ကျေးလက်ထန်းတော မြို့ပြထန်းတော

ကျေးလက်ထန်းတော မြို့ပြထန်းတော
Published 7 December 2017

ကျွန်တော်ငယ်စဉ်က အညာကျေးလက်ထန်းတောတွေထဲမှာ ပျော်ရွှင်စွာဆော့ကစား ပြေးလွှားခဲ့ဖူးပါတယ်။ ဖခင်အလုပ်တာဝန်နဲ့ အညာဒေသ ပခုက္ကူမြို့ကို တာဝန်ကျတော့ ဖခင်အမျိုးများရှိရာ ပညင်း၊ ပေကုန်း၊ ဖွတ်သိုဆိုတဲ့ ကျေးရွာလေးတွေနဲ့ ရေစကြိုမြို့ကို အလည်သွားခဲ့တယ်။ လမ်းခရီးမှာ ရွှေသမင်တွေအုပ်လိုက် ဧရာဝတီမြစ်ထဲ ရေသောက်ဆင်းလာတာကိုလည်း အဲဒီကာလက တွေ့ခဲ့ဖူးတယ်။ အဘိုးတွေရဲ့ရွာမှာ ကြည့်လေရာရာ ထန်းတောတွေချည်းပဲမို့ ထန်းတောတွေကြားမှာ မမောမပန်းပြေးလွှားရင်း ပျော်ခဲ့ဖူးတယ်။ ကစားလို့မောတဲ့အခါ ထန်းရည်ချိုချိုမွှေးမွှေးလေးကို ဦးလေးတွေကတိုက်တာ မမေ့နိုင်စရာပါ။ ကားလမ်းမနံဘေးက ထန်းရည်တဲလေးတွေမှာ ထန်းရည်ခါးနဲ့ ကြက်ကြော်၊ ပုတတ်ကင်လည်းရောင်းတယ်။ ကြက်ကြော်နဲ့ ပုတတ်ကင် ဝယ်စားရင် ထန်းရည်ကို စဉ့်အိုးထဲက အဝခပ်သောက်ရုံပဲလေ။

ထန်းပင်ဟာ ပေပင်၊ အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွံပင်တို့နဲ့ ရုက္ခဗေဒအရ မျိုးရိုးချင်းတူညီပါတယ်။ ထန်းပင်ဟာ စပါးပင်နဲ့လည်း မျိုးချင်းတူပါတယ်။ ထန်းရွက်နဲ့ ပေရွက်ဟာ လက်ဝါးပုံသဏ္ဌာန်ရှိပြီး အုန်းပင်၊ ကွမ်းသီးပင်၊ စွန်ပလွံပင်တို့ရဲ့ အရွက်ဟာ ငှက်မွေးပုံသဏ္ဌာန် ရှိပါတယ်။ ထန်းပင်ကို အောက်အရပ်ဒေသတွေမှာ ဘုန်းတော်ကြီးကျောင်းဝင်းထဲက ရေကန်ပေါင်တွေမှာ စိုက်ပျိုး လေ့ရှိပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့ကနေ လှမ်းကြည့်ရင် မန္တလေးတိုင်းထဲက ပုပ္ပားတောင်ကြီးကို လွမ်းမောဖွယ် မှုန်ပျပျလှမ်းမြင်ရတယ်။ ကျွန်တော်ငယ်စဉ်က ပခုက္ကူမြို့နဲ့ တစ်ဖက်ကမ်း လက်ပံခြေပေါ်ရွာဘက်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ဧရာဝတီမြစ်ဖြတ်ကူးတံတား မရှိသေးပါ။ အခုအခါမှာတော့ ၂ ဒသမ ၅၆ မိုင်ကျယ်ပြန့်တဲ့ ဧရာဝတီမြစ်ကြီးကို တံတားထိုးနိုင်ခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေးကွန်ရက်တွေ ကောင်းသွားလို့ သွားရေးလာရေးတွေ အဆင်ပြေလွယ်ကူနေပါပြီ။ အနယ်နယ်အရပ်ရပ်က ခရီးသည်တွေ ဘုရားဖူးသူတွေလည်း ပုဂံ၊ ညောင်ဦး၊ ပခုက္ကူမြို့ကို သက်သောင့်သက်သာကူးလူးသွားရင်း ရှေးဟောင်းဘုရားစေတီပုထိုးများကို ဖူးမြော်နိုင်ကြပါပြီ။

