နာရီများ

နာရီများ
Published 23 November 2017

ကျွန်တော် ပထမဦးဆုံး ဝတ်ဆင်ခွင့်ရခဲ့သည်မှာ စီကိုဖိုက်အမျိုးအစား ငွေရောင်ဓာတ်ခဲနာရီလေး ဖြစ်သည်။ မှတ်မှတ်ရရ ကျွန်တော် အဋ္ဌမတန်းသို့ စတင်တက်ရောက်ရသည့်နှစ်တွင် ရရှိပိုင်ဆိုင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။ တကယ်တော့ ထိုစဉ်က နာရီဆိုသည်မှာ ယနေ့ခေတ်လို မပေါများသေးသည့် ပစ္စည်းတစ်ခုသာဖြစ်သည်။ တကယ်လည်း ကျွန်တော်သည် ထိုအချိန် ထိုကာလများဆီက အချိန်ကိုသိရှိနိုင်ရန်အတွက် နာရီရှိသည့် အိမ်များဆီသို့ သွားရောက်မေးမြန်းခဲ့ကြရပါသည်။ ကျေးလက်တောရွာများတွင်တော့ ဘုန်းကြီးကျောင်းများမှ အုန်းမောင်းခေါက်သံများ၊ ကြက်တွန်သံများသည် နာရီဖြစ်ပြီး နေ၊ လ၊ ကြယ်တာရာတို့ကိုကြည့်၍လည်း အချိန်ကို သိနိုင်ကြသည်ဟုဆိုပါသည်။

တကယ်လည်း လင်းကြက်တွန်ချိန်ကို နံနက် ၄ နာရီ၊ ရောင်နီပေါ်ချိန်ကို နံနက် ၄ နာရီခွဲ၊ အရုဏ်တက်ချိန်ကို နံနက် ၅ နာရီ၊ ဝေလီဝေလင်း နံနက် ၅ နာရီ၊ ကျီးမနိုးတနိုး နံနက် ၅ နာရီ မိနစ် ၂၀၊ လင်းအားကြီးကို နံနက် ၅ နာရီခွဲ၊ နေထွက်တပြု နံနက် ၅ နာရီ မိနစ် ၄၀၊ မိုးစင်စင်လင်း နံနက် ၆ နာရီ၊ နေထန်းတစ်ဖျား နံနက် ၉ နာရီ၊ ဆွမ်းခံပြန်ချိန် နံနက် ၉ နာရီခွဲ၊ ဆွမ်းစားချိန် နံနက် ၁၀ နာရီခွဲ၊ နေမွန်းလတ် နံနက်၁၁ နာရီ၊ နေမွန်းတည့် နေ့လယ် ၁၂ နာရီ၊ နေမွန်းလွဲ နေ့လယ် ၁ နာရီခွဲ၊ ညနေစောင်း ညနေ ၃ နာရီခွဲ၊ ညနေအေး ညနေ ၄ နာရီခွဲ၊ နေဝင်ဆည်းဆာ ညနေ ၅ နာရီ၊ နေဝင်ဖျိုးဖျ ညနေ ၅ နာရီ မိနစ် ၂၀၊ နွားရိုင်းသွင်းချိန် ညနေ ၅ နာရီ မိနစ် ၄၀၊ ညီ အစ်ကိုမသိတသိ ညနေ ၅ နာရီ မိနစ် ၅၀၊ နေဝင်မိုးချုပ် ညနေ ၆ နာရီ၊ ညချမ်းညနေ ညနေ ၆ နာရီ မိနစ် ၅၀၊ သူငယ်အိပ်ချိန် ည ၇ နာရီခွဲ၊ သက်ကြီးခေါင်းချ ည ၉ နာရီခွဲ၊ လုလင်ပြန်ချိန် ည ၁၀ နာရီ၊ ညဦးကြက်တွန်ချိန် ည ၁၀ နာရီခွဲ၊ သန်းခေါင်ကြက်တွန်ချိန် ည ၁၂ နာရီ၊ ကြက်အမြီးထောင်ချိန် ည ၁၂ နာရီခွဲ၊ ကြက်ဦးတွန်ချိန် နံနက် ၃ နာရီခွဲဟု သတ်မှတ်၊ အသုံးပြုခဲ့ကြကြောင်း ကြားသိမှတ်သားခဲ့ရဖူးပါသည်။

