ငယ်ဘဝခြစ်ရာများ - ၂

ငယ်ဘဝခြစ်ရာများ - ၂
Published 13 December 2017

အပိုင်းအပိုင်း ပြတ်နေသော ရုပ်တုများ၊ ပုလင်းကွဲများ၊ အုတ်ခဲများ၊ ဖိနပ်များနှင့် အဝတ်စုတ်များ၊ ကွန်ဒုံးအခွံများ စသည်တို့ကို ပန်းခြံထဲ၌ ရုပ်ပျက်ဆင်းပျက် တွေ့ရသည့် အခြေအနေမှာ ကျွန်တော့်ငယ်ဘဝ၏ ထင်ရှားသော အမှတ်အသားတစ်ခု ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ နဖူးသည် လေးလက်မခန့် ဟက်တက်ကွဲနေပြီး သူ၏ ခြေတစ်ဖက်မှာလည်း ဒူးမှ ပြတ်နေသည်။ သူ၏ မျက်လုံးတစ်ဖက်မှာမူ လုံးဝမရှိတော့ပါ။ အချို့သော ကလေးငယ်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တုခေါင်းပေါ်သို့တက်ကာ ကစားကြသည်။ ပန်းခြံတွင် ပန်းပင်များအစား ပေါင်းပင်၊ မြက်ပင်များသာ အတွေ့ရများပါသည်။ တက်တူးထိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းဝါးခြင်း၊ ကျောင်းလစ်ခြင်း ဘုရားကျောင်းမတက်ခြင်း၊ အစိုးရမကောင်းကြောင်း ပြောခြင်းတို့မှာ လူဆိုးလူမိုက်တို့၏ လုပ်ရပ်များဖြစ်ကြောင်း နားထောင်ရင်း ကြီးပြင်းခဲ့ရသည်။ ဘီဘီစီ၊ ဗွီအိုအေ လေလှိုင်းပေါ်က လူသတ်သမားများ နားမယောင်လေနှင့် သတိထားဆိုသည့် အသံများကိုတော့ ကျွန်တော် သေချာစွာ မှတ်မိနေပါသည်။

ကျွန်တော်တို့မြို့လေးရှိ လူကြီးလူငယ်တို့သည် ညစဉ် ဗီဒီယိုရုံထဲတွင် တစ်ဦးနှင့် တစ်ဦး ရောနှောထိုင်ကာ အပန်းဖြေခဲ့ကြ သည်။ အပြာကား ခိုးပြတတ်သော ဗီဒီယိုရုံထဲတွင် ကလေးငယ်များ၊ လူငယ်များ ရောက်နေတတ်သည်။ လိင်ကိစ္စသည် ညစ်ညမ်းသော ကိစ္စသာဖြစ်သည်ဟု သင်ကြားခံခဲ့ကြရသည်။ ကျန်းမာရေးဌာနမှ ကွန်ဒုံးများ ဝေသောအခါ ထိုကွန်ဒုံးများကို အားပါးတရ မှုတ်ကြပြီး လမ်းမပေါ်ထွက်၍ ကစားကြရသည်မှာ အရသာတစ်ခုပင် ဖြစ်ပါသည်။ ရပ်ကွက်ထဲသို့ ကားတစ်စီးဝင်လာလျှင် ကျွန်တော်တို့ ကလေးငယ်တစ်စုက အော်ဟစ်ကာ ထိုကားနောက်သို့ လိုက်ကြပါသည်။ ကားမောင်းသမားကြီးက “ဟေ့ဟေ့ကလေးတွေ” ဟု အော်ဟစ်သတိပေးတတ်သည်။ ကျွန်တော့်ငယ်ဘဝတွင် ဒီမိုကရေစီ မကြားဖူးပါ။ စစ်အာဏာရှင်ဆိုသည့် ဝေါဟာရများကိုလည်း မကြားဖူးပါ။ ပြန်ကြားရေးစာကြည့်တိုက်မှ စာအုပ်များကို ငှားရမ်းကာ ဖတ်ရှုကြရသော အချိန်ဖြစ်ပါသည်။ ထိုအချိန်က ကျွန်တော်တို့ မြို့ကလေးတွင် စာအုပ်အငှားဆိုင် မရှိပါ။ အစိုးရထုတ်မဂ္ဂဇင်းများ၏ ရှေ့ဆုံး စာမျက်နှာတွင် စစ်ဗိုလ်ချုပ်ကြီးများ ဗိုလ်ချုပ်များ၏ ဓာတ်ပုံများကို တွေ့ရတတ်သဖြင့် ကျွန်တော်သည် စစ်ဗိုလ်ချုပ်ကြီးတို့၏ အမည်နာမများကို အလွတ်ပင်ရနေခဲ့သည်။

ကျွန်တော်၏ ငယ်ဘဝတွင် ဖယောင်းတိုင်မှာ ရောင်းအားအကောင်းဆုံး လူသုံးကုန်ပစ္စည်းတစ်ခု ဖြစ်သည်။ ညနေစောင်းလာလျှင် အမေက ဖယောင်းတိုင် ကျန် မကျန် စစ်ခိုင်းတတ်ပြီး မကျန်ပါက လမ်းထိပ်ရှိ ဆိုင်ငယ်ကလေးတွင် ဖယောင်းတိုင် အကြွေးယူခိုင်းတတ်သည်။ တစ်ခါက အမေသည် သူမ၏ဆံပင်ရှည်ကို ဖြတ်ကာ မိသားစုအတွက် မရှိမဖြစ် လိုအပ်နေသည့် ဆန်၊ ဆား၊ ဆီ ဖယောင်းတိုင်တို့ကို ဝယ်ပါသည်။ သို့သော် အမေတစ်ယောက်တည်းတော့လည်း မဟုတ်ပါ။ ထိုအချိန်က ရပ်ကွက်အတွင်း အိမ်ထောင်ရှိ အမျိုးသမီးအများစုမှာ ဆံပင်တိုတိုနှင့်သာ ဖြစ်ကြသည်။ သူတို့သည်လည်း သူတို့၏ ဆံရှည်များကို ဖြတ်ကာ ရောင်းခဲ့ကြသည်။ အပေါစားအရက်များ အလွန်ပေါပြီး ရပ်ကွက်ထဲတွင် အမူးသမားတို့ အော်ဟစ်ဆဲဆိုနေတတ်ကြသည့် ပုံရိပ်များမှာလည်း ကျွန်တော်၏ ငယ်ဘ၀ အမှတ်အသားတစ်ခုပင် ဖြစ်ပါသည်။ အရက်ဆိုင်များသည် လူအစည်ကားဆုံးသော နေရာတစ်ခုဖြစ်သည်ဟု မှတ်မိနေသည်။ ကျွန်တော်တို့ ရပ်ကွက်ကလေးတွင် လင်မယားရန်ပွဲများကို နေ့စဉ်ဆိုသလို တွေ့ရတတ်သည်။ တောင်ယာသမားများ၊ အစိုးရဝန်ထမ်းများ၊ အလုပ်လက်မဲ့များ၊ အရက်သမားများ စသည့် အခြေခံလူတန်းစားပေါင်းစုံဖြင့် ကျွန်တော်တို့ရပ်ကွက်ကလေးကို ဖွဲ့စည်းထားသည်။ အိမ်ရှင်မများ တစ်နေနေရာ၌ ဆုံမိလျှင်ကား စကားမပြတ်နိုင်တော့ပါ။ ဟိုအကြောင်းသည်အကြောင်း အတင်းပြောကြသည်က များသည်ဟု မှတ်မိပါသည်။ သို့မဟုတ်ပါက ကြွားဝါခြင်း၊ ရွဲ့စောင်းပြောခြင်း၊ ဂုဏ်ပြိုင်ခြင်းတို့ဖြင့် မပြီးနိုင်မစီးနိုင် ပြောနေတတ်ကြသည်။ ကျွန်တော့်ငယ်ဘဝတွင် ဖုန်းမမြင်ဖူးပါ။ ကြိုးဖုန်းနှင့် လက်ကိုင်ဖုန်းကိုလည်း မခွဲခြားတတ်ပါ။ ကျွန်တော်တို့သည် ပြောစရာရှိပါက