ကျောက်ပန်းတောင်းမြို့ကနေ ပုဂံညောင်ဦးကို ကားနဲ့ဖြတ်သွားတိုင်း ညို့ညို့မှိုင်းမှိုင်းနဲ့ များပြားလွန်းတဲ့ ထန်းတောတွေ နံဘေးက ဖြတ်သန်းသွားခဲ့ရတယ်။ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ထန်းပင်ပေါင်း သုံးသိန်းကျော်ရှိတယ်လို့ သိရပါတယ်။ ကားလမ်းမနံဘေးမှာ ထန်းရည်ချို၊ ထန်းရည်ခါးနဲ့ ထန်းလျက်ထွက်ကုန်တွေ ရောင်းချတဲ့ဆိုင်တွေ အများကြီးတွေ့မြင်နိုင်တယ်။

ထန်းရည်ခါးဟာ ဆီးအတွက်ကောင်းသလို ထန်းရည်ချိုက အစာကို ကျေညက်စေတယ်။ အညာဒေသက လူကြီးသူမများ ထမင်းစားပြီးတိုင်း သောက်သုံးလေ့ရှိသလို ဆရာတော်ကြီးများကလည်း ဆွမ်းဘုဉ်းပြီးတဲ့အခါ မှီဝဲလေ့ရှိတယ်။ ပိုင်ဆိုတဲ့ ထန်းရည်ထွက်ကုန်ဆိုင်လေးက နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတွေပါတဲ့ ကားတွေလည်း အမြဲရပ်နားနေကျ ဆိုင်လေးပါ။ ဧည့်သည်တွေလာရင် သရုပ်ပြတဲ့အနေနဲ့ ထန်းလုပ်သားတစ်ယောက်က ထန်းတက်လုပ်ငန်းခွင်ဝင်တဲ့ပုံသဏ္ဌာန် ထန်းပင်ပေါ်တက်ပြကြတယ်။ တချို့ ကမ္ဘာလှည့်ခရီးသွားတွေက ကိုယ်တိုင်အတွေ့အကြုံခံစားမှုမျိုး ရချင်လို့ ထန်းသမားလို ထန်းရည်အိုးတွေတွဲလောင်းနဲ့ ထန်းလှီးဓားကို ခါးမှာခါးပတ်နဲ့ပတ်ပြီး ရင်းထောင်ရင်း ဆွဲလှေကားနဲ့ ကိုယ်တိုင်တက်ကြည့်ကြတဲ့သူတွေလည်း ရှိတယ်။ အောက်က မော့ကြည့်နေတဲ့ မိသားစု၊ မိတ်ဆွေတွေက အားရဝမ်းသာ လက်ခုပ်တီးပြီး ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်လို့ ပျော်နေကြတာကိုလည်း တွေ့နိုင်တယ်။ အောက်ပြည်အောက်ရွာမှာ မတွေ့နိုင်တဲ့ နွားနဲ့ မြေပဲ၊ နှမ်းဆုံဆီကြိတ်တာကိုလည်း အညာဒေသရိုးရာယဉ်ကျေးမှု တစ်ရပ်အနေနဲ့ မြင်တွေ့နိုင်တယ်။ ခရီးသည်တွေကလည်း လည်နေတဲ့ တန်းပေါ်မှာ နွားမောင်းတဲ့ ကြိမ်တံကို ဟန်ပါပါကိုင်ရင်း စတိုင်အပြည့်နဲ့ ဓာတ်ပုံ၊ ဗီဒီယို အမှတ်တရ ရိုက်ကြတယ်။

