မင်္ဂလာရှိပါစေ မြန်မာပြေ (ပြည်)

မင်္ဂလာရှိပါစေ မြန်မာပြေ (ပြည်)
Published 6 December 2017

လူထုငြိမ်းချမ်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်ကိုးမြို့နယ်တွင် ပြုလုပ်လျက်ရှိပြီး လူငယ်များ ပါဝင်ဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)

ဒီဇင်ဘာ ၁ ရက် နံနက် Facebook ဖွင့်လိုက်တာနှင့် မက်ဆင်ဂျာတွင် Happy Sweet December to you. စာကို တွေ့ရပါသည်။ Friend တွေ အချင်းချင်း ပို့နေကြဟန် တူပါသည်။

“မင်္ဂလာရှိတဲ့ စကား၊ မင်္ဂလာရှိတဲ့ အသံ၊ မင်္ဂလာရှိတဲ့ သတင်း၊ မင်္ဂလာရှိတဲ့ အရပ်” စသဖြင့် မင်္ဂလာကို လူသားတိုင်း၊ လူမျိုးတိုင်းကြားလို၊ မြင်လိုကြ၏။ မြန်မာတို့သည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံခိုက် ‘မင်္ဂလာပါ’ ဟု အပြန်အလှန် နှုတ်ဆက်လေ့ရှိကြ၏။

နံနက်အိပ်ရာထ ငူငူငိုင်ထိုင်နေတာ၊ လမ်းဘက်ကျောပေးပြီး အိမ်ကိုနောက်ပြန်ထိုင်နေတာ၊ ဆံပင်ဖားလျားချထားတာမျိုး တွေ့ရင် “အဲလိုမနေရဘူး၊ ကျက်သရေမရှိဘူး” ဟု လူကြီးသူမတွေက ဆုံးမတတ်ကြ၏။ မင်္ဂလာကို ကျက်သရေနှင့်တွဲလျက် ပြောဆိုလေ့ရှိကြသည်။ မင်္ဂလာကျက်သရေရှိတာကို လူတိုင်းတောင့်တ မျှော်လင့်ကြပါသည်။

သို့ပေမဲ့ သတင်းစာ၊ Facebook တို့မှာတော့ လူသတ်မှု၊ ခိုးမှု၊ မုဒိမ်းမှု၊ ယာဉ်မတော်တဆမှု၊ ငွေကြေးပေါင်းများစွာ လိမ်လည်မှု၊ စစ်ပွဲများ၊ မူယစ်ဆေးများစွာ ဖမ်းဆီးရမိခြင်းများ စသဖြင့် ကျက်သရေမရှိသည့် အမင်္ဂလာသတင်းတွေကိုသာ နေ့စဉ်လိုလို တွေ့နေရ၊ ဖတ်နေရပါသည်။

မင်္ဂလာဆိုသည်မှာ နိုင်ငံနှင့် လူမျိုးကို ကောင်းကျိုးချမ်းသာကို ဖြစ်စေတတ်သော ကျင့်စဉ်ဖြစ်၍ နှုတ်ဆောင်၊ သရုပ်ဆောင် မင်္ဂလာမှသည် နေ့စဉ်လူနေမှုဘဝ၌ အမြဲကျင့်သုံးသော မင်္ဂလာအစစ်ဖြစ်ရန် လိုအပ်သည်ကို စာလိုက်သံဃာများအား စာဝါပို့ချရင်း ပြောဖြစ်ပါသည်။

စာချဘုန်းကြီးများသည် စာလိုက်သံဃာအား ပိဋကတ်စာပေ ပို့ချရင်း ဘုရားရှင်နှင့် ရှေးမထေရ်မြတ်တို့၏ အဆုံးအမများ၊ ဆက်နွှယ်ရာ ဒေသနာများနှင့် ခေတ်ကာလအလိုက် ဖြစ်ပေါ်နေသော အကြောင်းအရာများကို ပရိယတ္တိဗဟုသုတရှိရန်၊ လိမ္မာရေးခြားရှိရန်၊ စဉ်းစားဆင်ခြင် အမြင်ကျယ်စေရန် တတ်စွမ်းနိုင်သမျှ ပြောဆိုဆုံးမလေ့ရှိကြ၏။

