မွန်းကျပ်နေသော ဘဝများမှ ဖောက်ထွက်ကြရအောင်

မွန်းကျပ်နေသော ဘဝများမှ ဖောက်ထွက်ကြရအောင်
Published 12 December 2017

လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ သတ္တဝါမျိုး မဟုတ်လား။ မျှော်လင့်ချက်အတွက် လူတိုင်းမှာ အိပ်မက် ကိုယ်စီကိုယ်စီ သို့မဟုတ် ရည်ရွယ်ရာ ပန်းတိုင်တစ်ခုစီတော့ ဧကန်ရှိကြရမှာပါ။

ဒီနေရာမှာ ဖြစ်ချင်တဲ့ စိတ်ကလေးလောက်ကိုတော့ ကိုယ့်ရဲ့အိပ်မက် ကိုယ့်ရဲ့ မျှော်လင့်ချက်လို့ မထင်မိကြစေချင်ဘူး။ ကိုယ်ဖြစ်ချင်တာလေးကို ကိုယ့်အိပ်မက်လို့ လွဲမှားစွာယူဆနေကြတာကို လူငယ်ထုကြားမှာ မြင်တွေ့နေရတာဟာ ဝမ်းနည်းဖွယ်ရာ ကောင်းလှပါတယ်။

အရွယ်မရောက်မီ ကလေးငယ်လေးကို သားကြီးလာရင် ဘာလုပ်မယ်၊ သမီးကြီးလာရင် ဘာလုပ်မယ်၊ ဆရာဝန်ကြီး လုပ်မယ်၊ အင်ဂျင်နီယာကြီး လုပ်မယ်၊ စစ်ဗိုလ်ကြီး လုပ်မယ်ဆိုတဲ့ မိဘရဲ့ဆန္ဒ၊ ကိုယ့်ဝန်းကျင်က အထင်ကြီးလေးစားခံရတဲ့ ဘဝတွေကို ကလေးပါးစပ်ထဲက ရွတ်ပြတာမျိုးဟာ တကယ့်အိပ်မက် တကယ့်ရည်မှန်းချက် မဟုတ်ပါ။ ကောင်းတယ်ထင်တာလေးကို ဖြစ်ချင်တဲ့ဆန္ဒမျှသာ ဖြစ်ပါတယ်။

လူတိုင်း ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စစ်ဗိုလ်တွေ ဖြစ်ချင်ပေမယ့် ဖြစ်ချင်တိုင်း ဖြစ်လို့ရတာမှ မဟုတ်တာ။ ဖြစ်နိုင်လောက်တဲ့ အရည်အချင်းတွေရှိမှ ဖြစ်လို့ရတာ မဟုတ်လား။ ဒါကို လူတိုင်းသိပါတယ်။

ဒီကနေ့ ကိုယ့်တိုင်းပြည်ရဲ့ ပကတိ အခြေအနေမှန်ကို သုံးသပ်ပြီးမှ ကိုယ်ဘယ်နေရာမှာ စွမ်းဆောင်နိုင်မလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ်သိအောင် အရင်လုပ်ပြီး ကိုယ့်အစွမ်းအစရှိတဲ့ နေရာအတွက် အိပ်မက်တစ်ခုကို ကျွန်တော်တို့ မက်ကြရမှာပါ။ ကျွန်တော်တို့ တိုင်းပြည်နဲ့ပတ်သက်လို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ရောက်ချိန်မှာ ဝန်ခံသွားတာက ကျွန်တော်တို့မှာ ဥစ္စာဓန အရင်းအနှီးမရှိဘူး။ အတတ်ပညာ၊ နည်းပညာ အားနည်းတယ်။ လိုရင်းကတော့ ကျွန်တော်တို့ဟာ အစစအရာရာမှာ နိမ့်ကျဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာကို ဝန်ခံသွားတာပါပဲ။

ကျွန်တော်တို့ဘဝမှာ အလွန်အမင်း ဆိုးရွားလှတဲ့ ရောဂါဆိုးတစ်ခု ကပ်ရောက်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ကုရာနတ္ထိ ဆေးပဲမရှိရော့လေသလား။ အဲဒါကတော့ ‘ဆင်းရဲခြင်းရောဂါ’ ပါပဲ။ ဆင်းရဲခြင်း ရေသောက်မြစ်က မွေးဖွားပေးလာတဲ့ ဆိုးကျိုးတွေကတော့ ပညာမတတ်ခြင်း၊ ရောဂါထူပြောခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်းစတဲ့ ဘေးထွက်ဆိုးပြစ်တွေ တသီတတန်းကြီး ပေါ်ထွက်လာပါတယ်။