ထန်းတဲထဲမှာ ထန်းပင်စည်နဲ့ လုပ်ထားတဲ့ ထန်းသားခုံလေးတွေ ထန်းသားစားပွဲတွေမှာ ရေနွေးကြမ်းပူပူလေးနဲ့ မြေပဲ၊ နှမ်း၊ ပေါက်ပေါက်ဆုပ်၊ ဆီးထန်းလျက်တွေကို မြည်းစမ်းစားနိုင်တယ်။ ပင်ကျထန်းရည်ချို ချိုတွေကို မြေစိုက်ဒယ်အိုးကြီးတွေထဲမှာ မီးနဲ့ကျိုရင်း ဆူပွက်လာပြီးနောက် ပျစ်ခဲလာတဲ့အခါ ပူပူနွေးနွေးထန်းလျက်ကို အလုံးလေးတွေဖြစ်အောင် အမြန်လုံးကြရသေးတယ်။

ထန်းလျက်ခဲကို ရေနဲ့စိမ်ပြီး အချဉ်ပေါက်လာတဲ့အခါ စိမ်ရည်ဖြစ်အောင်လုပ်ပြီး ထန်းလျက်အရက်ဖြူ ချက်ပြတာကိုလည်း ဗဟုသုတအဖြစ် မြင်တွေ့ရသေးတယ်။ ထန်းလျက်အရက်ကြိုက် နှစ်သက်သူတွေအတွက် မြည်းစမ်းကြည့်နိုင်တယ်။

ထန်းလျက်အရက်နဲ့ စိမ်ထားတဲ့ ဝံအူမြစ်၊ သက်ရင်းကြီး၊ တောရှောက်မြစ် တိုင်းရင်းဆေးဟာ သက်ကြီးရွယ်အိုတွေ၊ ခါးနာဒူးနာသူတွေအတွက် ဆေးစွမ်းကောင်းတစ်လက်။ လူတွေလည်း ကြိုက်နှစ်သက်ကြတယ်။ အိမ်ပြန်လက်ဆောင်နဲ့ မိတ်ဆွေတွေအတွက် ထန်းထွက်ကုန်တွေ မမေ့မလျော့ဝယ်ကြတယ်။ နိုင်ငံခြားသား ဧည့်သည်တွေကိုလည်း သူတို့နဲ့အတူပါလာတဲ့ ဧည့်လမ်းညွှန်တွေက သေသေချာချာ ရှင်းပြတာလည်း မြင်နိုင်တယ်။ ထန်းဖူးနဲ့လုပ်ထားတဲ့ လက်မှုပညာ ထန်းဖူးဦးထုပ်နဲ့ အရုပ်ကလေးတွေကလည်း ချစ်စဖွယ် မြန်မာ့ရိုးရာကစားစရာလေးတွေအဖြစ် တွေ့ရတယ်။

ထန်းပင်တစ်ပင်လုံးဟာ အမြစ်ကနေပင်စည်၊ အခက်အလက်၊ အရွက်၊ အသီး အညှာ၊ အရည်အားလုံးဟာ အသုံးဝင်လှပါတယ်။ ထန်းရည်ချိုကနေ ထန်းလျက်ချက်တဲ့အခါ ပထမဆုံးရရှိလာတဲ့ သကာရည်နဲ့ ပျားရည်၊ ထောပတ်၊ နှမ်းဆီတို့ကို ညီတူညီမျှ ရောစပ်ပြီး စဉ့်ဇလုံ သို့မဟုတ် ကြွေဇလုံထဲမှာထည့်ပြီး နေရောင်ခြည်နဲ့ သုံးလေးရက်နေပြပြီး မွှေပေးရင် ‘စတုမဓု’ ဆိုတာ ရရှိပါတယ်။ ‘စတုမဓု’  ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဖော်စပ်တဲ့ လေးပါးသြသဓဆေးတစ်ပါး ဖြစ်ပါတယ်။ နာလန်ထလူနာတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေကို ကျွေးနိုင်သလို ရဟန်းသံဃာတွေကိုလည်း ညနေချမ်းနဲ့ ညချမ်းအခါမှာ ဘုဉ်းပေးသုံးဆောင်နိုင်တဲ့ အာဟာရပြည့်ဝတဲ့ စားစရာ တိုင်းရင်းဆေးတစ်ပါး ဖြစ်ပါတယ်။

