စီးပွားရေးကျဆင်းမှုရဲ့ နောက်ဆက်တွဲဂယက်က လိမ်လည်မှုတွေ ပိုများလာစေမလား

စီးပွားရေးကျဆင်းမှုရဲ့ နောက်ဆက်တွဲဂယက်က လိမ်လည်မှုတွေ ပိုများလာစေမလား
Published 3 December 2017

Jude Jude Family ၊ Thit Myat Public Holding ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်အား တာဝန်ရှိသူများက ခေါ်ဆောင်လာစဉ်

နေရောင်ပူပြင်းတဲ့ မွန်းလွဲ ၁၂ နာရီကျော်ကျော်မှာ အသက် ၂၀ ဝန်းကျင်မှ ၃၅ နှစ်အကြားရှိ အမျိုးသမီးငယ်တစ်စု ရန်ကင်းမြို့နယ် တရားရုံးဝင်းထဲမှာ တစ်စုံတစ်ခုကို စောင့်နေပါတယ်။ နေပူတဲ့အတွက်ကြောင့် ထီးပါတဲ့သူတွေက ထီးဆောင်းထားသလို ထီးမပါတဲ့သူတွေကတော့ အရိပ်ကောင်းကောင်းတစ်ခုမှာ ထိုင်စောင့်နေကြပါတယ်။

တစ်စုံတစ်ဦးကို စောင့်နေတဲ့ အမျိုးသမီးများမှာ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်းစတဲ့ လူတန်းစား ပေါင်းစုံပါဝင်ပြီးတော့ အချို့မှာ မင်္ဂလာဆောင်ဖို့ ရက်ပိုင်းသာလိုတော့တဲ့ အမျိုးသမီးငယ်များလည်း ပါဝင်ပါတယ်။

မွန်းလွဲ ၁ နာရီကျော်မှာတော့ လူတစ်ဦးကို လက်ထိတ်ခတ်ပြီး ရဲအရာရှိသုံးဦး လိုက်ပါလာတဲ့ မြင်ကွင်းကိုမြင်လိုက်တဲ့ အချိန်မှာတော့ စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတစ်စု လှုပ်လှုပ်ရွရွ ဖြစ်လာပါပြီ။

ရဲသုံးယောက် လိုက်ပါလာတဲ့ လက်ထိတ်ခတ်ခံရတဲ့ အမျိုးသားကို ရဲကားပေါ်တင်လိုက်တဲ့ အချိန်မှာတော့ “ငါတို့ကို တော်တော်စိတ် ဒုက္ခပေးတဲ့ကောင်။ ကိုယ် ...” ဆိုသည့် ငိုသံသဲ့သဲ့ပါတဲ့ ဆဲဆိုသံနှင့်အတူ အသက် ၂၀ ဝန်းကျင်ခန့်ရှိတဲ့ အမျိုးသမီးတစ်ဦး ရဲကားနားကို အပြေးတပိုင်းလိုက်ရင်း ကားအတွင်းမှ လူတစ်ဦးကို ဓာတ်ပုံလိုက်ရိုက်ပါတယ်။

ထိုမိန်းကလေးအပါအဝင် အမျိုးသမီးအများစုပါဝင်တဲ့ လူ ၃၀ ခန့်က ရန်ကင်းမြို့မရဲစခန်းရှေ့မှာ ဒေါသစိတ်လွှမ်းမိုးသော မျှော်လင့်ချက် မျက်ဝန်းများဖြင့် တစ်စုံတစ်ရာ ထူးခြားလိမ့်နိုးနိုး လာရောက်စောင့်ဆိုင်း နေကြပါတယ်။

အမျိုးသမီးငယ် ဓာတ်ပုံရိုက် လိုက်တဲ့သူကတော့ အစုရှယ်ယာရှင် ၁၅၀၀ ကျော်ကို လိမ်လည်သွားတဲ့   Jude Jude Family ၊ သင့်မြတ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ရွှေမိုးစက်ပဲ ဖြစ်ပါတယ်။

Jude Jude Family ၊ သင့်မြတ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ရဲ့ဒါရိုက်တာ ရွှေမိုးစက်ကို ရန်ကင်းမြို့မရဲစခန်းက လိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ ဖမ်းဆီးပြီး ရန်ကင်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့တာ ဖြစ်ပါတယ်။

လူ ၁၅၀၀ ကျော်ရဲ့ အစုရှယ်ယာငွေကြေးတွေကို အလွဲသုံးစားလုပ်မှုနဲ့ ရွှေမိုးစက်ကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ဂျူးဂျူး (ခ) သက်သက်မြိုင်ကိုတော့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ရန်ကင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Jude Jude Family ၊ သင့်မြတ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှာ ရှယ်ယာထည့်ဝင်သူတွေဟာ ပြည်တွင်းမှာနေထိုင်သူတွေတင် မကပါဘူး။ ပြည်ပမှာ အလုပ်သွားလုပ်နေတဲ့ ပြည်ပရောက် မြန်မာတွေလည်း ပါဝင်ပါတယ်။ လိမ်လည်မှုနဲ့ အမှုဖွင့်ခံထားရတဲ့ Jude Jude Family ၊ သင့်မြတ်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က တာဝန်ရှိသူတွေဟာ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ လက်လီလက်ကား ရောင်းဝယ်ရေးလုပ်ငန်း၊ ဖက်ရှင်ဆိုင်၊ ကိတ်မုန့်လုပ်ငန်း၊ ကော်ဖီဆိုင်၊ အလှပြင်ဆိုင်၊ စတူဒီယိုနဲ့ မင်္ဂလာဆောင်ဝန်ဆောင်မှု၊ ကားရေဆေးဆီထိုး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“သူ့နာမည်နဲ့ ဆိုင်တွေဖွင့်ထားတယ်။ Jude Jude Cake , Wedding Studio, Beauty Saloon, Fashion by Jude Jude ဆိုတဲ့ အထည်ဆိုင်ရယ်၊ စင်ကာပူမှာ  Money Changer ရှိတယ်။ နောက်ဆုံး  စိန်ဆိုင်ဖွင့်မယ်ဆိုပြီး ကြော်ငြာဖွင့် ပွဲလုပ်သေးတယ်။ ဆိုင်တော့မဖွင့် ဖြစ်လိုက်ဘူး။ Car Spa လည်းရှိသေးတယ်” လို့ အဆိုပါကုမ္ပဏီမှာ အစုရှယ်ယာဝင်ခဲ့သူ မနန်းအေး (အမည်လွှဲပြောင်း) က ပြောပါတယ်။

ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မနန်းအေးအနေနဲ့ ပြည်တွင်းကို ပြန်လာတဲ့အချိန်မှာ စီးပွားရေးလုပ်ငန်းလေးတစ်ခုလုပ်ဖို့ အားထုတ်ခဲ့တာပါ။ ဒါပေမဲ့ သူ့မှာရှိတဲ့ ငွေကြေးအနေအထားအရ လုပ်ငန်းတစ်ခုကို ထူထောင်ဖို့ အဆင်သင့် မဖြစ်ခဲ့ပါဘူး။ အဲဒီအချိန်မှာ လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook မှာ Jude Jude Family ရဲ့ ကြော်ငြာကို တွေ့လိုက်တဲ့အချိန်မှာတော့ လိုက်လံစုံစမ်းပြီးတဲ့အခါမှာ ရှယ်ယာဝယ် ဖြစ်ခဲ့ပါတယ်။

“အစ်မက ပြည်ပမှာရောက်နေခဲ့တာပါ။ ပြန်ရောက်တာ မကြာသေးဘူး။ Facebook မှာတွေ့ပြီး  လူတော်တော်များများလည်း ထည့်တာတွေ့လို့ ထည့်ဖြစ်ခဲ့တာ။ နောက်ပြီး ကိုယ့်မှာပါတဲ့ ငွေကိုလည်း ငွေသေဖြစ်နေမှာစိုးလို့ ထည့်ခဲ့မိတာ” လို့ မနန်းအေးက ပြောပါတယ်။

မနန်းအေးလိုပဲ အစုရှယ်ယာထည့်ဝင်ခဲ့မိသူ တစ်ဦးဖြစ်တဲ့ အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီး ငယ်တစ်ဦးကလည်း “အပြင်မှာ တခြားအလုပ်ကို ကိုယ့်ဘာသာလုပ်တယ်။ လုပ်ငန်းလည်း တိုးချဲ့ချင်တယ်။ အဲဒီအတွက် ယုံကြည်ရမယ်လို့ ထင်ရတဲ့သူကို ရှယ်ယာထည့်တယ်။ ပိုက်ဆံအများကြီး ထည့်တာဆိုတော့ ယုံလို့ပေါ့” လို့ ပြောပါတယ်။

အဆိုပါအမျိုးသမီးငယ်မှာ နယ်က အလုပ်လာလုပ်သူတစ်ဦးဖြစ်ပြီး ယင်းကဲ့သို့ ရှယ်ယာထည့်ဝင်ခြင်းကို မိဘတွေမသိအောင် လုပ်ဆောင်ခဲ့တယ်လို့ သူမက ပြောပါတယ်။

“ဇာတိက နယ်က။ နယ်ကနေပြီးတော့ ရန်ကုန်မှာ အလုပ်လာလုပ်တယ်။ ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်တာဆိုတော့ အိမ်က အမေ၊ အဖေကလည်း ကိုယ့်ရဲ့အကျိုးအမြတ်ကို မသိဘူး။ ဒါကြောင့် ခိုးပြီးလုပ်တာ။ ရှေ့ရေးအတွက်လည်း မှန်းထားတာ အများကြီးရှိတယ်လေ။ မိဘတွေကတော့ စိတ်ပူတတ်တယ်။ စိတ်ပူတဲ့အတွက် ဒီလိုလုပ်တာကို မကြိုက်ဘူး။ အဲဒါကြောင့် မိဘတွေ သိရင်လည်း စိတ်ညစ်မှာစိုးလို့ မသိစေချင်ဘူး” လို့ အဆိုပါအမျိုးသမီးငယ်က ပြောပါတယ်။

ကိုယ်ပိုင်ငွေရှိတဲ့သူတွေလည်း ရှယ်ယာထည့်ဝင်သလို အချို့မှာကတော့ ပြင်ပက အတိုးနဲ့ငွေချေးယူပြီး ရှယ်ယာထည့်ဝင်ခဲ့သူတွေ ပါတယ်လို့ ရှယ်ယာရှင်များထံက စုံစမ်းသိရပါတယ်။

“နောက်တစ်ခုက တချို့လူတွေက အတိုးနဲ့ယူပြီး ရှယ်ယာထည့်တာ ရှိတယ်။ သူတို့လည်း အလိမ်ခံရတော့ ပြန်ပေးရမယ့် အတိုးတွေလည်း သူတို့လည်း တစ်ဆင့်ပွားလိမ်တာတွေ ဖြစ်လာနိုင်တယ်” လို့ အဆိုပါအမျိုးသမီးငယ်က ဆက်ပြောပါတယ်။

Jude Jude Family ၊ သင့်မြတ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေနဲ့ ရှယ်ယာထည့်ဝင်သူတွေကို ကျပ်သိန်း ၄၀ အောက် ထည့်ဝင်သူများကို  အမြတ်ငွေအဖြစ် တစ်လလျှင် ရာခိုင်နှုန်း ၃၀၊ ကျပ် ၉၉ သိန်းအထိ ၂၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀ နဲ့အထက်ကို ရာခိုင်နှုန်း ၂၀ အဖြစ် သတ်မှတ်ပေးအပ်ခဲ့ပြီး အမြတ်ငွေများကို ဘဏ်အကောင့်တွေထဲကို လွှဲပေးပါတယ်။

ထိုသို့လုပ်ကိုင်ရာမှာ သုံးလတစ်ခါ ရှယ်ယာရှင်များကို စာချုပ်ပါတယ်။ ရှယ်ယာရှင်များရဲ့ ငွေကြေးကို မပေးတာကတော့ အောက်တိုဘာလမှာစပြီး ဖြစ်ပွားခဲ့တာပါ။

