မြင့်တက်နေဆဲ ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုနှုန်းနဲ့ ဥပဒေကိုမျက်ကွယ်ပြုနေတဲ့ အမှုပွဲစားတွေကို ဘယ်လိုအရေးယူမလဲ

မြင့်တက်နေဆဲ ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုနှုန်းနဲ့ ဥပဒေကိုမျက်ကွယ်ပြုနေတဲ့ အမှုပွဲစားတွေကို ဘယ်လိုအရေးယူမလဲ
Published 17 December 2017

လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေး ဆန္ဒပြုခြင်းနှင့် မျှဝေဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် မျှော်စင်ကျွန်းတွင် ပြုလုပ်စဉ် (ဓာတ်ပုံ - ကြည်နိူင်)

အသက်အရွယ် မပြည့်မီသေးတဲ့ ကလေးသူငယ်များကို လိင်အကြမ်းဖက်မှုများဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို မြင့်တက်လာခဲ့ပါတယ်။ ကလေးသူငယ်များကို လိင်အကြမ်းဖက်မှု ပပျောက်ရေးအတွက် မြို့နယ်အတော်များများမှာ ဆန္ဒထုတ်ဖော်ပွဲများပါ လုပ်ဆောင်ခဲ့သည်အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ကလေးသူငယ်များကို လိင်အကြမ်းဖက်မှုဖြစ်စဉ်များဟာ မြို့ပြများထက် ကျေးရွာများမှာ ပိုမိုဖြစ်ပေါ်လေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်တမ်းများအရ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းဖြစ်ပွားမှုမှာ ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်နှုန်းထက် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်နှုန်းမှာ ပိုမိုများပြားလာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် အသက် နှစ်နှစ်မှ ငါးနှစ်အတွင်း ကလေးသူငယ်များကို လိင်အကြမ်းဖက်ခံရမှုမှာ တစ်မှုသာရှိခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် နှစ်မှုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ အသက်ခြောက်နှစ် မှ ၁၀ နှစ်အထိ ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုမှာ ၁၅ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၆ မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် အသက် ၁၀ နှစ်မှ ၁၄ နှစ်အထိ ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုမှာ ၃၀ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၆၉ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင် အသက် ၁၅ နှစ်မှ ၁၆ နှစ်အထိ ကလေးသူငယ် လိင်အကြမ်းဖက်ခံရမှုမှာ ၅၁ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ် မှာ ၅၄ မှုအထိ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်များကိုကြည့်လျှင် မြို့ပြများတွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်နှုန်းနှင့် ကျေးလက်များတွင် ဖြစ်ပွားခဲ့သည့်အမှု ဖြစ်စဉ်နှုန်း လွန်စွာကွာခြားနေတာကို မြင်တွေ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်တွင် ကလေးသူငယ်များအား လိင်အကြမ်းဖက်မှု ဖြစ်စဉ်များ ၁၆၃ မှုအနက် မြို့ပြများတွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်နှုန်းမှာ ၁၄၈ မှုအထိ ရှိနေပါတယ်။ ၂၀၁၇ ခုနှစ်တွင်လည်း ကလေးသူငယ်များအား လိင်အကြမ်းဖက်ခံရမှု ဖြစ်စဉ် ၂၂၄ မှု အနက် မြို့ပြများတွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ် ၅၂ မှုရှိပြီး ကျေးလက်ဒေသများတွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်မှာ ၁၇၂ မှုဖြစ်ပွားခဲ့ပါတယ်။ ယင်းအပြင် ကလေးသူငယ်များအား လိင်အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ဆွေမျိုးနီးစပ်တော်သူများက ကျူးလွန်ခဲ့သည့် အမှုဖြစ်စဉ်များမှာလည်း ပိုမိုများလာခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုများအနက် ဆွေးမျိုးနီးစပ်တော်သူများက ကျူးလွန်ခဲ့သည့် အမှု ၁၄ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ၃၄ မှုအထိ ရှိခဲ့ပါတယ်။

