ကဗျာဆရာနှင့် ချောင်းကြည့်ပေါက်ကလေး

ကဗျာဆရာနှင့် ချောင်းကြည့်ပေါက်ကလေး
Published 22 November 2017

အခန်းအတွင်း၌ ချောင်းကြည့်ပေါက်ကလေးတစ်ခုရှိသည်။ ကဗျာဆရာသည် ထိုချောင်းကြည့်ပေါက်လေးမှတစ်ဆင့် ပြင်ပ လောကသို့ ချောင်းကြည့်နေတတ်သည်။ ထိုချောင်းကြည့်ပေါက်ကလေးကို ကဗျာဆရာ ချစ်ပါသည်။ လူတို့သည် ပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး မျက်နှာဖုံးများကို တပ်ဆင်ကြကာ သွားလာလှုပ်ရှားနေကြပါသည်။ ထိုချောင်းကြည့်ပေါက်ကလေးမှ ကြည့်ရခြင်းဖြင့် ကဗျာဆရာတွင် မျက်နှာဖုံးတစ်ခုရှိရန် မလိုပါ။ လူတို့သည် ချောင်းကြည့်ပေါက်ကလေးမှ ကြည့် နေတတ်သော ကဗျာဆရာကို သတိမထားကြပါ။ လမ်းမပေါ်တွင် ကြွေသွားသော သစ်ရွက်များကို  ကဗျာဆရာ သဘောမကျပါ။ ကဗျာဆရာသည် သစ်ရွက်ကလေးများကို လမ်းမပေါ်တွင် မမြင်ချင်ပါ။ သစ်ပင်များပေါ်တွင် ယိမ်းကနေကြသော သစ်ရွက်စိမ်းစိမ်းများအဖြစ်သာ မြင်လိုပါသည်။

အတုအယောင်တို့သည် အခန်း၏အပြင်၌ သော်လည်းကောင်း အခန်းအတွင်း၌သော်လည်းကောင်း အပိုင်းအစများအဖြစ် ကခုန်နေကြသည်။ ချောင်းကြည့်ပေါက်ကလေးမှ ဝင်လာသော လေသည် ကဗျာဆရာ၏ ခန္ဓာကိုယ်ကို ထိတွေ့သောအခါ အေးမြခြင်းကို ဖြစ်စေ၏။ ရံဖန်ရံခါ၌မူ ပူပြင်းခြင်းကိုဖြစ်ပေါ်စေတတ်ပါသည်။ ကဗျာဆရာ၏ အခန်းထဲတွင် ပြတင်းပေါက်များ မရှိပါဟု ကဗျာဆရာ ထင်နေပါသည်။ ကဗျာဆရာ၏ ကိုယ်ပိုင် ချောင်းကြည့်ပေါက်ကလေးတစ်ခုသာ ရှိပါသည်။ ထို့ကြောင့် ထိုချောင်းကြည့်ပေါက်ကလေးကို  ကဗျာဆရာသဘောကျခြင်း ဖြစ်ပါသည်။ ကဗျာဆရာကတော့ ငြင်းပါသည်။ လူတိုင်း၊ အိမ်တိုင်းတွင် ပြတင်းပေါက်ကလေးများ ရှိပါသည်။ ကဗျာဆရာ နေထိုင်သော အိမ်တွင်လည်း ပြတင်းပေါက်များ ရှိကြပါသည်။သို့သော် ထိုပြတင်းပေါက်များကို ကဗျာဆရာ သဘောမကျပါ။ ပြတင်းပေါက်များဟူ၍ပင် မသတ်မှတ်ပါ။

