ကန်သာယာဘေး လူတို့ကိစ္စ

ကန်သာယာဘေး လူတို့ကိစ္စ
Published 12 December 2017

မိတ္ထီလာကန် တစ်နေရာအား ဒီဇင်ဘာ ၁၁ ရက် ညနေက တွေ့ရစဉ် (ဓာတ်ပုံ-ဝဏ္ဏ)

နေဝင်ခါနီးအချိန် တစ်ခါလောက်တော့ဖြင့် ကန်ပေါင်နံဘေး အေးအေးဆေးဆေး တစ်ယောက်တည်း ထိုင်ရေပြင်ကို ငေးပြီး တောင်တွေးမြောက်တွေးတော့ လုပ်ဦးမယ်လို့ တွေးထားတာကတော့ ကြာပြီ။ ကြာဆို ဒီမြို့ရောက်ကတည်းကပဲ ဒါပေမဲ့လည်း မထိုင်ဖြစ်ဘူး။ ကန်နံဘေးကနေ ဆိုင်ကယ်နဲ့ ဖြတ်ဖြတ်သွားတိုင်း ကန်ပေါင်ကြီး ကြည့်ကြည့်ပြီး အဲဒီအတွေးကလည်း ဖြစ်ဖြစ်နေတာပဲ။ အဲဒီအတွေး ဖြစ်ဖြစ်လာတိုင်းလည်း တစ်ခါလောက်တော့ဖြင့် သေချာပေါက် ထိုင်ဦးမယ်လို့ ဆုံးဖြတ်တယ်။ အခုတော့ ထိုင်ရပြီပေါ့။ ထိုင်ရပြီဆိုတော့လည်း အရင်က ထိုင်ဦးမယ်ဟဲ့ရယ်လို့ အကြံကြီးနဲ့ ကြံထားသမျှဟာ ဘာမှမဟုတ်သလို လွင့်စင်ကုန်တာပဲ။

ရေပြင်ကြီးကလည်း ငြိမ်သက်နေတော့ ဒီလောက်ကြီးတဲ့ ကန်ပေါင်ပုံစံ ခွက်ကြီးထဲထည့်ထားတဲ့ ကျောက်ကျောတုံးကြီးလိုပါပဲ။ မတူတာက နည်းနည်းဝေးဝေးမှာလက်သန်း လုံးလောက်သာ မြင်ရတဲ့ လှေလေးတွေ ရှိနေတာပေါ့။ လှေလေးတွေများ အဝေးကကြည့်တော့ ကိုယ်ကိုယ်တိုင်ကလည်း လှေပေါ်မှာ ရှိမနေတော့ စိတ်ကူးယဉ်စရာကလေးတွေ ဖြစ်နေတယ်။ မန္တလေးသိန်းဇော် ပြန်ဆိုထားတဲ့ သီချင်းတွေထဲက ‘နာဝါလှေများတွေရယ် ဆွေးသူကို ကယ်ယူပါလှည့်’ ဆိုတဲ့ စာသားလေးတောင် သတိရသွားတယ်။

တကယ်က လှေပေါ်က လူမှာလည်း ဆွေးသူကို ကယ်ယူဖို့ နေနေသာသာ သူကိုယ်တိုင်တောင် အဆွေးသမားလည်းဖြစ်နိုင်ဒါမှမဟုတ် နေဝင်ချုပ်စအထိ လျာထားသလောက် ငါးမမိသေးလို့ စိတ်ညစ်၊ ဆည်းဆာရိပ်ဝယ်တွေ ဘာတွေ မတွေးအားသောက ပွေနေရသူလည်း ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။ မောင်ချောနွယ်ရဲ့မျှော်လင့်ခြင်း ထမင်းသိုးများ ကဗျာထဲကလို စောင်ရော လူပါဖျားနာနေတဲ့ ကလေးငယ်ကို နို့ပိန်ကလေး လိမ်လိမ်တိုက်ရင်း လင်သားကို မိမွေးတိုင်း ဖမွေးတိုင်း ပြန်လာဖို့  ဆုတောင်းနေတဲ့ အိမ်သူတစ်ယောက် သူ့မှာရှိချင်လည်း ရှိနေနိုင်တယ်။