ထို့အတူ ကြုံတွေ့၊ မြင်ဖူးသမျှ နာရီများထဲမှ ကျွန်တော်အမှတ်မိဆုံး နာရီတစ်လုံး၏အကြောင်းကို ပြောပြပါဆိုလျှင် ကျွန်တော့်အဘိုး၊ အဘွားများ၏အိမ်တွင် တပ်ဆင်ထားသည့် နာရီအိုကြီး၏အကြောင်းကိုသာ ပြောမိလိမ့်မည်ထင်ပါသည်။ တကယ်လည်း တစ်နာရီပြည့်တိုင်း ငှက်ကလေးတစ်ကောင် ထွက်လာပြီး အော်မြည်တတ်သည့် ထိုတိုင်ကပ်နာရီကြီးက ထိုအချိန်များဆီက ကျွန်တော်တို့ကလေးများအတွက် များစွာအံ့သြဘနန်း ဖြစ်စေခဲ့ရပါသည်။

တကယ်တော့ ကျွန်တော်တို့သည် ထိုအချိန် ထိုကာလများဆီက နာရီများကို အချိန်ကို သိရှိနိုင်ရန်အတွက်သာမက အဆင်တန်ဆာ တစ်ခုအနေနှင့်ပါ ဝတ်ဆင်သုံးစွဲခဲ့ကြသည်ဟု ထင်ပါသည်။ အထူးသဖြင့်  ထိုစဉ်က တိုင်ကပ်နာရီများကို ဂုဏ်ယူစရာတစ်ခုအနေနှင့် အိမ်များတွင် တခမ်းတနား တပ်ဆင်ထားလေ့ရှိကြသလို ထိုအချိန်က နာရီဝတ်ဆင်ထားခြင်းသည်လည်း လူလတ်တန်းစား၊ လူကုံတန်တို့၏ သင်္ကေတတစ်ခုဟု ပြောရလိမ့်မည်ထင်သည်။ တကယ်လည်း ထိုစဉ်က အလယ်အလတ်တန်းစား နာရီတစ်လုံး၏တန်ဖိုးမှာ ရွှေတစ်မတ်သားခန့် ဝယ်ယူနိုင်သည့်တန်ဖိုးနှင့် ညီမျှနေခဲ့ပါသည်။ ထို့ထက် တန်ကြေးမြောက်များစွာမြင့်သည် နာရီအမျိုးအစားပေါင်း မြောက်မြားစွာလည်း ရှိနေခဲ့ပါသေးသည်။ ကျွန်တော်မှတ်မိသလောက် ထိုအချိန်က ရေပန်းစားလူကြိုက်များခဲ့သည့် နာရီအမျိုး အစားများမှာ တစ်တိုနီ၊ စီကိုဖိုက်၊ စီတီဇင်၊ အိုမီဂါ၊ ရိုးလက်နာရီများ ဖြစ်ကြပါသည်။ နာရီများနှင့်ပတ်သက်၍ နောက်ထပ်ကျွန်တော် မှတ်မိနေခဲ့သည်ကတော့ ဝတ္ထုတိုတစ်ပုဒ်ပင် ဖြစ်ပါသည်။ တိတိကျကျပြောရလျှင် ဆရာမဂျူး၏ နာရီပြင်ဆရာဆိုသည့် ဝတ္ထုတိုလေးပင် ဖြစ်ပါသည်။

ထိုဝတ္ထုတိုလေးထဲတွင် ဆရာမသည် နာရီပြင်ဆရာတစ်ယောက်နှင့် အိမ်နီးချင်းဖြစ်စဉ် ကြုံတွေခဲ့ရသည့် အကြောင်းအရာများကို ရေးဖွဲ့ထားခဲ့သည်။ နာရီပြင်ဆရာ၏ စိတ်နေသဘောထားအကြောင်း၊ နာရီများ၏ သဘောသဘာဝများအကြောင်းကို အသေးစိတ် ရေးဖွဲ့ထားခဲ့ကြောင်း အခုအချိန်ထိပင် မှတ်မိနေခဲ့သည်။ တကယ်လည်း အခြားနာရီများနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြား၊ သိ၊ ဖတ်ရှုခဲ့ရဖူးသော်လည်း ထိုဝတ္ထုတိုလေးလောက် မစွဲလမ်းမိခဲ့ပေ။ တကယ်တော့ အချိန်အကြောင်း၊ နာရီများအကြောင်းကို ပြောမည်ဆိုလျှင် ကျွန်တော်တို့ ဘယ်လိုနည်းနှင့်မျှ ချန်ထားခဲ့၍မရသည့် အရာတစ်ခုလည်း ကျန်ပါသေးသည်။ တခြားမဟုတ် ရေဒီယိုပင် ဖြစ်ပါသည်။

