မြန်မာ့လေကြောင်း သမိုင်းတစ်လျှောက် သေဆုံးမှု အများဆုံး တပ်မတော်ပိုင် Y-8 လေယာဉ်ပျက်ကျမှု

မြန်မာ့လေကြောင်း သမိုင်းတစ်လျှောက် သေဆုံးမှု အများဆုံး တပ်မတော်ပိုင် Y-8 လေယာဉ်ပျက်ကျမှု
Published 25 December 2017

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အနောက်ဘက် ပင်လယ်ပြင်၌ တပ်မတော်လေယာဉ် ပျက်ကျမှုတွင် တပ်မတော်နှင့် ကယ်ဆယ်ရေးအဖွဲ့များက ရုပ်အလောင်းများအား ရှာဖွေမှု၊ သယ်ဆောင်မှုမြင်ကွင်းအချို့

၂၀၁၇ ဇွန် ၇ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် Y-8 တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ထားဝယ်ခရိုင် ကမ်းရိုးတန်းအရောက် အဆက်အသွယ် ပြတ်တောက်သွားပြီး ပျက်ကျခဲ့သည်။ Y-8 တပ်မတော်လေယာဉ်သည် သက်သာချောင်ချိရေး ပစ္စည်းများအပြင် အရာရှိနှင့် စစ်သည် ၃၅ ဦး၊ မိသားစုဝင် ကလေး ၁၅ ဦးနှင့် လူကြီး ၅၈ ဦး စုစုပေါင်းခရီးသည် ၁၂၂  ဦး လိုက်ပါသွားပြီး လေယာဉ်မတော်တမှု ဖြစ်စဉ်သည် မြန်မာနိုင်ငံ၏ လေကြောင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး လေယာဉ် မတော်တဆမှု ဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၂၀၁၇ ခုနှစ်ဇွန် ၇ ရက်ညနေတွင် ထားဝယ်ကမ်းရိုးတန်း လောင်းလုံးမြို့နယ် ရှင်မော်အငူအနီးတွင် တပ်မတော်ပိုင် Y-8 အမျိုးအစား လေယာဉ်တစ်စင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိပြီးနောက် ထားဝယ်မြို့မှ မိုင် ၄၀ ကျော်ခန့်အကွာ မြင်းခွာအော်ကမ်းခြေ၌ ပျောက်ဆုံးခဲ့သည့် တပ်မတော်လေယာဉ်တွင် လိုက်ပါသွားသူများ၏ အလောင်းများ တွေ့ရှိရကြောင်း ဒေသခံများထံမှ ကနဦး သတင်းရရှိချက်အရ သွားရောက်ရှာဖွေခဲ့သော်လည်း လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ တွေ့ရှိခဲ့ခြင်း မရှိခြင်းကြောင့် လောင်းလုံးမြို့ ရွာလယ်ကျောင်း၌ စခန်းချကာ ညအိပ်ရပ်နားခဲ့သည်။

တပ်မတော်(လေ)က Y-8 စစ်လေယာဉ်၏ အပျက်အစီး အပိုင်းအစများနှင့် အလောင်းများကိုဇွန် ၈ ရက် နံနက် ၈ နာရီကျော်က ထားဝယ်ကမ်းရိုးတန်းရှိ လောင်းလုံးမြို့ နယ် ကျောက်နီမော်ရွာ၏ အနောက်ဘက် ၁၄ မိုင်အကွာ ပင်လယ်ပြင်၌ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ သုံးဦး၏ ရုပ်အလောင်းများ စတင်ဆယ်ယူ ရရှိခဲ့ပြီးနောက်  ပင်လယ်ပြင်ပေါ်မှ ဆယ်ယူရရှိခဲ့သည့် အလောင်း ၂၉ လောင်းနှင့် လေယာဉ် အပျက်အစီး အပိုင်းအစအချို့ကို ဇွန် ၈ ရက် ညနေ ၃ နာရီကျော်တွင် စစ်ရေယာဉ် အမှတ် ၅၆၅ ဖြင့် လောင်းလုံးမြို့၏ အနောက်ဘက် ငါးမိုင်ခန့်အကွာရှိ စမ်းလှမ်းကမ်းခြေသို့သယ်ယူလာခဲ့ပြီး ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ယူဆောင်သွားခဲ့သည်။

Y-8 လေယာဉ် ပျက်ကျခဲ့သည့် ဇွန် ၇ ရက်မှ ဇွန် ၁၃ ရက် ညနေ ၅ နာရီအထိ အမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၂၈ ဦး၊ ကလေးငယ် ၁၃ ဦးနှင့် ကျား/မ မခွဲခြားနိုင်သည့် ရုပ်အလောင်း သုံးလောင်း စုစုပေါင်းရုပ် အလောင်း ၈၆ လောင်း ဆယ်ယူရရှိထားပြီးဖြစ်ကာ ယင်းအနက် အမျိုးသားရုပ်အလောင်း ၂၄ လောင်း၊ အမျိုးသမီး ရုပ်အလောင်း ၂၀၊ ကလေး ရုပ်အလောင်း လေးလောင်း စုစုပေါင်း ရုပ်အလောင်း ၄၈ လောင်းကို သြင်္ဂိုဟ်ခဲ့သည်ဟု သိရသည်။