နေရောင်အောက်မှာ လူတိုင်းလောက အပူနဲ့။ နေဝင်သွားတော့ လောကအမှောင်တိုက် ဖြစ်သွားတာမျိုးပေါ့။ ကျွန်တော် ထိုင်နေရာနဲ့ ခပ်ဝေးဝေး ကန်ပေါင်တစ်လျှောက်မှာတော့ ကျွန်တော့်လိုပဲ နေဝင်ခါနီးမို့ ဖြစ်နေတဲ့ ကောင်းကင်နီနီကြီးကို ကြည့်စိတ်သက်သာရာ ရှာတဲ့လူတွေလည်းရှိတယ်။ ပိုများတာကတော့ စွန်လွှတ်နေတဲ့ လူတွေပဲ။ ညနေတိုင်း ညနေတိုင်း ဆိုင်ကယ်နဲ့ ဖြတ်သွားတိုင်း ရေကန်ကြီး မျက်စိရှေ့ ရှိပါလျက်နဲ့ သတိမရ ဖြစ်မိရင်သာ ဖြစ်မိမယ်။ စွန်လွှတ်တဲ့သူတွေတော့ ရှောင်မရနိုင်ဘူး။ မိုးရွာတဲ့ တစ်ချိန်ကလွဲရင်ပေါ့လေ။ စွန်လွှတ်တဲ့သူ တွေရှိပြီဆိုမှဖြင့် စွန်ငေးတဲ့ ကလေးတွေကလည်း သဘာဝတရားလို ကပ်ပါလာတာပဲ။

ကျွန်တော်ကတော့ဖြင့် စွန်လွှတ်သူတွေကို အပြစ်ရယ်လည်း ဆိုရအောင် အခွင့်အရေးမရှိပေမယ့် စွန်လွှတ်တာနဲ့ ငါးဖမ်းတာကိုတော့ ဘယ်နည်းနဲ့မှ စိတ်ဝင်စားလို့ မရနိုင်ဘူး။ တချို့ကလည်း ဒါကိုပဲ ဝိပဿနာ အားထုတ်သလိုမျိုး ပိုပိုသာသာ ပြောချင်လည်း ပြောနိုင်တာပေါ့။ စွန်လွှတ်တဲ့သူတွေရဲ့ အလုပ်ကို ဦးစွာ စဉ်းစားကြည့်ပါဦး။ စွန်ကို ဆိုင်းကြိုးချည် အပ်ချည်ကြိုးနဲ့ သီလေနဲ့ တင်လွှတ်လိုက်တယ်ပေါ့။ ပြီးတော့ ဘာမှဆက်မဖြစ်တော့ဘူး။ အဲဒီစွန်ဟာ လေတိုက်တဲ့ဘက် ဘသားယိမ်းလိုက် ရောယိမ်းလိုက် ဆိုတာမျိုးကိုအောက်ကနေ ဇက်အညောင်းခံ မော့ကြည့်ရင်း ရစ်လုံးလေး ရှေ့နောက်လှည့်ရင်း ပြီးရတာကိုး။ စိတ်လှုပ်ရှားစရာက ဘာရှိသလဲဆိုရင် စွန်အချင်းချင်း ဖြတ်ကြတဲ့အခါပေါ့။ ကြိုးတွေကို မှန်စာတိုက်ထား ပေါ့လေ။ ဒါလည်း ဘာထူးလို့လဲ သူလည်းကြိုးကို မှန်စာတိုက် ကိုယ်လည်း ကြိုးကို မှန်စာတိုက်ထားတာချင်း အတူတူဖြတ်နေတော့ကော ပျက်ကျသွားတော့ရော ဘာများထူးမှာမို့လဲ။ ဒါကိုပဲ တချို့တွေချိန်းပြီး စွန်လွှတ်ကြ စွန်ဖြတ်ကြတာတွေ ရှိသတဲ့။