“ဆွေမျိုးသားချင်း နီးစပ်မှုကြောင့် ဖြစ်တာကတော့ ၂၀၁၆ ခုနှစ်မှာ ၁၄ မှုနဲ့ ၂၀၁၇ ခုနှစ်မှာ ၃၄ မှုအထိ တိုးလာတာဖြစ်ပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အရွယ်မရောက်တဲ့ သမီးပဲဖြစ်ဖြစ်၊ အရွယ်ရောက်ပြီးသားပဲဖြစ်ဖြစ် ဆွေမျိုးသားချင်း နီးစပ်မှုတွေကအစ မုဒိမ်းမှုတွေ ကျူးလွန်တတ်တဲ့အတွက် ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက ပညာပေးမှုတွေကို မိဘတွေအနေနဲ့ ဂရုစိုက်ပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သုံးသပ်လို့ရပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ခင်မောင်လတ်ကလည်း သုံးသပ်ပြောကြားခဲ့ပါတယ်။

ကလေးသူငယ်များကို လိင်အကြမ်းဖက်ခံရမှုဖြစ်စဉ်များမှ ကင်းဝေးစေရေးအတွက် ကျေးလက်ဒေသများတွင် ပညာပေးဆွေးနွေးရေးအတွက် လုပ်ဆောင်မှုမှာ အလွန်တရာကို နည်းပါးနေပြီး လုပ်ဆောင်ခဲ့သည့် ပညာပေးပွဲများတွင်လည်း အများပြည်သူပါဝင်မှု နည်းပါးရခြင်းဟာ ကျေးလက်ဒေသပြည်သူများအတွက် အသိပညာဖြန့်ဝေပေးနိုင်ရေးအတွက် အခက်အခဲတစ်ခုပါပဲ။

ကျေးလက်ဒေသနေ ပြည်သူများ အများစုမှာ တစ်နေ့တာ စားဝတ်နေရေးအတွက်သာ အချိန်ကုန်နေကြပြီး ကျေးလက်ဒေသဓလေ့အရ အရှက်အကြောက် ကြီးမားကြပါတယ်။ ရုံးပြင်ကနား ကြောက်ရွံ့ကြပြီး ဥပဒေမသိနားလည်မှုကို အခွင့်အရေးယူသူတို့ အချို့ဟာလည်း ကလေးသူငယ်များအား လိင်အကြမ်းဖက်မှုဆိုင်ရာ ဖြစ်စဉ်များမှာ သက်သေများနှင့်တကွ တွေ့မြင်နေရပါတယ်။

အမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားလာပြီဆိုလျှင် နစ်နာခဲ့သူ ကလေးငယ်၏ မိသားစုဝင်များမှာ အရှက်အကြောက် ကြီးမားစွာနဲ့ ပတ်ဝန်းကျင်ကို အသိပေးရဲမှု နည်းပါးလှပါတယ်။ အကျိုးဆက်အားဖြင့် အသက်အရွယ် ငယ်ရွယ်သော်လည်း အမှုဖြစ်စဉ်များကြောင့် ကိုယ်ဝန်ဆောင်ခဲ့ကြရပြီး ကိုယ်ဝန်ရရှိချိန်မှသာ ပတ်ဝန်းကျင်မှ သိရှိရ၍ အမှုဖွင့်တိုင်ကြားခဲ့ရတဲ့ ဖြစ်စဉ်များမှာလည်း အလွန်များပြားလှပါတယ်။

လက်တွေ့ကြုံခဲ့ဖူးသော အဖြစ်အပျက်များအနက် မြောင်းမြမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ကမ်းနားဆိပ်ကမ်းတစ်ခု၌ မုန့်ရောင်းနေသော ကလေးငယ်ကို ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေသူတစ်ဦးက အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ဖူးပါတယ်။ ကလေးငယ် ကိုယ်ဝန်ရရှိချိန်မှသာ အဖြစ်အပျက်များကို သိရှိရသောကြောင့် ပတ်ဝန်းကျင်မှ ဆက်သွယ်ပေးမှုများအရ အမှုဖွင့်တိုင်ကြားသော်လည်း အမှုအား အရေးယူဖို့ နှောင့်နှေးခဲ့ပြီး ကလေးငယ်မှာ သားယောကျ်ားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ ကလေးငယ်၏ မိသားစုအခက်အခဲ၊ အသက်အရွယ်ငယ်ရွယ်မှုကြောင့် မိမိရင်သွေးကို ဘယ်လိုမှ ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိဘဲ မွေးစားမိဘများကို ရှာဖွေခဲ့ရပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ ကိုယ်တိုင်လိုက်ပါကူညီခဲ့ရတဲ့ အမှုဖြစ်စဉ်များစွာအနက်မှ တစ်ခုပါပဲ။ ယင်းကဲ့သို့ ကူညီဆောင်ရွက် ပေးခဲ့ရသည့် အမှုဖြစ်စဉ်ပေါင်းများစွာ ကျန်ရှိနေပါသေးတယ်။

သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တစ်ခုတွင် စတင်ဖြစ်ပွားချိန်ကတည်းက အမှုဖွင့်တိုင်ကြားပြီးနောက် အရေးယူဆောင်ရွက်ရသည့် အမှုဖြစ်စဉ်ထက် အမှုဖြစ်စဉ်ကြာမြင့်ပြီးမှသာ ပတ်ဝန်းကျင်မှ သိရှိရ၍ လိုက်လံကူညီ ဆောင်ရွက်ပေးရသည့် အမှုများမှာ ပိုမိုများပြားတယ်လို့ သိရှိရပါတယ်။

“ကျွန်မလိုက်လံ ဆောင်ရွက်ပေးခဲ့တဲ့ အမှုတွေအများစုမှာ စစဖြစ်ချင်းကတည်းက အမှုဖွင့်တိုင်ကြားတာ အရမ်းနည်းပါတယ်။ ဖြစ်စဉ်တွေကြာမြင့်ပြီးမှ တိုင်ကြားကြတာ များပါတယ်။ ဒါဟာလည်း ကျေးလက်နေသူတို့ရဲ့ အရှက်အကြောက်ကြီးမှု၊ မသိနားမလည်မှုတွေကြောင့်လည်း ဖြစ်ပါတယ်” ဟု ကလေးသူငယ်များအား လိင်အကြမ်းဖက်မှု ဖြစ်စဉ်များတွင် အခမဲ့လိုက်လံ ကူညီပေးလေ့ရှိသည့် လပွတ္တာမြို့နေ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးမာက ဆိုပါတယ်။

သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များအနက် ယခုတင်ပြထားသည်ထက် ပိုမိုဆိုးဝါးသည့် အခြေအနေများလည်း ရှိနေပါသေးတယ်။ အမှုဖြစ် စဉ်တစ်ခုဖြစ်ပေါ်လာပါက ကျေးလက်နေပြည်သူတို့၏ ဥပဒေကို မသိနားမလည်မှု အရှက်အကြောက်ကြီးမှု၊ ဒေသဆိုင်ရာ တာဝန်ရှိသူများကို ကြောက်ရွံ့မှုများကြောင့် လူပတ်ဝန်းကျင်မှ လက်ခံနိုင်ခြင်းမရှိနိုင်တဲ့ အမှုဖြစ်တစ်ခုကိုပင် ကျူးလွန်ခဲ့သူနှင့် ဒေသမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရဲတပ်ဖွဲ့ဝင်များဆိုသူများက အမှုအား ငွေကြေးများဖြင့် ကျေအေးစေခြင်းများဟာ ကျေးလက်ဒေသများမှာ လွန်စွာ ဖြစ်ပွားနေပါတယ်။

ဥပမာအားဖြင့် လပွတ္တာမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်စဉ်တစ်ခုတွင် ဆွံ့အ အသိဉာဏ်ရည်ချို့တဲ့တဲ့ ကလေးငယ်တစ်ဦးအား အနီးရွာမှ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့တယ်။ မိသားစုဝင်များက ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း နယ်မြေစခန်းမတူသောကြောင့်ဟုဆိုကာ အမှုဖွင့်ပေးခဲ့ခြင်းမရှိဘဲ နယ်မြေရဲစခန်းကိုသာ ပြန်လွှတ်လိုက်ပါတယ်။ ထို့နောက် အမှုဖြစ်စဉ်အား ကျေအေးပေးရန်ဟုဆိုကာ ကျူးလွန်သူ၏ မိသားစုက ကျေးရွာရာအိမ်မှူးမှတစ်ဆင့် ချဉ်းကပ်လာခဲ့ပြီး ငွေ ၅၅ သိန်းကျပ်ဖြင့် ကျေအေးရန် ဆောင်ရွက်စေခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးပါ ပါဝင်ခဲ့ပြီး ကလေးငယ်မိသားစု ရရှိခဲ့သည့် နစ်နာကြေးဟုဆိုသော ငွေကြေး ၅၅ သိန်းအနက်မှ လေးသိန်းအား ပွဲစားခသဖွယ် တောင်းယူခဲ့တယ်လို့ မိသားစုတွေက ဆိုပါတယ်။ ဒါဟာ ရာအိမ်မှူးတစ်ဦးအနေနဲ့ရော တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပေးရမယ့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ရော လုံးဝမလုပ်ဆောင်ရမယ့် အရာတစ်ခုပါပဲ။ အခုလိုဖြစ်စဉ်တွေကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့တွေကလည်း လိုက်ပါကူညီ ဖော်ထုတ်ပေးနေသော်လည်း အဖွဲ့အစည်း၏ လူအင်အားနဲ့ လုပ်ဆောင်ပိုင်ခွင့် အားနည်းချက်များကြောင့် ယခုလို ဖြစ်စဉ်များဟာ လုံးဝပျောက်ပျက် မသွားခဲ့ပါဘူး။

