<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ရုပ်ရှင်ရုံကြီး

ငါတို့ရွာ၏ မြောက်ဘက်တွင် ရုပ်ရှင်ရုံကြီးတစ်ရုံ ရှိသည်။ ရုပ်ရှင်ရုံကြီး တစ်ရုံရှိသည်ဟူသော ပြည့်စုံမှုကို ဘာနှင့်မျှ မလဲနိုင်ပါပေ။ ညနေတိုင်ပြီဆိုလျှင် အနီးအနားရွာများမှ လူတို့သည် ငါတို့ရွာသို့ ရုပ်ရှင်ကြည့်ရန် ရောက်ရှိလာကြစမြဲ။ ငါသည် ရုပ်ရှင်ရုံကြီး၏ ပထ၀ီ အနေအထားနှင့် ကောင်းစွာ ရင်းနှီးသည်။ ရုပ်ရှင်ရုံကြီးသို့လည်း မကြာခဏ ရောက်ဖူးသည်။ ရုပ်ရှင်ရုံကြီးကို ကြီးမားကျယ်ဝန်းသော မြေကွက်လပ်ကြီးထဲ၌ တည်ဆောက်ထားပေသည်။ ရုပ်ရှင်ရုံကြီးရှေ့တွင် ရေကန်ကြီး တစ်ကန်ရှိပြီး ကန်ပေါင်ပေါ်တွင် အရိပ်ရပင်များ စိုက်ပျိုးထားသည်။ နွေနေ့လယ်ခင်းများတွင် ထိုအပင်များပေါ်၌ ရွှေပိုးကောင်များ ပျံဝဲလျက်ရှိကြသည်။ ငါနှင့် မောင်ထူးသည် ထိုရွှေပိုးကောင်များကို လိုက်ဖမ်း၍ ဖန်ပုလင်း အလွတ်ထဲထည့်ကာ သယ်ယူလာတတ်ကြ၏။ ရေကန်ကြီး၏ တစ်ဘက်တစ်ချက်စီတွင် ရုပ်ရှင်ရုံကြီးသို့ ၀င်သော အပေါက်နှစ်ပေါက်ရှိသည်။ တကယ်တမ်းတွင်မူ ၀င်ပေါက်နှင့် ထွက်ပေါက် ဖြစ်ဟန်တူပါသည်။ သို့ရာတွင် လူတို့သည် ၀င်ချင်သလို ၀င်ထွက်ချင်သလို ထွက်ကြကုန်၏။

ရုပ်ရှင်ရုံကြီး၏ ၀င်ပေါက်များရှေ့တွင် နက်မှောင်တောက်ပသော ကတ္တရာလမ်းမတစ်ခုရှိသည်။ ထိုကတ္တရာလမ်းမသည် စစ်တပ်နယ်မြေထဲသို့ တိုက်ရိုက် ရောက်ရှိပေသည်။ စင်စစ်မူကား ရုပ်ရှင်ရုံကြီးသည်ပင် စစ်တပ်ပိုင်ဖြစ်ပြီး ရုပ်ရှင်ရုံအဓိကမဟုတ်ဘဲ စစ်တပ်၏ တပ်နယ်ခန်းမတစ်ခုပင်တည်း။ ထို့ကြောင့်ပဲလားမသိ။ ရုပ်ရှင်ပြသသော ညနေခင်းအချိန်များမှလွဲလျှင် ရုပ်ရှင်ရုံကြီး၌ လူသူမရှိတတ်ချေ။ သို့ရာတွင် ငါတို့ပါးစပ်ဖျားတွင်မူ ရုပ်ရှင်ရုံကြီးဟူ၍သာ နှုတ်ကျိုးနေကြပြီးဖြစ်သည်။ ရုပ်ရှင်ရုံကြီး၌ နေ့ပွဲပြသခြင်းမျိုး မရှိချေ။ ညပွဲတစ်ကြိမ်သာ ပြသတတ်သည်။ ရုပ်ရှင်ရုံကြီးတွင် ရုပ်ရှင်တစ်ကားကို လေးငါးရက်ခန့် ပြသပြီးနောက် ရုပ်ရှင်အသစ်တစ်ကား ထပ်မံကြည့်ရှုခွင့်ရရန် ငါတို့မှာ ကြာရှည်စွာ စောင့်စားရတတ်၏။ ရုပ်ရှင်ရုံ၌ ရုပ်ရှင်မပြသသော