စာသင်သားသံဃာအများစုသည် ကျေးလက်ဒေသများမှ ငယ်စဉ်ကပင် ကိုရင်ဝတ် လာကြသူများဖြစ်ကြ၍ စိတ်ကောင်း၊ စာတတ်၊ အကျင့်မြတ်နှင့် ဝိနည်းစည်းကမ်းလေးစား လိုက်နာဖို့ကို စာချရင်း၊ သြဝါဒပေးခြင်းဖြင့်သာ အရည်အသွေးကို မြှင့်တင်ပေးကြရပါသည်။

ဆရာကောင်းထံ နည်းနာခံလျက် နေထိုင်ခဲ့ကြသူများ၊ ကြီးခဲ့ရသူများသာ ယဉ်ကျေးလိမ္မာခြင်း၊ ပညာတတ်ခြင်း၊ စရိုက်ကောင်းခြင်း၊ အများနှင့် လိုက်လျောညီထွေ နေထိုင်တတ်ခြင်းတို့ကို ရနိုင်၏။ ရှေးမင်းတို့သည် သားများကို ဒိသာပါမောက္ခထံ ပညာသင် စေလွှတ်ခြင်းသည် ထိုအကျိုးကိုမျှော်ကိုး၍ စေလွှတ်ကြခြင်းဖြစ်၏။

ယနေ့ မြန်မာနိုင်ငံတော်၌ ထင်ရှား ကျော်ကြားတော်မူသော ဆရာတော်ကြီး အများစုသည် စာသင်တိုက်များတွင် စာသင်ခဲ့ကြသူများသာဖြစ်ကြ၏။ ကျေးလက်ငယ် ဆရာဘုန်းတော်ကြီးများကလည်း ပိဋကတ်ကျမ်းစာ တတ်မြောက်စေရုံမျှမက မိမိတပည့်များ သာသနာတော်၌မြဲပြီး ထွန်းထွန်းပေါက်ပေါက်ရှိရန် မြို့စာသင်တိုက်များသို့ ပို့ဆောင်ပေးကြ၏။ မြန်မာပြည်သာသနာသည် ထိုစနစ်ဖြင့် ခရီးရှည်ဆက်နေခြင်း ဖြစ်ပါသည်။

မင်္ဂလသုတ်

လောကသားတို့၏ ကြီးပွားတိုးတက်ကြောင်းကို ပြဆိုသော၊ အကောင်းမြတ်ဆုံးသော မင်္ဂလာကို နတ်ဗြဟ္မာတို့သည် ၁၂ နှစ်တိုင်တိုင် ကြံစည်ကြ၏။ အဖြေမှန်မရနိုင်ကြ၍ ဘုရားရှင်ထံ လာရောက်လျှောက်ထားကြ၏။ ဘုရားရှင်က လောကသားတို့ ကြီးပွားတိုးတက် ချမ်းသာဖို့ရာ အကောင်းမြတ်ဆုံးသော ၃၈ ဖြာ မင်္ဂလာကို မင်္ဂလသုတ်အမည်ဖြင့် ဟောကြားတော်မူပါသည်။

(၁) ပထမဆုံးမင်္ဂလာ- လူမိုက်တို့ကို ရှောင်ဖယ်ခြင်း၊ နေရာမပေးခြင်း၊ မဆည်းကပ်ခြင်း။ (၂) ဒုတိယမင်္ဂလာ-လူလိမ္မာ ပညာတတ်တို့ကို အလေးထားခြင်း၊ နေရာပေးခြင်း၊ ဆည်းကပ်ခြင်း။ (၃) တတိယမင်္ဂလာ- ပူဇော်ထိုက်၊ ချီးမြှောက်ထိုက်သူကို နေရာပေးချီးမြှောက်ခြင်း၊ အလေးထားခြင်း။