တုရွင်းတောင်တန်းကြီးရှိတဲ့ ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းတစ်လျှောက် လေအနှော့မှာ ယိမ်းကသလို စိမ်းစိုနေတဲ့ ထန်းရွက်တွေ၊ ထန်းလက်တွေ၊ ထန်းနို့ခိုင်တွေမှာ နံနက်ပိုင်းနဲ့ ညနေပိုင်းမှာ ချိတ်ဆွဲထားတဲ့ ထန်းရည်ခံမြူအိုးတွေ အစီအရီနဲ့ ထန်းတက်သမားတွေ ထန်းနို့လှီးပြီး ထန်းရေခံနေတာကို မြင်တွေ့နိုင်ပါသေးတယ်။ နှစ်ပေါင်းထောင်ချီ တည်ရှိနေတဲ့ မူလအုတ်အရောင် နီစွေးစွေး ထုံးဖြူဖြူဖွေးဖွေးနဲ့ ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်ကြည်ညိုဖွယ်ရာ ပုဂံရှေးဟောင်းဘုရားစေတီပုထိုးတွေကို တည်ဆောက်ရာမှာ ထန်းပင်က ထွက်ကုန်ဖြစ်တဲ့ သကာရည် (တင်လဲ)၊ ကျွဲကော်၊ အုံတုံ၊ ဝါဂွမ်း၊ ထုံး၊ သဲ၊ ရေတို့ကို အချိုးကျဖော်စပ်ထားတဲ့ မြန်မာ့ရိုးရာ အင်္ဂတေနဲ့တည်ဆောက်ခဲ့တာ နှစ်ပေါင်းထောင်ချီ ခိုင်ခံ့တည်မြဲနေတာကို နိုင်ငံတကာဗိသုကာပညာရှင်တွေက အံ့သြငေးမောခဲ့ကြရတယ်။ ပန်းရန်၊ ပန်းတော့ ၊ ပန်းတမော့ပညာရှင်တို့ တည်ဆောက်ခဲ့တဲ့ လက်ရာတွေဟာ အံ့သြချီးကျူးမကုန်နိုင်အောင် ဂုဏ်ယူစွာ ငေးမောဖူးမြော်ခဲ့ရတယ်။

