အသံများ မနက်ဖြန်များ ဘဝများ

အသံများ မနက်ဖြန်များ ဘဝများ
Published 4 August 2017

ပြည်တွင်းအထည်ချုပ် စက်ရုံတစ်ရုံရှိ အလုပ်သမများအား တွေ့ရစဉ်

ကျွန်တော်တို့၏ မနက်ဖြန်များသည် မြန်နှုန်းမြင့်ရွေ့နေလျက်နှင့် မျှော်လင့်ထားရာ ခရီးဆီ အဘယ်မျှ ရောက်ရှိနေကြသလဲ။ အားလုံးသည် မနက်ဖြန်ဟူသော အနာဂတ်ဆီ ကူးစက်နေကြသည်သာ။ ဈေးရောင်းဈေးဝယ်သူ တစ်ဦး၏မနက်ဖြန်၊ အလုပ်သမားတစ်ဦး၏ မနက်ဖြန်၊ လယ်သမားတစ်ဦး၏ မနက်ဖြန်၊ ရေလုပ်သားတစ်ဦး၏ မနက်ဖြန်၊ ဝန်ထမ်းတစ်ဦး၏ မနက်ဖြန်စသည် စသည်ဖြင့် မနက်ဖြန် ...မနက်ဖြန်များ။ လိမ့်နေသော ဘီးများ၊ ဆူညံကျယ်လောင်စွာ ထွက်ပေါ်နေသော အင်ဂျင်စက်သံများ၊ စက်ယန္တရားများဆီက ခွေးသွားစိပ်လည်ပတ်သံများ၊ အထည်ချုပ်စက်ရုံတွေဆီက တဂျုတ်ဂျုတ် မြည်သံများ၊ ဂဟေစက်သံများ၊  လွှစက်သံများ စသည်ဖြင့် အသံများ ... အသံများ။ ဘဝများ ...ဘဝများ။

အသံများနှင့် ဘဝများ။ မနက်ဖြန်များနှင့် ဘဝများထဲမှ တစ်စုံတစ်ရာဆီ ကျွန်တော်တို့ ပြေးလွှားနေကြရသကဲ့သို့ တစ်စုံတစ်ရာများကို လွှဲပစ်နေကြရပြန်ပါသည်။ ‘လွှဲ’ ရခြင်းနှင့် ဆက်စပ်ပြီး သိပ္ပံပညာရှင် ‘ဘင်ဖရင် ကလင်’ ၏ မိုးကြိုးလွှဲများ တီထွင်သွားမှုကို သတိရမိသေးသည်။ မိုးကြိုးလွှဲများက လျှပ်စီးမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို ကာကွယ်သည့်အနေဖြင့်။ တကယ်တမ်းကျွန်တော်တို့ လွှဲပစ်နေကြရသည်က လူမှုဘဝများထဲတွင် အများအပြားပင်။ တစ်ဦးနှင့် စကားပြောမှားကြသည့်အခါ လွှဲလွှဲပြောနေကြရ။ လုပ်ငန်းတစ်ခု အဆင်မပြေသည့်အခါ လွှဲလွှဲချိန်းဆိုကြရ။ မိမိပြောစကားအပေါ် မိမိတာဝန်မယူနိုင်ကြသောအခါ လွှဲလွှဲပြောကြရစသည်ဖြင့် လွှဲပစ်နေကြရသည်။ ခေတ်သစ်ဗိုင်းရပ်စ်ပိုးမွှားတွေကို လွှဲပစ်နေကြရသည်။ ရာသီဥတု အဆင်မပြေသောကြောင့် ရောင်းရေးဝယ်ရေးအချိန်များကို  လွှဲပစ်ကြရသည်။ လုပ်ခလစာ အဆင်မပြေမှုကြောင့် အခြားအလုပ်တစ်ခုကို လွှဲလုပ်ကြရသည်။ လစာမလောက်ငသောကြောင့် အခြားဝန်ထမ်းအလုပ်တစ်ခုကို လွှဲလုပ်နေကြသည်။ စပါးဈေးမကောင်းသောကြောင့် “ဘာပြောင်းစိုက်ရင် ကောင်းမလဲ” လို့ လွှဲပြောင်းစဉ်းစားကြရသည်။ ရေသယံဇာတအရင်းအမြစ် ရှားပါးလာသောကြောင့် မွေးမြူရေးဆီ လွှဲပြောင်းလုပ်ကိုင်ကြရပြန်သည်။ ကျွန်တော်တို့တစ်တွေ၏ လွှဲခြင်း ...လွှဲနေခြင်းများ။

