ရာဇဝင်နဲ့ အတ္ထုပ္ပတ္တိလည်း ရှိခဲ့ကြတယ်

ရာဇဝင်နဲ့ အတ္ထုပ္ပတ္တိလည်း ရှိခဲ့ကြတယ်
Published 13 December 2017

Brave Heart ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း

အခုတလောမှာ မြန်မာ့ရုပ်မြင်သံကြားက နံနက်တိုင်းလာတဲ့ အစီအစဉ်လေးတစ်ခုကို စောင့်ကြည့်ဖြစ်နေပါတယ်။ အရင်က ကက်ဆက်ခွေနဲ့ အသံသွင်းထားတဲ့ ဇာတ်လမ်းတွေကို ရှေးမူမပျက်ဘဲ အသံနောက်ခံနဲ့ ဖွင့်ထားပါတယ်။ သရုပ်ဆောင် သင်တန်းဆင်း မင်းသားမင်းသမီးလေးတွေက အသံနဲ့လိုက်အောင် ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတွေကို ရုပ်သံဖန်သားပြင်မှာ ကြည့်ရှူနိုင်အောင် အလှည့်ကျ တင်ဆက်ပေးပါတယ်။ ငယ်ငယ်တုန်းက အသည်းစွဲခဲ့ရတဲ့ မောင်ကြေးမုံရဲ့ဇာတ်လမ်းတွေ၊ ဘီအီးဒီအောင်သိုက်တို့ရေးတဲ့ ဇာတ်လမ်းတွေနဲ့အတူ အသံမင်းသားကြီး ကောလိပ်ဂျင်နေဝင်းနဲ့ မင်းသမီးတင်တင်နွဲ့တို့ အတွဲညီညီ သရုပ်ဆောင်ခဲ့တဲ့ ကက်ဆက်ခွေ ဇာတ်လမ်းအစုံအလင်တွေကို အလွမ်းပြေ ပြန်ကြားရပါတယ်။

ကျွန်မအကြိုက်ဆုံး ဇာတ်လမ်းကတော့ စီစဉ်သူ မောင်ကြေးမုံ ရေးသားတင်ဆက်တဲ့ တောပုန်းကြီးဗိုလ်စံဖဲ ဇာတ်လမ်းပါပဲ။ ဒီဇာတ်လမ်းကို ကျွန်မခြောက်တန်းနှစ် နွေရာသီမှာ အဖေအလုပ်ပြောင်းလို့ သင်္ဘောနဲ့  သွားကြတော့ ညဖက်မှာ ဖွင့်တာကို  နားထောင်ခဲ့ရပါတယ်။ တိတ်ဆိတ်နေတဲ့ ညအချိန် သင်္ဘောပေါ်မှာ ကြားခဲ့ရတဲ့ ဗိုလ်စံဖဲဇာတ်လမ်းဟာ တစ်သက်မမေ့နိုင်အောင် ရသမျိုးစုံကို ပေးနိုင်ခဲ့ပါတယ်။ မတရားမှုကို လက်မခံချင်တဲ့ စိတ်ဓာတ်မျိုးစေ့လည်း ဒီကစပြီး မြစ်ဖျားခံခဲ့ပါတယ်။

ဘယ်လောက်များ ကြိုက်ခဲ့သလဲဆိုရင် အဲဒီဇာတ်လမ်းထဲက သီချင်းကို အခုထိ မှတ်မိနေပါတယ်။ “စံဖဲအကြောင်း မပါရင် ဒေါသနဲ့ အပြစ်တင် ××× ဒီလိုပါ မာမီရယ် သာစည်နယ်အတွင်း ××× မဲတောရွာတွင် ဗိုလ်စံဖဲပွဲ ကြည့်လာတာမြင်”  ဆိုတာလေး ကြားနေမိပါသေးတယ်။ စံဖဲဟာ သာစည်မြို့နယ်မှာ မွေးဖွားကြီးပြင်းပြီး အတန်းပညာက လေးတန်းလောက်ပဲ တတ်ပါတယ်။ အနေအေးလို့  အင်္ဂလိပ်ဝန်ထောက်မင်းက ကြည့်ရှုပေးရင်းနဲ့ တောလည်ထွက်တဲ့အခါမှာ အမဲလိုက်တာ သေနတ်ပစ်တာ ရင်းနှီးနေခဲ့ပါတယ်။ အိမ်ထောင်ကျပြီးချိန်မှာ စံဖဲကို မကျေနပ်လို့ အခွင့်ကောင်းချောင်းနေတဲ့ သူကြီးသားက အမှုဆင် ချောက်တွန်းခဲ့ပါတယ်။ ဓားပြမှုတစ်ခုမှာ ဖမ်းမိတဲ့ သေနတ်တစ်လက်ဟာ ဝန်ထောက်မင်း အိမ်ကပျောက်သွားတဲ့ သေနတ်ဖြစ်နေတဲ့အတွက် စံဖဲကို ယိုးစွပ်ကာ ဖမ်းဆီးစေခဲ့ပါတယ်။