နေ့ရက်များသည် လွန်မင်းစွာ ပျင်းရိခြောက်ကပ်သော နေ့ရက်များပါပေ။ ထိုကဲ့သို့သော ညများတွင် ရုပ်ရှင်ရုံကြီးတည် ရှိနေပုံမှာ ယခင်စည်ကားခဲ့သော ရုပ်ရှင်ရုံကြီးကိုပင် ငါတို့ မေ့လျော့သွားရသည်အထိ ဖြစ်သည်။ အဝေးမီးရောင်ပျပျအောက်က ရုပ်ရှင်ရုံကြီးကို ကြည့်မြင်ရသည်ကပင် ငါတို့စိတ်မှာ လေးလံထိုင်းမှိုင်းလှ၏။ ရုပ်ရှင်ရုံကြီးဆီသို့ နောက်တစ်ကြိမ် ထပ်မံသွားရောက်ရန်ကို ငါတို့မှာ မသေချာတော့ပြီ။ သို့ရာတွင် ရုပ်ရှင်ရုံကြီး၌ ရုပ်ရှင်ဇာတ်ကား အသစ်ပြသရန် အချိန်ကား မကြာမီမှာပင် ဆိုက်ရောက်လာပြန်လေပြီ။ ငါတို့သည် ပျင်းရိခြောက်ကပ်ဖွယ် နေ့ရက်များအား မေ့လျော့ချန်ထားခဲ့ကာ ရုပ်ရှင်ရုံကြီးဆီသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာကြပြန်ပါပြီ။ ရုပ်ရှင်ရုံကြီး၏ ပျော်ရွှင်ဖွယ်နေ့ရက်များတွင် ငါတို့သည် သေးငယ်သော အစိတ်အပိုင်းလေးများအဖြစ် ထပ်မံပေါင်းစပ်လိုက်ကြပြန်ပါသည်။

ရုပ်ရှင်ရုံကြီးအတွင်းပိုင်းသည် အပေါ်ထပ် အောက်ထပ်မရှိဘဲ တစ်ထပ်တည်းသာ ဖြစ်သည်။ ရုတ်တရက် ရုပ်ရှင်ရုံကြီးတစ်ရုံလုံး မှောင်အတိကျသွားသည်။ ရုပ်ရှင်ပြပေပြီ။ ဟိုးအပေါ်ဘက် တစ်နေရာတွင် ဖောက်ထားသော လေးထောင့်အပေါက်ငယ်လေးများမှ အလင်းတန်းတစ်ခုသည် ပိတ်ကားဖြူထက်သို့ ကျဆင်းလာသည်။ နိုင်ငံတော်အလံသည် ပိတ်ကားထက်တွင် တလူလူလွင့်ပျံလာပြီး မရှေးမနှောင်းမှာ နိုင်ငံတော်သီချင်းသံက တီးလုံးချည်းသက်သက် ပေါ်ထွက်လာသည်။ ငါတို့အားလုံး မတ်တတ်ရပ်ကြကာ ပိတ်ကားထက်မှ နိုင်ငံတော်အလံကို ဦးညွှတ်ကြ၏။ နိုင်ငံတော်တီးလုံး တေးသွားသည် ဦးညွှတ်နေသော ငါ့ခန္ဓာကိုယ်အနှံ့ ပျံစီး၍သွားလေသည်။ ရုပ်ရှင်ရုံထဲ၌ နိုင်ငံတော်အလံကို ဦးညွှတ်ရသည့်အခါတိုင်း ငါသည် ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်ကဲ့သို့ ခံစားရသည်။ ထူးဆန်းပေသည်။ အချို့နေ့များ၌ ငါတို့တက်ရောက် ပညာသင်ကြားသော စာသင်ကျောင်း အလံတိုင်ရှေ့မှာရပ်ပြီး နိုင်ငံတော်အလံကို အလေးပြုရာတွင် ငါသည် ကိုယ့်ကိုယ်ကိုယ် လူကြီးတစ်ယောက်အဖြစ် မခံစားရချေ။ ဆရာများ ဆရာမများ ရှိနေသောကြောင့် ဖြစ်မည်ထင်၏။ ရုပ်ရှင်ပြကွက်များသည် ပိတ်သားထက်တွင် တဖျပ်ဖျပ်နှင့် ကူးပြောင်းလျက်ရှိသည်။