မည်သို့ပင်ဖြစ်နေပါစေလေ။ မြန်မာတစ်နိုင်ငံလုံးမှာ ရှိသမျှလူတွေ အားလုံးမွဲတေ စုတ်ပြတ်နေကြတာတော့ မဟုတ်ပါဘူး။ ချမ်းသာတဲ့သူတွေကျတော့ ရှေးဒဏ္ဍာရီ ပုံပြင်ထဲက ကုဋေ ၈၀ သူဌေးသားလို သုံးမကုန် ဖြုန်းမကုန် ကြွယ်ဝလွန်းလှပါတယ်။

ဒါပေမဲ့ ဒီအစုက လူနည်းစု၊ လူများစုကြီးကတော့ မွန်းကျပ်လွန်းလှတဲ့ လူ့ဘဝကြီးကို အလျားလိုက် ကူးခတ်နေကြရတယ်။ ဒီလူထုကြီးဟာ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဝတွေပဲဖြစ် ပါတယ်။ ဒါဟာ အတိတ်က ကုသိုလ်ကံနည်းခဲ့လို့ဆိုပြီး မမြင်နိုင်တဲ့ အရင်ဘဝကို ယိုးမယ်ဖွဲ့ ထိုးချနေရုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ပစ္စုပ္ပန် ပြဿနာကို လက်တွေ့ကျကျ  ကျွန်တော်တို့ ဖြေရှင်းဖို့ ကြိုးစားကြရအောင်။

သေချာတာတစ်ခုကတော့ ဘယ်ဘဝရောက်ရောက် လူတွေဟာ အသက်ရှင်ရပ်တည်ဖို့ ဒါမှမဟုတ် ချမ်းသာကြွယ်ဝဖို့ ကိုယ့်အစွမ်းအစနဲ့ ကိုယ်စီးပွားရှာနေကြတယ်ဆို တာပါပဲ။

ဒါကြောင့် စီးပွားရေးပညာရှင်တွေက ဒီလောကမှာ ရောင်းသူနဲ့ဝယ်သူဆိုတဲ့ လူတန်းစား နှစ်ရပ်သာရှိတယ်လို့ တင်စားပြော ကြတာနေမှာပါ။ အဓိကဆိုလိုရင်းကတော့ ဒုတိယဘုရားသခင်လို့ တင်စားခံရတဲ့ ငွေကြေးကို ရှာဖွေစုဆောင်းနေကြတာပဲ မဟုတ်လား။ ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာသာ နေချင်ကြတယ်ဆိုတာ လူများစုကြီးရဲ့ ချင်ခြင်းတစ်ခုပါပဲ။

ဒီနေရာမှာ သိထားရမှာတစ်ခုရှိတာက သူများထက် ချမ်းသာပြည့်စုံတဲ့ လူတွေနဲ့ အောင်မြင်မှုကို ရရှိနေတဲ့သူတွေမှာ အများသူငါနဲ့ မတူတဲ့ အပြုအမူတွေ ရှိတတ်ကြပါတယ်။

အဲဒါတွေကတော့ သူတို့ဟာ ကိုယ်လုပ်တဲ့ အလုပ်ကို အပြုသဘောနဲ့ အမြဲတမ်းတွေးတတ်ကြတယ်။ အပျက်ဘက်က တွေးကိုမတွေးဘူး။ အခက်အခဲကြုံရင် ရဲရဲဝံ့ဝံ့ကျော်လွှားဖို့ စိတ်ဓာတ်ခွန်အား ကြံ့ခိုင်သန်မာနေတတ်ကြတယ်။  ကိုယ်လုပ်တဲ့ အလုပ်ကို အမြဲတမ်း အကောင်းမြင်တတ်ကြတယ်။

ကောင်းသော ရလဒ်အကျိုးကို မြင်နေမှ ဘယ်လောက် ပင်ပန်းပင်ပန်း မောတယ်ပန်းတယ်လို့ မညည်းတွားဘူး။  ပြီးတော့ သူတို့လုပ်နေတဲ့ အလုပ်ဟာ ဧကန်မုချအောင်ကို အောင်မြင်ရမယ်လို့ တစ်ထစ်ချ ယုံကြည်နေတတ်ကြတယ်။ ဒီလို စိတ်ထားရှိသူတွေရဲ့ ရှေ့မှောက်ကို အောင်မြင်မှုဆိုတဲ့ သရဖူဟာ မလွဲမသွေ ဆိုက်ရောက်လာကြရတာ မဟုတ်လား။

အဆင်မပြေပါဘူး။ စိတ်ညစ်တယ်လို့ ညည်းတွားနေသူတွေကို စေ့ငုလိုက်ရင် အောင်မြင်သူတွေနဲ့ ပြောင်းပြန်အနေအထားကို တွေ့ရတတ်ပါတယ်။ သူတို့မှာ တည်ငြိမ်မှု သမာဓိ နည်းနည်းလေးမှ မရှိတတ်ကြဘူး။ ခဏခဏ အလုပ်တွေ ပြောင်းနေတတ်ကြမယ်။ နေရာတွေ ပြောင်းနေတတ်ကြမယ်။