“သုံးလပြည့်ရင် ထပ်ချုပ်ရပါတယ်။ အစ်မကအရင်ဆုံး ငွေနည်းနည်းပဲ စမ်းကြည့်ခဲ့တာ။ သူက သုံးလမှန်တော့ ထပ်တိုးပြီးချုပ်ခဲ့မိတာ။ အဲဒီမှာ ပြဿနာဖြစ်တော့တာပါပဲ။ စာချုပ်ထပ်ချုပ်မယ့်အချိန်မှာသူက အများပိုင်အဖြစ် ပြောင်းမယ်ဆိုပြီး ပြောတယ်။ အဲဒီအချိန်မှာ လူတွေက ထပ်မယုံတော့ဘူး။ ရှေ့မှာကလည်း မူတွေအမျိုးမျိုး ပြောင်းနေတာကိုး။ အများပိုင်လုပ်မယ်ဆိုပြီးပြောတော့ ရှယ်ယာရှင်တွေက စာချုပ်ထပ် မချုပ်တော့ဘူး။ ငွေပြန်တောင်းတော့ အခုလိုဖြစ်သွားတာ” လို့ မနန်းအေးက ပြောပါတယ်။

ယခင်က လူအနည်းငယ်သာ သိရှိခဲ့သော်လည်း လူမှုကွန်ရက်စာမျက်နှာ Facebook တွင် လူသိ များလာပြီး ရှယ်ယာထည့်ဝင်သူဦးရေ များလာခြင်းကြောင့် ရှယ်ယာထည့်ဝင်ခဲ့သူများ ရှိလာခဲ့ပြီး အများစုမှာ မည်သည့်အကျိုးအမြတ်မျှ မရရှိဘဲ ငွေကြေးလိမ်လည်ခြင်း ခံရသူများလည်းရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောပါတယ်။

“အစ်မတို့က ရှယ်ယာပါတာတော့  အခုမှ တစ်လခွဲ၊ နှစ်လလောက်ပဲ ရှိသေးတယ်။ အစ်မတို့သိတဲ့အချိန်မှာ အစ်မတို့နဲ့ ရင်းနှီးတဲ့သူတွေက ဂျူးဂျူးက စိတ်ချရတယ်။ ဘယ်ဆိုင်ဖွင့်တော့မှာ။ ဘာတွေလုပ်တော့မှာဆိုပြီး အတိုးမှန်တယ်ပေါ့။ ရက်မကျော်ဘူးပေါ့။ အချိန်တန်ရင်ပေးတယ်ပေါ့။ သုံးလပြည့်ရင် အရင်းပါ ပြန်ထုတ်လို့ရတယ်ဆိုပြီးပြောတဲ့ အခါကျတော့။ သုံးလဆိုတော့ အဝေးကြီးလည်း မဟုတ်ဘူး။ ကိုယ့်အရင်း ပြန်ကျေနိုင်တယ်လေ။ ၁၀ သိန်း ထည့်ရင်တောင် သုံးသိန်းရတယ်ဆိုတော့ အစ်မတို့ မိန်းကလေးအတွေးနဲ့ကျတော့ အစ်မတို့ဝန်ထမ်း လစာတောင် တစ်လသုံးသိန်းမရဘူး။ အဲဒီတော့ အစ်မတို့က ထည့်မိတယ်။ ထည့်မိတဲ့အခါကျတော့ အဲဒီအချိန်ကတည်းက ကံဆိုးမိုးမှောင်ကျပြီး တစ်ပြားမှမရခဲ့ဘူး” လို့ ရှယ်ယာရှင်တစ်ဦးက ပြောပါတယ်။

အဆိုပါကုမ္ပဏီမှာ ယခင်က တာမွေမြို့နယ်တွင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဆီဒိုးနားဟိုတယ်သို့ ရုံးခန်းပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်တွင် ရှယ်ယာရှင်များက ဟိုတယ်ရှိ ရုံးခန်းသို့ လာရောက်ကာ ငွေကြေးများကို ပြန်လည်ပေးအပ်ရန်တောင်းဆိုခဲ့သော်လည်း ရုံးခန်းတွင် ဒါရိုက်တာ ရွှေမိုးစက် တစ်ဦးသာရှိပါတယ်။ ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ဒေါ်သက်သက်မြိုင်ကို တွေ့ရှိခဲ့ခြင်း မရှိခဲ့ပါဘူး။

လက်ရှိအချိန်အထိ ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ ဒေါ်သက်သက်မြိုင်အနေနဲ့ ရှယ်ယာရှင်တွေကို လူကိုယ်တိုင် ဆက်သွယ်ခြင်းမရှိသေးဘူးလို့ ဒီဇင်ဘာ ၃ ရက်အထိ စုံစမ်းမှုများအရ သိရပါတယ်။