“ဖြစ်တဲ့နေ့က ကျွန်တော်တို့က လာခေါ်လို့ လိုက်သွားတော့ ဖြစ်စဉ်အစအဆုံးကို မြင်ရတယ်။ ကျွန်တော်တို့ကို ကျေအေးပေးဖို့ပြောတယ်။ ကျွန်တော်တို့က သုံးမိုင်မှာ အမှုသွားဖွင့်တော့ နယ်မြေကမတူ လို့ဆိုပြီး အပိုင်ကို ပြန်သွားပြီး ဖွင့်ဖို့ပြောတယ်။ ညဘက်ကျတော့ သူတို့ဘက်က နယ်ထိန်းရော လူကြီးတွေပါလာပြီးတော့ ညှိတယ်။ ပိုက်ဆံ ၅၅ သိန်းပေးတယ်။ အမှုမဖွင့်နဲ့တဲ့။ အဲဒီပိုက်ဆံပေးတဲ့နေ့က သုံးမိုင်က နယ်ထိန်းဇော်လွင်ဆိုတဲ့သူက ကျွန်တော်တို့ လူကြီးဆီမှာ ပိုက်ဆံလေးသိန်းတောင်းတယ်။ လေးသိန်းတောင်းခဲ့တာက သူ့အတွက် တစ်သိန်း စခန်းအတွက် သုံးသိန်းဆိုလား အဲဒီလိုလာတောင်းသွားတယ်။ အစတုန်းက သူတောင်းတာက သုံးသိန်းတည်း တောင်းတာကို ကျွန်တော်တို့က ဘယ်လိုဖြစ်တာလဲ။ အစတုန်းက သုံးသိန်းဖြစ်ပြီး အခုလေးသိန်းမေးတော့ မေကြီးတို့ကလည်း ပေးလိုက်ပါဆိုလို့ ပေးလိုက်တယ်။ နောက်တစ်ရက် မိုးလင်းတော့ စုံထောက်တွေက (ကျေးရွာရာအိမ်မှူးပြောဆို မှုအရ မှုခင်းသတင်းထောက်ဟုဆိုသူ ဦးအောင်မျိုးခန့်အပါဝင် နှစ်ဦး) ရောက်လာတယ်။ စုံထောက်လား ဘာလားမသိဘူး နှစ်ယောက်ရောက်လာတယ်။ အဲဒီနေ့က ကျွန်တော့်အဖေပဲရှိတယ်။ အိမ်ကိုသွားတယ်။ အဖေကြီးက မင်းတို့ဘာလာရှုပ်ပြန်သလဲ။ လာတောင်းပြန်ပြီလားလို့ မေးတော့သူတို့က ခင်ဗျားကို ဝတ္တရားနှောင့်ယှက်မှုနဲ့ ဆွဲထည့်လိုက်မှာနော်တဲ့။ အဲဒီလိုမျိုး ကျွန်တော်အဖေ့ကို ပြောလဲပြောရော ကျွန်တော်လိုက်တောင်းပန်တာ ပိုက်ဆံလေးသိန်း ပေးလိုက်ရတယ်။ နောက်တော့ ရဲဆိုတာလာပြန်ရော။ သူ့ကို ခြောက်သောင်းပေးလိုက်ရပြီး သူစားတာ သောက်တာကို ရှင်းပေးရတာနဲ့ဆို ကိုးသောင်းလောက် ပေးခဲ့ရတယ်။ကျွန်တော်တို့လည်း ဘာမှမလုပ်တတ်လို့ နေရင်းက အကူအညီရလို့ အခုမှ ကျွန်တော်တို့ အမှုဖွင့်ထား ဖြစ်တယ်” ဟု လပွတ္တာမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်တစ်ခုတွင် ငွေကျပ် ၅၅ သိန်းဖြင့် အမှုအား ကျေအေးပေးရန် လာရောက်ညှိနှိုင်းခြင်းကို ကြုံတွေ့ခဲ့ရသည့် အမှုဖြစ်စဉ်မှ ကျူးလွန်ခံရသည့် ကလေးငယ်၏ ဦးလေးတော်စပ်သူ ကိုသန့်စင်က ပြောပါတယ်။