ဘုရားမြတ်စွာသည် သင်္ချာဖြင့် ဟောရာ၌ အဓိကကျသောတရားကို ပထမဦးစားပေး ဟောကြားတော်မူလေ့ရှိ၏။ မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိမဂ္ဂင်ကို အစဦးစွာထားလျက် ဟောကြားတော်မူ၏။ အသိအမြင်မှန်ပါမှ အတွေးမှန်၊ အပြောမှန်၊ အပြုမှန်၊ အသက်မွေးမှန်၊ အားထုတ်မှန်၊ သတိမှန်၊ စိတ်ထားမှန်မည်ဖြစ်၏။ ရထားခေါင်းတွဲနှင့်တူသော သမ္မာဒိဋ္ဌိ ဆွဲခေါ်ပါမှ နောက်တွဲ မဂ္ဂင်ခုနစ်ပါးတို့ လိုက်ပါနိုင်၏။ အလားတူ ဤမင်္ဂလာသုံးပါးမရှိက အခြား ၃၅ ပါးသော မင်္ဂလာတို့ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိ။ ထို့ကြောင့် ဤမင်္ဂလာတို့ကို ဦးစွာပထမ ဟောတော်မူခြင်းဖြစ်၏။

လူမိုက်တို့ ကြီးစိုးသော၊ ပညာတတ်တို့ကို မျက်ကွယ်ပြုသော၊ ချီးမွမ်းအလေးထားခြင်းငှာ ထိုက်သူတို့ကို ချောင်ထိုးပစ်ပယ်သော နိုင်ငံနှင့် လူမျိုးတို့သည် မည်သို့မျှ တိုးတက်၊ ကြီးပွား၊ ချမ်းသာလာစရာ အကြောင်းမရှိ။

လူမိုက်တို့သည် ပစ္စုပ္ပန်ကောင်းကျိုး၊ သံသရာကောင်းကျိုး၊ အတ္တပရကောင်းကျိုး၊ နိုင်ငံနှင့် လူမျိုးကောင်းကျိုးတို့ကို ဖြတ်တောက်ပစ်သူ၊ အကျိုးမဲ့သည့်အရာတို့ကိုသာ လက်ခံကျင့်သုံးနေသူဖြစ်၏။

မကောင်းတာကို ပြုလုပ်ကြ၏။ မကောင်းသောစကားကို ပြောဆိုကြ၏။ မကောင်းသော အကြံကိုသာ စိတ်ကူးနေတတ်ကြ၏။ နည်းလမ်းမှားတွေကို နည်းလမ်းမှန်ဟု ထင်မှတ်ကြ၏။ နည်းလမ်းမှားတွေအတိုင်း လုပ်ဆောင်ကြ၏။

အခြားသူတို့ကိုလည်း နည်းလမ်းမှားတွေကိုသာ လုပ်ဆောင်စေ၏။ “အဲဒီနည်းလမ်း မှားနေတယ်” ဟု ပြောသူကို မကြိုက်။ စသဖြင့် လူမိုက်လက္ခဏာတို့ကို ပိဋကတ်တော်တွင် များစွာပြဆို၏။

မင်္ဂလသုတ်တွင် ဖော်ပြပါ မင်္ဂလာတို့နှင့် ပြည့်စုံသူတို့ကို ‘လူလိမ္မာပညာတတ်’ ဟု ဆိုနိုင်ပါသည်။

ဗဟုသုစ္စ-ကြားမြင်အသိ များစွာရှိခြင်း။ သိပ္ပသုသိက္ခိတ-ခေတ်ကာလအလိုက် တတ်မြောက်ထိုက်သော အတတ်ပညာတို့ကို တတ်မြောက်ခြင်း ဤမင်္ဂလာနှစ်ပါး ပြည့်စုံရုံမျှဖြင့် ဘဝရပ်တည်၍ရနိုင်၏။

လက်ပတ်နာရီပျက်၍ နာရီပြင်ဆရာကို ပြသော် ဝက်အူလေးကို ကျပ်ပေးပြီး ကျပ် ၅၀၀ တောင်း၏။ “ခင်ဗျားဝက်အူလေး ကျပ်ရုံနဲ့ ၅၀၀ ကြီးတောင်းရသလား”