သို့သော် Jude Jude Family ဆိုသည့် Facebook Page တွင် Thet Thet Myaing ဆိုသည့် အကောင့်က “ပထမဆုံးပြောချင်တာက ဂျူးမပြေးပါဘူး။ အားလုံးကိုရှင်းပေးပါ့မယ်။ ပထမဂျူးရဲ့ အစီအစဉ်က ဒီလိုပါရှင်။ ၂၈.၂၉.၃၀ မှာ အမြတ်ငွေတွေအားလုံးကို မျှတစွာလွှဲပေးနေဆဲပါပဲ။ ဒါပေမဲ့ ဂျူးကို အပြင်စည်းတောင်မဟုတ် အတွင်းလူနဲ့ပါ ဂျူး ရဲ့အရောင်းအဝယ်ကိစ္စတွေကို ပျက်အောင်နှောက်ယှက်ခဲ့ကြလို့ ၂၅ ရက်နေ့ ချိန်းထားတဲ့ အရောင်းအဝယ်ဟာ ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း တခြားနည်းနဲ့ ဂျူးထပ်ကြိုးစားခဲ့ပါတယ်။ အဲဒီမှာတော့ အမျိုးတို့ကိုပေးမယ်လို့ ချိန်းထားတဲ့နေ့ အမီမှန်းသလောက် မရခဲ့ပါဘူး။ ဒါ့ကြောင့် ရသလောက်ကို နေ့စဉ်အဆင် ပြေသလို လွှဲခဲ့တာပါ။ ၁ ရက်နေ့ Meeting မှာ ဂျူးရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အမျိုးတွေကို (၁) ပွင့်လင်းစွာချပြပြီး % လျှော့မယ့် ကိစ္စတောင်းဆိုခြင်း (၂) တိုက်ခိုက်သူများ၏ ရည်ရွယ်ချက်ကို ပြောပြခြင်း (၃) ငွေထုတ်ပြီး တရားစွဲသူများရုံးတွင် လာရောက်တိုက်ခိုက်သူများ၏ သရုပ်အမှန်ကို ချပြခြင်း (၄) ပြင်ပသို့ သတင်းပေးတိုက်ခိုက်သူ သူလျှိုများကို ဖော်ထုတ်ခြင်း (၅) ဂျူးတို့ ဆက်သွားမယ့် Plan များကို ချပြခြင်း (၆) နောက်ဆုံးအကြိမ်ဆိုရင်တောင် ဂျူးဂျူးကို ရပ်တည်ပေးခြင်း အမှတ်စဉ် (၅) ကို ရှင်းပါမယ်။ ဂျူးက အခု အလုပ်တွေကို ကြိုးစားလုပ်နေပါတယ်။ အားလုံးကို ရှင်းဖို့ဆိုတာ ငွေက အဓိကပါ။ ဒါကြောင့်ငွေရှာတဲ့ အလုပ်ကို ရအောင်ကြိုးစားနေပါတယ်။ ငွေလွှဲနေ့ သတ်မှတ်ပြီး ငွေလွှဲစာရင်းကို ချပြပေးပါမယ်။ ငွေရင်းပြန်ထုတ်သူများအားလည်း ၁လ ပိုင်းမှစ၍ ထုတ်အမ်းနိုင်မည့်ငွေပမာဏအား လစဉ်သတ်မှတ်ပြီး အစဉ်လိုက် ပြန်အမ်းပေးပါမည်။ တရားဆွဲမည့်သူများနှင့်လည်း ညှိနှိုင်းဖြေရှင်းပေးသွားပါမည်။ အမျိုးတို့အား အမြတ်ခွဲဝေပေးရာတွင် ၃လမှ ၅လ အမြတ်ငွေရာခိုင်နှုန်း လျှော့ယူပေးကြပါရန်လည်း တောင်းဆိုပါတယ်ရှင်။ ငွေရင်းပြန်အမ်းသူများအား စာရင်းရှင်းပြီးပါက ရာခိုင်နှုန်း ပြန်လည်တိုးပေးပါမယ်ရှင်။ ဒါတွေဟာ အစပထမစီစဉ်ထားတဲ့ အစီအစဉ်တွေပါ။ ၁ ရက်နေ့ Meeting လုပ်ခွင့်မရလိုက်ပဲ အုံကြွမှုကြီးဖြစ်ပြီး ဂျူးကို သတ်မယ်၊ ဖျတ်မယ်တ ကဲကဲဖြစ်နေကြတဲ့လူတွေကို ဂျူးကြောက်ပါတယ်။ မဖြေရှင်းချင်လို့ မဟုတ်ပါဘူး။ အသက်အန္တရာယ်ပါ ခြိမ်းခြောက်မှုများကြောင့် ပုန်းနေရသလို ဖြစ်သွားတာကို နားလည်ပေးကြပါရှင်။ ဖြေရှင်းပေးပါ့မယ်။ ခုချက်ချင်း အကုန်တော့ ဂျူးဘယ်လုပ်ပေးနိုင်မလဲနော်။ ဂျူးအမျိုးတွေကိုလည်း အမြတ်ပေးရဦးမယ်။ အမျိုးတွေကို ပစ်ထားလို့မဖြစ်လို့ ငွေရင်းထုတ်လိုသူများကို ဂျူးအစဉ်ပြေသလို ပြန်ထုတ်ပေးပါ့မယ်လို့ ပြောတာပါ။ စီဒိုးနားက မြို့နယ်အုပ်ချုပ်ရေးမှူးကိုပါ ရှင်းပေးပါ့မယ်လို့ ဖုန်းနဲ့ပြောခဲ့တာပါ။ ဒါလည်းမရပဲ အတင်းအကျပ်တွေလုပ်ပြီး ဂျူးကို မပြေးပြေးအောင် ဝိုင်းလုပ်ကြတာပါ။ ဒါပေမယ့် ဂျူးမပြေးပါဘူး။ အမျိုးတွေကို ကြည့်ရမဲ့တာဝန်ဂျူးမှာ ရှိပါတယ်။ ကိုယ့်ကြောင့် ဘဝတွေပျက်ရမဲ့အခြေအနေကို ဂျူး မလိုချင်ပါဘူး။ ဒါပေမယ့် အခု အခြေအနေမှာ ဘယ်လိုအင်အားနဲ့ ထွက်လာရမှာလည်း ရှင်းပေးပါ့မယ်။ အချိန်ပေးပါပြောတဲ့သူကို လူလိမ်ဆိုပြီး အချုပ်ကျအောင် လုပ်ရင်ဂျူးဘယ်လိုရှင်းပေးရမှာလည်း အလုပ်လုပ်ခွင့်မရှိဘူးဆိုရင် ဂျူးလည်း မရှင်းနိုင်တော့ပါဘူး။ အမျိုးတွေ အကုန်ဒုက္ခရောက်ကုန်ကြမှာပါ။ ကျနော်ရောပါပဲ အပြင်ကနေ ငွေရှာပြီးရှင်းရမှာမို့ပါ။ တကယ်ဆို ဂျူးက လူလိမ်မဟုတ်ပါဘူးရှင်။ လူတန်းအစေ့ကို မလိုက်မီသေးပေမဲ့ ၂၉ ရက်နေ့အထိ ငွေကိုကြိုးစား လွဲပေးနေတုန်းပါ။ အခု ညီမ နေတောင်သိပ်မကောင်းပါဘူး။ ဘာပဲဖြစ်ဖြစ် ညီမအနေနဲ့ အားလုံးကို ရှင်းပေးချင်တာ ရင်ထဲကဆန္ဒပါ။ ဒါ့ကြောင့် ဂျူးကို အလုပ်လုပ်ခွင့်ပေးကြပါ။ ယခု တရားဆွဲသူများကို ဂျူးရှေ့နေနဲ့ ရှင်းပြီးရင် အမျိုးတွေနဲ့ ဆုံတွေ့ပြီးနောက်ဆက်မဲ့ Plan များကို တိုင်တိုင်ပင်ပင်နဲ့ ရှေ့ဆက်သွားချင်ပါတယ်။ အမျိုးတို့က ကူညီပေးကြပါ။ ဂျူးရဲ့ပျက်ကွက်မှုများကိုလည်း ဒီနေရာကနေ တောင်းပန်ပါတယ်ရှင်။ ရုတ်သိမ်းပေးကြမယ်ဆိုရင် အားလုံး ၇၀% ပြေလည်မှာပါ။ နောက်ပိုင်းမှာ ၁၀၀% ပြေလည်ပြီး အရင်လို ပုံမှန်ဖြစ်မှာပါရှင်။ ညီမအကယ်လို့များ ကူညီကြလို့ အဆင်ပြေပြေနဲ့ အလုပ်လုပ်ခွင့်ကို ပေးမယ်ဆိုရင် ပွဲတွေလုပ်မယ်။ ရှင်းပြမယ်။ နာမည်ကို အဖတ်ဆယ်တဲ့ အနေနဲ့ အလုပ်နှစ်ဆလုပ်မယ်။ ရစရာတွေလည်း ဂျူးပြန်ပေးနိုင်လာ မယ်ရှင် ... ထွက်ဖို့လည်း အရမ်းကြိုးစားနေပါတယ်ရှင်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

