တစ်ခြမ်းစောင်းနှင့် တစ်ဖက်ကပ်

တစ်ခြမ်းစောင်းနှင့် တစ်ဖက်ကပ်
Published 4 August 2017

လှိုင်သာယာမြို့နယ်ရှိ လမ်းတစ်လမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

တစ်မနက်ခင်းမှာ လက်ဖက်ရည်ဆိုင် အသွားလမ်းဖြတ်ကူးဖို့ လုပ်ပါတယ်။ လက်ယာကပ်မောင်းစနစ် ကျင့်သုံးတဲ့ နိုင်ငံဖြစ်တာမို့ ညာဘက်ကလာမယ့် ကား၊ ဆိုင်ကယ်၊ စက်ဘီးတို့ကို ရှောင်ရှားဖို့သာ အဓိက အာရုံစိုက်ခဲ့ပါတယ်။ လမ်းရှင်းတဲ့အတွက် ဖြတ်ကူးဖို့ပြင်နေတုန်းမှ မိမိညာဘက်က စက်ဘီးတစ်စီး ဝင်တိုက်တာကို ခံစားရတယ်။ စက်ဘီးက လမ်းပြောင်းပြန် စီးနင်းလာတာဖြစ်တယ်။ ကြီးကြီးမားမား ဒဏ်ရာမရခဲ့ပေမယ့် ထိမိတဲ့နေရာမှာတော့ နာကျင်သွားတယ်။ လက်ဖက်ရည်သောက်ရင်းနဲ့ လမ်းအကြောင်း၊ ကားအကြောင်းတွေ စဉ်းစားရင်း ဟိုတုန်းကခေတ်ကို သတိရသွားတယ်။

အခု မြင်နေရတဲ့ ကားလမ်းပေါ်မှာ ဟိုတုန်းကလည်း ကားတွေသွားခဲ့ကြတယ်။ ဟိုအရင်ခေတ်က လမ်းမပေါ်မှာသွားနေတဲ့ ကားတစ်ခြမ်းစောင်းနေတာ တွေ့ဖူးကြမယ် ထင်ပါတယ်။ ဗိုက်ပူခေါ်တဲ့ ဘတ်စ်ကားကြီးတွေ၊ ဒိုင်နာ၊ ရိန်းဂျား၊ ဟီးနိုး စတဲ့ကားတွေဟာ လမ်းပေါ်မှာ ဘယ်ညာတည့်တည့်မတ်မတ် မရှိဘဲ တစ်ခြမ်းစောင်းကြီးနဲ့ သွားကြတယ်။ အဲဒီတုန်းက ကားတွေဟာ လူတွေပြည့်ကျပ်ညပ်နေအောင် တင်ကြ၊ စီးကြရတဲ့အတွက် ကြံ့ခိုင်မှုနဲ့ ဝန်ခံနိုင်မှုနည်းပြီး တစ်ဖက်ကိုနိမ့်ကျ၊ စောင်းကျသွားတာ ဖြစ်ပါတယ်။ ကားတွေဟာ လူအတက်အဆင်းအပေါက်က ညာဘက်ခြမ်းမှာ ရှိတာရယ်၊ လက်ယာကပ်မောင်းဖြစ်လို့ရယ်၊ လမ်းရဲ့ဖွဲ့စည်းပုံရယ်ကြောင့် ညာဘက်ကို လျှောဆင်းတာရယ်၊ လူတွေက ညာဘက်ခြမ်းမှာ တွယ်စီးကြတာရယ်ကြောင့် အများအားဖြင့် ညာဘက်ခြမ်းကို စောင်းနေကြတယ်။