ကလေးသူငယ်များအား လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုများတွင် ဥပဒေအတိုင်း ဖြေရှင်းဆောင်ရွက်ရန်မှာ အရေးကြီးပြီး အမှုဖြစ်စဉ်များကို ဖျောက်ဖျက်ရန်အတွက် ကူညီဆောင်ရွက်ပေးသူများကိုလည်း အရေးယူဆောင်ရွက်ရန်မှာလည်း လိုအပ်လျက် ရှိပါတယ်။

“ဥပမာ နှစ်မှုသုံးမှုလောက် ပြောချင်တယ်။ လွှစာပေါ့။ လွှစာကျေးရွာမှာ ဆိုလို့ရှိရင် ကလေးမလေးက ဉာဏ်ရည်မမီဘူး။ ကျောင်းမနေနိုင်ဘူး။ ဒါပေမဲ့ သူကဘာဖြစ်လဲဆိုတော့ ဝက်စာသွားယူရင်းနဲ့ သူ့ထက်အများကြီး အသက်ကြီးတော့ သူရဲ့စော်ကား အဓမ္မပြုကျင့်ခြင်းကို ခံရတယ်။ အဓမ္မပြုကျင့်ခြင်းခံရပြီးတော့ ရှင်းရှင်းပြောလို့ရှိရင် နေမကောင်းဖြစ်မှ မိဘကသိရတယ်။ အဲဒီအခါကျ ဘာဖြစ်လာလဲဆိုတော့ ရပ်ရွာကနေ ရဲစခန်းမတိုင်ဖို့တို့ နောက်တစ်ခါ ငွေပေးငွေယူကိစ္စတွေ အဲဒီမှာ ကျွန်မဆီကို စောစွာရောက်လာတဲ့ လူတွေကတော့ ငွေပေးငွေယူ ကိစ္စတွေကို လုံးဝအဆင်မပြေ ဖြစ်သွားကြတယ်ပေါ့နော်။ အခုလောလောဆယ်ဖြစ်နေတဲ့ အဖြစ်ပျက်ကတော့ ကသပေါင်းအုပ်စု ၁၃ မိုင်က နန့်---ဆိုတဲ့ ကလေးမလေးပေါ့နော်။ ရှစ်တန်းကျောင်းသူ ကလေးမလေးတစ်ဦးကို သူ့ရဲ့ဆွေမျိုးနီးစပ်က အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တယ်။ ပြီးတော့ ဒေသဆိုင်ရာအုပ်စုက ရဲစခန်းကနေပြီးတော့ ငွေနဲ့ကျေအေးခိုင်းတယ်။ အဲဒါတွေလည်း ရှိခဲ့သလို နောက် ၁၂ မိုင်မှာလည်း ဒီလိုပဲအရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ဦးဖြစ်တဲ့ သူက နားကြားပြီးတော့ စကားမပြောနိုင်ဘူး။ ဉာဏ်ရည်မပြည့်မီဘူး။ အဲဒီကလေးကိုလည်း အဲဒီလိုပဲ လုပ်ငန်းရှင်တစ်ဦးကနေပြီးတော့ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်သွားတယ်။ အဲဒါမှာလည်း ငွေပေးငွေယူနဲ့ ကျေးအေးကြတယ်။ ဒီထက်မကရှိတဲ့ အမှုတွေလည်း အများကြီးပါပဲ။ အခုဆိုရင် ကျွန်မတို့ လပွတ္တာမြို့မှာ မှုခင်းသတင်းထောက် ဆိုပြီးတော့ အဖွဲ့တွေပေါ်တယ်။ နှစ်ဖွဲ့တောင်ကွဲတယ်လို့ သတင်းကြားပါတယ်။ အဲဒီမှုခင်းသတင်းထောက်ဆိုတဲ့ သတင်းထောက်တွေက သတင်းထောက်လှမ်းတာတင် မဟုတ်ဘဲနဲ့ ငွေကြေးပိုင်းတွေမှာပါ နစ်နာသူတွေထံက တောင်းခံတာတွေရှိနေပါတယ်။ နှစ်ခါလောက်ရှိသွားပြီ ကျွန်မသိတာ YGW ကိစ္စမှာလည်း ဒီသတင်းထောက်တွေ ပါလာတာပါပဲ။ အခု ၁၂ မိုင်က ကလေးမလေးကိစ္စမှာလည်း ဒီသတင်းထောက်တွေ နှစ်ယောက်ဆိုတာပါလာတယ်။ ကာယကံရှင် မိသားစုတွေဆီကနေ ပြန်သိရတယ်။ ငွေကြေးတောင်းခံသွားတယ်” ဟု လပွတ္တာမြို့နယ် စေတနာ လူမှုဝန်ထမ်းဦးစီးအရာရှိ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ခင်မာဝေကလည်း လက်ရှိဖြစ်ပေါ်နေသည့် ဖြစ်စဉ်များအနက် ၎င်းလိုက်ပါကူညီပေးခဲ့ရသည့် ဖြစ်စဉ်များတွင် ကြုံတွေ့ခဲ့ရသည်များကို ပြောပါတယ်။