သို့သော် ယင်းကဲ့သို့ ရေးသားထားခြင်းမှာ မှန်ကန်ခြင်းမရှိဘူးလို့ ရှယ်ယာရှင်များက ဆိုပါတယ်။ အတိုးမပေးတာ ကြာမြင့်နေပြီဖြစ်တဲ့အပြင် အရင်းကိုလည်း ပြန်မထုတ်ပေးနိုင်လို့ နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် လာရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ ရှယ်ယာရှင် ၂၀ ၏ ရှေ့နေအဖြစ် ငှားရမ်းခြင်းခံရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေစည်သူကျော်က ပြောပါတယ်။

“ပြီးခဲ့တဲ့လကတည်းက သတင်းစာတွေမှာ တောက်လျှောက်ကြော်ငြာထည့်ခဲ့တာ။ ဒီဘက်လထဲမှာ လည်းထည့်ထားတယ်။ အခုထိ ကျွန်တော့်အမှုသည်တွေကို အကြောင်းမကြားသေးဘူး” လို့ ဦးနေစည်သူကျော်က ပြောပါတယ်။

ရှယ်ယာရှင်အများအပြားကို လိမ်လည်မှု မြန်မာနိုင်ငံမှာ ပထမဆုံးလား

ယခုကဲ့သို့ ရှယ်ယာရှင်အများအပြားကို လိမ်လည်တဲ့ကိစ္စက မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်စဉ်မဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောပါတယ်။

“ရှယ်ယာရှင်အများအပြားကို လိမ်လည်ခဲ့တဲ့ ပထမဆုံးဖြစ်စဉ်လို့ဆိုရမယ့် ဖြစ်စဉ်ကတော့ ၁၉၉၀ ကျော်မှာဖြစ်ပွားခဲ့တဲ့ မဟာဓနံ ကုမ္ပဏီလိမ်လည်မှု ဖြစ်ပါတယ်။ အဲဒီတုန်းက မဟာဓနံအပါအဝင် ကုမ္ပဏီ လေးခုလောက် အဲဒီပြဿနာ ဖြစ်တာ။ အဲဒီတုန်းက ရှယ်ယာရှင်တွေကို အခုလို အတိုးနှုန်းပေးတာမများဘူး။ ဘဏ်တိုးထက်တော့သာတယ်။ အဲဒီအချိန်တုန်းက။ ဆရာမှတ်မိသလောက်ဆိုရင် ရှစ်ရာခိုင်နှုန်းက စပေးတာ။ နောက်ပိုင်းမှာ ရှယ်ယာရှင်တွေကို ငွေမထုတ်ပေးနိုင်တော့ဘူး။ အခုလို ဆက်သွယ်ရေးတွေ မကောင်းသေးတော့ အလိမ်ခံရတဲ့ သူတွေလောက်ပဲ သိတာ။ အပြင်ကို သတင်းမထွက်ခဲ့ဘူး။ နောက်မှ လူတော်တော်များများ သိတာ” လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာကျုံယွမ်ဆိုသည့် ကုမ္ပဏီတစ်ခုကလည်း ရှယ်ယာရှင်များကို ငွေကြေးများစွာ လိမ်လည်မှုဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ J Coin J Card လုပ်ငန်းအမည်နဲ့ အစုရှယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ မလေးရှားနိုင်ငံသားလေးဦးက ဆာကူရာတာဝါမှာ ရုံးခန်းဖွင့်လှစ်ပြီး ရှယ်ယာရှင်များထံမှ ငွေကျပ်သန်း ၂၀၀၀ ခန့် လိမ်လည်ထွက်ပြေးသွားခဲ့ပါတယ်။

Jude Jude Family ဖြစ်စဉ်မှာ အလိမ်ခံရသူအချို့ရဲ့ မိဘတွေဟာ မဟာဓနံလိမ်လည်ခံရမှုဖြစ်စဉ်မှာ ငွေကြေးဆုံးရှုံးခဲ့တဲ့သူတွေလည်း ဖြစ်ပါတယ်။ သားသမီးတွေ ရှယ်ယာဝင်ထားတယ်လို့ သိတဲ့အချိန်မှာ သတိပေးပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

“မိဘတွေကလည်း ဖြစ်ဖူးတယ်လေ။ သူထူးစံနဲ့တောင် ကြော်ငြာတဲ့ ကုမ္ပဏီတစ်ခုလေ။ အဲဒီတုန်းကဆိုရင် မိဘတွေကိုယ်တိုင်ပေါ့။ အဲဒီတုန်းကဆိုရင် ရှစ်ရာခိုင်နှုန်းလား မသိဘူးပေးတာ။ ကိုယ်ကလည်း တစ်ခုခုဆိုရင် ပြောပြတယ်။ သူတို့ ကို ဆွဲဆောင်တယ်။ ဆွဲဆောင်မိတယ်ပေါ့။ ဘယ်လိုပေးတာ  အဖေတို့ ပိုက်ဆံတွေ လုပ်ကြည့်ပါလားဆိုရင် အဲဒါတွေက မခိုင်ဘူး။ ဘယ်တုန်းကဆိုရင် ဘယ်သူတွေ ပြေးတယ်ဆိုပြီး Facebook မှာဆို Tag တွဲပြီးတော့ သမီးရေဆိုပြီး အမြဲတမ်း Share တယ်” လို့ ကျပ်သိန်း ၄၀ ခန့် ရှယ်ယာပါဝင်ထားသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေကို အစိုးရက ဘာလုပ်ပေးလဲ