“ဝက်အူကျပ်ပေးတာက အခမဲ့ပါ။ ဝက်အူလေးချောင်နေတာကို သိတဲ့ပညာအတွက် တောင်းတာပါ” တဲ့။

ဝိနယသုသိက္ခိတ-ကိုယ်နှုတ်နှလုံးသုံးပါးလုံး ယဉ်ကျေးခြင်း၊ အတ္တသမာပဏီဓိ-မိမိစိတ်ကို ကောင်းသည့်ဘက်မှာ ထားနိုင်ခြင်း။ သုဘာသိတဝါစာ-မှန်သောစကား၊ အကျိုးရှိသောစကားကို ပြောသင့်ချိန်၌သာ အခြားသူများ နားဝင်ချိုအောင် ပြောဆိုခြင်း။ မာတာပိတ ဥပဋ္ဌာန-မိဘတို့ကို လုပ်ကျွေးပြုစုခြင်း။ ပုတ္တဒါရဿ သင်္ဂဟ-မိသားစုကို စောင့်ရှောက်ခြင်း။ အနကုလာစ ကမ္မန္တ-ရှုပ်ရှုပ်ထွေးထွေး ကောက်ကောက်ကျစ်ကျစ် သက်မွေးမှုကို မပြုတတ်ခြင်း၊ ဒါန-မိမိပိုင်ဆိုင်ခြင်းကို ပရဟိတစိတ်ထားဖြင့် လောကသားတို့ ကောင်းကျိုးအတွက် စွန့်လှူခြင်း။ ဓမ္မစရိယာ-တရားနှင့်အညီသာ ကျင့်ကြံနေထိုင်ခြင်း။ ဉာတကာနဉ္စ သင်္ဂဟ-မျိုးနွယ်တို့ကို စောင့်ရှောက်တတ်သော ဝံသာနုရက္ခိတစိတ် အပြည့်ရှိခြင်း။ အနဝဇ္ဇာနိကမ္မာနိ-သတ်ခြင်း၊ ခိုးခြင်း စသည်ကိုမပြု၊ ကိစ္စတိုင်းကို အပြစ်ကင်းစွာ လုပ်ဆောင်တတ်ခြင်း၊ အာရတိဝိရတိ ပါပါ-မကောင်မှုမှန်သမျှ အလျဉ်းရှောင်ကြဉ်ခြင်း။ မဇ္ဇပါန သံယမ-အရက် မူးယစ်ဆေးဝါး သောက်စားမှီဝဲခြင်းမှ လုံးဝကင်းရှင်းခြင်း။ အပ္ပမ္လာ ဓမ္မေသု- ကုသိုလ်တရားတို့၌ မေ့မေ့လျော့လျော့ မရှိခြင်း၊ ဂါရ၀ နိဝါတ-မိမိကိုယ်ကိုယ်နှိမ့်ချ၍ ရိုသေလေးစားထိုက်သူတို့ကို ရိုသေလေးစားရခြင်း၊ သန္တုဋ္ဌီ-တင်းတိမ်ရောင့်ရဲခြင်း၊ ကတညုတာ-ကျေးဇူးတရားကိုသိခြင်း၊ ကာလေန ဓမ္မဿဝန သင့်တော်ရာ အချိန်၌ သူတော်ကောင်းတရား ကြားနာခြင်း၊ ခန္တီ-သည်းခံခြင်း၊ သောဝစဿတာ-ပြောဆိုရလွယ်ကူခြင်း၊ သမဏာနဉ္စ ဒဿန-ကိလေသာ ခပ်သိမ်းအပူငြိမ်းအောင် ကျင့်နေသူတို့ကို ဖူးတွေ့ခြင်း၊ ကာလေန ဓမ္မသာကစ္ဆ-ဓမ္မကို ဆွေးနွေးနိုင်ခြင်း-ဤမင်္ဂလာများနှင့် ပြည့်စုံသူသည် ‘လူလိမ္မာပညာတတ်’ ဟု ဆိုနိုင်သကဲ့သို့ ထိုမင်္ဂလာတို့နှင့် ကင်းကွာသူကို ဗာလ-ဟူ၍ သတ်မှတ်ရပါမည်။