တစ်ခြမ်းစောင်းနေတဲ့ ကားကြီးကို မောင်းနေတဲ့ ဒရိုင်ဘာ၊ သူ့ရဲ့အဖွဲ့ဝင် စပယ်ယာရယ်၊ ကားထဲမှာ လိုက်ပါစီးနင်းနေကြတဲ့ ခရီးသည်တွေဟာ ကားကြီးတစ်ခြမ်းစောင်းနဲ့ သွားနေတာကို သိချင်မှသိ၊ မြင်ချင်မှမြင်၊ သတိထားမိချင်မှ ထားပါလိမ့်မယ်။ ကားကြီး တစ်ခြမ်းစောင်းသွားနေတာကို သိတဲ့လူ၊ မြင်တဲ့လူ၊ စိုးရိမ်စိတ်ဝင်ကြသူတွေက လမ်းဘေးမှာ ရပ်ကြည့်နေသူတွေ ဖြစ်ပါတယ်။ အဲဒီလို သွားနေတဲ့ ကားကြီးကို နောက်ကနေများ ကြည့်မယ်ဆိုရင် ဘယ်အချိန် ကားလမ်းဘေးကို ဆင်းချသွားမလဲဆိုတာ တွေးတောစိုးရိမ်မိခဲ့ပါတယ်။ ကားကြီးတွေဟာ တစ်ခြမ်းစောင်းတဲ့ဒဏ်ပိတာရယ်၊ ကြံ့ခိုင်မှု မကောင်းတာရယ်ကြောင့် ဘီးပေါက်တာ၊ လေးကျိုးတာ၊ လမ်းဘေးကို ထိုးဆင်းသွားတာတွေ မကြာခဏ ဖြစ်ကြတယ်။ ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတယ်။ အဲဒီလိုဖြစ်ရတာဟာ ဟန်ချက်မညီ၊ ဝိတ်မညီ၊ ကြံ့ခိုင်မှုအားနည်းလို့ ဖြစ်ရတာပါ။

ငယ်ရွယ်စဉ် (ကိုးတန်း၊ ဆယ်တန်း) ကျောင်းသားဘဝက ကျောင်းတက်ရင် ဘတ်စ်ကား (ဗိုက်ပူ) ကြီး စီးရတယ်။ တစ်ခါ မှာတော့ တစ်ခြမ်းစောင်းတဲ့အဖြစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကို ခံခဲ့ရပါတယ်။ ကျောင်းအပြန် ညနေပိုင်း အခုလို မိုးတွင်းလေးမှာပါ။ ကျောင်းလွှတ်ချိန် မိုးလေးကလည်း ညို့လာတယ်။ ထီးကလည်းမပါဘူး။ ဗိုက်လည်းဆာနေတယ်။ မှတ်တိုင်မှာ ကားစောင့်နေတဲ့ ကိုယ့်လိုကျောင်းသားတွေက အများကြီးမှာ ဗိုက်ပူတစ်စီးရောက်လာတယ်။ ညနေပိုင်း ရုံးလွှတ်ချိန် အလုပ်ပြန်ချိန်လည်းဖြစ်တာမို့ အထဲဝင်စီးလို့မရဘူး။ နောက်ပေါက်မှာ တွယ်စီးရတယ်။ ကိုယ်တွယ်စီးတဲ့ဘက်က ညာဘက်ခြမ်း။ နောက်ပေါက်မှာ ကိုယ့်လိုတွယ်စီးလာတာက ၁၀ ယောက်ထက်မနည်း ရှိတယ်။ အပေါက်ဝက လက်ကိုင်တန်းကို ဘယ်ညာနှစ်ဖက်ကိုင်လို့မရဘူး။ နေရာမရှိဘူး။ ညာဘက်လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်ပြီး ဘယ်ဘက်လက်က ဘေးလူရဲ့ခါးကိုဖက်ထားရတယ်။ တစ်ဆစ်ချိုးလမ်းကွေ့ကိုရောက်တော့ ကားကလည်း အရှိန်နဲ့ကွေ့လိုက်တဲ့အခါ ဘယ်ဘက်ခြမ်းမှာရှိတဲ့ လူတွေက ညာဘက်ခြမ်းကို အိကျ (စောင်းကျ) လာတယ်။ လူ ၁၀ ယောက်လောက်ဝိတ်က ကိုယ့်အပေါ် ဖိကျလာတော့ တွယ်ထားတဲ့ လက်တစ်ဖက်တည်းနဲ့ ဘယ်လိုမှ တောင့်ခံမထားနိုင်တော့ဘူး။ နောက်ဆုံးသိသိကြီးနဲ့ ဆုပ်ကိုင်ထားတဲ့ လက်ကိုလွှတ်ချလိုက်ရတယ်။ လမ်းဘေးက ရေမြောင်းထဲကို ဒလိမ့်ခေါက်ကွေးကျတယ်။ လူရောစာအုပ်တွေပါ ရေစိုကုန်တယ်။ ဒါကလည်း တစ်ခြမ်းစောင်းပြီး ဝိတ်မမျှလို့ ဖြစ်ရတာပါ။