၁၉၉၀ ပြည့်နှစ်ကျော်နဲ့ ၂၀၀၀ ပြည့်နှစ်ကျော်တွေမှာ ဖြစ်ပွားခဲ့တဲ့ ငွေကြေးအရှုပ်တော်ပုံကိစ္စမှာတော့ ယင်းကာလက နိုင်ငံ့တာဝန်ယူထားသည့် အစိုးရက တစ်စုံတစ်ရာ ဖြေရှင်းပေးခဲ့တာမျိုးမရှိခဲ့ဘူးလို့ ဦးဇော်ဖေဝင်းက ဆိုပါတယ်။

“အလိမ်ခံရတဲ့သူတွေက တိုင်ကြတယ်။ သက်ဆိုင်ရာတွေကို။ အဲဒီတုန်းက သူတို့နဲ့ ပတ်သက်တဲ့သူတွေရဲ့ အသိုင်းအဝိုင်းလောက်ပဲ ငွေပြန်ရတယ်။ ပြန်မရတဲ့သူတွေထဲမှာ အစိုးရဝန်ထမ်း အငြိမ်းစားတွေ အများကြီးပါတယ်။ ပင်စင်စားအဘိုးကြီးတွေဆို တော်တော်သနားဖို့ကောင်းတယ်။ သူတို့တွေ ငွေတစ်ပြားတစ်ချပ်မှ ပြန်မရဘူး။ မင်းတို့ လောဘကြီးတာ မင်းတို့ခံဆိုတဲ့ အနေအထားပဲ။ မင်းတို့ယုံကြည်မှုနဲ့ မင်းတို့လုပ်တာပဲဆိုတဲ့ အနေအထားနဲ့ ဘာမှဖြေရှင်းပေးတာ မရှိဘူး” လို့ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ စီးပွားရေးအကြံပေး ဦးဇော်ဖေဝင်းက ပြောပါတယ်။

ယင်းအပြင် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မလေးရှားနိုင်ငံသားလေးဦးက လိမ်လည်ခဲ့တဲ့ ကျပ်သန်း ၂၀၀၀ ခန့် လိမ်လည်မှုမှာလည်း လက်ရှိအချိန်အထိ အရေးမယူနိုင်သလို ပြည်တွင်းမှာ ကျန်နေတဲ့ ကုမ္ပဏီတာဝန်ခံတွေကိုလည်း တစ်စုံတစ်ရာအရေးယူနိုင်ခြင်း မရှိသေးပါဘူး။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကုမ္ပဏီ လုပ်ငန်းနဲ့ပတ်သက်ပြီး အတွေ့အကြုံနည်းပါးမှု၊ ဥပဒေတွေကို သေချာစွာ မသိရှိမှုတွေဟာ လိမ်လည်တဲ့သူတွေအတွက် အခွင့်ကောင်းတစ်ခု ဖြစ်နေပြီးတော့ အစိုးရအနေနဲ့ကလည်း အရေးယူမှုအပိုင်းမှာ အားနည်းတယ်လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

“ဖွံဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ဖြစ်တတ်တယ်။ ဒီနိုင်ငံတွေမှာက ကုမ္ပဏီနဲ့ပတ်သက်လို့ အတွေ့အကြုံ နည်းတယ်။ နည်းတဲ့အခါကျတော့ လောဘတက်လောက်အောင်ပေးပြီး လိမ်တာတွေရှိတယ်။ ဘာလို့လဲ ဆိုတော့ ကုမ္ပဏီဥပဒေဘာတွေကို သိပ်နားမလည်ကြဘူးလေ။ အဲဒီပုံစံတွေနဲ့ လိမ်မယ်ဆိုလိမ်လို့ရတယ်။ ဖြစ်တတ်တာပေါ့။ ဖြစ်လာရင် ဘယ်သူ့ကိုဘယ်လိုတိုင်ရမလဲ။ ဘယ်သူကတော့ အရေးယူလို့ ရတယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေ သေသေချာချာရှိဖို့ လိုအပ်တာပေါ့။ အရေးယူမှုမှာ အားနည်းမှုတွေ ရှိတယ်။ လိမ်တဲ့သူတွေက ဥပဒေစည်းမျဉ်းတွေကို နားလည်တယ်။ နားလည်တော့ ရှောင်တတ်တိမ်းတတ်တာပေါ့။ အစုရှယ်ယာထည့်တဲ့သူတွေက အဲဒါတွေမသိဘူး။ ဖြစ်လာတော့ ပြည်သူလူထုပဲ ခံသွားရတာပဲ” လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

မြန်မာ့စီးပွားရေးကျဆင်းမှုက ပြည်သူတွေ ပိုအလိမ်ခံရတော့မှာလား

တိုးတက်လာခြင်းမရှိသေးတဲ့ မြန်မာ့စီးပွားရေးအခြေအနေမှာတော့ ပြည်သူတွေ ပိုအလိမ်ခံဖို့များတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးကဏ္ဍမှာ တိုးတက်ခြင်းမရှိတဲ့အပြင် ဘတ်ဂျက်လိုငွေပြမှု၊ စီးပွားရေးအခြေခံ အဆောက်အအုံမပြည့်စုံမှုများက မြန်မာ့စီးပွားရေးကဏ္ဍက ရုန်းကန်ရမယ့် အချိန်ပဲဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ငွေကြေးလိမ်လည်မယ့် ကုမ္ပဏီတွေအတွက်ကတော့ အခွင့်အလမ်းတစ်ခု ဖြစ်နေတယ်လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