ထန်းပင်တစ်ပင်လုံးဟာ လူသားများအတွက် အသုံးဝင်လှပါတယ်။ ထန်းသီးဆန်တွေကို သဲကျင်းတူး မြေကြီးထဲမှာ မြှုပ်ထားရင် ထန်းပင်မြစ်ကို ရနိုင်ပါတယ်။ ထန်းပင်မြစ်ကို မြန်မာ့ရိုးရာ အစားအစာအဖြစ် မီးဖုတ်စားနိုင်သလို ပြုတ်ပြီးစားလို့လည်း ရပါတယ်။ ခါးသက်သက်လေးနဲ့ ဆိမ့်တဲ့အရသာရှိလို့ ဗမာလူမျိုးတွေ ရိုးရာအစားအစာအဖြစ် ကြိုက်နှစ်သက်စွာ စားသုံးကြတယ်။  ထန်းသီးဆန် နုနုလေးတွေကိုစားရင် ကျောက်ကျောလေးစားရသလို ချိုချိုလေးမို့ ကြိုက်ကြတယ်။ ထန်းသီးမှည့်ဝါဝါလေးတွေကို ဆန်ခါနဲ့တိုက်ပြီး ဆန်မှုန့်နှစ်ကိုကြိတ်ပြီး သကြားနဲ့ရောနယ်ကာ ရေနွေးနွေးနဲ့ ပေါင်းလိုက်ရင် ထန်းသီးမုန့် မွှေးမွှေးဝါဝါလေးတွေ ရပါတယ်။ အုန်းသီးနုနု နိုင်းချင်းဖြူးစားရတာ အရသာသိပ်ရှိတာပါပဲ။ ထန်းသီးရနံ့လေး သင်းသင်းမွှေးလို့ အညာသူအဘွား ထန်းသီးမုန့် လုပ်ကျွေးတာကို သတိရရင်း လွမ်းမိတယ်။ ထန်းပင်တွေ သိန်းချီပေါက်ရောက်နေတဲ့ ကျောက်ပန်းတောင်းနယ် ပုဂံ၊ ညောင်ဦးကို အကြိမ်ကြိမ်အခါခါ ရောက်ခဲ့ပေမဲ့ တစ်ခါမှမတွေ့လို့  မစားဖြစ်ခဲ့ဘူး။ ပုဂံမြို့မြစ်ကမ်းနံဘေးက  Old Bagan ဟိုတယ်မှာတော့ နိုင်ငံခြားသားခရီးသွားတွေကို မြန်မာ့ရိုးရာမုန့်အဖြစ် ဧည့်ခံတာကိုတော့ တွေ့ဖူးတယ်။ ထန်းသီးမုန့် ကောင်းကောင်းကို ရောင်းတာက ဧရာဝတီတိုင်း ဒေးဒရဲမြို့မှာ တွေ့နိုင်ပါတယ်။

ထန်းရွက်ကို အိမ်အမိုးအကာအဖြစ် အသုံးပြုသလို မြူအိုးတွေကို အချဉ်မပေါက်အောင် အိုးအတွင်းအပြင်ကို ထန်းရွက်တွေနဲ့ မီးမြိုက်ပေးကြရတယ်။ ထန်းလက်ကို လက်မှုပညာတစ်ရပ်အဖြစ် ထန်းကြောဖျာ၊ ထန်းလက်ကုလားထိုင်လုပ်ပြီး အိမ်အတွက် သုံးသလို စီးပွားဖြစ်လည်း ပြုလုပ်ရောင်းချကြတယ်။ ထန်းသားကုလားထိုင်ဟာ ခါးနာသူများအတွက် ကျန်းမာရေးနဲ့ညီညွတ်ကြောင်း သိရပါတယ်။ ထန်းလက်အကြောကို ထန်းခေါက်တောင်း (ဖာ)၊ ထန်းသီးနုနုလေးတွေကို နွားစာအဖြစ် သကာရည်နယ်ပြီး ကျွေးတာ နွားတွေအာဟာရဖြစ်ကြောင်းလည်း သိရတယ်။ ထန်းပင်စည်ကိုတော့ ခွဲစိတ်ပြီး အိမ်တိုင်၊ ထုပ်တန်း၊ ယက်မအဖြစ် သုံးကြပြီး နှစ်ကြာလေ ထန်းသားမာကျောလေမို့ နှစ်များစွာ ခံတယ်လို့ ပြောကြပါတယ်။ ထန်းပင်စည်အောက်ခြေပိုင်းကို မြေကြီးထဲမှာ မြုပ်နေတဲ့ အောက်ခြေပိုင်းပါအောင်တူးပြီး နံဘေးမှ အခက်အလက်များကို ဓား၊ ပုဆိန်နဲ့ အချောသပ်ကာ ရွေပေါ်ထိုး ပေါ်လစ်တိုက်ပြီး ပန်းအိုးအဖြစ်၊ စားပွဲကုလားထိုင်အဖြစ် ပြုလုပ်ကာ ဟိုတယ်တွေ၊ ပန်းခြံတွေမှာ အသုံးပြုကြပြီး နိုင်ငံခြားကိုလည်း တင်ပို့ကြောင်း သိရတယ်။