ဘေးကနေ စွန်ငေးကြတဲ့ ချာတိတ်များကျတော့ ဒီအချိန်ကို စောင့်ရတာပဲ။ ကျွန်တော် ငယ်ငယ်ကလည်း ဒီလိုတော့ လုပ်ခဲ့ဖူးပါတယ်။ အကြီးတွေက ဖြတ်ကြဝိုက်ကြ၊ ကျွန်တော်တို့ ကလေးတစ်သိုက်က ဘောင်းဘီတို စွပ်ကျယ်လက်ပြတ်ကလေးတွေနဲ့ လက်ကလည်း ဝါးခြမ်းပြားလေး၊ ဝါးလုံးတိုလေးတစ် ချောင်းတော့ဖြင့် ပါတာပဲ။ စွန်ပြတ်ပဟေ့ဆိုရင် ပြေးကြပြီ။ လေနှင်ရာနောက် လွင့်ပါသွားတဲ့ စွန်နောက်ကို လိုက်ကြတာမျိုးဟာ ကျွဲအုပ်ထဲက ကျွဲတစ်ကောင်ကို မြေခွေးအုပ်စုလိုက် လိုက်ကြသလိုမျိုးပဲ။ များသောအားဖြင့်ကတော့ တိုက်ခေါင်မိုး အိမ်ခေါင်မိုးပေါ် တင်သွားကြ၊ တချို့လည်း အပင်ပေါ်တက်ယူလို့ မရလောက်အောင် အပင်မြင့်မြင့် ကိုင်းကြွပ်ဆတ်ဆတ် အပင်ထိပ်ဖျား သွားငြိနေလို့ လက်လွှတ်လိုက်ရ။

ကျွန်တော် ကလေးဘဝကဖြင့် ပြတ်သွားတဲ့စွန်ကို လိုက်လုတာမှာ တစ်ခါဖူးမှ မရခဲ့ပါဘူး။ ကျန်တဲ့ရတဲ့သူ ကျပြန်တော့လည်း သူ့စွန်က ဝါးလုံးနဲ့ ဝင်းထိုးယူကြလို့ အပေါက်အပြဲ အနာအဆာနဲ့ လွှတ်မရ ပြုမရဖြစ်နေပြီ။ ဒါလည်း နာရီထဲက ထွက်မရတဲ့ လက်တံတွေလို လိုက်နေကြတာပါပဲ။ စွန်ကောင်းကောင်း ရခဲ့ပြီပဲထားပါတော့။ ကျွန်တော်တို့လို ကလေးတွေမှာ ရစ်လုံးမဝယ်နိုင်၊ အပ်ချည်လုံးမရှိ ဘာသွားလုပ်ရမတဲ့တုံး။ သို့သော်ငြား စွန်စုတ်ကလေး လက်ထဲကိုင်ထားပြီး ကျွန်တော်တို့ ပျော်နေတာပါပဲ။ လုကြတာပါပဲ။ စွန်လွှတ်တဲ့ သူများလိုပေါ့။ စွန်လွှတ်တဲ့သူ ၁၀ ယောက်မှာ ခုနစ်ယောက်လောက်ဟာ စွန်တစ်ခုကို နှစ်ရက် မလွှတ်နိုင်ကြပါဘူး။ စွန်နဲ့အတူ ပါသွားတဲ့ အပ်ချည်ကြိုး တော်တော်များများကို စွန့်လွှတ်ရစ်လုံး ဘီးကလေးကိုင် အိမ်ကိုပြန်ကြရတာပါပဲ။