မိမိပြောလိုသည့် လူရှိရာသို့ လူကိုယ်တိုင် သွားရောက်ကာ ပြောကြပါသည်။ သို့မဟုတ်ပါက လူကြုံဖြင့် စကားပါးတတ်ကြသည်။ ရွာမှ မြို့သို့ဆိုလျှင် စာရေးကာ ပြောတတ်ကြပါသည်။ မြို့မှ ရွာသို့သွားလိုလျှင် ခြေကျင်သွားကြပါသည်။ ရွာမှ တက်လာသော တောင်သူအချို့သည် မိမိတို့၏ သီးနှံ၊ ပဲကလေးများ၊ အသားငါးကလေးများကို ခြင်းတောင်းကြီးများဖြင့် ထည့်လာကြပြီး မြို့တွင်း၌ ရောင်းချတတ်ကြသည်။ ရွာထွက် ကောက်ပဲသီးနှံများကို လူအားဖြင့် နိုင်သလောက်သယ်ကာ ရောင်းချကြခြင်းဖြစ်ပါသည်။ ရောင်းချရာမှ ရလာသောငွေဖြင့် ဆန်၊ ဆီ၊ ဆား၊ ဆပ်ပြာ၊ ဓာတ်ခဲစသည်တို့ကိုဝယ်ကာ ရွာသို့ ပြန်သွားတတ်ကြသည်။ ယခုကဲ့သို့ ထိုအချိန်က ဆိုင်ကယ်များ မရှိသေးပါ။ ရွာရှိ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်စားသောက်နေကြသော တောင်သူယာသမားတို့၏ ခြေမများမှာ ကွဲလျက်။ သူတို့၏ လက်များမှာ ကြမ်းတမ်းလျက်။ ပင်ပန်းစွာပင် ရုန်းကန်ရှင်သန်ကြသည်ကို ကျွန်တော် မှတ်မိနေသည်။

ကျွန်တော်တို့ငယ်ဘဝတွင် ကဗျာဆိုသည်မှာ ကာရန်ဖြင့်ရေးသားရသော ကဝိပစ္စည်းဟု ကြားခဲ့ကြရပြီး ကျောင်းတွင်းစာစီစာကုံးပြိုင်ပွဲများ ကျင်းပသောအခါ မိမိတို့ ကိုယ်တိုင်ရေးသားထားခြင်း မဟုတ်သော စာစီစာကုံးများကို အလွတ်ကျက်ကာ ဝင်ရောက် ဖြေဆိုဆုယူခဲ့ကြသည်။ ကျွန်တော်တို့ ငယ်ဘဝတွင် ကျူရှင်တက်နိုင်သော ကလေးငယ်များနှင့် စာတော်သော ကလေးငယ်များကို ဆရာဆရာမများက မျက်နှာသာပေးလေ့ ရှိကြသည်။ မူလတန်းကျောင်းသားပင် ကျူရှင်ယူရသော ခေတ်အပိုင်းအခြားမှာ ကျွန်တော်တို့ ငယ်ဘဝ၏ ပုံရိပ်တစ်ခုဖြစ်သည်။ ကျူရှင်ဆရာမမှ ပေးသောစာကို ပျော်ပျော်ကြီးပင် အလွတ်ကျက်ကာ ဖြေဆိုခဲ့ကြသည်။ ညနေစောင်းလျှင် ရပ်ကွက်အတွင်းရှိ လူငယ်များ၊ ကလေးများ စုစည်းကာ တပျော်တပါး ဘောလုံးကန်ကြသည်။ အများအားဖြင့် ကားလမ်းမပေါ်တွင် ကစားကြခြင်းဖြစ်သည်။ ဘောလုံးကန်ခြင်း၊ စစ်တိုက်တမ်းကစားခြင်း၊ နို့ဆီဘူးပေါက်တမ်းကစားခြင်း၊ ကျောက်ခဲ ကောက်တမ်းကစားခြင်း၊ သားရေကွင်းပစ်ခြင်း၊ သားရေကွင်းထိုးခြင်း၊ ရုပ်ပုံအတိုအထွာများကို