“လူတွေက ပိုက်ဆံတော့ရှိတယ်။ အလုပ်လုပ်ဖို့အတွက် ဘာမှလုပ်လို့မရတဲ့အချိန်မှာ ဒီလိုစည်းရုံးမှုက လွယ်လွယ်နဲ့အောင်မြင်တယ်။ အလုပ်လုပ်ချင်တယ်။ လုပ်ဖို့ဘာအခွင့်အလမ်းမှ မရှိဘူးဆိုရင် လိမ်တဲ့သူတွေအတွက်က ခွင်တစ်ခုပေါ့။ ကိုယ့်အလုပ်ကိုယ်လုပ်နေတယ်။ ဝင်ငွေကလည်း ကောင်းနေတယ်ဆိုရင် မဖြစ်ဘူး။ အလုပ်တိုးချဲ့မယ်ဆိုတာက နည်းနည်းလောက်ပဲ ရှိလိမ့်မယ်။ အများစုကတော့ ရှိတဲ့ငွေကို နောင်ရေးအတွက် စုထားကြမှာပေါ့။ အထူးသဖြင့် လူတွေလောဘကြီးလေလေ၊ အလုပ်လုပ်ဖို့ အဆင်မပြေတဲ့အချိန် အဆွယ်ကောင်းတဲ့ ကုမ္ပဏီတွေနဲ့ တွေ့သွားရင် ဒီလိုမျိုးဖြစ်သွားမယ်” လို့ ဦးဇော်ဖေဝင်းက ဆိုပါတယ်။

လက်ရှိ မြန်မာ့စီးပွားရေးမှာ လုပ်ကိုင်နိုင်တဲ့ အခြေအနေတစ်ရပ် မရှိခြင်းအပြင် ဥပဒေကျွမ်းကျင်မှု အားနည်းခြင်း၊ ပညာရေးအပိုင်းများတွင်လည်း နောက်ကျခဲ့ခြင်းများကလည်း လိမ်လည်ခံရမည့် အခြေအနေများ ဖြစ်တယ်လို့ MLM လုပ်ငန်းများကို ဆန့်ကျင်အသိပညာပေးသူဖြစ်သည့် ကိုဇင်ဇေလွင်က ပြောပါတယ်။

“စီးပွားရေးမှာက လုပ်စရာကိုင်စရာ နည်းတာလည်းပါတယ်။ နောက်တစ်ခုက သာမန်ရိုးရိုးသားသားနဲ့ လုပ်ကိုင်တဲ့သူတွေအတွက် ချေးငွေလိုဟာမျိုးတွေက မရဘူး။ ကြန့်ကြာနေတယ်။ တကယ်အလုပ်လုပ်မယ့်သူတွေက လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ လူတွေက ရွေးချယ်စရာနည်းတဲ့အချိန်မှာ ဒီလိုလူတွေရဲ့ စကားကို ပိုနားယောင်တယ်။ ရာခိုင်နှုန်းလည်း ပိုများတယ်။ ကျွန်တော်တို့နိုင်ငံက စီးပွားရေးမှမဟုတ်ဘူး။ ကျန်တဲ့နေရာတွေမှာလည်း ကျန်ခဲ့တယ်။ ပညာရေးလိုအပိုင်းမှာပေါ့။ ပြီးတော့ ဥပဒေအပိုင်းပေါ့။ တော်တော်များများက ဥပဒေကို မသိကြတော့ အလိမ်ခံရတာတွေပေါ့။ ဥပဒေဘောင်ထဲမှာဝင်တဲ့ ကုမ္ပဏီကဘာ၊ အစုစပ်လုပ်ငန်းက ဘာဆိုတာကို နားမလည်ကြဘူး။ ပြည်သူတွေက နားမလည်တဲ့အတွက်ကြောင့် နားလည်အောင် တောက်လျှောက် အင်တိုက်အားတိုက်နဲ့  Education လုပ်ပေးနေတဲ့အဖွဲ့ကလည်း များများစားစား မရှိဘူး။ မရှိသလောက်ပဲ။ အကုန်လုံးက လာစုနေတဲ့အချိန်မှာ ဖြစ်ကုန်တာပဲ။ အဓိက,က စီးပွားရေးပေါ့။ အဲဒီမှာ တစ်ဆက်တည်း ပညာရေးလိုဟာမျိုးတွေကလည်း ပါလာတော့ ဖြစ်သွားတာပဲ” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကတော့ လက်ရှိမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီးတော့ မည်သည့်လုပ်ငန်းမျှ ကောင်းမွန်ခြင်း မရှိဘူးလို့ စီးပွားရေးလုပ်ငန်းရှင်များက ပြောပါတယ်။ နာလန်မထူနိုင်သေးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အခြေအနေမကောင်းတော့တဲ့ SME လုပ်ငန်းတွေကို ကုစားဖို့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အမြန်ဆုံး လုပ်သင့်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေက ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီလိုအခြေအနေတွေမှာ ပြည်သူတွေကို လိမ်လည်လှည့်ဖြားနိုင်တဲ့ ကုမ္ပဏီအတုအယောင်တွေ ပေါ်ပေါက်လာတာက အမှန်တကယ် စီးပွားရေးလုပ်ကိုင်တဲ့သူတွေအတွက် အခက်အခဲဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

“ဆောက်လုပ်ရေးလောကမှာလည်း ဒီအတိုင်းပဲ။ အမှန်တကယ် လုပ်နေတဲ့သူတွေအတွက်က အဆင်မပြေဘူး။ ဥပမာ ပြောထားတဲ့ အရည်အသွေးအတိုင်း မဆောက်ပေးတဲ့ ကိစ္စတွေဖြစ်လာနိုင်တယ်။ လုပ်ငန်းမှာ ငွေလည်ပတ်မှုမကောင်းတော့ ပေးထားတဲ့ကတိတွေအတိုင်း ဖြစ်မလာတာတွေ ဖြစ်လာနိုင်တယ်” လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အိုင်တီနည်းပညာကို အသုံးချပြီး လိမ်လည်မယ့် အခြေအနေတွေကိုလည်း မြင်တွေ့နေရတယ်လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

“အခုဖြစ်စဉ်ကတော့ ရှယ်ယာခေါ်တာပေါ့။ အခုနောက်ပိုင်းမှာက အွန်လိုင်းမှာ ကြော်ငြာကလစ်နှိပ်ပေးရင် ပိုက်ဆံရမယ်ဆိုတာမျိုး။ ဒါပေမဲ့ အဲဒီလိုကြော်ငြာကလစ်နှိပ်ဖို့ Package တွေ ဝယ်ခိုင်းတယ်။ တကယ်တမ်းမှာက အဲဒီလိုအွန်လိုင်း ဝက်ဘ်ဆိုက်တွေမှာက ကြော်ငြာကလည်း အဲဒီလောက်အထိမရှိဘူး။ အဲဒီလိုအဖွဲ့အစည်းတွေ ပေါ်လာတာကို တွေ့နေရတယ်။ ဒါက နည်းပညာကို အသုံးချတာပေါ့” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

