ဇွန်လက ဆော်ဒီအိမ်ရှေ့မင်းသား ဖြစ်လာခဲ့သူဖြစ်သည်။ မင်းသားမိုဟာမက်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံး နိုင်ငံဖြစ်သော အာရပ်နိုင်ငံ ဆော်ဒီတွင် အင်တိုက်အားတိုက် ပြောင်းလဲမှုကို အဖြစ်စေဆုံး မင်းမျိုးမင်းနွယ် များထဲမှ တစ်ဦးလည်းဖြစ်သည်။

အသက် ၃၂ နှစ်အရွယ် မိုဟာမက်ဘင်ဆယ်မန်သည် ရဲရင့်သော တော်လှန်ရေးခေါ်ဆောင် တစ်ဦးအဖြစ် ရှုမြင်ခံရသလို မဆင်မခြင် စိတ်လိုက်မာန်ပါ လုပ်တတ်သည့် သဘောသဘာဝရှိသူ တစ်ဦးလည်း ဖြစ်သည်။

- ပြင်သစ်အား ကမ္ဘာ့စင်မြင့်ထက် ပြန်လည်ဆွဲတင်ခဲ့သည့် လူငယ်ခေါင်းဆောင် မက်ခရွန်

(Photo : AFP)

ပြီးခဲ့သော လအနည်းငယ်က လက်ဖျားငွေသီးအောင် လုပ်နိုင်စွမ်းရည်ကို ဆုံးရှုံးတော့မည်ဟု ယူဆရသည့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ယခုသီတင်းပတ်တွင် အသက် ၄၀ ပြည့်ချိန်၌ စစ်တမ်းများတွင် ထောက်ခံမှု မြင့်တက်လာပြီး နိုင်ငံတကာ၌လည်း ပုံရိပ်ပိုမို ကောင်းမွန်လာခဲ့သည်။ သမ္မတသက်တမ်း ခုနစ်လ ကြာမြင့်လာပြီဖြစ်သော ဗဟိုဝါဒီ မက်ခရွန်က စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာ ဆန့်ကျင်မှု အနည်းငယ်သာ ကြုံခဲ့ရသည်။ Odoxa စစ်တမ်းကုမ္ပဏီက မကြာသေးမီက ထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ မက်ခရွန်အား ထောက်ခံမှု ၅၄ ရာခိုင်နှုန်းရှိခဲ့ရာ တစ်လအတွင်း ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ လေ့လာသူများနှင့် စောင့်ကြည့်သူများက မက်ခရွန် တစ်ကျော့ပြန်လာနိုင်မှု၏ အကြောင်းရင်း သုံးခုကို ဖော်ထုတ်ခဲ့သည်။ ပထမအချက်မှာ စက်တင်ဘာတွင် အလုပ်သမား ဥပဒေအား သမိုင်းဝင် ပြင်ဆင်မှု အပါအဝင် ပြည်တွင်းရွေးကောက်ပွဲ ကတိများအား စနစ်တကျ ဖော်ဆောင်မှုဖြစ်သည်။ ဒုတိယအချက်မှာ အစောပိုင်း ခြေလှမ်းမှားမှုများကို ၎င်းက ပြန်လည်ပြင်ဆင်မှု ဖြစ်သည်။ ပြင်သစ်သက်ဦးဆံပိုင် ဘုရင်များကဲ့သို့ ပုံတူကူးနေကြောင်း ဝေဖန်မှုများ ကြုံရခဲ့ပြီးနောက် မက်ခရွန်က လမ်းကြောင်းပြောင်းခဲ့ပြီး ယခုအခါ ပြည်သူများနှင့် အကျွမ်းတဝင်ဖြစ်မှု မြင့်တက်လာသော ပထမဆုံး ပြင်သစ်သမ္မတ ဖြစ်လာခဲ့သည်။ နောက်ဆုံးအချက်မှာ အမေရိကန်တွင် သမ္မတဒေါ်နယ်ထရန့် ရွေးချယ်ခံခဲ့ရမှုနှင့် Brexit ဖြစ်စဉ်တို့ ကြုံနေရသည့် အခွင့်အရေးကို ၎င်းကအမိအရ အသုံးချခဲ့ခြင်းဖြစ်သည်။

- တစ်ကျော့ပြန် ကာတာလန်ခေါင်းဆောင် ကာလက်ပွီထေမွန့်

(Photo : AFP)

ဂျာနယ်လစ်၊ မြို့တော်ဝန်၊ ဒေသဆိုင်ရာ လွှတ်တော်အမတ် တစ်ဦးဖြစ်ခဲ့သည့် ကာလက်ပွီထေမွန့်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် ကာတာလန် ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက် ခံခဲ့ရသည်။

ထိုအချိန်မှစပြီး ပွီထေမွန့် အသက် ၅၄ နှစ်သည် ကာတာလိုနီးယားကို စပိန်ထံမှ လွတ်မြောက်စေလိုသော ကလေးဘ၀ ကတည်းက မက်ခဲ့ရသော ၎င်း၏အိပ်မက် အကောင်အထည် ပေါ်ရေးအတွက် လုပ်ဆောင်ခဲ့ပြီး စပိန်အစိုးရ၏ နံပါတ်တစ်ရန်သူ ဖြစ်လာခဲ့သည်။

Most Read

Most Recent