စွန်လွှတ်ခြင်းကို ကျွန်တော် စိတ်မဝင်စားရခြင်း အကြောင်းတွေထဲမှာ အခိုင်လုံဆုံး အကြောင်းအရာကတော့ ကျွန်တော်ကိုယ်တိုင် စွန်မလွှတ်တတ်တဲ့ကိစ္စက အသေအချာပဲ။ ကျွန်တော့်ဘဝမှာ ဘယ်သူ့အကူအညီမှ မပါဘဲ ကိုယ့်လက်နဲ့ကိုယ် သက်သက်နဲ့ဖြင့် စွန်တစ်စွန်ကို လေထဲရောက်အောင် မစွမ်းနိုင်ခဲ့ဘူး။ ဝမ်းနည်းစရာလို့တော့လည်း တစ်ခါမှ မတွေးမိပါဘူး။ ဒါကြောင့် စွန်လွှတ်တာလောက် လူ့ဘဝနဲ့ ကျိုးကြောင်းဆီလျော် မဖြစ်တာလောက်တော့ဖြင့် မရှိဘူးလို့ ကိုယ်တစ်ယောက်တည်း စွဲစွဲမြဲမြဲယုံကြည်နေတာပဲ။ ဒီဝါကျကြောင့် စွန်လွှတ်သူတွေအနေနဲ့ စိတ်အားငယ်ပြီး ဖြစ်နေရမယ်လို့ မဆိုလိုပါဘူး။ ဆိုလိုလည်း စိတ်အားငယ်မှာမှ မဟုတ်တာ။ ကျွန်တော်တို့ လုပ်သမျှဟာ နေရာတကာ ကျိုးကြောင်းဆီလျော်နေဖို့လည်း လိုမှမလိုပဲ။

စွန်လွှတ်တာလောက်နီးနီး မဟုတ်တောင် အများကြီး မလျော့နိုင်တဲ့ ကျွန်တော်တစ်ခါလောက်ကလေးတောင် စမ်းကြည့်ဖို့ စိတ်မပါတဲ့ နောက်အလုပ်တစ်ခုကတော့ ငါးမျှားတာပဲ။ ငါးမျှားတယ်ဆိုတာက ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံက လူတွေသာ ငါးစားချင်လို့  ငါးမျှားတာ။ အနောက်ကမ္ဘာက မောင်မင်းကြီးသားများအတွက်ကတော့ များသောအားဖြင့် ငါးမျှားတာဟာ ဇိမ်ခံတာပဲ။ စိတ်ပိုင်းဆိုင်ရာ သာယာမှု ယူတာပဲ။ တီကောင်တွေ သွားတူးလာမယ်၊ ဖန်ပုလင်းနဲ့တစ်လုံး။ ငါးမျှားချိတ်တွေ ဖိနပ်တိုက်ဆေးထည့်တဲ့ သံဘူးအပြားလေးနဲ့ တစ်ဗူးအပြည့်။ ငါးမျှားတံကလေး ပခုံးပေါ်တင်ကာ ရေကန်ဆီကို ထွက်သွားကြတဲ့လူတွေကို နေရောင်အောက်မှာများ မြင်လိုက်ရလို့ကတော့ဖြင့် တော်ရုံတန်ရုံ အသည်းမာသူတွေတောင် လူ့ဘဝမှာ တစ်ခါလောက်တော့ ငါးမျှားထွက်ဦးမှရယ်လို့ စိတ်ကူးယဉ်မိမှာပဲ။