စံဖဲ ထောင်ခြောက်လကျနေတုန်းမှာရွာမှာ ကျန်ခဲ့တဲ့ မိန်းမကို သူကြီးသားက အပိုင်သိမ်းလိုက်ပါတယ်။ စံဖဲထောင်က လွတ်ပေမယ့် ခြေချုပ်ကျအောင် သူကြီးသားက ဖန်တီးပြန်ပါတယ်။ ခြေချုပ်နဲ့နေမှ စံဖဲက သူ့ဆီ မလာနိုင်မှာကိုး။ ခံဝန်ဖောက်ဖျက်ပြီး ခြေချုပ်နဲ့မနေချင်သူ စံဖဲကို ဖမ်းဆီးစစ်ဆေးတဲ့ ရာဇဝတ်အုပ်က လူမဆန်စွာ ပြောတာခံရချိန်မှာ ဒေါသနဲ့ ရာဇဝတ်အုပ်ကို သတ်မိပြီး ထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နောက်လိုက်နောက်ပါတွေ စုမိပြီး အင်္ဂလိပ်အလိုတော်ရိတွေ၊ ရဲနဲ့ ရာဇဝတ်အုပ်တွေကို လက်စားချေခဲ့ပါတယ်။ စံဖဲဟာ ပွဲအလွန်ကြိုက်တော့ ရဲတွေစောင့်ကြည့် နေတဲ့ကြားက ရုပ်ဖျက်ပြီး ပွဲကြည့်လေ့ရှိတာကြောင့် ပွဲကတဲ့ မင်းသမီး သီချင်းထဲမှာ ထည့်ဆိုရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အင်္ဂလိပ်အစိုးရကလည်း တောပုန်းကြီးစံဖဲကို ဆုငွေ ၅၀၀၀ ထုတ်ရတဲ့အထိ ဖြစ်လာပါတယ်။ အင်္ဂလိပ်တို့ ပထမဆုံးအကြိမ် ဆုငွေထုတ်ခံရတဲ့ နယ်ချဲ့တော်လှန်ရေးသမားလို့ ပြောရမှာပါပဲ။ လက်နက်၊ လူသူအင်အားအပြည့်အစုံနဲ့ တောနင်းရှာဖွေကြပေမယ့်

စံဖဲကိုချစ်တဲ့ ရွာသားတွေကြောင့် ဖမ်းမမိပါဘူး။ နောက်ဆုံး ငှက်ဖျားရောဂါကြောင့် ဗုန်းဗုန်းလဲနေမှသာ ဖမ်းမိခဲ့ပါတယ်။ ဘာပဲပြောပြော ဗိုလ်စံဖဲဟာ အင်္ဂလိပ်အစိုးရကို အာခံပြီး တုန်လှုပ်အောင်လုပ်နိုင်ခဲ့တဲ့ တော်လှန်ရေး သူရဲကောင်းတစ်ဦးပါပဲ။

ကမ္ဘာ့သမိုင်းမှာလည်း သမိုင်းဝင်တဲ့ ဒီလိုသူရဲကောင်းတွေရှိတာ တွေ့ရပါတယ်။ Brave Heart ဆိုတဲ့ဇာတ်ကားထဲမှာ Mel Gibson က စကော့လူမျိုး တော်လှန်ရေးသမားတစ်ဦးအဖြစ် ရိုက်ကူးသရုပ်ဆောင် ပါဝင်ထားပါတယ်။ သူကိုယ်တိုင်လည်း ဒါရိုက်တာအဖြစ် ရိုက်ထားပါတယ်။ ၁၃ ရာစုနှစ်မှာ အင်္ဂလိပ်တွေက စကော့ပြည်ကို အုပ်ချုပ်နေစဉ် အချိန်ကို နောက်ခံထားပါတယ်။ အင်္ဂလန်ပြည့်ရှင် အက်ဒွပ် (၁ ) ရဲ့ လက်ထက်မှာ ဖြစ်ပါတယ်။

တောရွာက သာမန်လူတစ်ယောက်ဖြစ်တဲ့ ဝီလျံဝေါလေ့စ်ဟာ ငယ်ချစ်မူရွန်ကို လက်ထပ်ပြီးတော့ ခရီးထွက်ချိန်မှာ အင်္ဂလိပ်စစ်သား တစ်စုဟာရွာထဲ ဝင်မွှေပြီး မူရွန်ကိုဖမ်းကာ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပါတယ်။ ဒီအကြောင်း ကိုသိရတဲ့ ဝေါလေ့စ်ဟာ အင်္ဂလိပ်စစ်သားတွေကို သတ်ပြီး ချစ်သူအလောင်းကို ပြန်လုယူပြီး သြင်္ဂိုဟ်ခဲ့ပါတယ်။