ဝင်ငွေတွေကျတော့ အနိမ့်ဆုံး အဆင့်ကနေ တက်လာတယ်ရယ်လို့ သိပ်မရှိတတ်ကြပါဘူး။ စုဆောင်းငွေဆိုတာကတော့ ဝေလာဝေး။ အကြွေးတွေ တနင့်တပိုးအောက်မှာ မရှုနိုင် မကယ်နိုင် တင်နေကြတာကို စိတ်ပျက်စဖွယ် တွေ့နေရတတ်ပါတယ်။

ဒါဟာ ကျွန်တော်တို့ရဲ့ ဖြစ်စဉ်ပါ။ သမိုင်းပါ။ ဟန်ဆောင်ပြီး ဘယ်လောက်နေနေ ဆင်းရဲသားများလွန်းတဲ့ တိုင်းပြည်တစ်ပြည်မှာ ရှုပ်ထွေးနက်နဲတဲ့ ပြဿနာတွေက အပိုဆု လာဘ်အဖြစ် ပါလာနေကျပါ။ ဘာကြောင့် ဒီလိုတွေဖြစ်နေကြတာလဲ။ တရားခံကတော့ ဆင်းရဲမွဲတေခြင်းပါပဲ။ ဆင်းရဲလို့ ပညာမတတ်၊ ပညာမတတ်ခြင်းရဲ့ အကျိုးဆက်က လူတစ်ဦးချင်းစီကို နိမ့်ကျစေရုံမက တိုင်းပြည်ကိုပါ အောက်ကျနောက်ကျ ဖြစ်စေပါတယ်။

မြန်မာနိုင်ငံအကြောင်းရေးထားတဲ့ စာတွေမှာ သယံဇာတ ပေါကြွယ်ဝလှကြောင်းဆိုတဲ့ ဝါကျကို အားလုံးဖတ်ဖူးကြမှာပါ။ ဒီ သယံဇာတတွေက မြန်မာတွေရဲ့ အိမ်ထက်ကို ခြေထောက်ပေါက်တက်လာပြီး စည်းစိမ်ချမ်းသာကို ခံစားစံစားကြပါလို့ ပေးနိုင်တာ မဟုတ်လေတော့ သယံဇာတ ကြွယ်ဝမှုကပင်လျှင် လူမွဲတွေကိုပိုပြီး ဒုက္ခပေးနေလေ ရော့သလားလို့ ပြောရမလို ဖြစ်နေပြီ။ ဒါဘာကြောင့်လဲ၊ နည်းပညာဆင်းရဲလို့၊ မတတ်လို့ပေါ့။

နည်းပညာတတ်တဲ့ တိုင်းတစ်ပါးသားတွေက ကိုယ့်တိုင်းပြည်က သယံဇာတတွေကို ထုတ်ယူရောင်းချသွားကြတယ်။ ဒေသခံတွေကတော့ ‘ဟိုဘက်ကမ်းက မီးထိန်ထိန် နိုင်ငံခြားသားအိမ်၊ ဒီဘက်ကမ်းက မီးမှိန်မှိန် ရွှေမြန်မာတို့အိမ်’ လို့ ပြောလို့ရလောက်အောင် ဖြစ်နေတာဟာ ကျွန်တော်တို့ ပညာဘက်မှာ အောက်ကျနောက်ကျ ဖြစ်နေလို့ မဟုတ်လား။

ပညာလို့ ဆိုလိုက်ပြန်တော့ ကျွန်တော်တို့ လူမျိုးတွေက ကျောင်းစာသင်ခန်းတွေ တက္ကသိုလ်ကောလိပ် ပရဝဏ်ကြီးထဲက ပညာရှင်ကြီးများရဲ့ သင်ကြားပို့ချမှုကို ခံယူရမှသာ ပညာလို့ မြင်တတ်ကြတဲ့ အမြင်ကလည်း အဟန့်အတားတစ်ခု ဖြစ်နေတယ်လို့ ထင်ပါတယ်။ အဲဒီဌာနတွေက ဘဝတက်လမ်းကို စောင်းတန်းသဖွယ် ထောင်ပေးမယ့် ပညာတွေကို သင်ကြားပို့ချပေးနေမယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်ကမှ  တက္ကသိုလ် မရောက်နိုင်ခဲ့တာ။ ဒါကို လွမ်းနေလို့ ဘာများ အကျိုးထူးလာမှာလဲ။