မြစ်ချောင်းတွင်းမှာ သွားနေကြတဲ့ လှေ၊ သင်္ဘောတွေဟာ မတိမ်းမစောင်းတည့် တည့်မတ်မတ်သွားနိုင်ဖို့ အရေးကြီးပါတယ်။ လှေအဆင်း မြင်းအတက်ဆိုသလို ဟန်ချက်ငြိမ်ဖို့ လိုအပ်ပါတယ်။ ဟန်ချက်ပျက်ရင် လှေမှောက်သွားပါလိမ့်မယ်။ သင်္ဘောကြီးတွေနဲ့ အခုလို မိုးတွင်းချိန်ခါ ခရီးသွားတဲ့အခါ လေတိုက်မိုးရွာ ကြုံကြရမယ်။ မိုးရွာတဲ့အခါ မိုးပက်မိုးစိုမှာစိုးလို့ဆိုပြီး ခရီးသည်တွေက တစ်ဖက်ခြမ်းကို ပြေးကပ်တတ်ပါတယ်။ အဲဒီအခါ တစ်ဖက်မှာဝန်ပိပြီး သင်္ဘောတစ်ခြမ်း စောင်းသွားမယ်၊ နစ်မြုပ်သွားမယ်။ သင်္ဘောတစ်စင်း ရေပေါ်မှာ ဟန်ချက်ညီညီတည်နေရင် လိုရာခရီးကို ချောချောမောမောရောက်မှာပါ။ ခေတ္တခဏကြုံတွေ့လာတဲ့ မိုးပက်မိုးစိုဒဏ်ကို မခံနိုင် မခံချင်လို့ တစ်ဖက်ကို ပြေးကပ်တဲ့ လူတွေကြောင့် သင်္ဘောတစ်ခြမ်း စောင်းနစ်မြုပ်ရပြီး အလုံးစုံပျက်ခြင်းနဲ့ ကြုံရတတ်ပါတယ်။

တစ်ခြမ်းစောင်းနေတဲ့ ကားဖြစ်ဖြစ်၊ လှေသင်္ဘောဖြစ်ဖြစ် လိုရာခရီးကိုရောက်ဖို့ရာမှာ အခက်အခဲနဲ့ အန္တရာယ်တွေများစွာ ကြုံတတ်ပါတယ်။ ကြုံလာတဲ့အန္တရာယ် အခက်အခဲတစ်ခုကို ကျော်ဖြတ်ဖို့ မလွယ်လှပါဘူး။ သူ့ရဲ့လားရာကိုက တစ်ဖက်ကို ဆွဲဆောင်နေပါတယ်။ တစ်ဖက်လိုက်နေတတ်ပါတယ်။ ပဲ့ကိုင်သူ၊ ကားမောင်းသူတွေ ပိုသိပါတယ်။ ကားကြီးက တစ်ဖက်ဆွဲနေလို့ စီယာတိုင်ကို မနည်းထိန်းမောင်းရတယ်။ လမ်းမှာ ချိုင့်တစ်ခုခု၊ အကွေ့တစ်ခုခုကို ကျော်ဖို့လိုတာတဲ့အခါ အခန့်မသင့်ရင် တိမ်းမှောက်သွားတတ်ပါတယ်။ ဆိုက်ကားနင်းရင် ပိုသိသာပါတယ်။