တကယ်လည်း ရေဒီယိုမှ မြန်မာ့ဆိုင်းသံဖြင့် တွဲဖက်ကြေညာသည့် အချိန်များကို ကျွန်တော်တို့ စောင့်၍ နားထောင်ခဲ့ကြရပါသည်။ မည်သည့် အစီအစဉ်လာနေလျှင် အချိန်ဘယ်လောက်ရှိပြီဆိုတာကို သိခွင့်ရခဲ့ ကြရပါသည်။ ဥပမာ ဇာတ်လမ်းပမာအစီအစဉ် လာနေပြီဆိုလျှင် အချိန်ဘယ်လောက်ရှိပြီး ကလေးများအတွက် ပုံပြင်ကဏ္ဍ ထုတ်လွှင့်နေပြီဆိုလျှင် ဘယ်နှနာရီထိုးပြီဟု သိခွင့်ရကြရပါသည်။ အထူးသဖြင့် တစ်နာရီပြည့်တိုင်း တစ်ခါထွက်ပေါ်လာတတ်သည့် မြန်မာ့ဆိုင်းသံများက ကျွန်တော်တို့၏နားထဲမှာ စွဲနေခဲ့ကြပါသည်။ တကယ်လည်း အချိန်နာရီကို မကြေညာရသေးခင် ထိုဆိုင်းသံများကို ကြားရုံမျှ ကျွန်တော်တို့သည် ဘယ်နှနာရီထိုးပြီဆိုသည်ကို သိနိုင်ခဲ့ကြပါသည်။ တကယ်တော့ ရေနာရီ၊ နေနာရီ၊ သဲနာရီ၊ သံပတ်နာရီ၊ ဓာတ်ခဲနာရီ၊ တိုင်ကပ်နာရီ၊ အိတ်ဆောင်နာရီ၊ လက်ပတ်နာရီဆိုသည့် နာရီအမျိုးအစားပေါင်း မြောက်မြားစွာရှိသော်လည်း ကျွန်တော်တို့ အသုံးပြုအများဆုံးမှာ လက်ပတ်နာရီနှင့် တိုင်ကပ်နာရီများသာ ဖြစ်ပါသည်။

ထို့အတူ နာရီများနှင့်ပတ်သက်၍ ကျွန်တော်တို့ စိတ်အညစ်မိဆုံးအချိန်မှာ နာရီများပျက်သည်အချိန်ဖြစ်ပြီး နာရီပြင်ဆင်ဖို့သွားတိုင်း ကျွန်တော်တို့ ကြားရတတ်သည့် စကားလုံးကတော့ ချေး (ဂျီး) ကပ်သည်၊ ချေးဆေးရမည်ဆိုသည် စကားပင်ဖြစ်ပါသည်။ အမှန်တကယ် ချေးကပ်သည်လား မကပ်သည်လား ဆိုတာကို သေသေချာချာမသိရသော်လည်း ကျွန်တော်တို့ကတော့ အခါပေါင်းများစွာပင် ချေးဆေးရန်အတွက် နာရီများကို နာရီဆိုင်များတွင် ထားခဲ့ကြရဖူးပါသည်။ ထို့အတူပင် နာရီများနှင့်ပတ်သက်၍ ကျွန်တော်ရင်ဆိုင်ရသည့် ဒုက္ခတစ်မျိုးမှာ နာရီအိုးနှင့် နာရီကြိုးတို့ကို ချိတ်ဆက်ပေးထားသည့်ပင် ကျိုးတတ်ခြင်းပင် ဖြစ်ပါသည်။ တကယ်လည်း ကျွန်တော်တို့သည် နာရီပင်များကို မကြာခဏလဲရလေ့ ရှိပါသည်။