ဒီကနေ့ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတွေမှာတောင် လူတိုင်းတက္ကသိုလ်ပညာကို သင်ယူနိုင်ခဲ့ကြတာမှမဟုတ်တာ။ မြန်မာပြည်မှာသာ ရွှေအိုးရှိမှ ပညာသင်နိုင်တာ မဟုတ်ပါဘူး။ သူများတိုင်းပြည်တွေမှာလည်း ပညာသင်စရိတ်ဆိုတာ ကျောင်းကောင်းရင် ကောင်းသလို နာမည်ကြီးရင် ကြီးသလို ခေါင်ခိုက်နေတတ်တာပါ။

ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ဘဝထဲမှာ ပညာကို တည်ဆောက်ရပါ့မယ်။

ကိုယ်လုပ်နေတဲ့အလုပ်ကို တန်ဖိုးထားပြီး လုပ်ဆောင်နေတာဟာ ကိုယ့်ကိုယ်ကိုယ် လေးစားနေတာပဲ ဖြစ်ပါတယ်။ လောကမှာ ကိုယ့်ကိုယ်ကိုယ်တောင်မှ လေးစားမှုမရှိတဲ့သူကို ဘယ်သူကများလာပြီး လေးစားတော့မှာလဲ။

အများက လေးစားခြင်းခံနေရတဲ့သူတွေဟာ နာမည်ကောင်းရှိတဲ့သူတွေဘဲ မဟုတ်လား။ နာမည်ကောင်းရှိတဲ့သူတွေဟာ  မိမိကိုယ်ကိုယ် လေးစားတတ်ကြတယ်။ ကိုယ့်အလုပ်ကို သစ္စာရှိတတ်ကြတယ်။ ကိုယ့်လုပ်ငန်းကို ဖြောင့်မတ်တည်ကြည်စွာ သစ္စာရှိရှိ ကတိတည်တည် လုပ်တတ်တဲ့သူတွေဟာ ရေရှည်တည်တံ့တဲ့ နာမည်ကောင်းတစ်ခုကို ရတတ်စမြဲပါ။ ဒီလိုဖြစ်ဖို့ကတော့ ကိုယ်ကျင့် ပညာဟာအခရာ ဖြစ်ပါတယ်။

မွန်းကျပ်တယ်ဆိုတာ တကယ်တော့ စိတ်မလုံခြုံခြင်း၊ ဘဝမလုံခြုံခြင်းအတွက် တင်စားပြောကြတဲ့ စကားပဲ မဟုတ်လား။ ဘဝအကျဉ်းထောင်၊ စိတ်အကျဉ်းထောင်ထဲမှာ မလူးသာ မလွန့်သာ မွန်းကျပ်နေတဲ့ ဘဝက ဖောက်ထွက်ဖို့ စိတ်ဓာတ်ခွန်အားတွေကို ကျွန်တော်တို့ စုစည်းကြရပါမယ်။ ကျွန်တော်တို့ ဝန်းကျင်မှာ ကျွန်တော်တို့ရဲ့ ဘဝကို ပိုမိုကောင်းမွန်လာအောင် တွန်းအားပေးမယ့် အဝိုင်းအဝန်းတွေကို တည်ဆောက်ကြရမယ်။

တိုင်းပြည်နဲ့လူမျိုးအပေါ် ကောင်းစေလိုတဲ့ ပညာတတ်အုပ်စုတွေက ကောင်းမွန်တဲ့ အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရာမှာ ဦးဆောင်ပါဝင်ဖို့ လိုအပ်ပါတယ်။ အလားတူပဲ ကိုယ့်အမျိုးသား အကျိုးစီးပွားကို လိုလားတဲ့ ငွေကြေးချမ်းသာသူတွေကလည်း ပူးပေါင်းပါဝင်ဖို့ မလွဲမသွေ လိုအပ်ပါလိမ့်မယ်။

အရေးအကြီးဆုံးကတော့ ကိုယ့်ဘဝကို အရည်အသွေးရှိလာအောင် တည်ဆောက်ချင်တဲ့ လူငယ်ပိုင်း လူလတ်ပိုင်းတွေက မိမိတို့မှာ လိုအပ်နေတဲ့ ပညာတွေကို ဘဝမှာ တပ်ဆင်ဖို့ ဆန္ဒရှိနေဖို့ပါပဲ။

တစ်ဦးချင်းစီမှာ အရည်အချင်းရှိလာကြပြီဆိုရင် အဲဒီတိုင်းပြည် အဲဒီလူမျိုးဟာ မျက်နှာပန်းမလှဖို့အတွက် စိုးရိမ်ပူပန်နေစရာ မလိုတော့ပါဘူး။ ဆင်းရဲခြင်းရောဂါ နှိပ်စက်လို့ နာလန်မထ ဖြစ်နေတဲ့သူတွေအတွက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတစ်ခုကို မျိုးချစ်စိတ်အခြေခံနဲ့ တည်ဆောက်ကြပါစို့လား။

Most Read

Most Recent