ပဲရစ်မျှော်စင်ကြီး တစ်ခြမ်းစောင်းနေတာ ကြာပါပြီ။ မျှော်စင်ကြီးပြိုမကျအောင် ထောက်ကန်ထိန်းသိမ်းထားရတယ်။ အကယ်၍ သဘာဝအန္တရာယ် တစ်ခုခုကြုံခဲ့ရင် အလွယ်တကူ ပြိုကျသွားနိုင်ပါတယ်။ အဲဒီလို ပြိုမကျခင် အခိုက်အတန့်မှာလည်း မျှော်စင်ကြီး တစ်ခြမ်းစောင်းနေတာကို ကြည့်ရတာ အမြင်မတင့်လှပါဘူး။ တိုက်တာ အိမ်ခြေတွေ ကြံ့ခိုင်မှုလျော့ကျလို့ တစ်ခြမ်းစောင်းသွားတဲ့အခါ ထိုတိုက်ကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ပါတယ်။ တည့်မတ်အောင် အသစ်ပြန်လည် ဆောက်ခိုင်းပါတယ်။ လှုပ်ရှားသွားလာ သက်ဝင်နေတဲ့ အရာဝတ္ထုတွေမှမဟုတ်ဘဲ တည်ငြိမ်နေတတ်တဲ့ အရာဝတ္ထုတွေမှာလည်း တည့်မတ် ညီညွတ်နေတာက အကောင်းဆုံး အန္တရာယ် အကင်းဆုံးဖြစ်ပါတယ်။

ကျွန်တော်တို့လူသားတွေ မတ်မတ်ရပ် နေနိုင်တာဟာ အချိုးညီ၊ ဟန်ချက်ညီနေလို့ ဖြစ်ပါတယ်။ ရေပုံးနဲ့ ရေဆွဲတဲ့အခါ ရေထမ်းတဲ့အခါ ဘယ်နဲ့ညာ၊ ရှေ့နဲ့နောက် အလေးချိန်မညီရင် ခက်ခဲပါတယ်။ တစ်ခြမ်းစောင်း နေတတ်တယ်။ ကြိုးတန်းပေါ်လမ်းလျှောက်တဲ့ သူတစ်ယောက်အတွက် ဟန်ချက်ညီဖို့ အရေးကြီးပါတယ်။ တစ်ခြမ်းစောင်းရင်တော့ အောက်ကိုပြုတ်ကျမှာ သေချာပါတယ်။ ဒီအကြောင်းတရားတွေကို ကြည့်ရှုသုံးသပ်ကြည့်ရင် သိနိုင်တာက ဟိုဘက်၊ ဒီဘက်၊ လက်ဝဲ လက်ယာ၊ အရှေ့အနောက်ဆိုတဲ့ အစွန်းနှစ်ဖက်ဟာ တစ်ခုနဲ့တစ်ခုထိန်းညှိနိုင်ဖို့၊ တစ်ခြမ်းမစောင်းဖို့ အရေးကြီးတယ်ဆိုတာပါ။

ဒီသဘောတရားကို မြတ်စွာဘုရားလည်း ဟောခဲ့ပြီးသားပါ။ ဘုရားဖြစ်တော်မူပြီးတဲ့နောက် ဝါဆိုလပြည့်နေ့မှာ ပဉ္စဝဂ္ဂီငါးဦးနဲ့ စကြဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေကို တရားဦးဟောတဲ့အထဲမှာ ပါပါတယ်။ မြတ်စွာဘုရားက လောကသားတွေကို ပထမဦးဆုံး ဟောတဲ့တရားကလည်း တစ်ခြမ်းမစောင်းဖို့၊ တစ်ဖက်မကပ်ဖို့၊ မဇ္ဈိမပဋိပဋာ (အလယ်ကျကျ) ကျင့်ကြံနေထိုင်အား ထုတ်ဖို့ဟောခဲ့တာပါ။ ဘုရားမဖြစ်မီက ကိုယ်တိုင်လည်း တစ်ခြမ်းစောင်း၊ တစ်ဖက်ကပ် ကျင့်ကြံအားထုတ်ခဲ့ဖူးတဲ့အကြောင်း၊ ဘာမှအကျိုးမရ၊ အလဟဿဖြစ်ရတဲ့အကြောင်း၊ ဆင်းရဲပင်ပန်းတာသာ အဖတ်တင်ကြောင်း၊ နောက်ဆုံး ဘယ်ဘက်ကိုမှ မတိမ်းမစောင်း၊ မကပ်မငြိဘဲ အလယ်တည့်တည့်ကနေ မျှမျှတတ ကျင့်ကြံမှ အကျိုးထူး၊ တရားထူးရခဲ့ကြောင်းဖြစ်တဲ့ ဓမ္မစကြာတရားကို ဟောခဲ့ပါတယ်။