နာရီများ၏အကြောင်းကို ပြောမည်ဆိုလျှင် ချန်ထားခဲ့၍မရသည့် အရာတစ်ခုလည်း ရှိနေခဲ့ပါသေးသည်။ ထိုအရာမှာ ကျွန်တော်တို့နိုင်ငံရှိ မြို့တော်တော်များများတွင်ရှိသည့် နာရီစင်ကြီးများပင် ဖြစ်ပါသည်။တကယ်တော့ နာရီစင်ကြီးများသည် အချိန်ကိုသိရှိနိုင် ရန်ဆိုသည်ထက် အထိမ်းအမှတ်တစ်ခုအဖြစ်နှင့်သာ တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်ဟု ထင်ပါသည်။ တကယ်လည်း ဘယ်အချိန်ပဲ ကြည့်လိုက်၊ ကြည့်လိုက် နာရီစင်ကြီးများရှိ နာရီများမှ လွဲမှားနေသည့် အချိန်များကိုသာ တွေ့မြင်ကြည့်ရမည် ဖြစ်သည်။ တကယ်တော့ နာရီဆိုသည်မှာ လူတို့၏ ရှေးအကျဆုံး တီထွင်ဖန်တီးမှုများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။သဘာဝအလျှောက် တိုင်းတာသတ်မှတ်မှုများဖြစ်သော နေ၊ လနှင့် နှစ်တို့ထက် ပို၍တိုတောင်းသော အချိန်ကာလအပိုင်းအခြားကို တစ်သမတ်တည်းတိုင်းတာရန် လူတို့လိုအပ်မှုအတွက် အထောက်အကူဖြစ်စေသည့် ကိရိယာတစ်မျိုး ဖြစ်သည်ဟူ၍လည်း ဆိုသည်။ ထို့အတူ နာရီ၏ အဓိပ္ပာယ်ကို အချိန်သို့မဟုတ် ကာလကိုညွှန်ပြသော ကိရိယာဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါသေးသည်။

အင်္ဂလိပ်ဘာသာဖြင့် (Clock) ဆိုသည့် စကားလုံးမှာ (ဒတ်ချ်ဘာသာ၊ မြောက်ပိုင်းပြင် သစ်ဘာသာ၊ အလယ်ခေတ် လက်တင်ဘာသာမှ တစ်ဆင့်) Celtic စကားလုံး Clagan နှင့် Clocca မှတစ်ဆင့် ဆင်းသက်လာပြီး ခေါင်းလောင်းဟု အဓိပ္ပာယ်ရသည်ဟု ဆိုသည်။ ယေဘုယျအားဖြင့် ခြုံငုံ၍ပြောရလျှင်  Clock ဆိုသော အသုံးအနှုန်းမှာ ခန္ဓာကိုယ်တွင် ဝတ်ဆင်သော လက်ပတ်နာရီ (Watch) မှအပ အချိန်ကို ဖော်ပြတိုင်းတာသော မည်သည့်ကိရိယာကိုမဆို အကျုံးဝင်သည်ဟုလည်း ဆိုသည်။ သို့ပါသော်လည်း ယခုအချိန်မှာတော့ လက်ပတ်နာရီဝတ်ဆင်ရခြင်းကို ဝါသနာထုံသူအချို့မှအပ နာရီဝတ်ဆင်သူ လူဦးရေမှာ နည်းပါးလာနေခဲ့ပြီဟု ထင်ပါသည်။

ထို့အတူ ကျွန်တော်တို့သည် အချိန်ကို သိရှိနိုင်ရန်အတွက် ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံကို အားကိုးစရာမလို၊ ကြက်တွန်သံ၊ ရေဒီယိုနှင့် နေလ ကြယ်တာရာတို့ကို အားကိုးစရာမလို လူတိုင်းနီးပါး ကိုင်တွယ်အသုံးပြုနေကြပါသော လက်ကိုင်ဖုန်းများ၊ ပေါများလှသည့် စားပွဲတင်နာရီများ တိုင်ကပ်နာရီများဆီမှတစ်ဆင့် အလွယ်တကူပင် ကြည့်ရှုသိရှိနေနိုင်ကြပြီ ဖြစ်ပါသည်။မည်သို့ပင်ဖြစ်စေ လက်ပတ်နာရီ (Watch) ဟုခေါ်ဆိုသည့် နာရီများကိုတမြတ်တနိုး တန်ဖိုးထားဝတ်ဆင်ခဲ့ကြသည့် ခေတ်တစ်ခေတ် တည်ရှိခဲ့ဖူးသည်ဆိုတာကတော့ အမှန်ပင် ဖြစ်ပါသည်။

Most Read

Most Recent