ရုပ်ရှင်ရုံကြီး၌ ငါတို့ ကြည့်ရှုရသမျှ ရုပ်ရှင်ကားများမှာ မြန်မာဇာတ်ကားများသာ ဖြစ်ကြသည်။ များသောအားဖြင့် ရန်အောင်၊ ကျော်သူနှင့် မို့မို့မြင့်အောင်တို့၏ ရုပ်ရှင်ကားများကို ငါတို့ မရိုးအောင် ကြည့်ရှုကြရပေသည်။ ရှားရှားပါးပါး တစ်ကြိမ်တွင် မြင်းစိုင်းသား အောင်အောင်၏ ရုပ်ရှင်ကား ရုံတင်သည်။ ရွှေခေါင်းပြောင်ဇာတ်ကားဖြစ်ပြီး ငါတို့တတွေ ကလေးများ သိပ်ကြိုက်ကြသည်။ ငါတို့ထဲတွင် ရွှေခေါင်းပြောင်လို ကတုံးတုံးသည့် ကောင်ကတုံးသည်။ ခေါင်းတွင် အ၀တ်စည်း၍ ကြက်တောင်မွေးထောင်သည့် ကောင်က ထောင်သည်။ ငါတို့တတွေ ကလေးများသည် ဤအတိုင်းပင်ဖြစ်သည်။ ရုပ်ရှင်တစ်ကားကို သဘောကျပြီဆိုလျှင် ဇာတ်လိုက်မင်းသား လုပ်သမျှ ငါတို့အကုန် အတုခိုးကြသည်။ ငါသည် ရုပ်ရှင်ကြည့်သည့်အခါတိုင်း ဟိုးအပေါ်ဘက် အလင်းတန်းထွက်ပေါ်ရာ လေးထောင့်အပေါက်ငယ်လေးဆီ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်မိတတ်သည်။ ထိုအပေါက်ငယ်လေးနောက်တွင် ရုပ်ရှင်ပြစက်ခန်းရှိလိမ့်မည်။ ထိုစက်ခန်းထဲတွင် ငါတို့ ယခုကြည့်ရှုနေသော ရုပ်ရှင်ကို တာဝန်ယူပြသပေးနေသူရှိမည်။ ထိုသူသည် ငါ့သူငယ်ချင်း မောင်ထူး၏ အဘိုးနှင့် တစ်နည်းနည်း ပတ်သက်မည်မှာ သေချာသည်။ ငါ့သူငယ်ချင်း မောင်ထူး၏အဘိုးတောင်မှ ဖြစ်နေနိုင်သေးသည်။ အဘယ့်ကြောင့်ဆိုသော် ငါ့သူငယ်ချင်း မောင်ထူး၏ အဘိုးသည် ရုပ်ရှင်ရုံကြီး၌ အလုပ်လုပ်သောကြောင့်ဖြစ်သည်။ ဤမျှ လူပေါင်းများစွာ ကြည့်ရှုနေသော ရုပ်ရှင်ကို ပြသပေးနေသည့် ရုပ်ရှင်ပြစက်ခန်းထဲမှ တာဝန်ရှိသူနှင့် ငါသိကျွမ်းထားရသည်မှာ ၀မ်းသာစရာကောင်းလေစွ။

ငါ့သူငယ်ချင်းမောင်ထူးသည် ကရင်လူမျိုးဖြစ်ပြီး အဘိုးကို ဖထီးဟုခေါ်သည်။ ငါတို့တတွေ ကလေးများကလည်း မောင်ထူး၏အဘိုးကို ဖထီးဟုသာ လိုက်ခေါ်ကြသည်။ ဖထီးသည် စစ်ပြန်တစ်ဦးဖြစ်ပြီး စစ်အင်္ကျီ အနွေးထည်ကြီးကို အမြဲတမ်း ၀တ်ဆင်ထားတတ်သည်။ အရပ်ခပ်ပြတ်ပြတ်၊ အနည်းငယ်ဖိုင့်သော ခန္ဓာကိုယ်ရှိသည်။ စကားသိပ်မပြော၊ အနေတည်သည်။ ဘာကြောင့်မှန်းမသိ မောင်ထူးတို့တစ်အိမ်လုံး ဖထီးကိုတော့ ကြောက်ကြရသည်။ ဖထီးသည် မောင်ထူးတို့နေထိုင်သော အိမ်တွင် အတွေ့ရနည်းကာ ရုပ်ရှင်ရုံကြီး၌သာ အနေများလေသည်။ တချို့နေ့ရက်များတွင် မောင်ထူးသည် ဖထီးရှိရာသို့ အကြောင်းကိစ္စတစ်ခုခုဖြင့် သွားရောက်သည့်အခါ အဖော်အဖြစ် ငါလိုက်ပါသွားလေ့ ရှိသည်။ ဤသို့ဖြင့် ငါသည် ရုပ်ရှင်ရုံကြီး၏ ပထ၀ီအနေအထားကို ကောင်းစွာ ရင်းနှီးလာသည်။ ငါတို့သည် ဖထီးထံမှ ရုပ်ရှင်ဖလင် အတိုအစများကို တောင်းယူတတ်ကြသည်။ ရသည့်အခါလည်း ရကြသည်။ မရသည့်အခါက ပိုများလေသည်။ ငါတို့သည် ရုပ်ရှင်ဖလင် အပိုင်းလေးများကို သုံးမြှောင့်ပုံသဏ္ဌန်ပြုလုပ်ကာ လက်မဖြင့်နှိပ်လိုက်လျှင် ထူးဆန်းသော အသံတစ်မျိုးထွက်သည့် ကစားစရာကို ပြုလုပ်ကြသည်။ ထိုအသံမျိုးသည် ရုပ်ရှင်ဖလင်နှင့် ပြုလုပ်မှသာ ထွက်ပေါ်တတ်သလား ဆိုသည်ကိုမူ ငါ ကောင်းစွာ မမှတ်မိတော့ချေ။ ၎င်းအပြင် ငါတို့သည် ရုပ်ရှင်ပြစက်ခန်းကိုလည်း စိတ်ဝင်စားကြသည်။ ဖထီးသည် ငါတို့ကို ဘယ်အချိန်များ ရုပ်ရှင်ပြစက်ခန်းထဲ ခေါ်လေမည်လဲဟု ရုပ်ရှင်ရုံကြီးဆီသွားရာ လမ်းတွင် ငါအမြဲတမ်း တွေးတောလေ့ရှိသည်။ ဖထီးကိုကား ငါတို့ မပြောရဲကြချေ။

ဆောင်းနေ့ရက် မနက်ခင်းတစ်ခုတွင် ဖထီးရှိရာ ရုပ်ရှင်ရုံကြီးဆီသို့ ငါနှင့် မောင်ထူး ရောက်ရှိသွားကြပုံကို ငါဘယ်တော့မှ မမေ့ချေ။ မောင်ထူး၏ အဘွားဖြစ်သူ အမိုးက ဖထီးဆီ အစားအသောက်၊ အ၀တ်အစား စသည် တစ်ခုခုကို အပို့ခိုင်းသဖြင့် ငါတို့ သွားကြခြင်းဖြစ်သည်။ ငါတို့သည် ဖထီးဆီသွားရောက်တိုင်း ရုပ်ရှင်ရုံကြီး၏ အနောက်ဘက် ၀င်းတံခါးအပေါက်မှသာ ၀င်ရောက်ကြလေ့ ရှိသည်။ ကုက္ကိုရွက်အမှိုက်များကို မီးရှို့ကာ လှုံနေသော ဖထီးကို ၀င်းတံခါးအပေါက်ဝကပင် ငါတို့ လှမ်း၍မြင်တွေ့ရပေသည်။ ဖထီးသည် ကုက္ကိုပင်မြစ်ဆုံတွင် ထိုင်ကာ မီးလှုံလိုက် တစ်ခုခုကို မီးထဲထည့်လိုက် လုပ်နေသည်။ နီးလာသောအခါ အနံ့တစ်ခုကို ငါတို့ ရှူရှိုက်လိုက်ရသည်။ ဖထီးသည် ၀က်ခြေထောက်တစ်ဖက်ကို မီးကင်နေခြင်းတည်း။ ၀က်ခြေထောက်မီးကင်နံ့က လေထဲမှာ သင်းပျံ့နေသည်။ ငါသည် ယင်းကဲ့သို့ အသားကင်မျိုး တစ်ခါမျှ မစားဖူးချေ။ ဖထီး ဤကဲ့သို့ သဘောကောင်းပုံမျိုးကိုလည်း ယခင်က ငါ မကြုံဖူးပါချေ။ ငါတို့သည် ၀က်ခြေထောက်မီးကင်ကို တစ်ယောက်တစ်လှည့် စားကြသည်။ အရသာရှိလွန်းပါဘိ။ ထိုနေ့က ရုပ်ရှင်ပြစက်ခန်းထဲကို ဖထီးက ခေါ်ပြသည်။ ထူးဆန်းလွန်းပါဘိ။ ငါ့အတွက် ရုပ်ရှင်ပြစက်ခန်းသည် စိတ်လှုပ်ရှားစရာ အပြည့်ပင်။ အောက်ဘက်ပိတ်ကားထက်သို့ အလင်းတန်းထိုးရာ အပေါက်ငယ်လေးများကို ရုပ်ရှင်ပြစက်ခန်းအတွင်းက စီးမိုး၍ ကြည့်မြင်ရသည်မှာ တန်ခိုးရှင်ဆန်လှသည်။ အပြန်တွင် ဖထီးက ငါတို့အတွက် ဖလင်အတိုအစများကို ပေးလိုက်ပေသေးသည်။ ပျော်ရွှင်ဖွယ်ရာ နေ့ရက်တစ်ရက်ပါပေ။

ရုပ်ရှင်ရုံကြီး၏ ပျော်ရွှင်ဖွယ်ရာနေ့ရက်များ ကုန်ဆုံးသွားပေပြီ။ ငါတို့ရွာတွင် ဗီဒီယိုရုံနှစ်ရုံ အပြိုင်ပေါ်ပေါက်လာသည် မဟုတ်ပါလား။ နေ့ဘက်တွင် နှစ်ကား၊ ညဘက်တွင် နှစ်ကားပြသသည်။ ညဘက်ပြသည်မှာ နေ့ဘက်နှစ်ကားကို ပြန်ပြခြင်းဖြစ်ပြီး ဇာတ်ကားသစ်သည် နေ့ဘက်တွင် စတင်သည်။ ၀င်ကြေးမှာ နှစ်ကားပေါင်း တစ်ကျပ်ဖြစ်၏။ ဗီဒီယိုရုံများ၏ တည်နေရာမှာ ရုပ်ရှင်ရုံကြီးနှင့် သိပ်မဝေးသော နေရာတွင်ဖြစ်ပါသည်။ ဗွီဒီယိုရုံများ ပေါ်လာပြီးနောက်ပိုင်း ရုပ်ရှင်ရုံကြီးသည် ရုပ်ရှင်ဆက်လက်ပြသခြင်း မပြုနိုင်တော့ချေ။ ရုပ်ရှင်ရုံကြီးသည် ပျင်းရိခြောက်ကပ်စရာ ကောင်းသွားပေပြီ။ သို့ရာတွင် ရုပ်ရှင်ရုံကြီး၏ ပျင်းရိခြောက်ကပ်မှုသည် ငါတို့အပေါ် ယခင်ကလောက် မသက်ရောက်နိုင်တော့ပါပေ။ ရုပ်ရှင်ရုံကြီးက ခေါင်းရွက်ဗျပ်ထိုးသည်လေးများကအစ ဗီဒီယိုရုံရှေ့သို့ ရောက်ရှိသွားကြလေပြီ။ ငါတို့သည် ဗီဒီယိုရုံ၏ လေထုကို လျင်လျင်မြန်မြန် ရင်းနှီးသွားကြပြီဖြစ်သည်။ တစ်ခါတစ်ခါတော့လည်း ငါသည်ရုပ်ရှင်ရုံကြီး၏ ရုပ်ရှင်ပြစက်ခန်းကို ထပ်မံကြည့်ရှုချင်နေသေးသည်။ ဟိုးအပေါ်ဘက် လေးထောင့်အပေါက်ငယ်လေးဆီမှ လှုပ်ရှားနေသော အလင်းတန်းကိုလည်း လှမ်းမော့ကြည့်ချင်သေးသည်။ သို့ရာတွင် ရုပ်ရှင်ရုံကြီး၏ ပိတ်ကားကို အပြီးထာဝရ ဖြုတ်သိမ်းနေသော ဖထီးနှင့် အလုပ်သမားများကို ငါတို့ မြင်တွေ့ခဲ့ပြီးဖြစ်ပေသည်။