လူ့ပတ်ဝန်းကျင်က လက်မခံနိုင်သည့် အမှုဖြစ်စဉ်တစ်ခုအား ရဲတပ်ဖွဲ့ဝင်ဟုဆိုသူအချို့နှင့် ကျေးလက်ဒေသပြည်သူများနဲ့ လွန်စွာထိတွေ့ဆက်ဆံနေရသည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျေးရွာအုပ်ချုပ် ရေးမှူးအနေဖြင့် အမှုဖြစ်စဉ်တစ်ခုအား ယခုကဲ့သို့ ဖျောက်ဖျက်နေမှုများကိုလည်း အရေးယူဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ စိတ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်များကို ပြန်လည်ပြုစုစောင့်ရှောက် ပျိုးထောင် ပေးရေးအတွက်လည်း ကလေးငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်နေသူများ အနေဖြင့်လည်း ကူညီဆောင်ရွက်ပေးဖို့ လိုနေပါတယ်။

သက်ငယ်မုဒိမ်း ပပျောက်ရေးနှင့် ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ပေးရေး ၂၀၁၆ ဒီဇင်ဘာ ၉ ရက်က မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

အဓိကအားဖြင့် ယခုကဲ့သို့သော အမှုဖြစ်စဉ်များဟာ လုံးဝမဖြစ်သင့်သော ကိစ္စရပ်များသာ ဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းပပျောက်ရေးအတွက် ကြိုတင်အသိပညာပေး ဖြန့်ဝေဖို့ဆိုတာ ကျေးရွာမြို့နယ်များမှာ ဆိုင်းဘုတ်များ ထောင်ထားရုံနဲ့ မပြီးပါဘူး။ ရဲတပ်ဖွဲ့တစ်ခုတည်း အနေဖြင့်လည်း ဒီလိုမျိုး အသိပညာဖြန့်ဝေပေးဖို့ဆိုတာ မလွယ်လှပါဘူး။ ဥပဒေကို သိရှိနားလည်သူ ဥပဒေအကျိုးဆောင်များ၊ ရဲတပ်ဖွဲ့နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီများမှာ ကျေးရွာများအရောက် ဟောပြောပို့ချပေးဖို့၊ ကျေးလက်ဒေသ စာသင်ကျောင်းများတွင် ကျောင်းဆရာ ဆရာမများနဲ့ ပူးပေါင်းကာ ဟောပြောပို့ချပေးဖို့ လိုအပ်နေပါတယ်။

လူမှုပတ်ဝန်းကျင်မှ လက်သင့်မခံနိုင်သော အမှုဖြစ်များကို ထပ်မံမဖြစ်ပေါ်စေရေးအတွက် အမှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့သူများကို ထိရောက်စွာ အရေးယူခြင်း၊ အမှုဖြစ်စဉ်များ ထပ်မံမပေါ်ပေါက်လာစေရေးအတွက် အသိပညာ ဖြန့်ဝေခြင်းများကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

Most Read

Most Recent