ဇွန် ၁၅ ရက်က လောင်းလုံးမြို့မှ မိုင် ၃၀ ကျော်အကွာရှိ ရှင်မော်အငူအနီး မြင်းခွာအော်ကမ်းခြေမှ အနောက်ဘက် ခုနစ်မိုင်ခွဲခန့်အကွာ ပင်လယ်ပြင်၌ ရှာဖွေရေးလုပ်ငန်း ဆောင်ရွက်နေသော ထူးထူးတိုး ကုမ္ပဏီ၏ အောင်သုခ ငါးဖမ်းစက်လှေမှ တရွတ်ဆွဲပိုက်ဖြင့် ရှာဖွေရာ တွင် လေယာဉ်အမြီးပိုင်းကို စတင်တွေ့ရှိခဲ့ကြောင်း၊ ၎င်းလေယာဉ်အမြီးပိုင်းနှင့် အစိတ်အပိုင်းအချို့အား ဇွန် ၁၈ ရက်တွင် လေအိတ်များ အသုံးပြု၍ ရေမျက်နှာပြင်ပေါ်သို့ မတင်ဆယ်ယူခဲ့ပြီး ရေယာဉ်ပေါ်သို့ တင်ဆောင်ကာ လေယာဉ်အမြီးပိုင်းတွင် တပ်ဆင်ထားသည့် FDR – Flight Data Recorder (Black Box) နှင့် CVR – Cockpit Voice Recorder တို့ ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်ပျက်ကျရခြင်း အကြောင်းကို ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

Y-8 လေယာဉ်ပျက်ကျခဲ့သည့် ဇွန် ၇ ရက်မှ ရက် ၂၀ ပြည့်ဖြစ်သည့် ဇွန် ၂၆ ရက်အထိ ထားဝယ်ကမ်းရိုး တန်းတစ်လျှောက်နှင့် ပင်လယ်ပြင် အတွင်းမှ စုစုပေါင်း ရုပ်အလောင်း ၉၃ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်ကြောင်း၊ လေယာဉ်စတင် ပျက်ကျခဲ့ချိန်က လေယာဉ်အမှုထမ်း ၁၄ ဦး နှင့် တပ်မတော် မိသားစုဝင် ၁၀၈ ဦး စုစုပေါင်း ၁၂၂ ဦး ပါဝင်သည်ဟု ဆိုသော်လည်း တပ်မတော်သားတစ်ဦး၏ ကလေးငယ်နှစ်ဦး ပါဝင်သွားကြောင်း ထပ်မံသိရှိရသဖြင့် မူလဦးရေထက် နှစ်ဦးတိုးကာ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ဦးရေမှာ ၁၂၄ ဦးအထိ ရှိလာသဖြင့် လက်ရှိအချိန်တွင် ၃၁ ဦး ပျောက်ဆုံးနေဆဲဖြစ်သည်။

အလားတူ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၅ ရက် နံနက်ကလည်း တပ်မတော် (လေ) မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် တစ်စင်းသည် ပျံသန်းလေ့ကျင့်စဉ် ပျောက်ဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော် (လေ) မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် သုံးစင်းသည် ပုသိမ်လေဆိပ်မှ စက်တင်ဘာ ၅ ရက်နံနက်တွင် စတင်ပျံသန်းလေ့ကျင့်ကြရာ G-4 ဂျက်လေယာဉ် သုံးစင်းအနက် လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ်သည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းစဉ် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ဒီဂရီ ၃၅၀၊ အကွာအဝေးအားဖြင့် ၃၆ မိုင် ခန့်အကွာတွင် ပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်အသွယ်ရရှိပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၈ ရက်တွင် လေယာဉ်အပိုင်းအစများအား ဂွမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာရှိ တောင်နှစ်လုံးအကြား လျှိုမြောင်အတွင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျသည့်နေရာကို ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်တွင် ၎င်းနေရာအနီး၌ လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် ဝတ်ဆင်သော လက်ပတ်နာရီ D-Ziner အစိတ်အပိုင်းများ၊ လေသူရဲ ဖိနပ်တစ်ဖက်၊ တွဲဖက်လေယာဉ်မှူး ဗိုလ်ကြီးသော်ဇင်စိုး ဝတ်ဆင်သော Seiko အမှတ်အသား တံဆိပ်ပါ လက်ပတ်နာရီ အစိတ်အပိုင်းများနှင့် မီးလောင်ပျက်စီးနေသည့် ခန္ဓာကိုယ် အရိုးအစိတ်အပိုင်းအချို့၊ လေသူရဲထိုင်ခုံ တစ်ခုစီနှင့် တွဲလျက်ရှိသော လေထီး၊ တောတွင်း သက်ကယ်ကူ ပစ္စည်းစုံအိတ် (Survival Kit) နှစ်စုံစီကို ရှာဖွေတွေ့ရှိခဲ့ရာ ရှာဖွေရေးအဖွဲ့နှင့် ဆေးမှူးတို့၏ အတည်ပြုချက်အရ အဆိုပါ လေယာဉ်မှူး နှစ်ဦးသည် လေယာဉ်ပျက်ကျပြီးနောက် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အောက်တိုဘာ ၂၂ ရက်က အတည်ပြု ထုတ်ပြန်ခဲ့သည်။

ထိုသို့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် Y-8 လယာဉ် မတော်တဆမှု ဖြစ်စဉ်သည်  ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီက ဟဲဟိုးလေဆိပ်အနီး Air Bagan လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ဆိုးနှင့် အရာရှိနှင့် စစ်သည်ငါးဦး အသက်ဆုံးရှုံးခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်အနီးတွင် ပျက်ကျခဲ့သည့် တပ်မတော် (လေ) မှ Beech 1900D လေယာဉ်ပျက်ကျမှု ဖြစ်ရပ်ဆိုးတို့ထက် ပိုမိုဆိုးရွားသည့် မတော်တဆမှုဖြစ်ပြီး မြန်မာ့လေကြောင်း လောကအတွက် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုအကြီးဆုံး လေယာဉ် မတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။

 

Most Read

Most Recent