သို့သော်လည်း ဘီးများကတော့ လိမ့်နေမြဲ၊ အင်ဂျင်စက်များကတော့ ကျယ်လောင်စွာ ထွက်ပေါ်နေမြဲ။ ခွေးသွားစိပ်များကတော့ လည်ပတ်နေမြဲ။ အထည်ချုပ်စက်ရုံများဆီမှလည်း တဂျုတ်ဂျုတ်မြည်နေမြဲ။ မြန်နှုန်းမြင့်လာသော ကမ္ဘာထဲတွင် အချို့က မူရင်းနေရာ တွင်ကျန်ရှိနေမြဲဖြစ်ပြီး အချို့ကလွှဲပြောင်းသွားကြသည်။ အချိန်များ လွှဲပြောင်းကြရ။ အလုပ်များ လွှဲပြောင်းကြရ။ အယူအဆများ လွှဲပြောင်းကြရ။ ဘဝဖြစ်တည်မှုများပါ လွှဲပြောင်းနေရသည်။

ရပ်တန့်မနေသော၊ တည်မြဲမနေတတ်သော ကျွန်တော်တို့၏ဘဝများ၊ လုပ်နည်းကိုင်နည်းများ၊ လူမှုဝန်းကျင်အနေအထားများမှာ အမြဲတမ်း ‘ပြောင်းနေဆဲ’ ဆိုသကဲ့သို့ပင်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်ဆီက အိပ်မက်များသည် ယနေ့ကိုက်ညီပါမည်လား။ စက်ယန္တရားများ၊ အီလက်ထရောနစ်ပစ္စည်းများ၊  နည်းပညာအချက်အလက် အစိတ်အပိုင်းများ စသည်ဖြင့်။ အသုံးအဆောင် အဆင်တန်ဆာများ၊ လူနေမှုပုံစံများ၊ ယဉ်ကျေးမှုအသစ်များ ပေါ်ပေါက်လာသည်နှင့်အမျှ အချို့အရာများပါ လိုက်ပါပြောင်းလဲတတ်လေသည်။ သဘောထားအမြင်များ၊ ပြုမူလုပ်ဆောင်ပုံများ။ လွှဲလွှဲပစ်နေရသော အချိန်များ၊ စကားလုံးများ၊ ကတိကဝတ်များ လည်းပါမည်သာပင်။ လွှဲပစ်ရခြင်းများ ယခင်ကထက်များသည် နည်းသည်ကတော့ တွက်ဆရန် ခက်လှပါသည်။

ကျွန်တော်တို့ လူမှုဘဝများထဲမှ ထွက်ပေါ်နေတတ်သော ‘အသံ’ များသည် ကျွန်တော်တို့အားလုံး၏ ပုံရိပ်ဖြစ်ပါသည်။ ကိုယ်စားပြုမှုဖြစ်ပါသည်။ တိုးတက်မှု/ ဆုတ်ယုတ်မှု လက္ခဏာရပ်များဖြစ်ပါသည်။ ကျွန်တော်တို့ အားကိုးအားထားပြုနေရသော သက်မဲ့အသံများ ဖြစ်ချင်ဖြစ်ပါမည်။ ကျွန်တော်တို့၏ သက်ရှိအသံများ ဖြစ်ချင်ဖြစ်ပါမည်။ ဆိုက်ကားနင်းသူ၏ ဘဲလ်တီးလိုက်သောအသံမှသည် မော်တော်ကားထုတ်လုပ်သော စက်ရုံဆီမှ ခွေးသွားစိတ်လည်ပတ်သံများအထိ။ ကလေးငယ်လေးများ ဆော့ကစားနေသည့်ဆီမှ ထွက်ပေါ်လာသော အသံမှသည် လွှတ်တော်အမတ်ဆိုသူတစ်ဦး တစ်စုံတစ်ရာ တင်ပြလိုက်သည်အထိ။ ထိုအသံအားလုံးသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်မနေနိုင်သော်လည်း တစ်သံတည်းဟု ယူဆမိသည်။ ထိုအသံများ၏ ကိုယ်စားပြုမှုသည် စင်ကြယ်သော၊ ရိုးသားသော အသံဖြစ်နေရန်သာ။