စစ်မှန်သော ရုပ်တုကိုယ်ထည်တို့သည် သမိုင်းတွင် အေးစက်စက်နှင့် ထိုင်လဲနေကြသည်။ ပြုပြင်ဖာထေးထားသော သမိုင်းတို့သည် လူတို့ကို  ဦးနှောက်ခြောက်စေ၏။ ပလတ်စတစ် ရုပ်တုများ၊ ဖန်ထည်များ၊ ကျောက်ရုပ်၊ ကြေးရုပ်များကို လူတို့သည် အထင်ကြီးကြလျက်ရှိ၏။ သို့သော် ထိုရုပ်တုများ၏ စစ်မှန်သော အကြောင်းအရာများကိုမူ သတိမမူကြပါ။ ချောင်းကြည့်ပေါက်ကလေးမှ အော်သံများ မျက်ရည်များ နက်မှောင်ရှည်လျားသောနေ့များကို ကဗျာဆရာ မြင်တွေ့ရပါသည်။ အော်သံတစ်ခုကို ကဗျာဆရာကြားသောအခါ အရာအားလုံးသည် နှောင်းသွားပြီဖြစ်သည်။ စီးကရက်ငွေ့ကြားမှ ထွက်လာသော သင်္ကေတသည် နာကျင်ခြင်းလည်းဖြစ်နိုင်ပါသည်။ အောင်မြင်ခြင်း တစ်မျိုးလည်း ဖြစ်နိုင်ပါသည်။ ကဗျာဆရာသည် ချောင်းကြည့် ပေါက်ကလေးမှ ဒဏ်ရာများစွာကို ရရှိခဲ့ပါသည်။ သို့သော် ကဗျာဆရာသည် ထိုချောင်းကြည့်ပေါက်ကလေးမှ ကြည့်ရှုရခြင်းကို  သဘောကျမြဲသာ ဖြစ်ပါသည်။

ကမ္ဘာကြီး၏ နာကျင်မှုသည် ကမ္ဘာကြီး၏ ဒဏ်ရာသည် ကဗျာဆရာ၏ ဒဏ်ရာများ နာကျင်မှုများသာ ဖြစ်သည်။ ကဗျာဆရာသည် ချောင်းကြည့်ပေါက်မှ ရလာသော အော်သံများ၊ မြင်ကွင်းများကို တစ်ကိုယ်တည်း တုံ့ပြန်ခဲ့ဖူးပါသည်။ ပုပ်ရဟန်းမင်း ကြီး၏ ဝမ်းနည်းမှုမှသည် ကြောင်ပေါက်စ တစ်ကောင်၏ ဝမ်းနည်းမှုအထိ ကဗျာဆရာ၌ ဒဏ်ရာများစွာ ရှိခဲ့ပါသည်။ ယခုအခါတွင် ကဗျာဆရာ၏ ခြေလက်တို့သည် လှုပ်ရှားခြင်းငှာ မတတ်စွမ်း နိုင်ကြပါ။ ခါတိုင်းတွင်မူ အသံတို့ကို ကဗျာဆရာသည် ထိုချောင်းကြည့်ပေါက်လေးမှ တစ်ဆင့် ထုတ်လွှင့်နေတတ်ပါသည်။ သို့သော် စုပ်ယူမှုသာ အများဆုံးဖြစ်နေခဲ့ပါသည်။ သို့သော် ကဗျာဆရာသည် နောင်တ မရခဲ့ပါ။

လွန်ခဲ့သော လေးငါးနှစ်ခန့်က ဖြစ်မည်။ ထိုအချိန်က ကဗျာဆရာ၏ တွေးခေါ်ပုံများ ဖြတ်သန်းမှုများသည် ပင်လယ်ကဲ့သို့ပင် ကြံ့ကြံ့ခိုင်ကာ တည်မြဲနေခဲ့သည်။ ကဗျာဆရာကိုယ်တိုင်လည်း ယုံယုံကြည်ကြည် ဖြတ်သန်းခဲ့ဖူးသည်။ သို့သော် ပေတံတစ်ခုဖြင့်အရာရာ၌ တိုင်းတာကြပုံကို ကဗျာဆရာမြင်တွေ့ရသောအခါ ငြီးငွေ့ခြင်းသာ သူ့ထံ ရောက်ရှိလာခဲ့ပါသည်။ ကဗျာဆရာသည်  ငြင်းနိုင်သလောက် ငြင်းခဲ့ပါသည်။ ယခုတိုင်လည်း ကဗျာဆရာ ငြင်းဆန်နေဆဲဖြစ်ပါသည်။ ပင့်ကူအိမ်ထဲသို့ တိုးဝင်နေသော ခြင်တစ်ကောင်ပမာ ကဗျာဆရာ နေထိုင်ခဲ့ပါသည်။ ပျော်ခဲ့သလား မပျော်ခဲ့ဘူးလား။ ကဗျာဆရာ မစဉ်းစားလိုတော့ပါ။ အတိတ်သည် ခါးသီးသည်။ ချဉ်စုတ်စုတ်အရသာ ရှိသည်။ လူတို့သည် သစ်သီးပုပ်များပမာ နေထိုင်ခဲ့ကြ၏။ ဟန်ဆောင်ကြ၏။ ပျော်ကြ၏။ ရံဖန်ရံခါ ကဗျာဆရာသည် သူ့အခန်းတွင်းရှိ ချောင်းကြည့်ပေါက်ကလေးကို အလွန်ပင် ရွံရှာကြောက်ရွံ့ပါသည်။ သို့သော် မကြာပါ။ ကဗျာဆရာသည် ထိုချောင်းကြည့်ပေါက်ကလေးမှ ကြည့်မြဲသာဖြစ်ပါသည်။ အဖြစ်အပျက်တို့ကို ကဗျာဆရာ မေ့နိုင်စွမ်းမရှိပါ။ ကဗျာဆရာသည် ချောင်းကြည့်ပေါက်ကလေးထဲသို့ ရောက်ရှိလာသော ဘုရားကျောင်းမှ ခေါင်းလောင်းသံကို ကြားရတတ်ပါသည်။ မျက်နှာဖုံး တပ်ဆင်သူများနှင့် ဘုရားကျောင်းသည် ပြည့်နှက်နေတတ်သည်ကိုလည်း ကဗျာဆရာ သိပါသည်။