မြတ်စွာဘုရား တရားရှာရာမှာတောင် အလုပ်အကျွေးပရိသတ်ဖြစ်တဲ့ ပဉ္စဝဂ္ဂီတို့ တစ်ဖက်စောင်း ကျင့်ကြံအားထုတ်တာကို နှစ်သက်ခဲ့ဖူးတယ်။ အတ္တကိလမထာနုယောဂဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်းရဲဒုက္ခခံကျင့်ကြံတဲ့ အစွန်းတစ်ဘက် (လက်ဝဲ) ကို နှစ်သက် အားပေးခဲ့တာ တွေ့ရပါတယ်။ မြတ်စွာဘုရားက ထိုတစ်ဖက်စွန်း တစ်ဖက်ကပ်ကျင့်တာကို ဖယ်ခွာပြီး အလယ်အလတ်လမ်းကိုကျင့်တဲ့အခါ အထင်လွဲ အမြင်လွဲ သဘောကွဲခဲ့ကြဖူးပါတယ်။ လူ့လောက နိုင်ငံရေးမှာလည်း တစ်ဖက်စွန်းဖက်ကပ်သူတို့က အလယ်လူကို အမြင်မကြည် ဖြစ်လေ့ရှိပါတယ်။ သူတို့လိုပဲ ကပ်စေချင်ကြ၊ ကပ်မှ နှစ်သက်ကြပါတယ်။

သဘာဝတရားမှာဖြစ်ဖြစ်၊ လူ့လောက လူ့နိုင်ငံမှာဖြစ်ဖြစ် တစ်ခုနဲ့တစ်ခု တစ်ဖက်နဲ့ တစ်ဖက်က အပြန်အလှန် ထိန်းညှိဖြစ်တည်နေမှသာ တည်ငြိမ်ပါတယ်။ တစ်ဖက်က အကြောင်းတရားတစ်ခုက လွန်ကဲပြီး ဆိုးလာတဲ့အခါ သဘာဝတရားတွေမှာလည်း ပျက်စီးဆုံးရှုံးမှု၊ ဖောက်ပြန်မှုတွေ ဖြစ်တတ်ပါတယ်။ သဘာဝတရားတွေဖြစ်တဲ့ ရေ၊ လေ၊ နေ၊ မီးဆိုတာတွေဟာ တစ်ခုနဲ့တစ်ခု ဟန်ချက်ညီညီ မျှတနေမှ ကမ္ဘာကြီးလည်း ပုံမပျက် တည်ငြိမ်နေနိုင်မှာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ မှီတင်းနေထိုင်ကြတဲ့လူနဲ့ တိရစ္ဆာန်၊ သက်မဲ့နဲ့ သက်ရှိလောကတွေဟာလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်မှီခို ရှင်သန်နေကြသလို အပြန်အလှန် ချိန်ညှိနိုင်မှ တစ်ဖက်မစောင်းမှသာ တည်ငြိမ်အေးချမ်းရှိမှာပါ။ လူ့လောကက တိရစ္ဆာန်လောကကို တစ်ဖက်သတ် ကြီးစိုးအနိုင်ယူမယ်၊ အနိုင်ကျင့်မယ်။ တိရစ္ဆာန်လောကက လူ့လောကနဲ့ သဘာဝလောကကို တစ်ဖက်သတ် ကြီးစိုးလာမယ်ဆိုရင် လောကသုံးပါးလုံး အကျိုးယုတ် ပျက်စီးသွားမှာဖြစ်ပါတယ်။ တိရစ္ဆာန် လောကသားတွေ ပျက်စီးပျောက်ကွယ်မယ်။ အင်အားချည့်နဲ့သွားမယ်ဆိုရင် သဘာဝလောက (သက်မဲ့) တွေ ခေါင်းထောင်ထလာလိမ့်မယ်။ သဘာဝလောကက လူ့လောကကိုခြိမ်းခြောက် ရန်ပြုလာလိမ့်မယ်။ သဘာဝလောကသားတွေ အင်အားချည့်နဲ့ ပျက်သုဉ်းခဲ့ရင်လည်း တိရစ္ဆာန်နဲ့ လူ့လောက ထိခိုက်နစ်နာ ပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာလောကကြီး တည်ငြိမ်နေနိုင်ဖို့၊ ရှင်သန်နေနိုင်ဖို့ သက်မဲ့၊ တိရစ္ဆာန်၊ လူဆိုတာတွေဟာ တစ်ဖက်စောင်းနင်းမကြီးထွား၊ မကြီးစိုး၊ အနိုင်မယူဘဲ အပြန်အလှန် ထိန်းညှိနေနိုင်ရေးက အရေးကြီးလှပါတယ်။