အဆင့်ဆင့် ပြောင်းလဲဖြစ်ထွန်းလာခြင်းနှင့်အတူ အဆင့်ဆင့်လွှဲပြောင်းလာခဲ့ရသည်ပင်။ လွှဲပြောင်းမှု၊ လွှဲပြောင်းမှုများတိုင်းမှာ တာဝန်ကျေပွန်နေရန်သာ။ လှပသော မနက်ဖြန်ဆီ။ လှပသော အနာဂတ်ဆီ။ လှပသော လူမှုအဝန်းအဝိုင်းကြီးဆီ။ ဘဝအလှ။ ပြီး ဘဝရသ၊ ပြီးလူမှုဘဝများ။ ခေါင်းရွက်ဗျပ် ထိုးဈေးသည်လေးမှသည် ဘီလျံနာ၊ မီလျံနာကြီးများအထိ။ သစ်ရွက်လေးမှသည် တောအုပ်ကြီးတစ်ခုလုံးဆီအထိ။ မိုးရေစက်ကလေးများမှသည် သမုဒ္ဒရာကြီးအထိ။ လမ်းသွယ်ကလေးမှသည် လမ်းမကြီးများအထိ။ ကျွန်တော်တို့ ရှင်သန်ကြသည်။ ပြုစုယုယကြသည်။ တန်ဖိုးထားထိန်းသိမ်းကြရသည်။ အလှအတွက်၊ ရသအတွက်၊ ဘဝအတွက်။

တကယ်တော့ ယနေ့ ကျွန်တော်တို့ ပြည်သူလူထုသည် ဘဝဖြစ်တည်မှု ယန္တရားများကို လိုက်လျောညီထွေဖြစ်အောင်ပင် မနည်းတည်ဆောက်ယူနေကြရပါသည်။ အသားကျအောင် တည်ဆောက်ယူရန် ဝေးကွာလှပါသေးသည်။ ဘဝမျိုးစုံ၊ ရပ်တည်မှုမျိုးစုံနှင့် နေ့စဉ်လူမှုဘဝများထဲ မိမိရပ်တည်ရှင်သန်နေထိုင်ရာ ဝန်းကျင်မှာ လိုက်လျောညီထွေမှုရအောင် မနည်းတည်ဆောက်နေကြရသည်။ ဈေးရောင်းဈေးဝယ်သူများ ဖြစ်ဖြစ်၊ ဝန်ထမ်းများဖြစ်ဖြစ်၊ အလုပ်သမားများဖြစ်ဖြစ်၊ လယ်သမားများဖြစ်ဖြစ်။ ထိုသို့ လိုက်လျောညီထွေဖြစ်အောင် ရှင်သန်နေထိုင်နေစဉ်အတွင်းမှာပင် အချို့အချို့များကို လွှဲလွှဲပစ်နေကြရပြန်ပါသည်။ သဘာဝပတ်ဝန်းကျင်ဒဏ်ကို လွှဲလွှဲပစ်နေကြရသည်။ ခေတ်သစ်ဗိုင်းရပ်စ်များကို လွှဲလွှဲပစ်နေကြရသည်။ ထိုသို့သော အခြေအနေများနှင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးသည် အသားကျမှုတစ်ခုရအောင် တည်ဆောက်ယူရန် ဝေးကွာနေတော့သည်။ ကျွန်တော်တို့၏ မနက်ဖြန်များ၊ ဘဝများစွာထဲမှာ။

လိမ့်နေသောဘီးများ၊ ဆူညံကျယ်လောင်စွာ ထွက်ပေါ်နေသော အင်ဂျင်စက်သံများ၊ စက်ယန္တရားများဆီက ခွေးသွားစိပ်လည်ပတ်သံများ၊ အထည်ချုပ်စက်ရုံများဆီက တဂျုတ်ဂျုတ်မြည်သံများစသည် စသည်ဖြင့် အသံများကတော့ ဆူညံလှုပ်ခတ်နေမြဲပင် ဖြစ်ပါလိမ့်မည်။ အသံများ ...မနက်ဖြန်များ ... လူမှုဘဝများပါပေ။

■ ပြည်သစ်ဟန်

Most Read

Most Recent