စည်းဝိုင်းထဲတွင်ထည့်ကာ ထွေပစ်ခြင်း၊ ဖဲကစားခြင်း၊ ဒိုးဆက်ကစားခြင်း၊ ဖန်ဂေါ်လီပစ်ခြင်း စသည့်ကစားနည်းတို့ဖြင့် ကျွန်တော် ကြီးပြင်းလာခဲ့ရသည်။ ကျောင်းချိန်၊ ကျူရှင်ချိန်၊ ကလေးထိန်း မိဘကူချိန်၊ စာကျက်ချိန်တို့ကို နုတ်ယူလိုက်သောအခါ ကစားချိန်မှာ မရှိသလောက်ပင် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်တော်တစ်ယောက်တည်းတော့လည်း မဟုတ်ပါ။ ကျွန်တော်နှင့် ရွယ်တူ ကလေးတော်တော်များများ၏ ကစားချိန်တို့မှာလည်း အတူတူပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကစားချိန်နည်းနည်းဖြင့် ကြီးပြင်းခဲ့ကြရသည်။ စားဝတ်နေရေးကြောင့်၊ စီးပွားရေးကြောင့်၊ နိုင်ငံရေးကြောင့် ဘာညာမသိ တတ်ခဲ့ကြပါ။ ရသည့်အချိန်ကို အကောင်းဆုံး အသုံးချကာ ကစားခဲ့ကြသည်။

ကိုယ့်ထက်အသက်ကြီးသူကို ပြန်မပြောရဘူးဟူသော ပုံသေနည်းဖြင့် ကြီးပြင်းခဲ့ကြရသည်။ ဆံပင်ရှည်ရှည် တက်တူးထိုးထားသော လူငယ်တစ်ယောက်ကိုမြင်လျှင် လူဆိုးလမ်းသရဲဟု နားလည်ရင်း ကြီးပြင်းခဲ့ရသည်။ အနောက်တိုင်း ယဉ်ကျေးမှုသည် သရုပ်ပျက် ယဉ်ကျေးမှုဖြစ်ကြောင်း အတုမယူရန် လိုအပ်ကြောင်းကိုလည်း မကြာခဏ ကြားခဲ့ရသည်ကို မှတ်မိပါသည်။ မြန်မာပြည်သည် ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်ခဲ့သော တိုင်းပြည် ရွှေငွေသယံဇာတ ပေါကြွယ်ဝသော တိုင်းပြည်ဖြစ်သည်ဟု မကြာခဏ ဖတ်ခဲ့ကြားခဲ့ရသည်။ သို့သော် ထိုအချိန်အခါ၌ ဖြစ်ပျက်နေသော အကြောင်းအရာများကို ကျွန်တော်တို့ မသိခဲ့ကြပါ။ ကျွန်တော်တို့ မိဘများက သိကြသည်လား မပြောတတ်ပါ။ နီးစပ်ရာ လူကြီးသူမများက “နိုင်ငံရေးမလုပ်နဲ့၊ ထောင်ထဲရောက်မယ်၊ ဘဝပျက်မယ်” ဟူ၍ ပြောဆိုတတ်ကြသည်ကို ကြားခဲ့ရသည်။ တစ်ခါက ကျွန်တော်သည် အမျိုးသမီးတစ်ဦးပုံပါသော လက်ကမ်းစာစောင်တစ်ခုကို လမ်းပေါ်၌တွေ့၍ အိမ်သို့ ယူဆောင်ခဲ့ပါသည်။ အမေက နောက်နောင် ထိုကဲ့သို့သော လက်ကမ်းစာစောင်များကို အိမ်သို့ မယူလာရန် ပြောဆိုကာ ထိုလက်ကမ်းစာစောင်ကို အပိုင်းအပိုင်း ဖျက်ဆီးခဲ့သည်။ ထောင်ကျနိုင်သည်ဟု ပြောသဖြင့် တုန်လှုပ်ခဲ့ရဖူးသည်။ ထိုအချိန်က ကျွန်တော့်အသက်မှာ ခုနစ်နှစ်အရွယ်သာ ရှိပါမည်။ နိုင်ငံရေးဆိုသည်မှာ ကြောက်စရာကောင်းသော အရာဖြစ်သည်ဟု နားလည်ရင်း ကြီးပြင်းခဲ့ရသည်။ ကျွန်တော်တို့သည် မေ့လျော့ခံရသော လူတန်းစား စာရင်းထဲတွင် ပါဝင်ခဲ့ကြသလား။ ကျွန်တော်တို့ရပ်ကွက် ကလေးထဲတွင် တစ်နေ့လုပ်မှ တစ်နေ့စားရသော မိသားစုများစွာ ရှိသည်ကို မှတ်မိပါသည်။ ကျွန်တော်တို့မိသားစုသည်လည်း တစ်နေ့လုပ်မှ တစ်နေ့စားရသော လူတန်းစားထဲတွင် ပါသည်ဟု ဆိုချင်ပါသည်။ ထိုအချိန်က အဖေသည် ရုံးဝန်ထမ်းပေါက်စကလေးတစ်ဦးသာ ဖြစ်ပါသည်။ ဝန်ထမ်းပေါက်စတစ်ဦး၏ လစာမှာ နည်းပါးလှပါသည်။ အမေသည် တစ်ဖက်တစ်လမ်းမှ ငွေရှာခဲ့သည်။ ကျွန်တော်မှတ်မိသလောက် အမေသည် ရွာသို့ သွားရောက်ကာ အဘိုးအဘွားတို့နှင့်အတူ တောင်ယာစပါး၊ ပြောင်းပဲစသည်တို့ကို စိုက်ခဲ့ပါသည်။ မတူပီ-မင်းတပ် ကားလမ်းဖောက်သောအခါ အမေသည် အလုပ်ကြမ်းပင် လုပ်ဖူးသည်ဟု ဆိုပါသည်။ အမေသည် ထိုခေတ်က ၁၀ တန်းအောင်သော်လည်း ရုံးဝန်ထမ်း အလုပ်ကို မရွေးချယ်ခဲ့ပါ။ အစိုးရအလုပ်များတွင် ကျောင်းဆရာ ဆရာမအလုပ်တစ်ခုသာလျှင် ထိုခေတ်က ပေါများပြီး ကျန်ဌာနဆိုင်ရာများတွင် အလုပ်ရရှိရန်မှာ ခက်ခဲသည်ဟု အမေက ပြောပြပါသည်။ လူကြီးမိသားစု သို့မဟုတ် နီးစပ်ရာ ဆွေမျိုးသားချင်းတို့သာ အလုပ်ရလေ့ရှိသည်ဟုလည်း အမေက ပြောလေ့ရှိသည်။ ကျောင်းဆရာအလုပ် မလုပ်လိုသော အမေသည် အခြားအစိုးရအလုပ်များကို အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ပါ။ အမေသည် ဈေးရောင်းခဲ့သည်။ ယာစိုက်ခဲ့သည်။ အလုပ်ကြမ်းလုပ်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုအသီးသီးတို့သည် ပင်ပန်းစွာပင် အသက်မွေးဝမ်းကျောင်းကာ နေခဲ့ကြသည်။ ပင်ပန်းနေလျက်နှင့်ပင် ပြုံးပြုံးရွှင်ရွှင် နေခဲ့ကြကြောင်းကိုတော့ မှတ်မိပါသည်။ ငယ်ဘ၀ အမှတ်ရချက်များမှခြစ်ရာ အချို့ကို ချရေးကြည့်ခြင်းသာ ဖြစ်ပါသည်။ မည်သို့သောခေတ်၊ ပတ်ဝန်းကျင်တွင် ကျွန်တော်တို့ မည်သို့မည်ပုံ ရှင်သန်ကြီးထွားလာကြပုံမှာ စိတ်ဝင်စားစရာကောင်းပါသည်။

Most Read

Most Recent