ပူဇော်ထိုက်သူ

ပြည့်တံခွန်ဖြစ်သော စေတီပုထိုးများ၊ ပြည့်မျက်လုံး၊ ပြည့်ဦးကင်းဖြစ်ကြသော ဂုဏဝုဒိ၊ ဝယဝုဒိပုဂ္ဂိုလ်များသည် ပူဇော်ထိုက်သူများဖြစ်ကြ၏။ ဒီ့ပြင် ဤမင်္ဂလသုတ်တော်တွင် တပေါ-အကျင့်ကောင်းခြင်း၊ ဗြဟ္မစရိယ- အကျင့်မြတ်ကိုကျင့်ခြင်း၊ အရိယသစ္စာန ဒဿန-အမှန်တရားကို ဉာဏ်ဖြင့်ဆိုက်ရောက် သိမြင်ခြင်း၊ နိဗ္ဗာန သစ္ဆိကရိယာ-ဒုက္ခတို့ငြိမ်းအေးရာ၊ ဘဝခပ်သိမ်းချုပ်ငြိမ်းရာသို့ မျက်မှောက်ပြုနိုင်ခြင်း၊ ကောင်းဆိုးနှစ်တန် လောကဓံကြောင့် နကမ္ပတိ-မတုန်လှုပ်ခြင်း။ အသောက-ပူပန်ပန်မှုမရှိခြင်း၊ ဝိရဇ-အရာခပ်သိမ်းတို့၌ မမက်မောခြင်း။ ခေမံ-ဘေးရန်ခပ်သိမ်း အားလုံးငြိမ်းချမ်းခြင်း-ဤမင်္ဂလာများနှင့်ပြည့်စုံသူများသည် လောကမှ လွန်မြောက်ကြသူများ ဖြစ်ကြ၏။ ယင်းပုဂ္ဂိုလ်များသည်လည်း ပူဇော်ရမည့်သူများ ဖြစ်ကြပါသည်။ ဤသို့ မင်္ဂလာများနှင့် ပြည်စုံသူတို့၏ နေရာအရပ်သည် ပဋိရူပဒေသ-နေချင့်စဖွယ်ကောင်းသောဒေသ၊ တိုင်းနိုင်ငံဖြစ်ခြင်း၊ ပုဗ္ဗေစ ကတပုညတာ-ယခုရော နောင်ပါ စင်ကြယ်ကြောင်းကောင်းမှုတို့ပြုခြင်း မင်္ဂလာများလည်း ပြည့်စုံတော့၏။

မင်္ဂလာများနှင့် ကုံလုံပြည့်စုံပါက အတ္တကြီးသူ၊ ကိုယ်ကျိုးစီးပွားသာ ကြည့်တတ်သူမဖြစ်ဘဲ နိုင်ငံနှင့် လူမျိုးကောင်းကျိုးကို စိတ်ကောင်းရှိစွာဖြင့် ဆောင်ရွက်နိုင်သူဖြစ်၍ ထိုသူများဖြင့် နိုင်ငံကို တည်ဆောက်ကြရပါမည်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ မိသားစုတစ်စုသည် မင်္ဂလသုတ်လာ မင်္ဂလာတို့ကို ပြည့်ပြည့်၀၀ဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ဖြည့်ဆည်းကျင့်သုံးနိုင်ပါလျှင် ထိုနိုင်ငံ၊ ထိုလူမျိုး၊ ထိုမိသားစုတို့ ကြီးပွားတိုးတက်၊ ချမ်းသာမည်မှာ ဧကန်ဖြစ်၏။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်တို့၏ နှလုံးသားထဲသို့ မင်္ဂလာတရားများ အမှန်ကိန်းအောင် လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရပါမည်။

အနာဂတ်နိုင်ငံတော်ကို ထုဆစ်ကြမည့် လူငယ်မောင်မယ်တို့သည် ပညာပြည့်ဝနှလုံးလှသူများဖြစ်ဖို့ဆိုလျှင် မင်္ဂလာတရားတို့ကို ကျေညက်ဖို့၊ ပြည့်စုံဖို့ အမှန်လိုအပ်၏။ သို့မှသာ ရာဇဝတ်မှုကင်းစင်ပြီး နေချင့်စဖွယ်ကောင်းသော၊ မင်္ဂလာအပြည့်ရှိသော မြန်မာပြည်ကြီးဖြစ်နိုင်သည်ကို ၂၀၁၈ နှစ်သစ်အကြိုအဖြစ် ရေးသားလိုက်ရပါသည်။

Most Read

Most Recent