ထိုသဘောတရား (မျှခြေ) ဆိုတာဟာ တည်ငြိမ်ရေးအတွက် အရေးပါပါတယ်။ နိုင်ငံရေးမှာဆိုရင်လည်း အရေးကြီးလှပါတယ်။ (Check and Balance) ဆိုတာ ဒီသဘောတရားကို ရည်ညွှန်းပါတယ်။ နိုင်ငံရေးရပ်ဝန်းတစ်ခု၊ နိုင်ငံတစ်ခု တည်ငြိမ်ခိုင်ခံ့နေနိုင်ပြီး လှုပ်ခတ်ယိမ်းယိုင်မှု ကင်းရှင်းဖို့အတွက် အရေးပါပါတယ်။ နိုင်ငံရေးမှာ အဓိကကျတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတာတွေ တစ်ခုနဲ့တစ်ခု (Check and Balance) ဖြစ်ဖို့ ထိန်းညှိ ဆောင်ရွက်ကြရပါတယ်။ သူတို့ထဲက တစ်ခုခုက ကြီးစိုးမယ်။ အလေးသာမယ်၊ တစ်ဖက်ဖက်က အားနည်းချည့်နဲ့နေမယ်ဆိုရင် တစ်ခြမ်းစောင်းတဲ့ နိုင်ငံရေးအသွင် ဖြစ်သွားတတ်ပါတယ်။

ထို့အတူ နိုင်ငံရေးနယ်ပယ်ထဲမှာ ရှိနေသူ၊ စီးနင်းလိုက်ပါနေကြတဲ့ ပြည်သူဆိုတာဟာလည်း အရေးပါပါတယ်။ အပြန်အလှန် ထိန်းကျောင်းနိုင်ဖို့၊ အင်အားညီဖို့၊ မတိမ်းစောင်းဖို့ (Power Sharing) ဖြစ်ဖို့လိုပါတယ်။ တစ်ဖက်ကပ်၊ တစ်ခြမ်းစောင်း၊ အစွန်းတစ်ခုမှာသာ စုပြုံရောက်ရှိနေကြမယ်၊ ရပ်တည်နေကြမယ်ဆိုရင် အန္တရာယ်များပါတယ်။ ထိုလူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုဟာ တစ်ခြမ်းစောင်းနေတဲ့ ဘတ်စ်ကားကြီး စီးသွားရသလို၊ မိုးရွာလေထန်လို့ တစ်ဖက်စုပြုံ ပြေးကပ်တာကြောင့် တစ်ခြမ်းစောင်းနေတဲ့ သင်္ဘောကြီးစီးရသလိုမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို တစ်ခြမ်းစောင်းသွားနေတဲ့ ခရီးလမ်းတစ်ခုဟာ လိုရာပန်းတိုင်ကို ချောချောမောမော ရောက်ရှိဖို့ ခက်ခဲမှာပဲဖြစ်ပါတယ်။ အခန့်မသင့်ရင် ဘီးပေါက်၊ လေးကျိုး၊ တိမ်းမှောက်၊ နစ်မြုပ်၊ ပျက်စီးခြင်းများနဲ့ ကြုံရနိုင်ပါတယ်။ ကမ္ဘာ့သမိုင်းတွေကို လေ့လာရင် တွေ့နိုင်ပါတယ်။