ကဗျာဆရာသည် ဘုရားသခင်ကို အားနာနေမိသည်။ စာအုပ်တစ်အုပ်ကို ကဗျာဆရာ ဖွင့်လိုက်ရာ အချက်အလက်တို့သည် အမှိုက်များကဲ့သို့ ကျလာကြသည်။ အရင်က ရေးခဲ့ဖူးသော ကဗျာတိုလေးကို ကဗျာဆရာ ပြန်တွေ့သည်။ “ငါ ရေးတာကော ဟုတ်ရဲ့လား” ဟု ကဗျာဆရာ ပြန်တွေးနေမိသည်။ ကဗျာကိုဖတ်ပြီး ကဗျာဆရာသည် အဓိပ္ပာယ်မရှိဘဲ ဟက်ဟက်ပက်ပက် ရယ်မောနေသည်။ ရယ်မောခြင်း မဟုတ်သော ရယ်မောခြင်းသည် အလွန်ကြောက်စရာကောင်းကြောင်းကို ကဗျာဆရာ သိပါသည်။

နားထောင်သူမရှိဘဲ စကားပြောခြင်းသည် လွတ်လပ်လှသည်။ အလှအပသည် ခံစားတတ်သော အကြောင်းအရာတို့တွင် တည်ရှိနေကြောင်း ကဗျာဆရာ မပြောလိုတော့ပါ။ ကဗျာများစာများနှင့် နေထိုင်ခဲ့သည်။ သီချင်းများကို အရည်ကျိုသောက်ခဲ့သည်။ ကဗျာဆရာ နေထိုင်ရခြင်း၏ လုံလောက်သော အကြောင်းအရာများဖြစ်ပါသည်။ ကဗျာဆရာသည် ထိုသို့ နေထိုင်ခဲ့ပါသည်။ လုံလောက်ပါသည်။ တစ်ချိန်က ဖတ်၍မကောင်းသော ဝတ္ထုတစ်ပုဒ်ကို ဆွဲဖြဲအဆုံးသတ်ပစ်ရန် ကဗျာဆရာ ကြိုးစားခဲ့ဖူးပါသည်။ သို့သော် ကဗျာဆရာ၏ အားထုတ်မှုမှာ အရာမထင်ခဲ့ပါ။

ခုတင်ပေါ်သို့ ကဗျာဆရာ ပြန်ရောက်ချိန်တွင် သီချင်းတစ်ပုဒ်သည် ကဗျာဆရာ၏အခန်းအတွင်းသို့  ဝင်ရောက်လာသည်။ ချောင်းကြည့်ပေါက်ကလေးမှ ဝင်ရောက်လာခြင်း ဖြစ်မည်ဟု ကဗျာဆရာ သိနေသည်။ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦး၏ မျက်နှာပေါက်မျိုးဖြင့် ထိုသီချင်းတစ်ပုဒ်သည် ကဗျာဆရာ၏အခန်းထဲသို့ ရောက်လာခြင်းဖြစ်ပါသည်။ သို့သော် ကဗျာဆရာကတော့ ထိုသီချင်းတစ်ပုဒ်ကို မမြင်ဖူးပါ။ ထိုသီချင်းတစ်ပုဒ်သည် ကဗျာဆရာမကြားဖူးသော သီချင်းတစ်ပုဒ်ကို မွေးထုတ်ပြပြီးနောက် ယခုခေတ်ပေါ်သီချင်းတို့သည် အစစ်အမှန်များ မဟုတ်ကြောင်းကို အားပါးတရ ပြောသည်။ ကဗျာဆရာ သည်းမခံနိုင်တော့ပါ။