အင်္ဂလိပ်စစ်သားတွေကို သတ်ဖြတ်ခဲ့မှုကြောင့် ဝေါလေ့စ်ဟာ တောပုန်းအဖြစ် ခိုအောင်းရင်း လက်နက်လူသူ စုဆောင်းခဲ့ပါတယ်။ စကော့တလန်ပြည် လွတ်မြောက်ရေးအတွက် စစ်ပွဲတွေ တိုက်ခဲ့ပါတယ်။ အင်္ဂလိပ် ဘုရင်ကိုယ်တိုင် ညှိနှိုင်းတာ၊ ဆွေးနွေးတာတွေ လုပ်ရတဲ့အထိ ဝေါလေ့စ်ဟာ နာမည်ကြီးခဲ့ပါတယ်။ ဝေါလေ့စ်ရဲ့ ရဲစွမ်းသတ္တိသတင်းကြောင့် နန်းတွင်းက မင်းသမီးတွေကိုယ်တိုင် စိတ်ဝင်စားခဲ့ကြတယ်။

အဂ်လန်ပြည့်ရှင်ဘက်က ဝိုင်းဝန်းကူညီကြသူတွေ များပြားခဲ့တော့ နောက်ဆုံးမှာတော့ ဝေါလေ့စ်ကို အင်္ဂလိပ်စစ်သားတွေ ဖမ်းမိခဲ့ပါတယ်။ ဝေါလေ့စ် အမြဲသုံးနေကျစကားကတော့ သူတို့ဟာ ငါတို့ရဲ့ ဘဝတွေ၊ အသက်တွေကို ယူနိုင်မယ်။ ဒါပေမဲ့ ငါတို့ရဲ့လွတ်လပ်ရေးကိုတော့ ဘယ်တော့မှ မယူနိုင်ပါဘူး ဆိုတာပါပဲ။ သူ့ရဲ့ နောက်ဆုံးအချိန်ထိ သေဒဏ်က ငဲ့ညှာဖို့အတွက် အသနားခံခိုင်းခဲ့ပါတယ်။ ဝေါလေ့စ်ကို ကြိုးတုပ်ထားစဉ်မှာပဲ အသနားခံမလား။ လွတ်လပ်ရေးတောင်းဆိုမှု လုပ်မလား။ Mercy or Freedom လို့ မေးခဲ့ပါတယ်။ ဝေါလေ့စ်ဟာ Freedom လို့ ရွေးချယ် ဟစ်အော်ခဲ့တဲ့နောက်မှာ အာဏာပါးကွက်သားရဲ့ ပုဆိန်ဟာ ဝေါလေ့စ်ရဲ့ လည်ပင်းပေါ်ကို ကျရောက်ခဲ့ပါတယ်။ ဝေါလေ့စ်ဟာ အသနားခံပြီး အသက်ရှင်နေရတာထက် အသက်အသေခံပြီး လွတ်လပ်မှုကို မြတ်နိုးကြောင်း ပြခဲ့ပါတယ်။ အာဏာရှင်ကို ဒူးမထောက် လက်မမြှောက်တဲ့ သူရဲကောင်းရဲ့ သံမဏိနှလုံးသားကို အသေခံ ကာကွယ်သွားခဲ့ပါတယ်။

နိုင်ငံတိုင်းမှာ ရာဇဝင်တွင်တဲ့ သူရဲကောင်းတွေ ရှိကြပါတယ်။ အထူးသဖြင့် ကျွန်မတို့ နိုင်ငံမှာ သီပေါမင်းပါတော်မူလို့ အင်္ဂလိပ်တွေ အုပ်ချုပ်ခဲ့ချိန်ကတည်းက နိုင်ငံအဝန်းမှာ ပုန်ကန်ထကြွမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက ဆုငွေထုတ်ရလောက်အောင် နာမည်ကြီးခဲ့သူတွေကတော့ ဗိုလ်စံဖဲ၊ ဂဠုန်ဆရာစံ၊ ဗိုလ်ချုပ်အောင်ဆန်းတို့ သုံးဦးသာ ရှိခဲ့ပါတယ်။ သူတို့ရဲ့ သံမဏိနှလုံးသားနဲ့ စိတ်ဓာတ်တွေကိုတော့ မြန်မာပြည်ကြီး တည်တံ့နေသမျှကာလပတ်လုံး သားစဉ်မြေးဆက် လက်ဆင့်ကမ်းပေးနေကြဖို့ အရေးကြီးပါတယ်။

Most Read

Most Recent