ရန်ကုန်မြို့ကြီးရဲ့ မြို့လယ်ကောင်ကား လမ်းမလမ်းလယ် ကျွန်းတွေမှာလည်း စိမ်းစိမ်းစိုစိုနဲ့ လန်းဆန်းနေတဲ့ မြို့ပြထန်းတောလေးကိုလည်း တွေ့နိုင်ပါသေးတယ်။ ၂၀၀၂ ခုနှစ်မှာ မြို့တော်ဝန် ဦးကိုလေးလက်ထက်က တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမ ကားလမ်းအလယ်မှာ ထန်းပင်တွေကို စတင်စိုက်ပျိုးခဲ့ပါတယ်လို့ စည်ပင်သာယာရေး၊ ပန်းဥယျာဉ်ဌာန လက်ထောက်ဌာနမှူး ဦးဝင်းထိန်က ပြောပြပါတယ်။ စီမံချက်ကတော့ ဝေဇယန္တာလမ်းမကို ဒုတိယဦးဝိစာရလမ်းလို ဖြစ်အောင် ကားလမ်းမအလယ်မှာ စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေစိုက်ဖို့ပါပဲ။ ပထမကတော့ ရေတမာပင်တွေ စိုက်ခဲ့ပြီး နောက်တော့ ရေတမာပင်တွေကြားမှာ ခရေပင်တွေကို စိုက်ခဲ့ပါတယ်။ အပင်တွေကျဲနေလို့ နောက်တော့လည်း ဘာကြောင့်မှန်းမသိဘဲ ထန်းပင်တွေကို အဲဒီအပင်တွေကြားမှာ စိုက်ခိုင်းခဲ့တယ်။ အဲဒီအချိန်က ထန်းပင်တစ်ပင် စိုက်ဖို့ဆိုတာ ပုဂ္ဂလိကဥယျာဉ်လုပ်ငန်း လုပ်ကိုင်နေသူတွေက ၁၀ နှစ်သားအရွယ် ထန်းပင်တစ်ပင်ကို ကျပ်သုံးသိန်းခွဲကနေ ကျပ် ၁၀ သိန်းအထိ တောင်းကြတယ်။  ဒါကြောင့် မှော်ဘီ၊ တိုက်ကြီး၊ ဥတိုဥယျာဉ်အနီး ရွာတွေက ထန်းသီးဆန်တွေ၊ ရေနံချောင်းဘက်က ထန်းသီးဆန်တွေကိုဝယ်ပြီး တာဝန်ယူစိုက်ပျိုးခဲ့ပါတယ်။ ထန်းသီးဆန်တွေကို မှောက်လျက်၊ ပက်လက်၊ ဘေးတိုက်အနေအထားတွေနဲ့ စိုက်ပျိုးခဲ့ပါတယ်။ မှောက်လျက်စိုက်တာ အပင်ဖြစ်ထွန်းမှု အကောင်းဆုံးပါပဲ။

အဲဒီလိုထန်းပင်တွေကို ကားလမ်းမ အလယ်မှာစိုက်တာ မြို့ပြဒေသကို စိမ်းလန်းစိုပြေ လှပသာယာစေတယ်။  မော်တော်ကားတွေက ထွက်လာတဲ့ မီးခိုးငွေ့ထဲက ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ကာဗွန်မိုနောက်ဆိုက်တွေကို စုပ်ယူစေတယ်။ သစ်ရွက်တွေမကြွေလို့ အမှိုက်လည်းမရှုပ်ဘူး။ တကူးတက ယုယစရာလည်း မလိုဘူး။

ဆီးဒိုနားဟိုတယ်၊ ပါ့ခ်ရွိုင်ရယ်ဟိုတယ်နဲ့ ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်း၊ ကန်တော်ကြီးဘေးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ ဦးဝိစာရလမ်း၊ ဝေဇယန္တာလမ်းမကြီးစတဲ့ လမ်းမကျယ်ကြီးတွေမှာ စီတန်းနေတဲ့မြို့ပြ ထန်းတောကြီးတွေကို အံ့သြဖွယ် မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

Most Read

Most Recent