“ဟေ့ အစစ်အမှန်ဆိုတာ ဘယ်တော့မှ မရှိဘူးကွ” ။ ကဗျာဆရာ၏ အသံသည် အနည်းငယ် ကျယ်သွားသည်။ သို့သော် ထိုသီချင်းတစ်ပုဒ်ကမူ ကဗျာဆရာကို  ဂရုမစိုက်ပေ။ နာကျင်ခြင်း ဆိုသည်မှာ အရေပြားပေါ်ထက် နှလုံးသားထဲတွင် ပို၍ပြင်းထန်တတ်သော သဘောရှိပါသည်။ ကဗျာဆရာ အားပါးတရ အော်ပစ်လိုက်သော်လည်း အသံကား ထွက်မလာ။ သို့သော် သီချင်းတစ်ပုဒ်ကား ကဗျာဆရာ၏အနားတွင် ရုတ်တရက် ပျောက်သွားသည်။ ကဗျာဆရာ၏ ထင်မြင်ချက်လည်း ဖြစ်နိုင်ပါသည်။ ဆေးမတိုးခြင်း၊ ဆုပ်ကိုင်ပြရန်မရှိခြင်း စသည့် ကဗျာဆရာ၏ ပုံရိပ်တို့သည် ထိုသီချင်း တစ်ပုဒ်ကို ခြောက်လှန့်နိုင်ပုံရပါသည်။

တရှဲရှဲမြည်နေသော စက်ရုံကြီးတွင် လူတို့သည် အခိုင်းအစေများဖြစ်နေကြသည်။ မိမိတို့၏ အသွေးအသားများကို လှီးထုတ်ဖဲ့ထုတ်ကာ ရောင်းချရှင်သန်နေကြသည်။ ဖြစ်ချင်သမျှဖြစ်နေသော ဘဝတို့သည် အဘယ်သို့နည်း။ ဆုတံဆိပ်တို့သည် ဂုဏ်ယူဝင့်ကြွားစရာ မဟုတ်။ အရာအားလုံးသည် ဗလာများသာဖြစ်ကြပါသည်။ ထိုဗလာတို့သည် ဗလာများပေါ်တွင် အချင်းချင်း သေဖော် ညှိနေကြသည်။ အမာရွတ်တို့သည် လှလည်း လှ၊ နု လည်း နုကြပါသည်။ သို့သော် အလကားမျှ ဖြစ်သည်ဟု လူတို့ ပြောကြပါသည်။ ကဗျာဆရာ အပြစ်မတင်တော့ပါ။

နေဝင်တော့မည်။ ချောင်းကြည့်ပေါက်ကလေးမှ ဝင်ရောက်လာသော နေရောင်သည် ကဗျာဆရာကို ကျောခိုင်းတော့မည်။ အတိတ်သည် တန်ဖိုးမရှိသကဲ့သို့ မနက်ဖြန်သည်လည်း တန်ဖိုးအားဖြင့် မဲ့ပေသည်။ လူသားတို့၏ အဓိပ္ပာယ်ရှိမှု သက်သေသာဓကများမှာ လိုအပ်သည့်အခါ သုံးရသော အရာဝတ္ထုတစ်ခုမျှသာဖြစ်ပါသည်။ လူသားဆန်မှုဆိုသည်မှာလည်း ပြက်လုံးတစ်ခုပမာ ဖြစ်ခဲ့ပြီ။ အရာရာသည် မှားနိုင်သည်။ မှန်နိုင်သည်။ မှန်သည်ဟုလည်း ထုတ်ဖော်ပြောဆိုစရာ မလို။ မှားသည်ဟုလည်း အော်မြည်နေရုံမျှဖြင့် မပြီးကြောင်း ကဗျာဆရာ သိခဲ့ပါသည်။ ကဗျာဆရာသည် ချောင်းကြည့်ပေါက်ကလေးကို ကြည့်ပြီးပြုံးလိုက်သည်။ ထို့နောက် ကဗျာဆရာသည် ချောင်းကြည့်ပေါက်ကလေးထဲသို့ တဖြည်းဖြည်း တိုးဝင်သွားသည်။ ချောင်းကြည့်ပေါက်ကလေးသည်  လှပါသည်။ သို့သော် ချောင်းကြည့်ပေါက် ကလေးအနားတွင်မူ ကဗျာဆရာ မရှိတော့ပါ။

Most Read

Most Recent