တကယ်တမ်းက ကန်နံဘေးက အရိပ်ရအပင်အောက်မှာ ထိုင်၊ ငါးစာကလေး တပ်ငါးမျှားကြိုးကို ဖောက်ခနဲ ဝေးဝေးကို ပစ်လိုက်ပြီး ငါးမျှားတံကို ကိုင်လိုက်တာနဲ့ သူ့ရဲ့အနှစ်သာရက ကုန်ဆုံးသွားပြီ။ အဲဒီလိုနဲ့ ကုန်ဆုံးသွားလိုက်တာ ရက်တော်တော်ကြာကြာ ပစ်ထားလိုက်တဲ့ ပေါင်မုန့်များလို အစိမ်းရောင် အပြာရောင် စသဖြင့် ရောင်စုံသန်းနေတဲ့ မှိုတွေက တက်လာ ကိုင်လိုက်ဖို့တောင် မသင့်တော်လောက်အောင် ရွဲနေတဲ့အချိန်ကျမှ ရိပ်ခနဲဖော့တုံးကလေးဟာ လှုပ်ခတ်သွားပြီး ငါးတစ်ကောင်တော့ တစ်ဘ၀ သံသရာကူးဖို့ အချိန်ကျပြီဆိုတော့မှ အနှစ်သာရ နည်းနည်းက ပြန်ဝင်လာမယ်။ပြီးတော့ ငါးကို ဆွဲတင်မယ်။ ကုန်းပေါ်က ခဲကြီးကြီး တစ်လုံးနဲ့ ခေါင်းကိုထုပြီး ဘဝကူးဖို့ ကျေကျေနပ်နပ် ခွင့်ပြုလိုက်မယ်။ ကျွန်တော်တို့ဘဝကလည်း ဒီလိုပါပဲ။ အသေးစိတ် အကြောင်းအရာကလေးတွေ နည်းနည်းအပြောင်းအလဲရှိနိုင်တာက လွဲလို့ဒီသဘောပါပဲ။

ဟဲမင်းဝေးရဲ့ ပင်လယ်ပြာနဲ့ တံငါအိုထဲက အဘိုးကြီးကို သိတယ်မဟုတ်လား။ ကပ် ဖကာစကား ငှားသုံးရရင် အဲဒီအဘိုးကြီးဆိုရင် သူ့မုတ်ဆိတ်မွေးကသာ ကြားနိုင်လောက်မယ့် အသံမျိုးနဲ့ တစ်ယောက်တည်း စကားတွေက ပြောနေဦးမှာ။ တစ်ယောက်တည်း စကားပြောနေရတယ်ဆိုကတည်းက အဖော်မရှိလို့ပေါ့။ လူ့ဘဝမှာ ကိုယ်စိတ်ထင်ရာ ပါးစပ်ထဲရှိရာ လျှောက်ပြောချင်တဲ့အခါ နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ ခေါင်းတညိတ်ညိတ်နဲ့ အိပ်ငိုက်နေသည် ပဲဖြစ်စေအနားမှာ လူရှိနေဖို့တော့ ကောင်းလှတာပေါ့။ အထီးကျန်တယ်ဆိုတာက ကိုယ်ကိုယ်တိုင်က စိတ်အားထက်သန်စွာနဲ့ အထီးကျန်ချင်မှသာ ကောင်းတာပဲ။ သူ့သဘော သူဆောင်ပြီး အထီးမကျန်ချင်ရပါပဲ အထီးကျန်နေရရင် ကျိန်ဆဲနေရလို့ကို အားမှာမဟုတ်တော့ဘူး။ ကျိန်ဆဲတာလည်း တစ်ယောက်တည်း ကျိန်ဆဲနေရမှာ။ အဲဒီလိုဆိုရင် နေကလည်းစောစောဝင်မယ်။ ညတာကလည်း တော်တော်ရှည်မယ်။ ငှက်ဆိုးအော်သံတွေကိုလည်း ကြားရဦးမယ်။ ကံဆိုးပြီ။

သို့ပေမယ့်ဗျာ ဘဝမှာ တစ်ခါလောက်တော့ အနီးနားက ရေရှိရာကို သွားပါ။ ရေကန် ကျယ်ကျယ်၊ မြောင်းကျယ်ကျယ်။ ကောင်းကင်ကျယ်ကျယ်နဲ့ မြစ်၊ စမ်းချောင်းကလေးကတော့ အကောင်းဆုံးထင်တာပဲ။ စွန်လွှတ်ပါ။ ငါးမျှားပါ။ ရေပြင်ကိုငေးရင်း လူ့ဘဝကို တွေးကြည့်ပါ။ လူ့ဘ၀ မဟုတ်တာတွေကိုလည်း တွေးချင်တွေးပေါ့။ လူ့ဘဝနဲ့ လွတ်ကင်းတာကလည်း များများစားစား မရှိဘူးထင်ပါတယ်။ လူတစ်ယောက်ဟာ တစ်လမှာ တခါလောက်တော့ မြစ်နံဘေးမှာ လေညှင်းခံပြီး တစ်ခုခုကို တွေးနေသင့်တယ်။ တစ်နှစ်မှာ တစ်ခါလောက်တော့ ပင်လယ်ဆီသွားပြီး အဆုတ်ထဲ လေသန့်သန့်  ရှူသွင်းသင့်တယ်။ တောင်ပေါ်တက်ပြီး အော်ချင်တာတစ်ခုကို ကျယ်ကျယ်လောင်လောင် အော်သင့်တယ်။  ခေါင်းလောင်းထိုးချင်လည်း ထိုးပေါ့။