ပြည်သူတွေအလိမ်မခံရအောင် အစိုးရက ဘာလုပ်ပေးရမလဲ

အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်နေတာကို တွေ့ရပြီး ယင်းစီးပွားရေးလုပ်ငန်းများတွင်လည်း ပြည်သူများကို လိမ်လည်မည့် အတုအယောင်ကုမ္ပဏီများ ပါဝင်မလာစေဖို့ အစိုးရအနေနဲ့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သင့်တယ်လို့ စီးပွားရေးပညာရှင်များက ပြောပါတယ်။

“ပြည်သူလူထုကို လိမ်လည်မှုမဖြစ်အောင် တားဆီးပေးရမယ်။ စစ်ဆေးတဲ့အပိုင်းကို သေသေချာချာလုပ်ရမယ်။ အဲဒါဆိုရင် တော်ရုံတန်ရုံ မဖြစ်ဘူး။ အာဏာပိုင်တွေ အနေနဲ့ကတော့ လိမ်လည်မှုမဖြစ်ခင်ကတည်းက ပြည်သူတွေ အလိမ်မခံရအောင် ကုမ္ပဏီတစ်ခုကို သေသေချာချာ စစ်ဆေးသင့်တယ်” လို့ ဦးဇော်ဖေဝင်းက ပြောပါတယ်။

တချို့ပြည်ပကုမ္ပဏီများမှာ အခြားသောနိုင်ငံများတွင် လိမ်လည်မှုတွေ ပြုလုပ်ဖို့ အခွင့်မသာတဲ့အချိန်မှာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ၎င်းတို့၏ ပစ်မှတ်များ ဖြစ်လာနိုင်တယ်လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

“နိုင်ငံတကာက ဝင်လာနိုင်တာတွေလည်းရှိတယ်။ တခြားနေရာတွေမှာ လိမ်ဖို့အဆင်မပြေတော့ဘူး။ အာရှတိုက်လို နိုင်ငံတွေကသူတို့ရဲ့ ဦးစားပေးနိုင်ငံတွေ ဖြစ်လာနိုင်တယ်” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

အစိုးရအနေဖြင့် တရားဝင် ရှယ်ယာရောင်းဝယ်ခွင့်မရှိသည့် ကုမ္ပဏီများက ရှယ်ယာရောင်းဝယ်တာတွေကို တွေ့ရှိရင် စစ်ဆေးအရေးယူမှုတွေ ပြုလုပ်ပေးရမှာဖြစ်သလို အရေးယူထားတဲ့ အပိုင်းတွေကိုလည်း ပွင့်လင်းစွာချပြပေးဖို့လို အပ်တယ်လို့သူက ဆက်ပြောပါတယ်။

“လုပ်ငန်းတွေကို လုပ်ပိုင်ခွင့်ပေးတာတွေကို အဲဒီလုပ်ငန်းတွေက အများပြည်သူ နစ်နာစေနိုင်သလား ဆိုတာကို သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ဖော်ထုတ်ပေးနိုင်တဲ့ အဖွဲ့အစည်းလိုတယ်။ သီးသန့်ဖွဲ့ထားရမယ်။ တချို့ဌာနတွေက သူ့အောက်မှာက ဌာနအများကြီးရှိတော့ သူလိုက်မလုပ်နိုင်တဲ့ အခြေအနေတွေကို သီးသန့်စစ်ပေးတဲ့အဖွဲ့တစ်ခု မဖြစ်မနေလိုတယ်။ အဲဒါမှ ပြည်သူတွေအတွက် ထိခိုက်နစ်နာတာတွေ လျော့နိုင်မယ်။ နောက်တစ်ခုက စစ်ဆေးထားတယ်ဆိုတဲ့ ရလဒ်တွေကိုလည်း ထုတ်ပြန်ပေးဖို့လိုအပ်တယ်။ တစ်ခါတလေ ဘယ်လိုဖြစ်သလဲဆိုတော့ စစ်တော့စစ်လိုက်တာပဲ။ ဘာတွေ တွေ့တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းမထုတ်ပြန်တော့  လိမ်မယ့်ကုမ္ပဏီအတွက် ငါတို့က အစိုးရက စစ်ဆေးတာကို ခံပြီးသွား ပြီကွဆိုတဲ့ပုံစံနဲ့ လူတွေကို ထပ်လိမ်နိုင်ဖို့ လက်မှတ်ပေးလိုက်သလို ဖြစ်နေတယ်” လို့ ကိုဇင်ဇေလွင်က ပြောပါတယ်။

လက်ရှိမှာတော့ အခုလို ငွေကြေးပြန်လည်မရရှိသေးတဲ့ အတွက်ကြောင့် မနန်းအေးတစ်ယောက် စိတ်ပူနေပါပြီ။ သူထည့်ဝင်ထားတဲ့ ရှယ်ယာပမာဏာက မများသလို နည်းတဲ့ပမာဏာလည်း မဟုတ်ပါဘူး။ ပြည်ပမှာ ချွေးနှဲစာနဲ့ ရှာထားတဲ့ ငွေကြေးကို ဆုံးရှုံးသွားတော့မှာကိုတော့ စိတ်ပူနေရပါပြီ။

“အစ်မက အားလုံးပေါင်း သိန်း ၃၀ ကျော် ပါသွားတယ်။ မများဘူးဆိုပေမယ့် နည်းလည်းမနည်းဘူးလေ။ ဒါပေမဲ့ သင်ခန်းစာတော့ရတာပေါ့။ အဓိက,ကတော့ ကိုယ်ကလွဲ ကိုယ့်ဒူးတောင် မယုံစေချင်ပါဘူး။ အလုပ်တစ်ခုကို သေးသေးလေးဖြစ်ပါစေ။ ကိုယ်တိုင်လုပ်နိုင်မှသာ အကောင်းဆုံးပါလို့ လုပ်နိုင်အောင်လည်း ကြိုးစားကြရမယ်လို့ အဲဒီလိုအသိလေးတော့ ရလိုက်တယ်” လို့ မနန်းအေးက ပြောပါတယ်။

Most Read

Most Recent