တစ်ခြမ်းလည်း မစောင်း၊ တစ်ဖက်လည်း မကပ်ဘဲ အင်အားညီနေမှသာ မျှခြေကို ထိန်းနိုင်သလို အခွင့်အလမ်းလည်းသာပါတယ်။ အလယ်လမ်းမှာ ရပ်နေသူတို့ဟာ လမ်းနှစ်ဖက်စလုံးကို မြင်နိုင်ကြည့်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ အမှန်ဘက်ကမ်းနဲ့ အမှားဘက်ကမ်း၊ ချမ်းသာဘက်ကမ်းနဲ့ ဆင်းရဲဘက်ကမ်းကို ကြည့်နိုင်မြင်နိုင်သလို ရွေးချယ်သွားနိုင်ပါတယ်။ အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး နှစ်ခုကြားမှာ လူးလာကူးခတ်နေကြရ၊ မရောက်ရှိ မပိုင်ဆိုင်နိုင်ကြသေးတဲ့ လူ့အဖွဲ့အစည်း၊ နိုင်ငံတွေမှာနေကြတဲ့ ပြည်သူတွေအတွက် ထိုသဘောတရား အမြင်နဲ့ ရပ်တည်ချက်က အလွန်အရေးကြီးလှပါတယ်။

မြတ်စွာဘုရားလည်းပဲ ချမ်းသာဘက်ကမ်းကနေ ဆင်းရဲဘက်ကမ်းကို ကူးတယ်။ လွတ်မြောက်ရာကို ရှာတယ်။ လွတ်မြောက်ရာလမ်းမှာလည်း ကမ်းနှစ်ဖက်ကို တွေ့ရတယ်။ တစ်ဖက်ကိုကပ်ပြီး ကြိုးစားအားထုတ်ခဲ့ပေမယ့် တရားထူး (အကျိုး) မရခဲ့ဘူး။ ဘယ်ဘက်ကိုမှမကပ်ဘဲ အလယ်ကျကျ ကျင့်ကြံအားထုတ်တော့မှ တရားထူးကိုရတယ်။ အဲဒီလို တစ်ခြမ်းမစောင်း၊ တစ်ဖက်မကပ်ဘဲ ချမ်းသာရကြောင်း၊ လွတ်မြောက်ကြောင်းကို ရရှိဖို့ နည်းလမ်းရှစ်သွယ်နဲ့ ပြည့်စုံဖို့လိုတယ်လို့ ဟောခဲ့ပါတယ်။ အဲဒါတွေက သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာကမ္မန္တ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့ ဖြစ်ပါတယ်။ ဒီကျင့်ဖွယ်ရှစ်သွယ်ဟာ ဆင်းရဲခြင်းအမှန်ဖြစ်တဲ့ ဒုက္ခတွေက လွတ်မြောက်ရာကို သွားချင်သူတွေမှာ မရှိမဖြစ် လိုအပ်တာတွေဖြစ်သလို တစ်ခြမ်းမစောင်း၊ တစ်ဖက်မကပ်စေတဲ့ ကျင့်စဉ်တွေလည်း ဖြစ်ကြပါတယ်။

Writter : သန်းထိုက် (သာကေတ)

Most Read

Most Recent