အလင်းရောင် လုံလုံလောက်လောက်မရတဲ့ အခန်းထဲမှာ ထိုင်ရင်း ပြတင်းပေါက်က မြင်ရတဲ့ ပြတင်းပေါက်တွေကို ငေးရင်း၊ အဲဒီ ပြတင်းပေါက်တွေထဲက ပြတင်းပေါက်တစ်ခုရဲ့ ဘောင်ပေါ် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ခုန်ဆွခုန်ဆွလုပ်နေတဲ့ ကံဆိုးငှက်ကလေးကို ကြည့်ရင်း၊ တစ်ဘဝလုံးစာအတွက်ဆိုရင်တောင် အရမ်းများနေပြီးဖြစ်တဲ့ နေ့စဉ်ကြားနေရတဲ့ လူသံ သူသံ လော်စပီကာထဲက သီချင်းသံတွေကို နားထောင်ရင်း သွေးစုပ်ဖုတ်ကောင်တွေလို ဂုပ်ကျိုး လူညွန့်တုံးနေရတာတွေကို တော်သင့်ပြီပေါ့။ တကယ့်ဘဝက ခဲယဉ်းလှပြီ။ တကယ့်ဘဝက ကွန်ကရစ်တုံးတွေလို စွဲမြဲတောင့်ခဲနေပြီ။ တကယ့်ဘဝက ရထားသံလမ်းတွေလို အေးစက်မာကြောနေပြီ။ နစ်မွန်းရတာတွေချည့် ဖြစ်ထွန်းနေတာတွေ တော်ပြီလေ။

အခုတော့ ဆောင်းအဝင်က နောက်ကျနေလို့ အေးအေးချမ်းချမ်းလည်း မရှိသေး။ တစ်နေ့လုံး ပူထားတဲ့ ကန်ပေါင်အုတ်ခုံပေါ် ထိုင်နေရလို့ အပူငွေ့က ဖင်မှာတင်မက တဖြည်းဖြည်း ခါး၊ ခါးကနေလည်ပင်းအထိ တက်လာ။ ကျွန်တော် ဘာကြောင့်များ ဒီကန်ပေါင်ပေါ်ထိုင်  ဒီကန်ရေကိုကြည့်ပြီး ဟိုတွေးဒီတွေး တွေးဖို့ စိတ်ကူးရတာလဲလု့ိ စဉ်းစားမိတယ်။ ဘေးနားပတ်ဝန်းကျင်မှာ လူသူမရှိ၊ ဒါမှမဟုတ်လည်း နည်းနည်းကျဲနေရင်တော့ ဒီထက်ကောင်းမှာပါလို့ ဖြေကြည့်မိတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း နေကကျလာ၊ နောက်ဆုံးမှာ ပျောက်ဆုံးသွား။ စွန်တွေကိုလည်း မမြင်ရတော့။ စွန်လွှတ်သူတွေလည်း အမှောင်ထဲ ပျောက်ဆုံးသွား။ အဝေးက တံငါလှေကိုလည်း မမြင်ရတော့။ ကိုယ့်ကိုယ်ကိုယ်တော့ ပြန်ရှာတွေ့ပြီလို့ထင်မိတယ်။ မသိနိုင်ဘူးလေ။ ဘယ်သူပြောနိုင်မလဲ။

Most Read

Most Recent